မမြင်နိုင်သောလောက

02 October 2010



ဦးသောင်းတင် တစ်ယောက် မနက်စာ စားနေရင်း ညက အိမ်မက်ကို ပြန်တွေးနေမိသည်။ တကယ်တော့ ပြန်တွေးသည် ဆိုတာထက် စိတ်ထဲကို အလိုလို ရောက်နေသည်ဆိုလျင် ပိုမှန်မည်။ အိမ်မက်က တိုတိုလေးပါပဲ။ မေ့လို့မရနိင်လောက်အောင် ရှင်းရှင်းလင်းလင်း မက်ခဲ့ခြင်းဖြစ်သည်။ ရှင်းလင်းလွန်းသဖြင့် စိုးရိမ်စိတ်လည်း အနည်းငယ် ဝင်မိသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သတိပေးတာ မမှားနိင်လောက်ဘူး ဟု တွေးမိသဖြင့် ရေနွေးကြမ်းတစ်ခွက် သောက်ပြီး ရွှေတူးခြင်း စတင်နေပြီဖြစ်သော ခြေရင်းခြံဘက် ကူးလာခဲ့သည်။

သူ ကျင်းအနီးကိုရောက်တော့ ခြံရှင် မိုးကျော် အပါအဝင် အလုပ်သမားများမှာ လုပ်ငန်းဝင်ခွင်ဖို့ ပြင်ဆင်နေကြပြီ။ နေရာအနှံ့ ရွှေထွက်လေ့ရှိသော သူတို့ရွာသည် ရွှေထွက်နှုန်းများသည့် ချောင်းကမ်းဘေးတွင် တည်ရှိသည်။ အခြားနေရာတို့ထက် ရွှေပါဝင်မှု ပိုများသော ချောင်းကမ်းစပ်တွင် တည်ရှိသည့် ခြံတိုင်းလိုလို ရွှေတူးလေ့ ရှိကြသည်။ ဦးသောင်းတင်၏ ခြံတွင်လည်း သူ၏သားအကြီး ထွန်းထွန်းက ဦးဆောင်ကာ ရွှေတူးနေသလို ခေါင်းရင်းခြံတွင်လည်း တူးနေသဖြင့် ခြံ ၃ ခြံ တပြိုင်ထဲ တူးနေသလို ဖြစ်နေ၏။ သူတို့ ၃ခြံမှာ ချောင်းအစပ်တွင် တစ်ဆက်တည်း ရှိသောကြောင့် တိုင်ပင်ပြီး တစ်ပြိုင်တည်း တူးကြခြင်းလည်း ဖြစ်၏။

ဤနေရာတွင် ရွှေတွင်းတူးခြင်း၏ လုပ်ငန်းသဘာဝ အနည်းငယ်ကို ဖော်ပြရလျင် ရွှေတွင်းတူးရန် ပျမ်းမျှ လူ ၁၀ ယောက်ကျော်လိုအပ်သည်။ ပထမဆုံး အပေါ်ယံမြေလွှာများကို ဖယ်ရှားပစ်ရမည်။ ၄င်းကို ခေါင်းပေါင်းကျင်းသည်ဟု ခေါ်လေ့ရှိသည်။ ခန့်မှန်းခြေအားဖြင့် မြေအနက် ၁၀ပေနီးပါးခန့်ကို တူးဖယ် ပစ်ရသည်။ မြေသယ်သော ဂေါ်တောင်းများဖြင့် တူးပြီးသော မြေကြီးကို ဖယ်ရှားပစ်ကြသည်။ မြေသားများ၊ သဲအလွှာများ ကုန်ဆုံးပြီး ကျောက်ခဲနှင့် သဲ ရောထားသော မြေအလွှာရောက်မှ ရွှေရှာဖို့ စတင်ပြင်ဆင်ရသည်။ ထိုကျောက်ခဲနှင့် သဲ ရောထားသော မြေမျိုးတွင်သာ ရွှေကြောများ ရှိတတ်သည်။

ထိုရွှေကြောသို့ရောက်လျင်တော့ လူသုံးလေးယောက်ခန့်မှ သံဒိုင်ကိုင်ကာ မြေဆွကြရသည်။ သံဒိုင်ဆိုသည်မှာ နှစ်ဖက် ချွန်ထားသော သံချောင်းအပိတ် ဖြစ်သည်။ ထို သံဒိုင်ဖြင့် တွင်းထဲမှ မြေသားများကို ကျစ်လစ်မှု လျော့စေရန် တူးဆွ ပေးရသည်။ ထိုကဲ့သို့ တူးဆွထားသော မြေကြီးများကို ပို့စက်ကိုင်သူတစ်ယောက်မှ မြေသားနှင့် ကျောက်ခဲများ ပြိုကျစေရန် ရေအားဖြင့် မှုတ်ထုတ်ပေးရသည်။ ပို့စက်ဆိုသည်မှာ ချောင်းထဲမှ ရေများကို စုပ်ယူကာ တွင်းထဲသို့ ပို့ပေးသော စက်ကို ခေါ်ခြင်းဖြစ်သည်။



ထိုစက်မှ ထွက်လာသော ရေများကို ရေပိုက်မှ အရှိန်ကောင်းကောင်းထွက်စေကာ မြေသားများကို တိုက်စားပစ်သည်။ ရေစီးနှင့် မျောလာသော မြေနှင့် ကျောက်ခဲများကို လူ သုံးလေးယောက်ခန့်မှ ကျောက်ခဲများရွေးထုတ်ကာ မြေကြီးနှင့် သဲများကို ပေါက်ပြားများဖြင့် မုန်စုပ်စက်ဆီ ဆွဲကာ ပို့ပေး၏။ ရွေးထုတ်ထားသော ကျောက်ခဲများကိုလည်း ဘေးနားတစ်နေရာသို့ စုပုံထားကြသည်။ ကျောက်ခဲများ ဖယ်ထုတ်ပြီးရေစီးဖြင့် ကျလာသော သဲမြေများကို လူတစ်ယောက်က လက်ဖြင့်ယက်၍ မုန်စုတ်စက်ဆီသို့ ပို့ပေးရသည်။

မုန်စုပ်စက်ကို တူးနေသောတွင်းထဲတွင် သစ်သားတိုင် သုံးချောင်းကို ဖိုခနောက်ဆိုင် ဆိုင်ကာ ကြိုးဖြင့် ဆိုင်း၍ တွဲလောင်း ကျနေအောင် ချိတ်ဆွဲထားရ၏။ မုန်စုပ်စက်ဆိုသည်မှာ ဝင်ရောက်လာသော သဲမြေများကို ကျင်းအပေါ်သို့ ပိုက်မှတစ်ဆင့် မှုတ်တင်ပေးသော စက်ဖြစ်သည်။ ပိုက်မှတစ်ဆင့် ကျင်းပေါ်ရောက်လာသော သဲနှင့်ရေများကို ဇလားခေါ် လေးထောင့် ပုံးထဲ ကျဆင်းစေပြီး ထိုမှတစ်ဖန် ရေတံလျှောက်ကို ဖြတ်သန်းပြန်သည်။ ရေတံလျှောက်တွင် ရွှေဖမ်းကော်ဇော၊ သပွတ်အူ၊ အုန်းဆံကြိုး စသည်ဖြင့် ကန့်ထားသော နေရာ တို့ကို ဖြတ်သန်းစေ၏။

လေးလံသော ရွှေသတ္တု၏ သဘာဝအရ၊ ၄င်း ရွှေဖမ်းကော်ဇောနှင့် အုန်းဆံကြိုး တားထားသော နေရာတို့တွင် ရွှေမှုန်များနှင့် သဲ၊ ကျောက်ခဲအသေးအချို့ ကျန်ရစ်ခဲ့သည်။ ၄င်းကို ရွှေသဲစာ ဟုခေါ်၏။ ယင်းရွှေသဲစာများကို စုစည်းပြီး တိုင်ကီပိုင်းအပြတ်တွင် ထည့်ကာ စုဆောင်းထားကြသည်။ ထို့နောက်မှ တစ်ရက်စာ တစ်ရက်ဖြစ်စေ၊ ၂ရက်၃ရက် စုစည်း၍ဖြစ်စေ ရွှေသဲစာကိုထုတ်ယူကာ “အင်” ဟုခေါ်သော ရွှေကျင်သည့် သစ်သားပြား ဝိုင်းကလေးဖြင့် ရေပေါ်တွင် လျှပ်တိုက်ပြီး ကျင်ယူကာ ရွှေမှုန်များကို ကဲ့ယူရသည်။

အင်ထဲတွင် ရှိနေသော သဲနှင့် ကျောက်ခဲသေးလေးများမှာ ရေဖြင့် လွှင့်ပါသွားကြပြီးသောအခါ ရွှေမှုန်များနှင့် အမည်းရောင် သဲ(ရွှေချီး) အနည်းငယ်သာ ကျန်ရစ်တော့သည်။ ၄င်း ရွှေမှုန်များကို စုဆောင်းပြီး ပြဒါးဖြင့် ဖမ်းလိုက်သောအခါ အဖြူရောင် ရွှေအခဲလုံးလေးကို ရရှိသည်။ ရလာသော အဖြူရောင် ရွှေအခဲလေးကို မီးဖုတ်လိုက်ပါက လူသားတို့ မက်မောသော ရွှေကို ရရှိပါတော့သည်။

လုပ်ငန်းစတင်သည်မှာ သိပ်မကြာသေးသဖြင့် ခေါင်းပေါင်းကျင်းသည့် အဆင့်မှာပဲ ရှိနေကြသေးသည်။ ဦးသောင်းတင်ကို မြင်သဖြင့် ရွှေတူးနေသော လုပ်သားများကို ကြီးကြပ် ညွှန်ကြားနေဟန်ရှိသည့် မိုးကျော်က နှုတ်ဆက်လိုက်သည်။

“ ဦးလေး ဘာလိုလို့လဲ ”

ပစ္စည်းတခုခု လာငှားသည် ထင်သဖြင့် မေးလိုက်၏။

“ မဟုတ်ဘူးကွ ပြောပြစရာ ရှိလို့ ”

“ ဟုတ်ကဲ့ ဦးလေး ”

“ ဒီလိုကွ ငါညက အိမ်မက်မက်တယ် အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ် ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က စကား လာပြောတယ်ကွာ ဘယ်လိုပြောလဲဆိုတော့ ”

“ ဟုတ်ကဲ့ ”

“ ညောင်ပင်ကို မခုတ်စေနဲ့... အဲဒီအပင်မှာ မှီခိုနေရတဲ့သူတွေ ရှိတယ်တဲ့ မင်းတို့က ညောင်ပင်ကို ခုတ်လိုက်ရင် အဲဒီညောင်ပင်မှာ အမှီပြုပြီး နေကြသူတွေက ဘယ်မှာ သွားနေရမလဲတဲ့ အဲဒီလိုပြောပြီး အဝတ်ဖြူ ဝတ်ထားတဲ့သူလည်း ပျောက်သွားတယ်.. သူလည်း ပျောက်သွားရော အိပ်မက်ကနေ ငါလည်း လန့်နိုးလာရော ”

မိုးကျော်တို့ ခြံ အစွန်ဘက်က အလွန်ကြီးမားသော နှစ်ပေါင်းရှည်ကြာ ရှိနေခဲ့သည့် ညောင်ပင်ကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

“ ဟုတ်လား ဦးလေး ”

“ အေးကွ အဲဒါ ဖြစ်နိင်ရင်တော့ မခုတ်စေချင်ဘူး ”

ရပ်ရွာထဲတွင် သက်ကြီးဝါကြီးသူ ဖြစ်သလို ဘုရားတရားနှင့် နေလေ့ရှိသူ ဦးသောင်းတင်၏ စကားကို အလေးအနက်ထားကာ မိုးကျော် တစ်ယောက် စဉ်းစားသွားရတော့သည်။

“ ကျနော်တို့က ဒီတစ်ကွက်လုံး တူးဖို့ မှန်းထားတာဆိုတော့ မကြာခင် တူးသွားရင်းနဲ့ ညောင်ပင်ဆီကို ရောက်သွားမှာပဲ အဲဒီအခါကျ ခုတ်မှ ဖြစ်မှာလေ ”

“ အေးလေ.. အိမ်မက်ဆိုတော့လည်း အတင်းတိုက်တွန်းဖို့ မကောင်းဘူးဖြစ်နေတယ်။ ဒီတော့ စဉ်းစဉ်းစားစားနဲ့ လုပ်စေချင်တယ် ”

“ ဟုတ်ကဲ့ပါဦးလေး ”

မိမိ၏ ကိုယ်ပိုင်လုပ်ကွက်မဟုတ်သဖြင့် ဦးသောင်းတင် တစ်ယောက် တားမြစ်ဖို့ မစွမ်းသာသောကြောင့် အိမ်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ ထိုအိပ်မက်မက်ပြီး ၁၀ ရက်ခန့် ကြာမြင့်သွားသောအခါ ဦးသောင်းတင် ကိုယ်တိုင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့၏။ မိုးကျော်ကိုယ်တိုင်လည်း သတိမရခြင်းလား သို့မဟုတ် အလေးအနက် မထားခြင်းလား တစ်ခုခုကြောင့် ဖြစ်မည်ထင်သည်။ ခြံအနောက်ဘက် ချောင်းကမ်းစပ်အထိ ရွှေတူးရင်း ထို ညောင်ပင်ကို ခုတ်လိုက်ကာ အမြစ်ပါ တူးပစ်လေတော့သည်။

ထို့နောက် ညောင်ကိုင်း တစ်ကိုင်းကို လှေပေါ်တင်ကာ ချောင်းဟိုဘက်ကမ်းကူးပြီး “နေခဲ့ကြတော့”ဟု ရယ်ရယ်မောမော ပြောကာ ညောင်ကိုင်းကို တဖက်ကမ်းတွင် ချန်ထားခဲ့ကြောင်း ပြန်ကြားရသည်။ အပင်ကို ခုတ်ပြီးခဲ့လျင်တောင် ဒီလောက်အထိ ပေါ့ပျက်ပျက် မလုပ်သင့်ဟု တွေးမိသဖြင့် ဦးသောင်းတင် သက်ပြင်းချမိသည်။

ထိုသို့ဖြင့် ၂၀၀၉ ဇန်နဝါရီလဆန်း ပိုင်းက မက်ခဲ့သော အိမ်မက်သည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြောင်းထင်လာတော့သည်။ တိုက်ဆိုင်သည်ဟု တွေးယူ၍ မရနိင်လောက်အောင် ဆန်းကျယ်သော အဖြစ်အပျက်တို့သည် ဆင့်ကာ ဆင့်ကာ ပေါ်လာလေပြီ။


၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၄ ရက်


လူတစ်စုအတွက် ကံဆိုးမိုးမှောင် ကျစေမည့် ထိုနေ့သည် သာမန်နေ့တစ်နေ့သာ ဖြစ်သည်။ ကြမ္မာဆိုးရဲ့ စီရင်ချက် ချခံထားရသော ရွှေတူးသမား လူတစ်စုကတော့ မနက်ခင်း လုပ်ငန်းခွင် ဝင်ချိန်ထဲက သီချင်း တအေးအေး ဖြင့် ရှိနေခဲ့သည်။ မကြာမီ ရောက်လာတော့မည့် နာရီပိုင်းတွင် အဆိုးရွားဆုံး အခြေအနေ ဖြစ်လာမည်လို့ သူတို့ ထင်မထားခဲ့ပေ။ ယခင်လို သာမန်နေ့ တစ်နေ့ဟုသာ ထင်မှတ်ထားသဖြင့် သံဒိုင်ကိုင်သူ၊ ကျောက်ခဲရွေးသူ ပို့စက်ကိုင်သူ မုန်စက် ကိုင်သူ စသည်ဖြင့် ကိုယ်စီ ဆိုင်ရာ လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နေခဲ့ကြသည်။

သူတို့သတိမပြုမိသော ထူးခြားချက် တစ်ခုကတော့ ကောင်းကင်တွင် ကျီးငှက်တို့ အနည်းငယ် ပြိုနေခြင်းဖြစ်သည်။ အလုပ်ထဲတွင် အာရုံရောက်နေသဖြင့် ထိုသည်ကို သတိမထားမိကြပေ။ ထိုသို့ဖြင့် ထမင်းစားနားပြီးနောက် နေ့လည်ပိုင်းလုပ်ငန်းခွင် ပြန်စဖြစ်သည်။ သူတို့၏ ဘေးကပ်လျက် နှစ်ခြံမှလည်း တပြိုင်ထဲ ရွှေတူးနေကြသဖြင့် မုန်စုပ်စက်သံ၊ ပို့စက်သံတို့ဖြင့် ထိုပတ်ဝန်းကျင် တစ်ခုလုံး သက်ဝင် လှုပ်ရှားနေ၏။ နေ့လည် နှစ်နာရီ ခန့်တွင် ခေါင်းရင်းဘက် ခြံမှ ဦးသောင်းတင်၏ သား ထွန်းထွန်း ရောက်လာသဖြင့် တွင်းထဲဆင်းကာ ကြီးကြပ်နေသော ကျင်းပိုင်ရှင် မိုးကျော်မှာ သူငှားထားသော ပေါက်ပြားကို ပြန်ပေးရန် သတိရပြီး တွင်းပေါ်သို့ တက်လာခဲ့သည်။

“ ထွန်းထွန်းရေ မင်း ပေါက်ပြား တစ်ခါတည်း ယူသွားလိုက်ကွာ ငါမအားတာနဲ့ လာမပေးဖြစ်သေးတာ ”

“အေးအေး ယူသွားလိုက်မယ်။ ဒါနဲ့ ဒီနေ့လည် မြေတွေ တော်တော်ပြိုတယ်ဗျ၊ အခြေအနေ သိပ်မကောင်းဘူး အလုပ်ခဏနား ထားရင် ကောင်းမယ်။ ဒီမနက် ဟိုဘက်ကျင်းက လူတစ်ယောက် ပြုတ်ကျတယ်တဲ့ တိုက်ဆိုင်တာက ကျွန်တော့်ကျင်းက လူတစ်ယောက်လည်း အစောတုန်းက ကျင်းနှုတ်ခမ်းကနေ ပြုတ်ကျသွားသေးတယ် ဒါပေမဲ့ ဘာမှတော့ မဖြစ်လိုက်ကြဘူး နည်းနည်းပါးပါး နာကျင်တာလောက်ပါဘဲ ကျနော်စိတ်ထဲ သိပ်မကြည်တာနဲ့ လုပ်ကွက်တောင် ခဏ နားထားလိုက်တယ်”

ထွန်းထွန်းပြောသည်မှာလည်း မှန်သည်။ ယနေ့သည် ယခင်နေ့များထက် ပို၍ မြေပြိုနေသည်။ ရွှေတွင်းတူးရာတွင် ဘေးနံရံများ ပြိုကျခြင်းသည် ဖြစ်ရိုးဖြစ်စဉ် ဆိုသော်လည်း ယနေ့ ပြိုကျနေသော ပမာဏ ပိုများသလို ပြိုနှုန်းမှာလည်း ပြင်းထန်နေ၏။

“ အေးအေး အခုပဲ နားခိုင်းလိုက်တော့မယ် ”

မိုးကျော် တစ်ယောက် သူ၏အလုပ်သမားများကို အလုပ်သိမ်းရန် ပြောဖို့ လှည့်ထွက်စဉ်မှာပင် ဖြစ်ရပ်ဆိုးကြီး ကျရောက်လာတော့သည်။ ခြံနှစ်ခြံကြား ကာရံထားသော အုတ်တံတိုင်းနှင့် နီးသောအခြမ်းမှ မြေတွင်း ဘေးနံရံမှာ ရုတ်တရက် ဝုန်းခနဲ ကြောက်မက်ဖွယ် အသံဖြင့် ပြိုကျသွားတော့သည်။ ဖြစ်ရပ်မှာ မြန်ဆန်လွန်းသဖြင့် ကျင်းထဲတွင် အလုပ်လုပ်နေသော လုပ်သားများထဲမှ ထွက်ပြေးချိန် မရလိုက်သည့် မုန်စုပ်စက် ကိုင်သူနှင့် ပို့စက်ကိုင်သူ နှစ်ယောက်မှာ မြေဖို့ပြီးသား ဖြစ်သွားတော့၏။

ပြိုကျသွားသော မြေသားများ နေရာတွင် ရှိနေသည့် အုတ်တံတိုင်းကြီးပါ အက်ကွဲပြိုကျလာကာ မှုန်စုပ်စက် ချိတ်ဆွဲထားသော တိုင်ကြီးအား ရိုက်ချိုးပြီးနောက် မြေဖို့ထားခြင်းခံရသော လုပ်သား ၂ယောက် အပေါ်သို့ ထိုအုတ်တံတိုင်းမှာ ထပ်မံ ပိကျသွားသည်။ ထိုသူ နှစ်ယောက်အတွက်မှာ လွတ်လမ်း မရှိတော့ပေ။ ပြိုကျသွားသည့် အုတ်တံတိုင်းကြောင့် ထောက်တိုင်တစ်ချောင်း ရိုက်ချိုးခံလိုက်ရသော မုန်စုပ်စက်မှာ ညောင်ပင်ရှိခဲ့ဖူးသည့် ဘက်သို့ ထွက်ပြေးသော လူနှစ်ယောက်ကို လွှဲရိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုလုပ်သားနှစ်ယောက်၏ ခြေထောက်ကို မုန်စုပ်စက် ပိမိသွားလေတော့သည်။

အခြားတစ်ဖက်သို့ ထွက်ပြေးကြသည့် လူတစ်ချို့မှာတော့ ထွက်ပြေး လွတ်မြောက်သွားကြသည်။ တဒင်္ဂအတွင်း ဖြစ်ပျက်သွားသော ထိုအဖြစ်အပျက်ကို ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိင်သော်လည်း ဆက်လက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များကတော့ အံ့သြဘနန်း ဖြစ်ကာ ထိုဒေသတွင် ယခုချိန်ထိတိုင် ပြောမဆုံးနိုင်အောင် ဖြစ်ရလေတော့သည်။

ကျင်းထဲတွင် မုန်စုပ်စက် ပိမိနေသဖြင့် ထွက်ပြေးလို့မရ ဖြစ်နေရှာသည့် မြေပြင်ပေါ် ထိုင်ရက်သား ရှိနေသူ နှစ်ယောက်အနက် တစ်ယောက်မှာ အနည်းငယ်နိမ့်သော မြေပြင်ပေါ်တွင် ရှိနေပြီး နောက်တစ်ယောက်မှာ နည်းနည်းမြင့်သော မြေပြင်ပေါ် ရောက်နေလေသည်။ မြေကြီးဖို့ခံလိုက်ရပြီး အပေါ်မှ အုတ်တံတိုင်း ထပ်မံ ဖိခံလိုက်ရသော လူနှစ်ယောက်အား လတ်တလောတွင် မကယ်တင်နိုင်တော့သော်လည်း ယခု မုန်စုပ်စက်ဖိခံထားရသူ နှစ်ယောက်ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ရန် အားလုံးက အပူတပြင်း ၀ိုင်းဝန်း ကြိုးစားကြလေသည်။

တွင်းပြိုကျသံ ကြားရသည့် အနီးအနားမှ လူများလည်း ရောက်ရှိလာကြသည်။ တစ်ယောက်စကား တစ်ယောက်နားဖြင့် သိသွားကြသော ရွာထဲမှ လူတော်တော်များများလည်း ထပ်ရောက်လာကြပြန်သည်။ ထို့နောက် အားကောင်းမောင်းသန် ယောက်ျားကြီးတစ်ချို့က မုန်စုပ်စက်၏ လက်ကိုင်ကွင်းနေရာကို မဒမတိုင် အလုံးကြီးကြီးဖြင့် လျှိုကာ ဟိုဘက်သည်ဘက် ၈ ယောက်ခန့် သယ်မ ကြသည်။

သို့သော် အခါတိုင်း ပုံမှန်အားဖြင့် လူလေးငါးယောက်ခန့် မ လို့ရသည့် ထိုမုန်စက်မှာ တုပ်တုပ်မျှ မလှုပ်ပေ။ ထို့ကြောင့် အနီးအနားရှိ ဝိုင်းကြည့်နေသူများပါ တွင်းထဲဆင်းလာကာ တဖက်ကို ၁၀ယောက်ကျော်ခန့် ဝိုင်းမ ကြသည်။ လူအားလုံး တစ်ညီတစ်ညာတည်း ညာသံပေးကာမုန်စုပ်စက်ကြီးကို ၀ိုင်းမလိုက်ကြစဉ်……..

“ ဖြောင်း”

“ ဟာ ”

အံ့အားသင့်ဖွယ်ရာ အခြေအနေဖြစ်သည်။ စုစုပေါင်း လူနှစ်ဆယ်ကျော် ဝိုင်း မ နေကြသော မုန်စုပ်စက်မှာ အနည်းငယ်မျှ ကြွ မလာဘဲ လျှိုထားသော မဒမ တိုင်သာ အသံမြည်ပြီး ကျိုးထွက်သွားသဖြင့် စိုးရိမ်တကြီး ဝိုင်းကြည့်နေကြသူများ ထံမှာ “ဟာ” ခနဲ တအံ့တသြ အော်သံများ ထွက်ပေါ်လာ၏။ ဤမုန်စုပ်စက်ကို လူ ၆ ယောက်ခန့် မ လျင်ရနိင်သော်လည်း ယခုတော့ စက်က အပေါ်သို့ မြောက်တက်မလာဘဲ လုံးပတ် ထွာဆိုင် နီးနီးရှိသော မဒမတိုင်သာ ကျိုးသွားခဲ့ရသည်။ ရွှေတွင်းတို့ရဲ့ သဘာဝ သည် ၁၅ ပေခန့် နက်သော်လည်း ကျယ်ကျယ်ဝန်းဝန်း ရှိသည့်အပြင် အတက်အဆင်း ပြုလုပ်ရန် နေရာ ပါရှိသည်။ ထို့ကြောင့် လူ ၂၀ ကျော် တွင်းထဲဆင်းကာ သစ်သားတိုင် လျှို၍ သယ်မ နိုင်လောက်သည်အထိ နေရာ ကျယ်ဝန်းခြင်း ဖြစ်သည်။

ရွှေတွင်းတူးရာတွင် မရှိမဖြစ် လိုအပ်သည်မှာ ရေစုပ်စက် ဖြစ်သည်။ ပို့စက်မှ ပို့လွှတ်ထားသော ရေများအပြင် ချောင်းကမ်းနား နီးသဖြင့် မြေကြီးထဲမှ လျင်မြန်စွာ စိမ့်ထွက်လာသော ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်ကို တစ်နေ့လုံး၊ တစ်ညလုံး မောင်းထားရသည်။ ရေစုပ်စက်ကို မောင်းမထားပါက နောက်တစ်နေ့ မနက်တွင် ကျင်းတစ်ခုလုံး ရေအပြည့် ဖြစ်နေတတ်သောကြောင့် တစ်ညလုံး ရေစုပ်စက်ကို မောင်းထားရလေသည်။

ယခု ပြိုကျသွားသော တွင်းထဲသို့ ရေစုပ်စက်ပါ နစ်မြုပ်သွားသဖြင့် ရေမစုပ်နိုင်တော့ သောကြောင့် မြေကြီးထဲမှ စိမ့်ထွက်လာသော ရေများမှာ တွင်းထဲတွင် တဖြည်းဖြည်း များလာပြီး မုန်စုပ်စက်နှင့် အဖိခံထားရသော လူနှစ်ယောက်ကိုပါ နှစ်မြုပ်စ ပြုနေပြီဖြစ်သည်။ ထို့ကြောင့် လူအင်အားဖြင့် ဖယ်ရှား၍ မရနိုင်သော မုန်စုပ်စက်ကို ထပ်မံဖယ်ရှားရန် ခြံထဲတွင် ရပ်ထားသော ဂျစ်ကားကို မိုးကျော်ကိုယ်တိုင် အလျင်အမြန် စက်နှိုးလိုက်သည်။ ထို့နောက် ကားကို ကျင်းနှုတ်ခမ်းအနီးတွင် ရပ်လိုက်ပြီး ဂျစ်ကားနောက်ပိုင်း၌ ကွင်းဆက်သံကြိုးရှည်ကြီး၏ တစ်ဖက်ထိပ်ကိုချိတ်ပြီး သံကြိုး အခြားတစ်ဖက်ထိပ်တွင် ကျင်းထဲမှ မုန်စုပ်စက်ကို ချိတ်လိုက်ကာ စတင်ဆွဲတော့သည်။

ဂျစ်ကားမှာ တဖြည်းဖြည်း ရှေ့သို့ တိုးသွားသဖြင့် ချည်ထားသော သံကြိုးမှာ တင်းလာသည်။ သို့သော် မုန်စုပ်စက်ကတော့ နဲနဲမျှ မလှုပ်ချေ။ ထို့နောက် စက်အရှိန်မြှင့်ကာ ရှေ့သို့ထပ်တိုးပြန်သည်။ ထိုအခါ မုန်စုပ်စက်နှင့် ချိတ်ထားသော သံကြိုးမှာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် အလယ်မှ “ထောင်း” ခနဲမြည်ကာ ပြတ်ထွက်သွားသည်။ သံကြိုးကြီးပါ ပြတ်ထွက်သွားသဖြင့် ကျင်းပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့သြ တုန်လှုပ်သွားတော့သည်။ ထိုအချိန် ရေများကတော့ လျင်မြန်စွာ တက်လာနေလေပြီ။

စက်ပိမိနေသော မောင်ဒွန်း နှင့် ကျော်ခိုင် မှာ နာကျင်မှု အပြင် တက်လာသော ရေများနှင့် ဖယ်ရှားမရသေးသော မုန်စုပ်ကြောင့် မျက်နာငယ်လေး ဖြစ်ကာ ကြောက်လန့်၍ တုန်ယင်နေရှာ၏။ နိမ့်သည့် နေရာတွင်ရှိနေသော ကျော်ခိုင်မှာ ရင်ဘတ်လောက် ရေမြုပ်နေပြီး မောင်ဒွန်းမှာ ခါးလောက်အထိ မြုပ်နေပေပြီ။ တစ်ဘက်ကျင်းမှ ထွန်းထွန်းတို့ အုပ်စုက တက်လာသော ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်ကို ယူလာခဲ့ကြသည်။ ထို့ပြင်အနီးရှိ နောက်လုပ်ကွက်တစ်ခုမှ ရေစုပ်စက် တစ်လုံးပါ ထပ်ယူကာ စက် နှစ်လုံးဖြင့် ရေစုပ်ရန် ပြင်ဆင်ကြသည်။

ရေစုပ်စက်များ ရောက်လာသည်ကို မြင်မှ မောင်ဒွန်းနှင့် ကျော်ခိုင်မှာ မျှော်လင့်ချက်ကလေးကြောင့် နဲနဲ ရွှင်ပျလာသည်။ ရေစုပ်စက်ကို တပ်ဆင်ပြီးနောက် စက်နှိုးကြသည်။ အံ့သြဖွယ်ရာပင် ရေစုပ်စက် နှစ်လုံး စလုံးမှာ မည်သို့မှ နှိုး၍ မရတော့။ ထိုစက်များမှာ ယူမလာခင်အထိပင် မောင်း၍ ရနေသော လက်ရှိ အသုံးပြုနေသည့် စက်အကောင်းများ ဖြစ်သည်။ ထိုအချိန်တွင် တွင်းထဲမှ ရေများမှာ များသထက် များလာနေပြီ။

ထိုရေစုပ်စက်များ ပျက်နေသည် ထင်သဖြင့် အနီးအနားရှိ ရွှေတွင်းများမှ ရေစုပ်စက်များ သွားယူလာကြပြန်သည်။ ထိုစက်များမှာလည်း လည်ပတ်နေရာမှ ဖြုတ်လာခဲ့ကြခြင်း ဖြစ်သည်။ တစ်လုံး ယူလာသည်။ စက်နှိုးသည် မရပြန်။ အချိန်များ တရွေ့ရွေ့ ကုန်သွားသလို ရေများလည်း ပို၍ပို၍ တက်လာလေပြီ။ ထို့နောက် နောက် ထပ် ရေစုပ်စက်များ အပြေးအလွှား သွားယူလာကြပြန်သည်။ သို့သော် မည်သို့ပင် ကြိုးစားသော်လည်း စက် နှိုး၍မရပေ။

တခြားလူများကလည်း ထိုနှိုးမရသေးသော စက် များကို ကိုယ်စီကိုယ်စီ နှိုးဖို့ ကြိုးစားကြသည်။ တွင်းထဲမှ လူနှစ်ယောက်၏ အသက်မှာ ရေစုပ်စက် တစ်လုံးခန့် ကောင်းလာခြင်းနှင့် သက်ဆိုင်နေပြီ။ သို့သော်စက် ၄လုံး ကို အနားတွင်ထား၍ ကြိုးစားသော်လည်း တစ်လုံးမှ စက်နိုးလို့မရ ဖြစ်နေခဲ့သည်။ ထို့နောက် ဦးသောင်းတင်၏ ရေတွင်းတွင် အသုံးပြုနေသော ရေမော်တာလေး သွားယူလာကာ နှိုး ကြည့်ပြန်သည်။ ဒီတကြိမ်တွင်တော့ စက် လည်ပတ်သံ ထွက်လာသဖြင့် ပတ်ဝန်းကျင် လူများအားလုံး ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။ ဒါ ပထမဆုံး စက်လည်ပတ်သံလည်း မဟုတ်လား။

သို့သော် ထိုရေမော်တာမှာ နိုး၍ ရပြန်သော်လည်း ကျင်းထဲမှ ရေများကို မည်သို့မှ စုပ်ယူ၍ မရပေ။ မည်သို့ပင် ကြိုးစားသော်လည်းမရနိင်ခဲ့ပါ။ စက်လည်နေသော်လည်း ပိုက်ထဲကို ရေမတက်လာပေ။ အံ့သြခြင်းနှင့် ကြောက်ရွံ့ထိတ်လန့် ခြင်းသည် အနီးအနားမှ လူများသို့တိုင် ကူးစက်ပျံ့နှံ့သွားတော့သည်။ ရေစုပ်စက် ၄ လုံး၊ ရေမော်တာ တစ်လုံးဖြင့် ရေထုတ်ရန် ကြိုးစားသော်လည်း မရနိုင်တော့သဖြင့် ကြံရာမရသည့်အဆုံး ကျင်းပတ်ပတ်လည်တွင် ရှိနေသော ယောက်ျားအားလုံးတို့မှာ ရနိုင်သမျှသော ရေပုံး ရေခွက် တို့ဖြင့် တွင်းထဲမှ ရေများကို အားကြိုးမာန်တက် ခပ်ထုတ်ကြသည်။

သို့သော်လည်း အချိန်နောက်ကျနေခြင်း ၊ ထွက်လာသော ရေပမာဏက ပိုများနေခြင်းကြောင့် ရေခပ်ထုတ် နေလျက်နှင့် ပို၍ပို၍ များလာသည်မှာ အနည်းငယ် နိမ့်သည့် မြေနေရာတွင် ပိမိနေသည့် ကျော်ခိုင်၏ မေးဖျား သို့တိုင် ရောက်လာသည်။ သူတို့ နှစ်ယောက်မှာ မြေပြင်ပေါ်ထိုင်လျက်သားနှင့် တက်လာသော ရေထုကို ကြည့်ကာ မျက်ရည်များ စီးကျလာကြသည်။ ကူရာကယ်ရာ မဲ့သော အဖြစ်ကြောင့် ဝမ်းနည်းကြခြင်း ဖြစ်မည်။ ရပ်ကွက်ထဲမှ လာရောက်ကြည့်ရှုနေသော အမျိုးသမီး တစ်ချို့ပါ စိတ်မကောင်းစွာနှင့် ငိုကြွေးနေကြလေသည်။ ထိုအချိန်တွင် ကျင်းပြိုသည့် အတွေ့အကြုံကို သိပ်မကြာခင်က ကြုံတွေ့ထားဖူးသော ဒေါ်သိန်းရှင် ဆိုသည့် အမျိုးသမီးက

“ဘက်ဟိုးသွားခေါ် … ဘက်ဟိုးသွားခေါ်”

ဟု အော်ဟစ် သတိပေးလေသည်။ ထိုအချိန်မှ လူသုံးလေးယောက်က မြေတူးစက်ခေါ် ဘက်ဟိုး ရှိနေသော ရွာထိပ်ရှိ ကုမ္ပဏီရှိရာဘက်သို့ အပြေးအလွှား သွားခေါ်ကြလေသည်။ ဘက်ဟိုးသွားခေါ်နေသည့်အချိန်တွင် ရေခပ်ထုတ်နေသူများကလည်း အားမလျှော့ဘဲ ခပ်ထုတ်နေကြဆဲ ဖြစ်လေသည်။ သို့သော် စိမ့်ထွက်သော ရေနှင့် ခပ်ထုတ်သော ရေမှာ အင်အား မမျှသဖြင့် မြေနိမ့်သည့် နေရာတွင် ရောက်နေသော ကျော်ခိုင်မှာ တစ်ဖြေးဖြေးနှင့် လည်ပင်း၊ ထို့နောက် ဦးခေါင်းတစ်ခုလုံး မျက်စိရှေ့မှောက်တွင်ပင် နှစ်မြုပ်သွားတော့သည်။

ရေအောက်သို့ရောက်သွားသော ကျော်ခိုင် အသက်ရှူနိုင်ရန်အတွက် လူအချို့က ပိုက် တစ်ချောင်း လှမ်းပေးလိုက်ကြသည်။ သို့သော်လည်း မကြာခင် ထိုပိုက်လုံးမှာ ရေပေါ်သို့ ပေါ်လာသောကြောင့် ကျော်ခိုင်တစ်ယောက် ရေအောက်တွင် သေဆုံးသွားသည်ဟု ယူဆရတော့သည်။ မျက်စိ ရှေ့တွင် ကူကယ်ရာမဲ့ ဖြစ်နေသော သူနှစ်ယောက်ကို ကြည့်ရင်း လူတိုင်းရင်ထဲတွင် ဖျစ်ညစ်ခံထားရသကဲ့သို့ ခံစားရပြီး ကမ္ဘာငယ်ပျက်သလို ဆူညံ ပွက်လောရိုက်အောင် ဝမ်းနည်းစွာ ငိုကြွေးကြသည်။

မိမိ၏ ကံကြမ္မာကို သိသွားသောကြောင့် မောင်ဒွန်းမှာ စိတ်လျှော့လိုက်ဟန်ဖြင့် အနည်းငယ် တည်ငြိမ်လာသည်။ ထို့နောက် ရေခပ်ထုတ်နေသူများကို စကား လှမ်းပြောလိုက်သည်။

“ ငါ့ကို အရက် တစ်ခွက်ပေးပါ ”

သေခြင်းတရားကို ရင်ဆိုင်ဖို့ သူရွေးချယ်သော အားကိုးရာ ဖြစ်မည်ထင်သည်။ သို့မဟုတ် နောက်ဆုံးချိန်ထိ နှစ်သက်သော အရာကို ပြုကျင့်သွားခြင်းလည်း ဖြစ်နိင်သည်။ အရက်တခွက်ကို ခပ်မြန်မြန် မော့သောက်ပြီးနောက် ကမ်းပေးသော ဆေးပေါ့လိပ်ကို မြန်မြန် ဖွာရှိုက်လိုက်သည်။ ထိုဆေးလိပ် တစ်ဝက်ခန့် အရောက်တွင် မောင်ဒွန်း ရေအောက်သို့ စုန်းစုန်းမြုပ်သွားတော့သည်။ သူအသက်ရှူရန် ပေးထားသော ပိုက်လည်း ခဏအကြာတွင် ရေပေါ်သို့ ပေါလောမျော နေတော့သည်။

အိမ်ခြံစည်းရိုးများကို ချိုးဖျက်ပြီး ဝင်ရောက်လာသော မြေတူးစက်ရောက်လာချိန်သည် ထိုသူနှစ်ယောက် ရေအောက်သို့ နှစ်မြုပ်သွားပြီး အနည်းငယ် ကြာသည့်အချိန်တွင်သာ ဖြစ်လေသည်။ ထို့နောက် ချက်ချင်းပင် ရေအောက်ထဲမှ မုန်စုပ်စက်ကို ဘက်ဟိုးဖြင့် ကုပ်ဆွဲ တင်လိုက်သည်။ မည်သို့မှ ဖယ်ရှားမရခဲ့သော မုန်စုပ်စက် မြေပြင်ပေါ် ရောက်လာချိန်တွင်မှ မောင်ဒွန်းနှင့် ကျော်ခိုင်တို့ကို ဆယ်ယူနိင်တော့သည်။ ရေမြုပ်သွားသည်မှာ သိပ်မကြာသေးသော မောင်ဒွန်းအား အသက်ရှင်လို ရှင်ငြား မျှော်လင့်ချက်ဖြင့် ရေအန်ထွက်လာအောင် ပြုစုကြသော်လည်း မောင်ဒွန်းမှာ အသက်ရှင်မလာတော့ပေ။

ထိုမြေတူးစက်ဖြင့်ပင် အုတ်တံတိုင်းကို ဖယ်ရှားကာ မြေဖို့ခံထားရသော လုပ်သားနှစ်ယောက်ကိုလည်း ဂရုတစိုက် ရှာဖွေကာ တူးဖော်ကြလေသည်။ ထိုနှစ်ယောက်လုံးမှာလည်း မြေကြီးအောက်တွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည်ကို တွေ့ရှိရ၏။ ထိုသို့ဖြင့် စုစုပေါင်း လူ ၄ ယောက် အသက်ဆုံးရှုံးသွားရသော တွေးတော၍မမှီနိင်ဖွယ်ရာ ရွှေကျင်းပြိုသည့် ဖြစ်ရပ်သည် ယခုတိုင် ထိုဒေသ၌ ပြောစမှတ်အဖြစ် တွင်ကျန်နေလေတော့သည်။

ထိုညတွင် ၄င်း ရွှေကျင်းအနီးတစ်ဝိုက်၌ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဆွဲဆွဲငင်ငင် အူနေကြသော ခွေးအူသံကို တစ်ရွာလုံးက တုန်လှုပ်ချောက်ခြားစွာ ကြားရလေသည်။


ထိုဖြစ်ရပ် ဖြစ်ပွားပြီး ညနက်သန်းကောင် အချိန်များတွင် လူလေးဦး၏ ပုံသဏ္ဍာန်များကို ထိုအနီးတစ်ဝိုက်ရှိ ပတ်ဝန်းကျင်မှ လူတစ်ချို့က မကြာခဏ တွေ့ရကြောင်း ပြောကြလေသည်။ ထိုစကားကို ကောလဟာလ အဖြစ် သတ်မှတ်ရလျင်တောင် အမှုအခင်းများ အားလုံးပြီးစီးချိန် ၄င်းရွှေတွင်းကို ပြန်လည်လုပ်ခွင့်ရပြီး လုပ်ငန်းပြန်စသောအခါတွင်မူ ယခင်က ရှိခဲ့သော ရွှေထွက်ကောင်းလှသည့် ရွှေကြော တစ်ကြောလုံး ပျောက်ကွယ်သွားသော ဖြစ်ရပ်ကိုတော့ ဆန်းကြယ်မှုအပေါ် အံသြဖွယ်ရာ ထပ်ဆင့်လိုက်သော ဖြစ်ရပ်ဟု သတ်မှတ်ရမည် ထင်ပါသည်။


။.........................................................................။



နာမည်များ လွဲပြောင်းထားသည်မှ လွဲ၍ ဤဖြစ်ရပ်သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြည်နယ်တစ်ခု၌ အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဖြစ်ပါသည်။ ထိုအဖြစ်ဆိုးကို အစမှ အဆုံးတိုင် တွေ့မြင်ခဲ့သူကိုယ်တိုင် ပြန်ပြောပြထားသည်ကို အပိုအလိုမရှိ ဆီလျော်အောင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းလေးကို နေ့စွဲအတိအကျ ပြန်ရှာပေးပြီး ခရေစေ့တွင်းကျ ပြောပြပေးသော သူငယ်ချင်း ဖြစ်သူကို ကျေးဇူးတင်ရှိပါတယ်။

48 comments:

ဆွေလေးမွန် said...

ရှေးထုံးလဲမပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ဆိုတာလိုမျိုး
ပေါ့..
လောကကြီးမှာ ကိုယ်မသိတဲ့အရာတွေ အများကြီးရှိနေ
ကြတာပဲလေ.

ကိုမြစ်ကျိုးအင်းက ဇာတ်သရုပ်ဖော်ရေးထားတာက
တော့ ပီပြင်တယ်..ရွှေတွင်းကို ဘယ်လိုတူးပြီး ဘာတွေ
လုပ်ရသလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်တာ...

mmzh said...

ထူဆန်းပါပေ့ ဆရာမြစ်ရေ။ အရင်က ရွှေကြောပါ ပျောက်သွားတယ်ဆိုတော့။

အစဉ်အားပေးလျက်

မြသွေးနီ said...

ရေးထားတာ ကွင်းကွင်းကွက်ကွက် ရှိလိုက်တာ။ မမြင်နိုင်တဲ့လောကဆိုတာ တကယ်ရှိပါတယ်။ မျက်မြင်ကြုံဖူးတာတစ်ခုက ရုံးတစ်ရုံးမှာအဆောက်ဦ အသစ်တစ်ခု ဆောက်ဖို့ ရုံးဝင်းအတွင်းက လူအများ ပူဇော်ပသထားတဲ့ ညောင်ပင်ကြီးကို နေရာ မလွတ်ဘူးဆိုပြီး ၀ိုင်းတားတဲ့အထဲက ခုတ်ပစ်တယ်။ ခုတ်ဖို့ညွှန်ကြားတဲ့ လူကြီးမင်းလည်း စက်ဘီးတိုက်ခံရယုံနဲ့ သေဆုံးရတယ်။ ခုတ်သူများ လည်း မသေနိုင်တဲ့ရောဂါနဲ့ သေသူသေ၊ လေဖြတ် သူ ဖြတ်နဲ့။ ဒါကြောင့် ဒီပို့စ်လေးဖတ်ပြီး တွေ့ခဲ့ ဘူးတဲ့ အဖြစ်ဟောင်းလေးကို သတိရမိသွားတယ်။

မေဓာဝီ said...

မမြင်ရတဲ့လောကဆိုတာ တကယ်ထူးဆန်းတယ်နော်။ ကြောက်စရာကြီးပါလား။ ဖတ်ရင်းနဲ့ မွန်းကျပ်တောင်လာတယ်။ သူတို့ရဲ့ ရှေးဝဋ်ကြွေးပါလာတယ်လို့ပဲ ဆိုရမှာပဲ။

အဖြူရောင်နတ်သမီး said...

ဖတ်ရင်း ကြက်သီးတွေ ထလာတယ်...
အဲဒါမျိုးတွေ မယုံလို့မရဘူး..
“သိုက်”ဆိုတာမျိုးကိုလည်း ညီမကိုယ်တွေ့မို့
လက်ခံထားတယ်...
အချိန်ရရင် ရေးပါအုံးမယ်....
အခုတော့ အလုပ်တွေပိနေလို့...

မိုးယံ said...

သေသူတွေကို သနားမိပေမယ့် ကိုယ့်အတွေးက တစ်မျိုး

သုံးလောကထွဋ်ထား ဘုရားကို ပယ်ပြီး ဒီကောင်တွေကို ကိုးကွယ်ရင် ကောင်းမလားလို့ ။ ဗုဒ္ဓဘုရားက ကိုယ့်ကို ဘယ်တော့မှ အပြစ်မပေးဘူး အနန္တမေတ္တာတော်ရှင်၊ လမ်းပြပဲ့ကိုင်ရှင်။

ဒီကောင်တွေက သူတို့ နေရာပျောက်ရင် ကိုယ့်အသက်ကို သတ်သတဲ့။ မမြင်ရတဲ့ လောကသားများကို ပြောပါတယ်။

သဒ္ဓါလှိုင်း said...

ဒီလိုဖြစ်ရပ်တွေကြေင့် မယုံလို့လည်းမရသလိုပဲ..။
သူတို့တွေရဲ့ ရှေးရှေးဝဋ်ကြွေးတွေကြောင့်လို့လည်း
ဆိုရမယ်နော်...။ကြောက်စရာကောင်းလိုက်တာ..

ခင်တဲ့
သဒ္ဓါ

YoungGun said...

အတုံ့အလှည့်ပေါ့ဗျာ။ သူ့နေရာတောင် မြေလှန်ခဲ့ပြီးပြီပဲ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့။ တားတဲ့သူကလည်း တားပြီးပြီ။ ဂရုမစိုက်ဘဲ သိပ္ပံနည်းကျချင်ပါတယ် ဆိုရင်တော့..

ဝက်ဝံလေး said...

ကြောက်ထျာာာ ကြက်သီးတောင် ထတယ် ဟိဟိ

ဆလူး said...

ပပါပါးးးးး ဒါတွေလဲ ရသကိုးးး အငြိမ့်ကော ဆက်မရေးတော့ဘူးလား များက လူရွှင်တော် လုပ်ချင်ပါရယ် ဆိုမှ ဟွင့်

ကျောပိုးအိတ် said...

ကိုမိုးကျော်က ဘာမှ မဖြစ်ဘူးလား .. တဂယ်တော့ သူက ခုတ်ခိုင်းလို့ ခုတ်ရတာ .. ကျန်တဲ့သူတွေ ထိသွားတာပေါ့နော် ..

ဘာဘဲပြောပြော ဖတ်နေရင်းနဲ့  ကြောက်မိတယ် .. သစ်ကြီးဝါးကြီးကို ခုတ်ဘို့ နေနေသာသာ ရှေးလူကြီးတွေဆို အပေါ့အပါးတောင် မသွားခိုင်းဘူးနော် ..

မမြင်နိုင်တဲ့ လောက ... မယုံလို့ လဲ မရ ...

ညီမလေး said...

ဖြစ်ချိန်တန်ရင်တော့ ဖြစ်မှာပါပဲ ... ဘယ်သူမှတားလို့မရဘူး ။ ဝဋ်ကြွေးဆိုတာ ရှိရင် ဆပ်ကြရစမြဲလေ ။ သူ့အတိတ်က ကံအကြောင်းကြောင့် အဲ့လိုဖြစ်တာလို့ပဲ ညီမလေးတော့ ထင်တယ်။ ညောင်ပင်ခုတ်လို့ သေကြစတမ်းဆို ......

နှင်ဟေမာ said...

ဒီလိုအဖြစ်အပျက်မျိုး ဆန်ဆန်လေးတွေ ညီမတို့ နယ်ဘက်တွေမှာလဲ ကြားဘူးတယ် ...။ ဒါမျိုးကို နတ်ကိုင်တယ်လို့ပြောကြတယ် ..။ နတ်ဆိုး လား နတ်စိမ်းလား နာနာဘာဝ တွေပဲလား မသိဘူးနော် ... ။ တော်တော်ကြောက်စရာကောင်းတယ် ...။
နှင်း တို့ရွာက အိမ်ရှေ့က တမာပင်ကြီးမှာလဲ အဲလိုရှိတယ်သိလား ...။ ဒါနဲ့ စကားမစပ် ရွာကို အလည်လိုက်မလားးD

အမြဲအားပေးလျှက်ပါ
နှင်း ...

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်လို့ကောင်းတယ်ဗျာ၊ အိပ်ခါနီးမှ
နောက်တစ်ခေါက် ထပ်ဖတ်အုံးမယ်ဗျာ။

ညလင်းအိမ် said...

ဖတ်ရင်း ကြက်သီးတောင် ထတယ် ....
မမြင်နိုင်တဲ့ လောကထဲမှာ ဆန်းကြယ်မှုတွေ များလိုက်တာဗျာ ...

ကိုကိုမောင်(ပန်းရနံ့) said...

ရင်မောစရာကြီးပါလား ဆရာမြစ်။ အရေးအသားက ညက်တော့ ကွက်ကွက်ကွင်းကွင်း ပိတ်ကားပေါ် ကြည့်နေရသလို မြင်ယောင်လာတယ်။ မြေပြိုပြိုချင်း မြေပိသေတဲ့သူတွေကတော့ နဲနဲခံသာသေးတယ်ထားတော့။ ဖြည်းဖြည်းချင်း ညှင်းသတ်ခံရတဲ့ နှစ်ယောက်ကတော့ အလွန်သနားစရာကောင်းလှတယ်။ ၀ဋ်ကြွေးတွေပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Khinmarlaraung said...

ဖတ်နေရင်း...ရင်းးးးး အာမေဒိတ်ပေါင်းမျိုးစုံနဲ့ 
ခေါင်းတညိတ်ညိတ်ပေါ့။ အင်း.....စိတ်မကောင်းဖြစ်မိရင်း။
ငယ်ငယ်တုန်းကတော့ ဒါမျိုးတွေမယုံခဲ့ဖူး။
ခုတော့ ...လက်ခံပါတယ်။
မမြင်ရတဲ့သူများကလည်းနော် ရက်စက်လွန်းတယ်လို့ 
တွေးမိပါတယ်။ ရက်စက်တဲ့ နည်းနဲ့ များနော်။။။
....ခင်မင်လေးစားအားကျလျှက်....ခင်မာလာအောင်..:)

flowerpoem said...

အဲလို အဖြစ်တွေက တကယ်ရှိတယ် မယုံလို့မရဘူးနော်. . . ဖတ်ရင်းစိတ်မကောင်းစရာပဲ သနားပါတယ်..

thawzin said...

ရွှေကျင်သူတွေအကြောင်းလဲသိရမှတ်ရတာပေါ့ဗျာ။ ပြောမယုံ ကြုံဖူးမှသိဆိုသလိုပေါ့။ လောကမှာ သိပ္ပံနဲ့ မသိနိုင်တဲ့အရာတွေက များသားဗျာ။ တိုက်ဆိုင်မှုလဲဖြစ်နိုင်ပါတယ်။ ဟိုပရောဂလဲ ကင်းမယ်မထင်ပါဘူး။ ရိုးရာဆိုတာတွေက ယုံကြည်စွဲဖို့လဲ မလိုသလို အယုံအကြည်ကင်းမဲ့ဖို့လဲ မသင့်ပြန်ဘူးနော်။ အားလုံးအပေါ် မေတ္တာလေးထား၊မေတ္တာလေးပွားပြီးလုပ်ကိုင်မှ အထိအခိုက်သက်သာမယ်ထင်ပါတယ်။
ဆက်မပြောတက်တော့ပါဘူး။
အားပေးလျှက် အစ်ကိုရေ။

Anonymous said...

ရတနာဆိုတာ ထိုက်မှရတာနော
ရွှေကြောပျောက်သွားတာက ထူးဆန်းတယ်

ခင်မင်တဲ့
seesein

blackroze said...

အဲဒါမျိုးတွေကမမြင်ရပေမဲ့ယုံရခက်မယုံရခက်
ကြောက်ဖို့အရမ်းကောင်းတယ်..တတ်နိုင်ရင်
အမှားမလုပ်မိတာအကောင်းဆုံးပါဘဲ

လင်းမြကြည်ဖြူ said...

အသည်းတထိတ်ထိတ်နဲ့ ဖတ်လိုက်ရတယ်။
ရုပ်ရှင်တစ်ကားကိုကြည့်လိုက်ရသလိုမျိုး ကိုယ်တိုင်မြင်တွေ့ရသလိုဘဲ သရုပ်ပေါ်အောင်ရေးဖွဲ့နိုင်သူမို့ လေးစားချီးကျူးပါတယ်။
သာမန်စာဖတ်သူသက်သက်အနေနဲ့ အရင်ကလည်း အမြဲလာဖတ်ဖြစ်ပေမဲ့ အခုမှ ကော်မန့်ရေးဖြစ်ပါတယ်။
အရေးအသားတွေကို အတုခိုးနိုင်ဖို့ ကြိုးစားပါဦးမယ်ရှင်။

အင်ကြင်းသန့် said...

တကယ့်ကိုကြောက်စရာကောင်းတယ်။ ဖြစ်သွားတဲ့သူတွေအတွက်စိတ်လည်းမကောင်းဘူး။ ဒါမျိုးတွေကြားဖူးတယ်။ ဒါပေမယ့် အခုလိုမျက်စိထဲမှာကွက်ကွက်ကွင်းကွင်းပေါ်လာအောင်ကို ရေးထားနိုင်တဲ့ဖြစ်ရပ်မျိုးကိုတော့ မတွေ့ဖူးသေးဘူး။ ၀ဋ်ကြွေးပါလာလို့လဲဖြစ်မယ်ထင်တယ်။ ဒါပေမယ့်လည်း ဒီလိုလောကတွေကိုလည်း မယုံကြည်လို့မရဘူးထင်တယ်....။

sosegado said...

မြေကြီးတူးတယ်ဆိုတာ အန္တရယ်ရှိသောလုပ်ငန်းတစ်ခုဖြစ်လို့၊ PE ခွင့်ပြုချက်တွေ၊ Safety ပညာပေးဆိုင်းဘုတ်တွေ၊ ထရိန်နင်တွေ ရှိရမှာ၊ နည်းပညာမရှိသရွေ့၊ လူတစ်ယောက်သေဆုံးသွားတာကို တန်ဘိုးမထားသရွေ့၊ ဒါမျိုးတွေကကြုံရဦးမှာပဲ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့ဘက်မှာလဲ ဒီလိုအဖြစ်မျိုးတွေ မကြာခန ဖြစ်တတ်ကြတယ်..
စာဖတ်နေရင်း တကယ်ကို မြင်နေရသလို စိတ်ထဲ ထင်လာတယ်.. ကြက်သီးထအောင်၊ မျက်စိထဲပေါ်လာအောင် ရေးနိုင်တာတော့ စာရေးသူရဲ့ပညာစွမ်းလို့ဆိုရမယ်.. ဘာဘဲပြောပြော သေသွားတဲ့သူတွေကို သနားလိုက်တာ
နောက်ဆုံး၂ယောက်ဟာ မသေသင့်ဘဲ သေသွားရတယ်လို့ထင်မိတယ်..
အင်း ယုံကြည်ဖို့လဲခက်၊ မယုံကြည်ပြန်ရင်မဖြစ်
တော်တော်ခက်တဲ့ ဒီလောက

~ဏီလင်းညို~ said...

ကိုယ်တွေ့မကြုံဖူးပေမယ့်......ရံဖန်ရံခါကြားဖူး၊ ဖတ်ဖူးနေတတ်မိတိုင်း.....အဲ့ဒီလိုအဖြစ်တွေ တစ်ကယ်ရှိမယ်ဆိုတာ လက်ခံမိတယ်....။
မျှစ်ရေးထားတာလည်း.....ကောင်းတယ်......။
သူ့စည်း......ကိုယ့်စည်းနဲ့နေတာ အကောင်းဆုံးပဲနော်.......သယ်ရင်း........။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

purplemay said...

Final Destination ရုပ်ရှင်ကြည့်နေရသလိုပါပဲ...။
ဒါမျိုးတွေက မယုံလို့မရဘူးနဲ့တူပါရဲ့..။ သူငယ်ချင်းပြောတာကို မျက်လုံးထဲမြင်လာအောင် ရေးနိုင်တာကိုတော့ တကယ်လေးစားမိပါတယ်..။

ကိုဇော် said...

မမြင်ရဘူး ဆိုပေမဲ့ မယုံလို့လည်း မရပြန်ဘူး။
ဘုရားဟောထဲမှာတောင်မှ ပါသေးတာပဲလေ။
ယုံကြည်ပြီး ကြောက်ရွံနေစရာ မလိုပေမဲ့ အခုလို သူတို့က သတိပေးလာရင်တော့ ရှောင်တာ ကောင်းတယ်။ သူတို့က ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပေးနိုင်တာ များတယ်လေ။

( အခုမှ သူများ ဘလော့ကနေ ရောက်လာတယ် မြစ်မြစ်ရေ။ ငါ့ဆီမှာ ဘာဖြစ်တယ် မသိဘူး။ နင့်ဟာ အသစ်မတတ် ပြန်ဘူးဟ။ http://www.myitkyoeinn.com/ ဒါနဲ့ပဲ ထည့်ထားတာကို။ )

ကိုဇော် said...

မြစ်မြစ်ရေ . . ဟုတ်တယ်ဟ။
ငါ နေရာတကာတော့ လိုက်မကြည့်ဖြစ်ဘူး။ ဒါပေမဲ့ မရွှေစင်ဦး ၊ ကိုအောင် ၊ ငါ့နေရာတွေမှာတော့ မင်းက ဘလော့ဂါအငြိမ်မှာတင် ရပ်နေတယ်ဟ။ လိုက်စစ်ကြည့်ဦး။

ခြင် said...

မျှစ်မျှစ်ရေ.... ဘီလူးစည်း... လူ့စည်း ဆိုတာ ရှိတယ်တဲ့ သီချင်းထဲမှာ ကြားဘူးတယ်... :))

Anonymous said...

ကိုမြစ်ကျိုး ရေ

အခုမှပြန်ဖတ်ပြီး လာမန့်တယ် ကြောက်စရာ ကောင်းလိုက်တာ

ကျနော် ထဲမှာ ဒီနေ့တော့ ပြန်တက်သွားပြီ

ခင်မင်တဲ့
ရွှေစင်ဦး

ချိုကျ said...

အမငှီး.........ဂလိုကြီးလား အင်း...ရှိတတ်ကြပါတယ်လေ အဲလိုမျိုးတွေက ရှောင်ရန် ဆောင်ရန်ပေါ့ ။

ခင်တဲ့( ချိုကျ )

ngwelamin said...

ဖတ်ကြည့်ပြီး စိတ်မကောင်းလိုက်တာ
မြေမြိုတာမဟုတ်ဘူး ရေမြိုသွားတာပေါ့နော် အဲဒီနှစ်ယောက်လည်းကြောက်ရှာမှာနော် သူတို့ကိုယ်သူတို့သေတော့မယ်ဆိုတာ သိသွားတော့ အမလေး တွေးရင်ကြောက်တယ်ဗြုန်းဆို သေသွားတဲ့ ၂ယောက်ကမှ တော်သေးတယ်
ဘာပြောပြောကြောက်စရာကြီးပါ

Khaing Thazin said...

ွှ်ွှအရင်တုန်းက သိတ်မကြောက်တတ်တဲ့သူတောင်
သူ့စာဖတ်ပြီး ကြက်သီးတွေထ ရှေ့နောက်ဝဲယာ
ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေမိတယ် ဖတ်တာက
ညသန်းခေါင်...

သော်ဇင်စိုး said...

အာမလေးဗျ.. ကြောက်စရာကြီး.. ရှုရှူးတွေပါ ထွက်ကျမလို့..:P
ဒါတွေက တစ်ကယ်လည်းရှိတယ်ဗျ.. အရမ်းလည်း အံသြစရာကောင်းတယ်..
ကိုမြစ်ရေးတာကိုဖတ်လို့ကတော့ မျှောပြီးရင်း မျှောရင်းပဲ.. ရွေကိုဘယ်လိုထုပ်တာလဲဆိုတာ ခုမှပဲသိရတော့တယ်..

သော်ဇင်စိုး said...

ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဒီလိုကိစ္စတွေနဲ့ပတ်သက်လာရင်ကြားယောင်ကား တတ်ယောင်ကားလိမ်နေကြတဲ့ သူတွေများနေလို့ တိတိကျကျ သုတေသနလုပ်မဖော်ထုပ်နိုင်တာပါ.. နောက် ဖော်ထုပ်ရှင်းပြမဲ့သူက ကြိုးစားပြန်တော့လည်း နည်းစနစ်ကျကျ လက်ခံမဲ့ လူတွေလည်းမရှိရလောက်အောင် ရှေးရိုးစွဲတွေက ရှိသေးတယ်မဟုတ်လား။
ကျွန်တော်ဆိုလိုတာက တကယ်တော့ဒီလို ကိစ္စတွေကို တစ်နေ့ သိပ္ပံပညာထွန်းကားလာတဲ့တစ်နေ့ သိပ္ပံပညာက သေချာရှင်းပြနိုင်မှာပါ။ ခုတောင် အရင်က လူဝင်စားတွေ ဘယ်လိုဘယ်ပုံ အရင်ဘ၀ကို မှတ်မိနေတာလဲ၊ နတ်ဝင်တွေက ပရလောကသားတွေနဲ့ ဘယ်လိုဘယ်ပုံဆက်သွယ်ကြလဲဆိုတာတွေကို သူတို့ သုတေသန လုပ်နေကြပါပြီ။ အဲလို သူတို့နိုင်ငံမှာ ရှိတဲ့ အခွင့်အရေးမျိုးမရှိတော့ သေချာရှင်းပြနိုင်တဲ့သူတွေ ရှိလျှင်လည်းဘဲ.. အလိမ်တွေကြားထဲ မြုပ်နေကြလိမ့်မယ်။ ဒါပေမဲ့ အတိကျသေချာကြီးတော့ မဟုတ်ပါဘူး။ ခုထိတောင် ဘ၀ဘယ်လိုကူးပုံကူးနည်းတွေကို သူတို့(လေ့လာသူတွေ) လေ့လာလို့ မကုန်ဆုံး(မနိုင်သေးဘူး) ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ အဝေးကြီးလိုပါသေးတယ်.. သေချာတာကတော့ အရင်ကထက် သူတို့ ပိုရှင်းပြလာနိုင်မှာပါ.. အရင်က အနောက်နိုင်ငံမှာ နတ်ဝင်တစ်ဦးကို ကူညီနေတဲ့ နတ်တစ်ဦးကိုတောင် ဓါတ်ပုံရိုက်ယူနိုင်ခဲ့သေးတာပဲ.. တစ်နေ့သိပ္ပံပညာက ရှင်းပြလာနိုင်မှာပါ..

သိင်္ဂါကျော် said...

အင်း.. မမြင်ရတဲ့ လောကကိုလည်း မယုံလို့ မဖြစ်ဘူးနော်..

ခိုင်နုငယ် said...

နောက်ကျမှ ရောက်တယ် ကိုမြစ်ရေ...
လောက ကဆန်းကြယ်တယ်။
ကိုယ်တွေ မမြင်နိုင်တာတွေ အများကြီးရယ်

အနော် said...

တချို့ကိစ္စတွေ မယုံတာ ယုံတာထက် မလေးမစား မလုပ်မိဖို့ ပိုအရေးကြီးတယ်ထင်တယ်နော် အကို...
သရဲပူးတယ်ဆိုတာကို ငယ်ငယ်က ကြုံဖူးတယ်... ကိုယ်တွေက ကလေးဆိုတော့ ပြောမိဆိုမိတာလေ.. သရဲဝင်ပူးတော့မှ သူက သူ့ကိုပြောတယ်ဆိုပီး တော်တော် မကျေမနပ်ဖြစ်နေတာ.. ဆရာနဲ့ဘာနဲ့ သေချာတောင်းပန်ရတယ်..
လူ့အသက်တွေ ပေးဆပ်ရတဲ့အထိ မကျေမနပ်ဖြစ်ရတာတော့ သနားဖို့ ကောင်းပါတယ်.. ဖတ်ပီး ကြောက်သွားတယ်.. :(

Anonymous said...

မမြင်နိုင်တဲ့လောက ပြောရတာ တကယ်ခက်တယ်နော်..

ဒါမျိုးဇာတ်လမ်းလေးတွေ ကြားဖူးနားဝတော့ ရှိတယ်။

အကြောင်းတိုက်ဆိုင်မှုလားပဲလားတော့ မသိ..
ယုံရခက် မယုံရခက်ပါပဲလေ..။

ဦးမြစ်ရေ..အချစ်ဝတ္ထုလေးတစ်ပုဒ်လောက် ရေးကြည့်ပါအုံးဗျို့။

အစဉ်လေးစားလျှက်
မြတ်မွန်

အနမ်း said...

ဝမ်းနည်းစရာ အဖြစ်ဆိုးတွေပဲ။ အပင်တွေခုတ်တာလည်း သတိထားရတယ်နော်။

ပန်းနုနှင်းဆီ said...

ဒီဇာတ်လမ်းလေးက မမြင်ရတဲ့အရာတွေကိုလည်း သတိထားဖို့ အသိပေးလိုက်သလိုပါဘဲ။
ကိုယ်မမြင်ရလို့ မယုံကြည်ဘူးဆိုပြီး လက်လွတ်စပယ် မလုပ်ကြဖို့ ဒီဇာတ်လမ်းက သင်ခန်းစာပေးလိုက်တယ်လို့ ခံစားမိပါတယ်..
စာအရေးကောင်းသူမို့ ဖတ်နေရင်း ထိတ်လန့်စိတ်တွေ ခံစားရပါတယ်။ စာကောင်းတွေ အများကြီးရေးနိုင်ပါစေ

အုပ်ကြီး said...

ကျွန်တော်တို့ က ကိုယ့်
channel နဲ့ ကိုယ်ကြည့်နေကြတာ
မဟုတ်လားဗျာ ..
ကိုယ့်အိမ်မှာ ..စလောင်းမရှိရုံနဲ့ တော့
သူများအိမ်မှာ .ဘောပွဲလာတာ ...
အလကားပါလို့ ပြောလို့ မရသလိုပေါ့ဗျာ ..

ဂျစ်တူး ( မုံရွာ ) said...

အစအဆုံးအခုမှဖတ်သွားတယ်-
ကွန်မြူတာကြီးကနေမကောင်းလိုက်
ဂျစ်တူးကမအားလိုက်နဲ့ လေ
ဟိုနေ့ ကဖတ်နေရင်းကွန်မြူတာပျက်သွားလို့  ဇတ်ဆရာ ရဲ့ 
ဒီပို့ စ်ကိုဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်-

blackcoffee said...

ကျွန်တော့်ညီအစ်ကိုဝမ်းကွဲတစ်ယောက်လဲမြေနီတူးရင်းမြေပိပြီးသေသွားတာ... မြေနီပုံထဲမှာ ခေါင်းလေးပဲပေါ်နေတာကို အခုထိမျက်စိထဲက မထွက်သေးဘူး။

Anonymous said...

ကြောက်စရာကြီး
အဲလိုအဖြစ်မျိုးတွေလည်းရှိတတ်တယ်နော်
ကြာဖူးတယ်

Yan said...

ကိုမြစ်ရေ...
ဒီပို့စ်လေးကို သဘောကျလို့ ဖေ့စ်ဘွတ်ခ်မှာရှိတဲ့ Myanmar Blogs Digest Page လေးမှာ ဝေမျှချင်ပါတယ်။
ကျေးဇူး ဘရို.

https://www.facebook.com/mmblogsdigest

ခင်မင်စွာဖြင့်

Yan.

San Htun said...

ကိုရန်အောင် ဖေ့ဘွတ်မှာ ရှယ်ထားလို့  လာဖတ်တာ...ဖတ်ရင်း ကြက်သီးတောင် ထတယ်...လောကကြီးမှာ ကိုယ်မသိသေးနိုင်တယ့် ဆန်းကြယ်မှုတွေ ရှိတာပဲနော် ကိုမျှစ်...

 

Posts Comments

©2006-2010 ·TNB