အသက်လေးဆယ်

19 October 2010



သူတို့ရောက်လာချိန်က ကိုရီးယား ဇာတ်လမ်းတွဲ ပြီးခါစ အချိန်ဖြစ်သည်။ သတင်း လာချိန်မို့ တီဗီကို ပိတ်ရင်း ကုလားထိုင် ပေါ်မှာ ကျွန်တော် ခါးကြောဆန့် နေချိန်တွင် ရောက်လာကြခြင်း ဖြစ်၏။ သူတို့ဆိုတာက ဥက္ကာတို့ မိသားစုပါပဲ။ ဥက္ကာရယ် သူ့ဇနီးနှင်းနှင်း နှင့် ကလေး နှစ်ယောက်ပေါ့။ ကလေးနှစ်ယောက် လက်ထဲမှာတော့ ယုန်ရုပ် မီးပုံး တွန်းလှည်းလေး တွေကိုယ်စီနဲ့။ ဥက္ကာလက်ထဲမှာလည်း အထုပ်တွေ ဆွဲ လို့ ကျွန်တော့် အိမ်ပေါ်ကို တက်လာကြသည်။ လမ်းမ က ဗျောက်အိုးဖောက်သံ မီးရှူး မီးပန်းသံတွေကိုလည်း မရပ်မနား ကြားနေရ၏။ ဒီနေ့က သီတင်းကျွတ် လပြည့်နေ့ ရောက်ပြီ။

“ ကိုကြီးကို ...ကျနော်တို့ လာကန်တော့တာ”

“ လုပ်ပြန်ပြီ ညီရာ... ကန်တော့ဖို့ မလိုပါဘူးဆို.... ဒီလို ပြောနေရတာလည်း ဘယ်နှစ် နှစ်ရှိပြီတုန်း”

ကျွန်တော့်စကား ကြားတော့ ဥက္ကာတို့ ဇနီးမောင်နှံ ပြုံးရယ်ကြ၏။

“ မှတ်ရ လွယ်ပါတယ် ကိုကြီးရ .. အခု အကြီးကောင်က ၆ နှစ်လေ၊ ဒီတော့ ဒီတစ်ခါ လာကန်တော့တာ ၇ ကြိမ်ပေါ့”

“အကြီးကောင် တောင် ၆ နှစ်ရှိပြီကိုးး အချိန်တွေက အကုန်မြန်လိုက်တာကွာ အရာရာက မနေ့တစ်နေ့ကလိုပဲ ဒါနဲ့... အငယ်မလေးရော ဘယ်အရွယ်တုန်း”

“ သမီးလေးက ၃ နှစ်ပြည့်ပြီးပြီ ကိုကြီးရ အိမ်မှာတော့ သူ့အသံကြီးပဲ... အဖိုးအဖွားတွေရဲ့ အသဲစွဲပေါ့ ”

ကျွန်တော့်အမေးကို နှင်းနှင်းမှ ဝင်ဖြေ၏။ ထိုဖြေသံထဲတွင် ပျော်ရွှင်ကြည်နူးခြင်း နှင့် လန်းဆန်းတက်ကြွခြင်း များပါဝင်နေမည်။ ထို့နောက် သူတို့ လင်မယား ကိုယ်တိုင် မီးဖိုခန်းမှ စတီးလင်ဗန်း ယူကာ ဝယ်လာသော မုန့်များ ထည့်၍ မိသားစု ကန်တော့ကြတော့သည်။ သူတို့ကို ကြည့်ရင်း ပီတိစိတ်ကြောင့် ဝေ့တက်လာသော မျက်ရည်တစ်စကို မျက်တောင်ပုတ်ခတ်ကာ ပြန်ထိန်းလိုက်ရ၏။ ယခင်နှစ်များအတိုင်း ဆုတောင်းပေးခြင်းကို ခံယူပြီးနောက် ဥက္ကာတို့ မိသားစု ပြန်သွာကြသည်။

ဥက္ကာတို့ ကန်တော့ခဲ့သော မုန့် ဗန်းကို ကြည့်ရင်း ကျွန်တော့်ရဲ့ စိတ်သည် လွန်ခဲ့သည် ၈ နှစ်က သီတင်းကျွတ် ကာလကို ပြန်ရောက်သွားသည်။



။................................................................................။


ရပ်ကွက်ထိပ်က လ္ဘက်ရည်ဆိုင်တွင် ကျွန်တော်တို့ အဖွဲ့ ထိုင်နေကြသည်။ မကြာခင် ရောက်လာတော့မည့် သီတင်းကျွတ် အတွက် အစီအစဉ် တစ်ခုခု လုပ်ရန် တိုင်ပင်နေခင်း ဖြစ်၏။

“ကိုပိုင်.. ဒီနှစ် ဘာလုပ်မယ် တွေးထားလဲ ”

“ ဒီနှစ်တော့ အရင်နှစ်တွေနဲ့ မတူအောင် ထူးခြားတာလေး လုပ်ချင်တယ်ကွ ”

ကျွန်တော့် စကားကို တစ်ဖွဲ့လုံး စိတ်ဝင်စားဟန်ဖြင့် သောက်လက်စ ရေနွေးခွက်များကို ချကာ အာရုံစိုက် နားထောင်နေကြသည်။ ရပ်ကွက်တွင် သာရေး နာရေးနှင့် ရာသီအလိုက် ပွဲတော်များအတွက် ကျွန်တော်နှင့် သူငယ်ချင်းများမှ လူငယ်တွေကို ဦးဆောင်ပြီး လုပ်လေ့ရှိသဖြင့် ယခုလည်း တိုင်ပင်နေကြခြင်း ဖြစ်သည်။

“ အရင်နှစ်တိုင်းလည်း ရပ်ကွက်ထဲမှာ စည်ကားအောင် လုပ်တာပဲ။ ဒါပေမယ့် ဒီနှစ်တော့ အရင်နှစ်နဲ့ မတူအောင် လုပ်ချင်တယ်။ စည်စည်ကားကားလေး ဖြစ်အောင် လုပ်ပေးပါလို့ အပူကပ် တဲ့ကောင်ရှိလို့လေ”

“ ဘယ်သူလဲ ”

“ ဟိုကောင်လေ...ဥက္ကာပေါ့ ”

ကျွန်တော်စကားကြောင့် ဝိုင်းကြည့်ကြသဖြင့် ဥက္ကာမှ ဟီး ခနဲ ရယ်ကာအားလုံးကို မျက်နာချိုသွေး ပြသည်။ ဥက္ကာက အသက် ၂၀ ကျော်ခန့်သာ ရှိသေးသော ရပ်ကွက်ထဲမှ လူငယ်လေး ဖြစ်၏။ ရပ်ကွက် ကိစ္စများတွင် တက်တက်ကြွကြွ ပါဝင်သဖြင့် ကျွန်တော်တို့မှ ညီငယ်လေး တစ်ယောက်လို ချစ်ခင်ရသူ ဖြစ်သည်။

“ ဒီလိုပါ အကိုတို့ရာ.. ကျွန်တော့်မှာ ကျောင်းပြီးထဲက နှင်းနှင်းကို မတွေ့ရတော့တာ.. သူ့အိမ်က အပြင်ကို လုံးဝ ပေးမထွက်ဘူးဗျာ.. ကျွန်တော်တို့ ချစ်သူဖြစ်နေတာ သိသွားလို့လား မသိဘူး။ အဲဒါကြောင့် သီတင်းကျွတ် ပွဲတော်ကို စည်စည်ကားကားလေးများ လုပ်နိင်ခဲ့ရင် သူ့ညီမ ဝမ်းကွဲတွေနဲ့ဖြစ်ဖြစ် အပြင်ထွက်ရင် ထွက်လာနိင်တယ်လေ။ ဒါကြောင့် ကိုကြီးပိုင် ကို အကူအညီ တောင်းထားရတာ... သူ့ကိုလွမ်းလှပြီ အကိုတို့ရာ”

“ အော်... ရည်ရွယ်ချက် ကြီးပါပေ့ကွာ ”


“ ကိုယ်ချင်းစာ လိုက်ပါ ငဖြိုးရာ ရပ်ကွက်လည်း စည်သွားတာပေါ့ ” ကျွန်တော့်စကားကြောင့်

“ အေးပါ ကိုယ့်ညီလေး အတွက်ရော ရပ်ကွက် အတွက်ရော ဆိုတော့ လုပ်ပေးရမှာပေါ့ ”

ငဖြိုး နှင့် တခြားသူများ၏ သဘောတူညီမှု ရသဖြင့် ဥက္ကာ ပျော်ရွှင်တက်ကြွသွားသည်။ ထို့နောက် စိတ်ကူးထားသည့် အစီအစဉ်ကို ပြောပြလိုက်၏။ ယခင်နှစ်များနှင့် မတူသော အစီအစဉ်မို့ အားလုံး သဘောကျကြသည်။ ထို့နောက် အသေးစိတ် ညှိနှိုင်းမှုများ၊ တာဝန်ခွဲဝေမှုများကို ဆွေးနွေးတိုင်ပင်ကြသည်။ ရာသီအလိုက် ပွဲတော်များအတိုင်း သီတင်းကျွတ်ပွဲတော် အတွက် ရပ်ကွက်ထဲ အလှူခံထွက်ကြသည်။ အလှူငွေများ နှင့် ကျွန်တော်တို့ ထည့်ဝင်ငွေများကို စုပေါင်းလိုက်ချိန်တွင် ရန်ပုံငွေ အင်အား တောင့်တင်းသွားပြီ။ ထို့နောက် ရပ်ကွက်စတိုးဆိုင်မှ ကိုဝကြီးကို ကျွန်တော်တို့ ဖြစ်ချင်သော အစီအစဉ် ကိုပြောပြကာ အကူအညီသွားတောင်းကြသည်။ ကိုဝကြီးက ပုံတူပန်းချီဆွဲ တော်သူဖြစ်သည်။ ယခုလည်း ပန်းချီ ဆွဲဖို့ရန် အကူအညီတောင်းကြခြင်းဖြစ်သည်။

“မင်းတို့ လုပ်ချင်တဲ့ မီးထွန်းပွဲ ပုံစံမျိုးကို ဟိုးအရင်က ရန်ကုန်က လမ်းတချို့မှာ လုပ်ခဲ့ဖူးတယ်ကွ”

ကိုဝကြီး စကားကြောင့် ကျွန်တော် စိတ်ဓါတ်ကျသွားသည်။ စိတ်ကူး အသစ်အဆန်းဟု ကျွန်တော်က ထင်ထားခြင်းကြောင့် ဖြစ်သည်။

“ ဟုတ်လား ကိုဝကြီးရာ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ဒါဆို ကျွန်တော်တို့ လုပ်လို့ ကောင်းပါ့မလား”

“ဘာမှမဖြစ်ဘူးလေ။ လုပ်ပေါ့။ ဒီမြို့မှာက ဘယ်သူမှ မလုပ်ဖူးသေးတော့ ထူးထူးခြားခြား အစီအစဉ် ဖြစ်မှာပါ။”

“ ဒါဆို ပန်းချီတွေကို ကိုဝကြီး ဆွဲပေးဗျာ လိုမယ့် ပစ္စည်းတွေကိုပြောလေ”

“အဓိက လိုတာက ဆီစိမ် စက္ကူရောင်စုံပဲ။ ငါ ရန်ကုန်မှာ ပစ္စည်းသွားဝယ်ရင်း ဝယ်လာခဲ့လိုက်မယ်။ မင်းတို့သာ မီးပုံးတွေ လုပ်ထားကြပေါ့”


“ ဟုတ်ပြီ ကိုဝကြီး.. ဒါဆို မီးပုံးတွေရိုက်ဖို့ ကျွန်တော်တို့ စီစဉ်ထားလိုက်မယ်။”

ဒီနှစ်အတွက်က ယခင်နှစ်များကလို ရပ်ကွက်လမ်းမကြီးတလျှောက် ဝါးတိုင်စိုက်ကာ မီးပုံများ ထွန်းကြခြင်းထက် ပို၍ထူးခြားစွာ စီစဉ်ထားသည်။ ကျွန်တော်တို့ စီစဉ်ထားပုံက အလျား တစ်ပေခွဲ အနံ တစ်ပေ ခန့်ရှိသည့် ခပ်ရှည်ရှည် မီးပုံးများ လုပ်ကြ၏။ ထူးခြားသည်က မီးပုံးရဲ့ မျက်နာစာကို ဆီစိမ် စက္ကူ ကာထားကာ ထို ဆီစိမ် စက္ကူပေါ်တွင်တော့ ကိုဝကြီးမှ တစ်ကွက် ကာတွန်းများကို ဆွဲပေးသည်။

ကာတွန်း(ဦး)ငွေကြည် နှင့် အခြား ကာတွန်း ဆရာများ၏ ရယ်မောရသော တစ်ကွက်ကာတွန်းများကို ပုံတူပြန်ဆွဲသလို ကိုဝကြီးနှင့် ကျွန်တော်တို့၏ စိတ်ကူးသက်သက် ဟာသ လေးများကို ကာတွန်းဖြင့် သရုပ်ဖော်ပုံ ဆွဲထားခြင်းဖြစ်သည်။ မီးပုံး၏ ဘေးနှစ်ဘက်ကို အရောင်မတူသော ဆီစိမ်စက္ကူများဖြင့် ကာထားပြီး အနောက်ဘက်ကိုတော့ ကတ်ထူ စက္ကူဖြင့် ကာရံထားသည်။ အဖြူ အဝါ အစိမ်း အနီ အပြာ စသော ဆီစိမ်စက္ကူ ရောင်စုံများကြောင့် အဝေးမှ ကြည့်လိုက်လျင် မီးပုံးရောင်စုံများ ဖြစ်သွားသလို အနီးကပ် ကြည့်လျင်တော့ ရယ်မောရသော စာသားများနှင့် ကာတွန်းပုံ များကို တွေ့ရမည် ဖြစ်သည်။

ကျွန်တော်တို့မှ မီးပုံး များ အားသွန်ခွန်စိုက် ရိုက်ကြသလို ကိုဝကြီးမှလည်း ကျွန်တော်တို့ ရှာဖွေပေးသော ကာတွန်း စာအုပ်များထဲမှ ရယ်ရသော တစ်ကွက်ကာတွန်းများကို ကြည့်ကာ ညဥ့်နက်သည်အထိ ဆွဲပေးသည်။ မီးထွန်းပွဲနေ့ရောက်မှ ရပ်ကွက်အတွင်းရှိ လူများကို အံ့သြသွားစေချင်စိတ်ကြောင့် ကျွန်တော်တို့ လုပ်ဆောင်နေမှုများကို တတ်နိင်သမျှ သတင်း မထွက်အောင် သိုသိုသိပ်သိပ် လုပ်ကြသည်။ ထိုသို့ဖြင့် သီတင်းကျွတ် ပွဲတော်ရောက်ရန် တဖြည်းဖြည်း နီးကပ်လာ၏။ မငြီးမညူ တက်တက်ကြွကြွ လုပ်သူကတော့ ဥက္ကာဖြစ်သည်။ ပစ္စည်း တစ်ခုခု လိုသည်နှင့် အပြေးအလွှား ရှာဖွေပေးသဖြင့် သူ့ကိုကြည့်ကာ စကြ နောက်ကြရင်း အားလုံး ပျော်ရွှင်တက်ကြွ နေကြသည်။

ကိုဝကြီး ဆွဲပြီးသော ကာတွန်းများကို မီးပုံးများတွင် ကပ်ကြသည်။ လပြည့်နေ့ မတိုင်ခင် နေ့လည်ခင်းတွင် ရည်ရွယ်ထားသော မီးပုံးအလုံး ၁၀၀ အဆင်သင့်ဖြစ် နေလေပြီ။ လပြည့်နေ့ ရောက်တော့ မနက်ထဲက ကျွန်တော်တို့အဖွဲ့ ရပ်ကွက်၏ လမ်းမကြီး တစ်လျှောက် ဘေးနှစ်ဖက်လုံးတွင် ပေ ၂၀ စီ ခြားပြီး ဝါးတိုင်စိုက်ရန် တွင်းတူးကြသည်။

“ ကိုကြီး.. ကျနော့် ကောင်မလေး ထွက်လာလို့ ရပါ့မလား မသိဘူးနော် ”

တွင်းတူးနေရင်း ဥက္ကာမှ စိတ်လှုပ်ရှားစွာ မေးသဖြင့် ကျွန်တော်လည်း တွေဝေ သွားရသည်။ သူ့မျက်နာကို ကြည့်မိတော့ စိုးရိမ်စိတ်ဖြင့် အနည်းငယ် နွမ်းလျနေသည်။

“ ထွက်လာမှာပါကွာ။ သေချာအောင်လို့ ညနေကျရင် ငါ သူ့အမေကြီးကို သွားပြောထားပေးပါ့မယ် ”

“ တကယ်လား ကိုကြီး ... ဘယ်လိုပြောမှာလဲဟင် ”

“ နှင်းနှင်းကို ဒီညမီးထွန်းပွဲ လွှတ်လိုက်ပါလို့ ဥက္ကာ စောင့်နေရှာတယ် လို့ ပြောလိုက်မှာပေါ့ ”

“ ဟာ... ကိုကြီးကလဲ အဲဒီလို ပြောလိုက်မှ လုံးဝကို မတွေ့ရတော့ဘူး ဖြစ်သွားမှာပေါ့ ”

“ အလကား နောက်တာပါကွာ... ဒီညမီးထွန်းပွဲရှိတယ် အန်တီတို့ လာခဲ့ကြပါအုံးလို့ ပြောမှာပေါ့ ”

“ သူ့အမေပါရင်တော့ မလွယ်ဘူး ကိုကြီးရ... အင်းလေ..ဘယ်တတ်နိင်မလဲ နှင်းနှင်း မျက်နာကို မြင်ရရင် ကျေနပ်ရမှာပဲ ”

“ အေး ပေါ့ကွ မတွေ့ရတာထက်တော့ တော်သေးတာပေါ့ ”

“ဟုတ်ကဲ့ ကိုကြီး ”

ညနေပိုင်းရောက်တော့ ကျွန်တော်နှင့် သူငယ်ချင်း တစ်ချို့မှ ယနေ့ည ရပ်ကွက်ထဲတွင် မီးထွန်းပွဲ ရှိကြောင်း အရင်နှစ်များနှင့် မတူကြောင်း လမ်းလျှောက်ထွက်ခဲ့ကြဖို့ လိုက်ပြောကြသလို ကျန်သည့် သူများကလည်း တူးထားသော တွင်းများတွင် ဝါးတိုင် စိုက်ကြသည်။ ထိုဝါးတိုင်များတွင် မီးပုံးများ လိုက်ချိတ်ကြသည်။ ထို့ပြင် ဝါးတိုင်များ၏ ကြားတွင် တွင်းငယ်ကလေးများ တူးကာ ဗန်ဒါ ရွက် ၄ ရွက်ကို တွင်းထဲသို့ တစ်ဝက်ခန့် ကန်တော့ ထိုး ထိုးကာ အလယ်တွင် ဖယောင်းတိုင်များ စိုက်ကြသည်။ ဗန်ဒါရွက်များ ကာရံထားသည့် အတွင်းမှ ထွက်ပေါ်လာသော ဖယောင်းတိုင် မီးရောင်သည် အဝေးမှ ကြည့်လိုက်လျင် ဆီမီးခွက်များ ထွန်းထားသကဲ့သို့ လှပ နေ၏။ အစိမ်းရောင် နှင့် အနီရောင် အရွက်များကို မျှပြီး ထည့်ထားသည့်အတွက် ပို၍ ကြည့်ကောင်းခြင်း ဖြစ်မည်။

နေဝင်သွားပြီးသည့်နောက် အမှောင် ရောက်လာချိန်တွင် မီးပုံးများနှင့် ဗန်ဒါရွက်များ အတွင်းတွင် ဖယောင်းတိုင်များကို မီးညှိလိုက်ကြတော့သည်။ မီးပုံးရောင်စုံ တန်းကြီးကို အဝေးမှ ကြည့်ကာ ကျွန်တော်တို့ ပီတိဖြစ်နေကြတော့သည်။ ည ၇ နာရီခန့်တွင်တော့ လမ်းမတစ်လျှောက် လူ များ တဖြည်းဖြည်း စည်ကားလာပြီ။ ရပ်ကွက်ထဲမှ လူများလည်း မိသားစု လိုက် လမ်းလျှောက်ကာ ကိုဝကြီး၏လက်ရာ ဟာသ ကာတွန်းများကို ဖတ်ပြီး တခွီးခွီး ရယ်မောကြတော့၏။ သူတို့ရယ်မောသည်ကို မြင်သဖြင့် ကျွန်တော်တို့ လည်း ကြည်နူး ပျော်ရွှင်ကြရသည်။

တဆင့်စကား တဆင့်နားဖြင့် လမ်းမတွင် လူများ ပို၍ စည်ကားလာသည်။ ညနေခင်းဖွင့်လေ့ရှိသော မစိုး၏ အကြော်စုံဆိုင်မှာလည်း ခုချိန်ထိ လူစည်ကားနေဆဲ ဖြစ်သလို ရပ်ကွက်ထိပ် လ္ဘက်ရည်ဆိုင်မှလည်း မနက်ခင်းတွင်သာ ကြော်လေ့ရှိသော ပလာတာ၊ စမူဆာ များကို ကြော်ကာ ရောင်းချပေးသည်။ ငဖြိုးနှင့်မင်းသူ တို့နှစ်ယောက်က မီးရှူးမီးပန်း ဆိုင်ကို စပ်တူ ဖွင့်ကြသည်။

ကလေးများလွှတ်ကြသော မီးရှူးမီးပန်းများနှင့် လူငယ်များလွှတ်ကြသော မီးပုံးပျံများမှာ တစ်လုံးပြီးတစ်လုံး ကောင်းကင်ပေါ်သို့ လွှင့်တက်နေတော့သည်။ လမ်းတလျှောက် အိမ်များမှ ထွန်းထားသော မီးရောင်စုံများကြောင့် ရပ်ကွက်လမ်းမ တစ်လျှောက်လုံးလည်း လှပ လင်းထိန်နေတော့သည်။ ရပ်ကွက်ထဲတွင် ညတိုင်း လမ်းလျှောက်ကာ လိုက်ရောင်းလေ့ ရှိသော ပြောင်းဖူးပြုတ်၊ မုန်ဖက်ထုပ်သည် ကြီးကလည်း မီးပုံးတိုင်များကြားတွေ ထိုင်ရောင်းနေသည်။ ကိုဝကြီးမှ သူ၏ စတိုးဆိုင်ရှေ့တွင် စားပွဲခုံ တစ်လုံးချကာ ဖယောင်းတိုင် အထုပ်များကို တင်ထားသည်။ မီးထွန်းပွဲ အတွက် ဖယောင်းတိုင်များ လှူဒါန်းနိင်သည်ဟု ရေးထားသဖြင့် ရပ်ကွက်ထဲမှ လူအချို့ ဖယောင်းတိုင်အထုပ်များ ဝယ်ကာ ကျွန်တော်တို့ အဖွဲ့ကို လှူကြသည်။ လူငယ်များက ကုန်ခါနီး ဖယောင်းတိုင်များကို အသစ်လဲလှယ်ကြသဖြင့် မီးရောင်စုံတန်းကြီးမှာ အလင်းရောင် လျော့ကျသွားရသည် မရှိတော့။

ရယ်မော ပျော်ရွှင်ခြင်းသည် စိတ်နှလုံးသားများကို နူးညံ့စေမှန်း ကျွန်တော်သိသည်။ ထို့ကြောင့် မိခင်နှင့် အတူ လမ်းလျှောက် ထွက်လာသော နှင်းနှင်းတို့ ညီမ ဝမ်းကွဲများ လက်သို့ ဖယောင်းတိုင် အထုပ်များ ထည့်ပေးကာ ကုန်ခါနီး ဖယောင်းတိုင်များကို လဲလှယ် ပေးဖို့ အကူအညီ တောင်းလိုက်သည်။ ထူးခြားသော မီးထွန်းပွဲနှင့် ရယ်မော ပျော်ရွှင်ရခြင်းတို့ကြောင့် သမီးနှင့် ပတ်သက်လျှင် သဘောထား တင်းမာတတ်သော သူ့အမေ ကိုယ်တိုင်ပင် ဖယောင်းတိုင် အထုပ်များ ဝယ်ပြီး ကျွန်တော့်လက်သို့ ပေးအပ်ရင်း သူ့သမီးနှင့် တူမများကို မီးကူထွန်းပေးရန် စိတ်ချစွာ ထားရစ်ခဲ့ကာ အိမ်သို့ ပြန်သွားလေသည်။

ဥက္ကာတစ်ယောက်မှာ ဝမ်းသာလွန်း၍ ကျွန်တော့်လက်ကို ကိုင်ဆွဲကာ အကြိမ်ကြိမ် ကျေးဇူးတင်ကြောင်း ပြောနေတော့၏။ ဥက္ကာတို့ ကဲ့သို့ ရပ်ကွက်ထဲမှ အဆင်ပြေစ ပြုနေသော စုံတွဲလေးများသည်လည်း မီးပုံးများကြားတွင် ဖယောင်းတိုင်များ ထွန်းညှိကြရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်နေကြသည်။ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ ကြည်နူးနေဟန်ကို မြင်တွေ့ရသဖြင့် ကျွန်တော်ပါ ကြည်နူးနေမိတော့သည်။ သီတင်းကျွတ်ပွဲ မရောက်ခင်ကတည်းက အပင်ပန်းခံကာ ကြိုတင်ပြင်ဆင်ခဲ့ရသော်လည်း ယခုလို တစ်ရပ်ကွက်လုံးက စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် ရှိကြတာ မြင်ရတော့ အပင်ပန်းခံရကျိုး နပ်သည်ဟုလည်း ကျွန်တော် တွေးနေမိသည်။

သို့သော် ကျွန်တော့်၏ ကြည်နူး ရမှုသည် နောက်တစ်နေ့တွင် ပျောက်ဆုံး သွားရတော့သည်။ ဥက္ကာရော နှင်းနှင်း ပါ ရှာ မတွေ့တော့။ သူတို့ ခိုးပြေးကြလေပြီ။ ကျွန်တော်လည်း ဒေါသထွက်သလို နှင်းနှင်း အမေလည်း သွေးတက် နေတော့သည်။ နှင်းနှင်းအမေမှာလည်း ကျွန်တော့်ကို အပြစ်မတင်ရဲ တင်ရဲ ဖြစ်နေသဖြင့် သူ့တူမများကိုသာ ဆူပူနေတော့သည်။ နောက် ၁၀ ရက်ခန့် ကြာမှ သူတို့ နှစ်ယောက်လုံးကို ပြန်ရှာတွေ့သည်။ အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့သဖြင့် သူတို့ နှစ်ဦး၏ မိဘတွေက လက်ထပ်ပေးလိုက်ရတော့၏။ ချစ်သူစုံတွဲများ ခိုးပြေးခြင်းကို သဘောမကျတတ်သော ကျွန်တော်ကတော့ ဥက္ကာကို တော်တော် စိတ်ဆိုးနေမိသည်။ နှင်းနှင်းကို သူ့မိဘများထံ ပြန်အပ်သည့် နေ့တွင် ဥက္ကာ ကျွန်တော့်ထံ ရောက်လာသည်။

“ ကျနော်လည်း အစီအစဉ် မရှိပါဘူး ကိုကြီးရာ။ ကျနော်တို့ နှစ်ယောက်တွေ့ကြတော့ နှင်းနှင်းကိုသူ့အမေကြီးက သူ့အဒေါ်တွေဆီ ပို့ဖို့ လုပ်နေတယ်လို့ ပြောတာနဲ့ ကျနော်လည်း စိတ်မချတော့လို့ ခိုးပြေးလိုက်ရတာပါ။ စိတ်မဆိုးပါနဲ့ ကိုကြီး ကျနော် တောင်းပန်ပါတယ်။ အခုလို ကျနော်တို့ ပေါင်းခွင့်ရတာလည်း ကိုကြီး ကျေးဇူးပါ”

ကျွန်တော့်ကို သူတို့ရဲ့ ဖူးစာရေးနတ်ဟု သတ်မှတ်လိုက်ကြကာ နောက်တစ်နှစ် သီတင်းကျွတ်မှ စ၍ နှစ်စဉ် နှစ်တိုင်း သူတို့ မောင်နှံ ကျွန်တော့်ကို လာကန်တော့ကြလေသည်။ ခုတော့လည်း ဥက္ကာတစ်ယောက် အချိန်ကာလ တစ်ခုကို ကျော်လွန်ခဲ့ပြီးသည့်အတွက် ယောက္ခမတွေနှင့် ပြေလည်နေလေပြီ။ သဘောထား တင်းမာပါသည် ဆိုသော အဖွားကြီး ကိုယ်တိုင်ပင် မြေးများကို လက်က မချတော့။ သဲသဲလှုပ် ချစ်နေကြပြီ။


။........................................................................။

ကျွန်တော့် ဘဝတွင် ကြုံခဲ့ရသော သင်ခန်းစာနှင့် အဆင်ပြေပြေဖြစ်နေသော ဥက္ကာတို့ ဘဝကို ကြည့်ကာ ချစ်သူတွေ ခိုးပြေးခြင်းကို သဘောမကျသော ကျွန်တော့် အမြင်တွေလည်း ပြောင်းခဲ့ရပြီပေါ့။ ချစ်သူ နှစ်ယောက်လုံး စိတ်ထား မပြောင်းလဲရင် ဘယ်သူက ဘယ်လို ခွဲ လို့ရပါ့မလဲဟု အရင်ကတော့ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ဖူးသည်။ ဘဝဆိုတာ ထင်သလို မလွယ်ကူမှန်း ကံကြမ္မာက မာယာ များတတ်မှန်း သိလာပြီးတဲ့ အခါမှာတော့ ဘယ်လိုပဲ ပေါင်းပေါင်း မြန်မြန်ပေါင်းရတာ အသေချာဆုံးပဲ အဆင်ပြေခြင်းကို နောက်မှ ဖန်တီးယူမည် ဆိုသော ဥက္ကာ၏ လုပ်ရပ်ကို ကျွန်တော် သဘောကျသွားခဲ့သည်။

အတူတူနေခွင့် ဆိုတာ ဘဝခရီးလမ်းကို အတူတူသွားခြင်း ဟုဆိုရလျင် ဥက္ကာ နှင်းနှင်းကို ခိုးပြေးသည့်အဖြစ်က ဘဝခရီးလမ်းအတွက် ကားပေါ်အရင်တက်ပြီးမှ လက်မှတ်ကို နောက်မှ ဝယ်သလိုမျိုးသာဖြစ်သည်။ အစီအစဉ်က အနည်းငယ် ရှေ့ရောက်နေသော်လည်း ကားပေါ်ရောက်နေတာထက် ဘယ်အရာက ပိုသေချာဦးမည်လဲလေ။ ခုံနေရာ မရရင်တောင် သွားချင်တဲ့ ခရီးလမ်းပေါ်မှာ လိုက်ပါခွင့် ရနေပြီမဟုတ်ပါလား။


ခုတော့လည်း ခင်မင်ရင်းနှီးသော သူငယ်ချင်းများ၊ ညီငယ်များကို သူတို့ဘဝမှာ မစာနာတတ်တဲ့ ခပ်တင်းတင်း ယောက္ခမလောင်းတွေနဲ့ ကြုံနေခဲ့ရင် ကားပေါ်သာ အရင်တက်ကြဖို့ ကျွန်တော် အားပေးအားမြှောက် ပြုနေတတ်ပြီ။ လက်မှတ်ကတော့ နောက်မှ ဝယ်တာပေါ့လေ။ ခဏလောက် မတ်တပ်ရပ် စီးရမှာတော့ မကြောက်နဲ့ပေါ့။ ဒါကလည်း ကျွန်တော်ကိုယ်တိုင် ကားလက်မှတ် အရင်ဝယ်ဖို့ ကြိုးစားရင်း ထွက်ခွာသွားတဲ့ ကားကို ငေးကြည့် ကျန်ခဲ့ရသူမို့လို့ ကိုယ်ချင်းစာတတ်ခြင်းများ ဖြစ်မလား မသိပေ။

ကန်တော့ပြီး ပြန်ခါနီးတွင် ကျွန်တော့် အနား ကပ်ခါ ဥက္ကာ တိုးတိုးလေး ပြောသွားသော စကားကို ကြားယောင်လိုက်မိသည်။ “ သီတင်းကျွတ်ပြီနော် ကိုကြီး ဒီအတိုင်းပဲ နေတော့မှာလား ” တဲ့လေ။ ထိုအချိန်တွင် ဘေးအိမ်မှ ထွက်ပေါ်လာသော သီချင်းသံက ကျွန်တော့် နားစည်ထဲကို ဖြတ်သန်းကာ နှလုံးသား တည့်တည့်သို့ ဝင်ရောက်သွားတော့သည်။


“ အသက်လေးဆယ် ... လူတွေမေးတယ်
ဘယ်တော့များမှ စားရမှာလဲ....။
ဟန်ဆောင်ရပြီ .... လူတွေမသိအောင်
အပြုံးလေးနဲ့ လိမ်ရပြီ...။ ”

......................................................................................................................................။

(မကြာခင် ရောက်လာတော့မည့် သီတင်းကျွတ်မီးထွန်းပွဲ နှင့် ကားမှတ်တိုင်တွင် ရပ်နေသေးသော လူပျိုကြီး များအတွက်....။ )

52 comments:

Anonymous said...

1

မြတ်မွန် said...

ထွက်သွားတဲ့ ကားကို ငေးကြည့်နေရင်း
နောက်ကားပေါ် တက်ဖို့ အသက်အရွယ်လေးကလဲ ရလာတော့ တယ်..သြော်..ဦးမြစ် ဦးမြစ်..

သီတင်းကျွတ်ပြီနော် အကိုကြီး ဒီအတိုင်းပဲ နေသွားတော့မှာလား..ဟဲဟဲးP

အသက်အရွယ်ရလာတဲ့ လူပျိုကြီးတွေရေ မှတ်တိုင်မှာ ရပ်ပြီး စောင့်နေမယ့်တူတူ ဂိတ်အစက သွားတာ စီးပေတော့ ဗျို့။

ဒါနဲ့ ဦးမြစ်က အသက်လေးဆယ်လား :P

မိုးယံ said...

တစ်ချို့တွေတောင် သိသိသာသာကြီးကြေငြာနေကြပါလား
အော် ဒွတ်ခ ဒွတ်ခ အိမ်ထောင်သားမွေးလုပ်တာကိုများ
ချစ်သူနှစ်ဦးပေါင်း တယ်တဲ့။ တို့ကတော့ မာတုဂါမတွေကို ကြောက်လွန်းလို့ (ရရင်လည်းလိုချင်ပါတယ်) ဝေးဝေးကရှောင်တယ်။

ဒါနဲ့စကားမစပ် ဦးမြစ်က ဒီဝါကျွတ်မှာ နောက်တစ် ယောက် ထပ်ယူဦးမှာလား။ ဂြီ

ချစ်လို့စတာ စိတ်နချိုးကြေးနော်

ngwelamin said...

သီတင်းကျွတ်လို့ စွံ့ရင်ပြောပါအုန်း
မျက်စိပြောပါတယ်
စတာ (တကယ်ပြောတာ)

မေပယ်လ် said...

ကားမှတ်တိုင်တွင် ရပ်နေသောတဲ့လား....
ဟဟဟ
ပြောတတ်လိုက်တာ..။
အိမ်တွင်းပုန်းကိုအ၀ှာတွေအတွက်ကော
ဘယ်လိုလုပ်မလဲဗျ..။
ကိုမြစ်တစ်ယောက် မြန်မြန်ကျွတ်စေသော်:)

flowerpoem said...

ကျွန်မတို့လည်း အဲဒီသီချင်း အဆိုခံရနေပြီ :P

သဒ္ဓါလှိုင်း said...

လူတွေကတော့ မေးနေကြပြီ..
သီတင်းကျွတ်ပြီတဲ့....

ခင်မင်စွာ
သဒ္ဓါ

သော်ဇင်စိုး said...

ကိုမြစ်ရေ ဘက်စ်ကားတွေကလည်း အထူးတွေယာဉ်တွေ ချည်းပဲဗျ.. လက်ထဲမှာ ရှိတဲ့ မတ်စေ့လေးနဲ့တော့ ဒီတစ်သက် ဘယ်ဒရိုင်ဘာမှမတင်ချင်တော့ဘူးထင်ပါတယ်ဗျာ.. အီး................... :(

သိင်္ဂါကျော် said...

အသက် ၄၀ လူတွေ မေးတယ်... ဘယ်တော့များမှ စားရမှာလဲ..

sosegado said...

၄၀ မှ ဘဝ စကြတာပေါ့၊ ကားအကောင်းနဲ့

လင်းမြကြည်ဖြူ said...

သီတင်းကျွတ်ပွဲ ကျင်းပတဲ့ ရပ်ဓလေ့ကို ဇာတ်လမ်းလေးနဲ့ ဖော်ပြသွားတာ ဖတ်လို့ သိပ်ကောင်းပါတယ်.. ကိုယ့်ရပ်ရွာဓလေ့ဆိုတာ လူတိုင်းက မေ့နိုင်ကြမယ်မထင်ဘူးနော်။
ပျော်ပျော်ပါးပါးဖတ်လို့ကောင်းတာမို့ သီတင်းကျွတ် ရာသီချိန်ခါနဲ့ လိုက်ဖက်ညီပါတယ်။
လူပျိုကြီးတွေကို အားပေးထားတာမို့ သူတို့တွေအတွက် အားတက်စရာပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

သီတင်းကျွတ်နေပြီ ကိုမြစ်ကျိုးရေ :)

Mg Mg Zaw Htet said...

ဆရာမြစ်လုပ်တာနဲ့ တွေ့တဲ့ကား အတင်းတက်စီးရတော့မလိုဖြစ်နေပြီဗျာ.....မီးထွန်းပွဲ လေးဖတ်ရတော့ အိမ်ကို လွမ်းလိုက်တာဗျာ....

မောင်လေး said...

ကျွတ်ပြန်ပြီလား....။မေ့ချင်ယောင်ဆောင်ထားခါမှ အစ
လာဖော်ပေးပြန်ပြီ...။မှတ်တိုင်မှာရပ်ချင်လွန်းလို့တော့
မဟုတ်ဘူးပေါ့ဗျာ...လာသမျှကားတွေက လူအပြည့်နဲ့ချည်း
ဆိုတော့လည်း....။

ချိုကျ said...

ဟင့်အင်း.....တော်ပြီ ကားမှတ်တိုင်မှာ ဘယ်တော့မှ ရပ်မစောင့်တော့ဘူး :)

ခင်တဲ့(ချိုကျ)

ချော(အစိမ်းရောင်လွင်ပြင်) said...

မိမြစ်
နင့်ကို ငယ်သေးတာ ထင်တာ အခုမှ အသက်၄၀ရှိမှန်းသိရတော့တယ်... မထင်ရဘူးနော်း)
သီတင်းကျွတ်တော့မယ် အသံကြားတာနဲ့ စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်လာပုံရတယ်..
မှတ်တိုင်မှာ ရပ်ကြည့်မနေနဲ့ လှုပ်ရှားတော့။ မင်္ဂလာလက်ဖွဲ့ကို အရောက်ပို့ပေးဖို့ တာဝန်ယူတယ်ဟေ့။
ဘယ်လိုလဲ........

အနော် said...

အသက် ၄၀ မှ ဘဝစတယ်ဆိုလား... ငါ့အကိုက အခုမှ ၁၈ နှစ်တောင် မပြည့်သေးပါဘူးဟုတ်စ.. :P မဲတောင်မပေးရသေးတဲ့ဟာကိုနော်... ဟီးဟီး..
အခုနေ အိမ်မှာသာဆို အဲ့လိုမေးခွန်းတွေက ရှောင်လွတ်မှာမဟုတ်တာ အမှန်.. အမေ့ကိုပြောသလို သူများမင်္ဂလာဆောင်တွေချည်း လက်ဖွဲ့နေရတယ် ရှုံးတယ်လို့.. :)))))

ရွှေရတုမှတ်တမ်း said...

ကိုမျှစ်ရေ..
သီတင်းကျွတ်လဲ စိတ်လျော့...စိတ်လျော့...
ကိုမျှစ်နဲ့ ကိုကြီးကျောက်က တရက်ထဲမွေးကြတာ...ခုနှစ်လေးပဲ မဖြစ်စလောက်ကွာတာ..

march.pisces88 said...

သီတင်းကျွတ်ပြီနော် အကိုကြီး,, hak hak :P

နှင်းဟေမာ said...

ငါ့အစ်ကိုကြီးတောင် မစွံသေးတာ ညီမလေးလဲ အေးဆေးပဲနေလိုက်ပါဦးမယ်နော် ... ( လူကြားကောင်းအောင်ပြောတာ တစ်ကယ်တော့ မစွံလို့းD)
အသက်လေးဆယ် လူတွေမေးတယ်
ဘယ်တော့များမှ စားရမှာလဲ
ဟန်ဆောင်ရပြီ လူတွေ မသိအောင်
အပြုံးလေးနဲ့ လိမ်ရပြီ ...

ပို့စ်လေးကို ဖတ်ပြီး ရွာဘုရားပွဲကိုလွမ်းလိုက်တာ အစ်ကိုရေ ...

ဂျူးလိယက် said...

ဒီနှစ် သီတင်းကျွတ်တော့ ကိုမြစ်ကျိုးအင်း ဘယ်တော့ စားရမှာလဲဟင်။ စားပွဲဆို မမေ့ပါနဲ့နော်.... :)

YoungGun said...

လက်မှတ်စစ် လာပြီနော် ဟွင်းဟွင်း. ဟေ့လူကြီး .. ကားပေါ်သူများတွေ အတင်းတွန်းတင်ပြီး ကိုယ်ကျတော့ အခုမှ လက်မှတ်ဝယ်မလို့ ကြံတုန်းလားဗျ.

Khaing Thazin said...

ဟီးဟီး ဂယ်ဘဲ လူ(ပြို)ကြီးလားဟင်
သူများကိုတော့ ပြိုအောင် လုပ်ပေးတတ်သလို ကိုယ်တိုင်လည်း ပြိုနိုင်အောင် ကြိုးစားဦးနော်.. ဟိ

အုပ်ကြီး said...

သီတင်းကျွတ်မို့  ..
ကိုကြီးကို ကျနော်တို့ လာကန်တော့တာ...
ဥက္ကာတော့ဟုတ်ဘူး ..အုပ်ကြီးဗျ

blackroze said...

ဒီတစ်စီးမမှီတော့လည်း..နောက်တစ်စီးကို
ရအောင်တက်ပေါ့..ဦးမြစ်ရာ..
လေးဆယ်မှာ..ဘဝစတာ..နော်..
အခုမှအစဘဲရှိပါသေးတယ်လေ..
အားမငယ်နဲ့..ကျားရို

lwin said...

How about you?

Anonymous said...

တ၀ါလည်း ကျွတ်ခဲ့ပေါ့ ဆိုတာလေး ဆိုပြီးပြန်သွားတယ် ကိုမျှစ်ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စုလတ် said...

သီတင်းကျွတ်ပြီးရင်တော့လဲ တန်ဆောင်မုန်းပေါ့လေး)

မြသွေးနီ said...

ကိုမြစ်ရေ...
ဒါ..သွယ်ဝိုက်ကြော်ငြာဝင်သွားတဲ့သဘောလား..?
ပိုင်..ဆိုတဲ့အတိုင်း ပိုင်သကွာ..။
ဘာပဲဖြစ်ဖြစ် အမြန်ကျွတ်ပါစေ..လို့...။
လက်ဖွဲ့ဖို့လည်း အဆင်သင့်ပါဘဲ...လို့..။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာမြစ်..
သီတင်းကတော့ ကျွတ်ခါနီးနေပြီနော်။ ဒီတစ်ခါ ဥက္ကာလာကန်တော့ရင် ရှစ်ကြိမ်မြောက်ဖြစ်ရော့မယ်။ ကိုယ်တိုင်လဲ ကားပေါ်အရင်တက်နိုင်အောင်ကြိုစားဦး။ တော်ကြာ ကားမစီးရဘဲ ဖြစ်နေဦးမယ်။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

MDW said...

ဟိုက် )))
ဆရာမြစ်က ၄၀ လား ....
မထင်ရဘူးနော် ...
ကြည့်ရတာ ရင့်နေတော့ ... ၆၀ လောက်ရှိပြီ မှတ်တာ ... ငယ်သေးတာပဲ။
အဲ .. တလွဲမတွေးပါနဲ့အုံး ...
စာရေးတဲ့လက်ကိုကြည့်ရတာ ကလောင်သက် အတော်လေး ရင့်နေသလိုမို့ အသက် ကြီးကြီး အဘိုးကြီးမှတ်နေတာ
၄၀ ဆိုလဲ ၄၀ ပေါ့ ... အားမငယ်ပါနဲ့ အလတ်ကြီးရှိသေးတာပဲ။ ;)

မြစ်ကျိုးအင်း said...

အမ်မယ်... သူတို့ကတော့ စွံတယ်ပေါ့လေ
“အသက်သုံးဆယ့်ကိုး” ဆိုပြီး အပျိုကြီးတွေ အတွက် တပုဒ်လောက် ရေးအုံးမှနဲ့ တူတယ်။

blackcoffee said...

အောင်သွယ်တော်ကြီးဦးမြစ်ရယ်ဒီတစီးမမှီတော့လဲနောက်တစ်စီးပေါ့ဟုတ်ဘူးလား..
သီတင်းကျွတ်တွေကရှိပါသေးတယ်..

မောင်မိုး said...

မှီရာကားနဲ့ပေါ့ ကိုမြစ်ရယ်...မမှီတော့လည်း ကြားကားနဲ့ပေါ့...အဟဲ..။

လသာည said...

ကားမမှီလည်း ဘာဖြစ်လဲ။ ရပ်စောင့်နေလိုက်တာလည်း နောက်ကားတွေ မှီနိုင်သေးတယ်လေ..:))
မောင်မောင်ဇော်လတ်ရဲ့ သီချင်းထဲကလို..

“အားလုံးရဲ့နောက်ဝယ်... ပျော်ပျော်ကြီး ရပ်စောင့်တယ် ♪။ ရည်းစားထားဖို့အတွက်... သက္ကရာဇ်များပြောင်းသွားလဲ... ကျွန်တော်ကတော့ဖြင့် ရပ်စောင့်ဆဲ。。♪”

ဝက်ဝံလေး said...

အံမယ် ငါ့ပါးပါးက ၄၀ ဟုတ်သေးပါဘူး ခုမှ ၁၈ နှစ်ကို ၁၀ နှစ်စွန်းရုံလေးပဲရှိပါသေးတယ်

၄၀ လဲ ဘာဖြစ်လဲ ဘဝ ဆိုတာ ၄၀ မှ စ တယ်တဲ့ခစ်ခစ် .............

ခိုင်နုငယ် said...

ကိုမြစ်ရေ...
ရောက်ခဲ့တယ်။
နက်ဖန် စနေနေ့သီတင်းကျွတ်လရာသီ
ရောက်ပြီမို့။ ပို့စ်လေးဖတ်မိတော့ လွမ်းမိတယ်။
အညာမြေကို.........
အရေးအသားညက်ညောသူမို့
သီတင်းကျွတ်ရာသီရဲ့ ပုံရိပ်လေးတွေကို ပေါ်လွင်စေတယ်။

ဂျစ်တူး ( မုံရွာ ) said...

ငယ်ချစ်ကိုလွမ်းနေတာကိုး ဇတ်ဆရာ က-
အင်းဘာလိုလိုနဲ့  ဇတ်ဆရာတောင်အသက် ၄၀ ရှိနေမှကိုး---

အင်ကြင်းသန့် said...

သီတင်းကျွတ်လပြည့်နေ့ညလေးမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ့်လေးကိုလာဖတ်မိတာ မြန်မာပြည်ကိုလွမ်းလိုက်တာ....။း(

ဟုတ်ပနော်....ကိုမြစ်ကျိုးအင်းကို ငယ်ဦးမယ်ထင်တာ။ ၄၀တောင်ရှိမှကိုးးးးး.....။ ဒီနှစ်လည်းကားက မထွက်ရသေးဘူးလား....ဒါဆိုရင်တော့လမ်းဘေးသာ ချရပ်ပေးလိုက်တော့။ နောက်ကားတွေအတွက် လမ်းပိတ်နေပြီ။း))

ဘရာဗို said...

လွန်ခဲ့တဲ့ ရှစ် နှစ်က သီတင်းကျွတ်က
ပျော်စရာကြီးဗျာ

အနမ်း said...

စားရတော့မှာလား မြစ်ကျိုး ???
သူများတွေကမေးမှာစိုးလို့ ကိုယ်အရင်မေးလိုက်ပြီနော်...

အနမ်း said...

စားရတော့မှာလား မြစ်ကျိုး ???
သူများတွေကမေးမှာစိုးလို့ ကိုယ်အရင်မေးလိုက်ပြီနော်...

အနမ်း said...

စားရတော့မှာလား မြစ်ကျိုး ???
သူများတွေကမေးမှာစိုးလို့ ကိုယ်အရင်မေးလိုက်ပြီနော်...

~ဏီလင်းညို~ said...

အဲ့ဒီလို ကာတွန်းရုပ်လေးတွေနဲ့ မီးထွန်းတာကို တောင်ဥက္ကလာပက ဆရာဆွေမင်း(ဓနုဖြူ) တို့နေတဲ့ ကုန်းဘောင်လမ်းထဲမှာ လုပ်တယ်လို့တော့ကြားဖူးတယ်.....။
(၁၀တန်းတုန်းက အဲ့ဒီလမ်းနားမှာ ကျူရှင်တက်ဖူးတယ်လေ.....)
ကိုယ်တိုင်တော့ တစ်ခါမှ မနွှဲဖြစ်လိုက်ဘူးဗျ...။

ဝတ္တုလေးလည်းဖတ်ကောင်းတယ်.....။
မီးထွန်းပွဲကိုရေးထားတာ သရုပ်ပေါ်တယ်....။
(စကားမစပ်.....ကိုယ်ကတော့ စီးရမဲ့ ကားပျောက်သွားပြီ....။ အစအနတောင်ရှာမရတော့ဘူးဗျ........ခွိ)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

အသက် ၄၀မှ ဘဝ“စ”တာလေ...
မှီသေးတယ်..
နောက်နှစ်...
ဖိတ်စာခြင်း လဲမယ်..း)

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
ခြင် said...

မြှစ် ဇာတ်လမ်းလေးက မိုက်ဂလယ်ကွာ... :P

ဆွေလေးမွန် said...

အသက်လေးဆယ် လူတွေမေးတယ်..
သီတင်းကျွတ်ပြီး သီတင်းကျွတ်ပြီးပြီ..

တော်ကြာ သီတင်းကျွတ်ပြီးပြီ ဘယ်တော့စားရမှာလဲ
လာမေးနေ ဒွတ်ခ..

ပြေးမှ..ပြေးမှ..

tta said...

ဖတ်လို့ ကောင်းတယ် ...... အသက်လေးဆယ် ...အသက်လေးဆယ်း)
သီချင်းလေးပါ နားထောင်လို့ ရအောင် လင့် ပေးခဲ့ ပါတယ်း))
http://www.youtube.com/watch?v=YVsaxzBfzdM

မြစ်ကျိုးအင်း said...

ကျေးဇူးပါ tta
အိမ်မှာ အဲဒီအခွေရှိတယ်
စိတ်ပါတိုင်း ဟဲ ဖြစ်တယ်

lwin said...

http://www.youtube.com/watch?v=YVsaxzBfzdM&feature=related

April said...

အသက်လေးဆယ်..

လူတွေမေးတယ်....

ပွေဦးမှာလားတဲ့....

မပွေတော့ဘူးလို့ဖြေလိုက်နော် ..........ကို့.....


ခိ ခိ ခိ

 

Posts Comments

©2006-2010 ·TNB