အနာဂတ် နိုင်ငံတော်

11 September 2010



အချိန်က ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း ဖြစ်၏။ အရာရာ သစ်လွင်သော နိုင်ငံတော် အဖြစ်သို့ ရောက်ရှိရန် အစိုးရ အသစ်များ ကြိုးစားအားထုတ်နေကြချိန် ဖြစ်သည်။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြသလို ၊ ဆက်သွယ်ရေးနှင့် သတင်းကဏ္ဍများတွင်လည်း အချိန်နှင့်တပြေးညီ ဖြစ်အောင်လည်း ဆောင်ရွက်နေကြသည်။ ရေလှောင်တမံများမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အားများဖြင့် နိုင်ငံအနှံ့ ထိန်ထိန်လင်း နေချိန်လည်း ဖြစ်သည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်အတွက် ဌာနပေါင်းစုံမှ နေ့မအားညမအား ကြိုးစားနေကြချိန် အားလုံးထဲတွင် ထူးထူးခြားခြား နာမည်ထွက်လာသည်မှာ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်သည်။ နိုင်ငံ၏ အရင်းအမြစ်များကို ဖော်ထုတ်ပြီး မသမာမှုများ လာဘ်ပေးလာဘ်ယူမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသဖြင့် သူ့လက်ချက်ကြောင့် ရာထူးမှ ဖယ်ရှားခံရသူများ၊ ရာထူးလျောကျသူများ အများအပြား ပေါ်ထွက်လာသဖြင့် ပြည်သူအများ ကျေနပ်ပီတိ ဖြစ်နေကြရသည်။ သူ့ထံ ချဉ်းကပ်ပြီး လာဘ်ပေးရန် ကြံစည်သော စီးပွားရေး သမားများကို ကိုယ်တိုင် သက်သေ လုပ်ပြီး ပြစ်ဒဏ်ကျခံစေသောကြောင့် မသမာသည့် စီးပွားရေးသမားများ မလှုပ်ဝံ့တော့ပေ။ ရိုးရိုးသားသား လုပ်ကိုင်သူများကတော့ နှစ်ထောင်းအားရ ဖြစ်ကာ နိုင်ငံဆိုတာ ဒါမျိုးဖြစ်ရမှာဟု အချင်းချင်း လက်ဝါးရိုက်ပြီး အားပါးတရ ရေရွတ်ကြသည်။

ဘဏ္ဍာရေး ဝန်ကြီး၏ လက်စောင်းထက်မှုသည် နိုင်ငံတော်သမ္မတကြီး နားသို့တိုင် ပေါက်ကြားသွားသဖြင့် မကြာမှီ ခေါ်ယူတွေ့ဆုံခြင်း ခံရလေသည်။ သမ္မတကြီးမှ လက်ဝါးနှစ်ဖက် ပွတ်ကာ


“ သိပ်ကောင်းတယ် ဝန်ကြီး... မသမာမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေကို ဖိဖိစီးစီး ကိုင်တွယ်နေတယ် ကြားလို့ ကျုပ်တကယ်ကို အားရမိတယ်။ ”

ဝန်ကြီးဖြစ်သူမှ မတ်တပ်ထရပ်ပြီး ဦးညွှတ်ကာ

“ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျာ.. နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် သွားပါ့မယ်လို့ ကတိပြုပါတယ်ခင်ဗျာ”

ဟုပြန်ပြောလိုက်သဖြင့် သမ္မတကြီး၏ မျက်နာထက်တွင် အပြုံးပွင့်များ ဝေဆာနေလေတော့သည်။ ဝန်ကြီးမှ

“ သမ္မတကြီးခင်ဗျာ... ကျွန်တော့်ကို ဆက်လက် တင်ပြခွင့်ပြုပါ။ စုံစမ်းရသလောက် နိုင်ငံတော်မှာ အကြီးဆုံး ယိုပေါက်တွေ ရှိနေပါသေးတယ်။ ငွေကြေး ခဝါချမှုတွေလည်း အမြစ်မပြတ်သေးသလို အဓိက ယိုပေါက် အဖြစ် နိုင်ငံပိုင် ကျောက်မျက်ရတနာတွေ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံ့ အပြင်ဘက်ကို ထွက်နေပါသေးတယ်.. ဒါကတော့ ပြည့်ပြည့်စုံစုံ ရေးထားတဲ့ အစီရင်ခံလွှာပါခင်ဗျာ”

အဆင်သင့် ယူဆောင်လာသော အစီရင်ခံလွှာကို သမ္မတကြီး လက်သို့ ပေးအပ်လိုက်၏။ သမ္မတကြီးမှ

“ကျုပ်သေသေချာချာ ဖတ်ပါ့မယ် ဒီယိုပေါက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဆက်လက်တာဝန်ယူပါ ”

“ သမ္မတကြီး ခင်ဗျာ...ဆက်လက်တင်ပြခွင့်ပြုပါ။ ဒီကိစ္စမှာ နိုင်ငံရဲ့ ထိပ်တန်း အရာရှိတွေလည်း ပါဝင် ပတ်သက်နေတယ်လို့ သတင်းရထားတဲ့ အတွက် ကိုင်တွယ်ရ ခက်ခဲပါတယ်။ ဒီတော့ အထူးခွင့်ပြုချက် တစ်ခုကို ပေးစေချင်ပါတယ်”

“ ကျုပ် ဘာကူညီရမလဲ ဝန်ကြီး... ပြောပါ ”
“ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ သမ္မတကြီး ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အထူးခွင့်ပြုမိန့် လိုချင်ပါတယ်”

“ အပြန်အလှန် အစစ်အဆေး မရှိဖို့ ဆိုပါတော့ ”

“ မှန်ပါတယ် ခင်ဗျာ လိုအပ်ရင် နိုင်ငံပြင်ပထိ ထွက်ရမှာ မို့လို့ပါ။ အချိန်မရွေး လျှို့ဝှက်ပြီး ထွက်ရမှာ ဖြစ်တာကြောင့် အစစ်အဆေး မရှိတဲ့ အထူးခွင့်ပြုမိန့် လိုချင်ပါတယ် ”


သမ္မတကြီးမှ ခေါင်းတညိတ်ညိတ်ဖြင့် သဘောကျဟန် ပြုံးကာ

“ ကောင်းပြီ ဝန်ကြီး ကျုပ် ဒီအစီရင်ခံစာကို သေသေချာချာ ဖတ်ပြီးရင် ခွင့်ပြုမိန့် ပေးပါ့မယ်။ ”

ထို့နောက်တွင်တော့ ဝန်ကြီး တင်ပြထားသော အစီရင်ခံစာကို ဖတ်ကာ သဘောကျ နှစ်သက်သဖြင့် ၂ ရက်အကြာတွင် ခွင့်ပြုမိန့် ပို့ပေးလိုက်သည်။ ထိုအချိန်မှ စ၍ အထူးအာဏာဖြင့် ယခင်ကထက် ပို၍ တင်းကျပ်စွာ ကိုင်တွယ်လေတော့သည်။ ဝမ်းမြောက်ဝမ်းသာ ရှိကြသော ပြည်သူများ၏ မေတ္တာပို့သံ အခြားတစ်ဖက်တွင်တော့ မလိုမုန်းထားသူများလည်း ပို၍ များပြားလာလေသည်။

တိတ်တဆိတ် နိုင်ငံရပ်ခြားသို့ ထွက်ပြီးတိုင်း ဝန်ကြီး လက်ချက်ဖြင့် ရာထူးလျောကျ ခံရသော အရာရှိများ ပို၍ များပြားလာသည်။ သို့ဖြင့် အောက်ခြေဝန်ထမ်းများပင် လာဘ်မစားရဲတော့ပေ။ ထို့နောက် တတိယ အခေါက် အဖြစ် နိုင်ငံရပ်ခြားသို့ ရုပ်ဖျက်ကာ တစ်ဦးတည်း တိတ်တဆိတ် ထွက်ခွာသွားလေသည်။ ဒီတကြိမ် သွားသည်ကတော့ ငွေကြေးခဝါချမှုများအတွက် အထူးနာမည်ကြီးနေသော စင်္ကာပူ နိင်ငံသို့ ဖြစ်သည်။

လက်ဆွဲအိတ် တစ်လုံးဆွဲကာ စင်္ကာပူ ရောက်ပြီးနောက် အလတ်တန်းစား ဟိုတယ်တစ်ခုတွင် မထင်မရှား တည်းခိုသည်။ ထို့နောက်စုံစမ်းမှုများကို ၂ ရက်ဆက်တိုက် လုပ်ဆောင်သည်။ တွေ့ရှိချက်များကို စနစ်တကျ ပြုစုပြီးနောက် စာရွက်ပေါ်ရှိ စာရင်းထဲမှ နာမည်တစ်ခု၏ ဘေးတွင် ကြယ်ပွင့်အမှတ်အသားကြီးကြီး ခြစ်ပြီး နှစ်နှစ်ကာကာ ပြုံးလိုက်၏။ သူ ကြယ်ပွင့်ခြစ်လိုက်သည့် နာမည်က National Trade Bank ဖြစ်၏။

နောက်တစ်နေ့တွင် လက်ဆွဲအိတ်ဆွဲကာ ဘဏ်သို့ထွက်လာခဲ့သည်။ ဘဏ်သို့ရောက်လျင် မန်နေဂျာ ဖြစ်သူနှင့် တွေ့ဆုံပြီးနောက် ထိုဘဏ်၏ အကြီးဆုံး အုပ်ချုပ်သူထံ လိုက်ပို့ခိုင်းသည်။ နောက် ၁၅ မိနစ်ခန့်တွင် အုပ်ချုပ်သူ၏ ရုံးခန်းထဲတွင် ဝန်ကြီး ၊ ဘဏ်အုပ်ချုပ်သူ အကြီးအကဲနှင့် မန်နေဂျာ ၃ ယောက် တွေ့ဆုံနေလေသည်။ ဘဏ်အကြီးအကဲမှ

“ကျနော် ဘာကူညီရမလဲ လူကြီးမင်း ခင်ဗျာ”

ဝန်ကြီးဖြစ်သူမှ လက်ဆွဲ သေတ္တာကို ဖွင့်ကာ စာရွက်တစ်ချို့ကို ဆွဲထုတ်ပြီး ရှေ့သို့တွန်းပို့လိုက်သည်။

“ ကျုပ်က (.....) နိုင်ငံရဲ့ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရတဲ့ ဘဏ္ဍာရေးဝန်ကြီးပါ ဒါက နိုင်ငံတော်သမ္မတရဲ့ အထူးခွင့်ပြုမိန့်ပါ ”

ဘဏ်အကြီးအကဲမှ စာရွက်စာတမ်းများကို ကြည့်သည်ဆိုရုံမျှ ဝတ်ကျေတန်းကျေ တစ်ချက်ကြည့်ပြီးနောက်

“ ဒီတော့ ကျနော်တို့ ဘယ်လို အကူအညီ ပေးဖို့ လိုအပ်မလဲခင်ဗျာ”

“ဟုတ်ပြီ... ကျုပ် ခပ်ရှင်းရှင်းပဲ ပြောမယ်။ ကျုပ်ရဲ့ တာဝန်အရ ခင်များတို့ ဘဏ်မှာ ငွေအပ်ထားတဲ့ ကျုပ်တို့ နိင်ငံသားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ၊ စာရင်ဇယားတွေ လိုချင်တယ်”

ဘဏ်အကြီးအကဲ ဖြစ်သူမှ ခေါင်းယမ်းပြီးနောက်
“ဝမ်းနည်းပါတယ် လူကြီးမင်း ... ဒါဟာ ကျနော်တို့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ် ဒီအကူအညီကို မပေးနိင်တာ ဝမ်းနည်းပါတယ်”

ဝန်ကြီးမှ စိတ်အားထက်သန်ဟန်ဖြင့် ကိုယ်ကို ရှေ့သို့ ခပ်ငိုက်ငိုက် တိုးကာ စားပွဲကို လက်ဖြင့် တချက် ခပ်ဖွဖွ ပုတ်ပြီး..

“ ဒီလို အဖြေမျိုးကို ကျုပ်မျှော်လင့်ထားပြီးသားပါ။ ဒီမှာ... ကျုပ်တို့ အပေးအယူ တစ်ခု လုပ်ရအောင်ဗျာ ထိုက်သင့်တဲ့ ငွေကြေးတစ်ရပ်နဲ့ ကျုပ်ခင်ဗျားကို ဂုဏ်ပြုမယ် ခင်ဗျားက ကျုပ်လိုချင်တဲ့စာရင်း ထုတ်ပေးပေါ့ ကဲ..ဘယ်လိုလဲ ”

“ လာဘ်ထိုးနေတဲ့ အဓိပ္ပါယ်များလား လူကြီးမင်း ခင်ဗျာ”

“ ဟုတ်တယ်လို့ပဲ ခပ်လွယ်လွယ် ဆိုကြပါစို့ ”

ဘဏ်အကြီးအကဲ ဖြစ်သူမှ စားပွဲကို လက်ထောက်ကာ ရှေ့တိုးလာပြီး ဝန်ကြီး မျက်နာကို စေ့စေ့ကြည့်ကာ

“ ကျနော် လက်မခံနိင်ပါဘူး လူကြီးမင်း ... ကျနော် မသမာမှုတွေ မလုပ်ခဲ့ဖူးပါဘူး ”

“ ကျုပ်နိုင်ငံအတွက် လုပ်ဆောင်နေတာ ဖြစ်လို့ အတတ်နိင်ဆုံး ကူညီစေချင်ပါတယ် ”

“ လူကြီးမင်းအနေနဲ့ ကျနော့်ကို ချော့ပြောလို့လည်း မရနိင်သလို ခြောက်ပြောလို့လည်း ရမှာမဟုတ်ပါဘူး ကျနော်တို့ ဘဏ်ရဲ့ အဓိက ဆောင်ပုဒ်က “စိတ်ချမှန်ကန်” ပါ။ ကျနော် မကူညီနိင်ပါဘူး ဒါ နောက်ဆုံး စကားပါပဲ”

ဝန်ကြီးဖြစ်သူမှ စာရွက်စာတမ်းများကို လက်ဆွဲသေတ္တာထဲ ပြန်ထည့်ရင်း

“ ဟုတ်ပြီလေ ဒါဆို ကျုပ်လုပ်စရာ တစ်နည်းပဲ ရှိတော့တာပေါ့ ”

ဟု ပြောရင်း လက်ဆွဲသေတ္တာထဲမှ ပစ္စတိုလ်သေနတ်ကို ထုတ်ယူကာ ဘဏ်အကြီးအကဲ ကို ချိန်လိုက်၏။

ပြောင်းလဲသွားသော အခြေအနေကြောင့် ဘဏ်မန်နေဂျာရော ဘဏ်အကြီးအကဲပါ တုန်လှုပ်သွားသည်။

“ ကျုပ်ရဲ့ တာဝန်ကျေပွန်ဖို့ အတွက် လူသတ်ရဖို့လည်း ဝန်မလေးဘူး.. မန်နေဂျာ ငြိမ်ငြိမ်လေး ရပ်နေပါ ... ကဲ ကျုပ်လိုချင်တဲ့ စာရင်းကို အခုဆို ထုတ်ပေးလို့ ရပြီလား ”

မန်နေဂျာ၏ လက်များ တစ်ဆတ်ဆတ် တုန်နေသည်ကို တချက်ကြည့်ပြီးနောက် အကြီးအကဲ ဖြစ်သူမှ သက်ပြင်းတစ်ချက် ချကာ

“ ဝမ်းနည်းပါတယ် လူကြီးမင်း ကျနော် မလုပ်နိင်ပါဘူး ကျနော့်အနေနဲ့လည်း ဘဏ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့ လဲဖို့ ဝန်မလေးပါဘူး။ ဒီတော့ လူကြီးမင်း လိုချင်တဲ့စာရင်း ကျနော် မထုတ်ပေးနိင်ပါဘူး ပစ်ချင်ပစ်လိုက်ပါ ”

“ ခင်ဗျားကို ကျုပ်က ခြောက်နေတယ်များ ထင်နေတာလား ကျုပ်တကယ်ပစ်မှာနော် ”

မောင်းကို ဆွဲတင်ရင်း ဘဏ်အကြီးအက၏ နားထင်သို့ တေ့ကာ ပြောလိုက်သည်။ အကြီးအကဲ ဖြစ်သူမှ ခန္ဓာကိုယ်ကို ခပ်လျော့လျော့ ရပ်ရင်း စိတ်ကို လျှော့ချဟန်ဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ကတော့ သူ၏ရပ်တည်ချက်ကို မပြောင်းလဲဘူး ဆိုသည့် သဘောကို ထင်ထင်ရှားရှား ပြနေလေ၏။ မန်နေဂျာကတော့ မျက်စိမျက်နာပျက်ကာ တိုက်တွန်းချင်ဟန်ဖြင့် ဘဏ်အကြီးအကဲ မျက်နာသို့သာ ကြည့်နေတော့သည်။

“ ဟုတ်ပြီလေ... ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ဆိုတော့ အဆုံးသတ်က ဒီလိုဖြစ်လာရတာ ဝမ်းနည်းစရာပဲ။ ဒီတော့ ခင်ဗျား စဉ်းစားချိန်ရအောင်လို့ ကျုပ် တစ်ကနေ သုံး အထိ ရေပေး မယ်။ သုံး ရောက်လို့မှ စာရင်းထုတ်ပေးမယ် မပြောရင် ကျုပ်တကယ် ပစ်ပြီ ”

“ တစ် ”

ဘဏ်အကြီးအကဲ ဖြစ်သူမှာသက်ပြင်း တစ်ချက် ချလိုက်သည်။ နှုတ်ခမ်းတို့ကတော့ တင်းတင်းစေ့ထားဆဲ။

“လူကြီးမင်း..”


ဘဏ်မန်နေဂျာ၏ အသံတုန်တုန်ယင်ယင်ထွက်လာသည်။

“ ခင်ဗျား ဝင်မပြောနဲ့ တိတ်တိတ်နေ ”

ဝန်ကြီးဖြစ်သူ၏ ကြိမ်းမောင်းသံကြောင့် မန်နေဂျာထံမှ အသံထပ် မထွက်လာတော့ပေ။

“ နှစ် ”

တည်ငြိမ်သော ရေရွတ်သံ ထွက်လာသည်။ ဘဏ်အကြီးအကဲ ကတော့ မျက်လုံး မှိတ်ထားဆဲ။ အေးစက်နေသော အခန်းထဲတွင် မန်နေဂျာ ဖြစ်သူမျက်နာတွင် ချွေးစေးများ ယိုစိမ့်ကာ ထွက်လာပြီး မျက်လုံးကို စုံမှိတ်လိုက်တော့သည်။ ဝန်ကြီးဖြစ်သူမှ ပစ္စတိုလ်ကို နားထင်သို့ ပို၍ ဖိထောက်ရင်း

“ နောက်ဆုံး အခွင့်အရေးပဲနော် .. စာရင်းထုတ်ပေးမှာလား ”

မည်သို့မျှ မတုန့်ပြန်ဘဲ မျက်လုံးမှိတ်ကာ နှုတ်ခမ်းတို့ တင်းတင်းစေ့ထားဆဲ။ အဆုံးသတ် အချိန်ကတော့ ရောက်လေပြီ။

“ သုံး ”

ဘဏ်အကြီးအကဲ ဖြစ်သူ မသိမသာ တချက် တုန်သွားသည်။ မန်နေဂျာကတော့ ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ၂ ဦးစလုံး ထံမှ မည်သည့်အသံမှ ထွက်မလာ။ မကြာမှီ ထွက်ပေါ်လာမည့် သေနတ်သံကို စောင့်ဆိုင်းနေရလေပြီ။ စက္ကန့်တို့၏ သွားနှုန်းသည်ပင် တစ်ကမ္ဘာခန့် ကြာသည်ထင်နေရသည်။

အချိန်အတန်ကြာသည်အထိ သေနတ်သံ မထွက်လာသဖြင့် ဘဏ်အကြီးအကဲ ဖြစ်သူ မျက်လုံးဖွင့်ကြည့်သည်။ သူ့ကို ပြုံးရွှင်စွာ ကြည့်နေသော ဝန်ကြီးကို တွေ့လိုက်ရသည်။ သေနတ်ကိုတော့ စားပွဲပေါ်တွင် တင်ထား၏။ ပြုံးနေသည့် ဝန်ကြီး၏ စိတ်အတွေးထဲထိ ဝင်ကြည့်နိင်ခဲ့လျင် “ သူ၏ မိတ်ဆွေဖြစ်သော ပြည်ထဲရေးဝန်ကြီး၏ ဤဘဏ်အပေါ် စိတ်ချလုံခြုံသည်ဟု ချီးမွှန်းသည့် စကားများသည်  လိုနေသေးကြောင်း သူပြောသည်ထက် နှုတ်လုံကြောင်း” တွေးနေသည်ကို သိရလိမ့်မည်။

ထို့နောက် ဘဏ်အကြီးအကဲ၏ လက်ကို အားပါးတရဆွဲကာ နှုတ်ဆက်လေသည်။ ပြောင်းလဲသွားသော အခြေအနေကို နားမလည်ဟန်ဖြင့် ဘဏ်အကြီးအကဲ ဖြစ်သူ ကြောင်ငေးနေသည်။

“ အားရလိုက်တာဗျာ.. တကယ်ကို အားရလိုက်တာ.. သိပ်ကောင်းတာပဲ။ ကျုပ်တော့ နေရာရွေး မှန်သွားပြီ ကျုပ်လိုချင်တာလည်း ကိုယ်ရေးအချက်အလက်တွေကို အသက်နဲ့လဲပြီး လျှို့ဝှက်ပေးနိင်မယ့် ဘဏ်မျိုးပါ။ ဒီလိုဘဏ်မျိုးပေါ့ဗျာ.. ဒီလိုဘဏ်မျိုးပေါ့။ သိပ်ကောင်းတာပဲ။”

ဝန်ကြီးထံမှ လှိုက်လှဲသော စကားသံကို ကြားရသော်လည်း ယခုလေးတင် အန္တရာယ်ဆိုးမှ လွတ်မြောက်လာသည့် ဘဏ်အကြီးအကဲ ဖြစ်သူထံမှ မည်သည့်အသံမျှ ထွက်မလာနိင်သေးပေ။ ဝန်ကြီးဖြစ်သူက ခုံပေါ်တွင် ပြန်ထိုင်ချလိုက်ပြီးနောက် သေနတ်ကို လက်ဆွဲသေတ္တာထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် လက်ဆွဲသေတ္တာဘေးက ခလုတ်တခုကို နှိပ်လိုက်ပြီး အပေါ်ယံ စာရွက်စာတမ်းများနှင့် ပစ္စတို ထည့်ထားသော အကန့် ကို လှန်လိုက်၏။ ထိုအကန့်အောက်တွင်တော့ အံဝှက်တစ်ခု ရှိနေသည်။

“ ကဲ အလုပ် အကြောင်းလေး ပြောကြရအောင် ”

ထို့နောက် ဖွင့်ထားသော အံဝှက်ကို ဘဏ်အကြီးအကဲ ဘက်သို့ လှည့်ပြလိုက်သည်။ လက်ဆွဲသေတ္တာထဲတွင်တော့ အမေရိကန်ဒေါ်လာများ အထပ်လိုက် အစီအရီ သပ်သပ်ရပ်ရပ် ရှိနေ၏။

“ ဒါက ဒေါ်လာ၂ သန်းတိတိပါ။ ကျုပ် ဒီဘဏ်မှာ စာရင်း ဖွင့်ချင်ပါတယ်။ နောက်ထပ်လည်း ရေရှည် ဆက်ဆံ သွားဖို့ ရည်ရွယ်ထားပါတယ်။ ”

အတွေ့အကြုံများသော ဘဏ်အကြီးအကဲ ဖြစ်သူမှ ပြောင်းလဲသွားသော အခြေအနေကို လိုက်လျော ညီထွေ ဖြစ်ဟန်ဖြင့်

“ ကျနော်တို့ National Trade Bank မှ လူကြီးမင်းကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ။ ”

ဝပ်နေရာမှ ထလာသော မန်နေဂျာ ဖြစ်သူမှာ အခြေအနေကို နားမလည်သေးဟန်ဖြင့် ဒေါ်လာအုပ် များကို တစ်လှည့် ဝန်ကြီး ဖြစ်သူမျက်နာကို တစ်လှည့် အငေးသား ကြည့်နေလေတော့သည်။ ဝန်ကြီးကတော့ ပီတိများဖြင့် ရွှင်လန်းနေလေပြီ။ သူ့အတွက် ဝင်လာမစဲ တသဲသဲ ဖြစ်နေသော လာဘ်ငွေများအတွက် အမှန်တကယ်စိတ်ချလုံခြုံရသော နေရာရပြီ မဟုတ်ပါလား။

။..............................................................။
Jeffrey Archer ၏ ဝတ္ထုတို တစ်ပုဒ်မှ ဇာတ်ကျောရိုးကို ယူရေးပါသည်။ အနီရောင် ပြထားသော စာသားများကိုတော့ လက်လှမ်းမှီရာ မြန်မာသတင်းစာမှ ကူးယူပါသည်။

မည်သည့်နိင်ငံဟု ထည့်မရေးထားသဖြင့် စာဖတ်သူများ နှစ်သက်ရာနိင်ငံ ကို အစားထိုးပြီး ဖတ်စေချင်ပါကြောင်း.....။


49 comments:

Mg Mg Zaw Htet said...

အင်း...ကောင်းပါ့ဗျာ။ အနီရောင် စာလုံးတွေက ငြိနေပြီနော်။
အစဉ်အားပေးလျက်

ကွာစေ့လေး said...

ကွန်မန့် အရင်ပေးလိုက်ဦးမယ်.. နေရာယူဖို့
ဖတ်ပြီးတော့မှ ထပ်မန့်လိုက်မယ် ..း)

မြသွေးနီ said...

ကိုမြစ်ရေ...
ဇာတ်က အစအဆုံး ဆွဲခေါ်သွားတယ်။
ဒီလို လာဘ်ထိုးလို့လက်မခံတာမျိုးက ရှာမှရှားနော်..။
ဒါမျိုးတွေ တကယ်ရှိနေလို့လား..? တကယ်ရော 2012မှာ ရှိလာနိုင်ပါ့မလားဟင်...ဟင်..?? ။
မထင်...မထင်...မထင်ရေးချ မထင်...။
စာလုံးအနီတွေကလည်း...တကတည်း..။
လစ်ပြီ..။ :)

ညီမလေး said...

အင်း....သိပ်မကြာတော့ပါဘူး ... (ဘာဖြစ်မလဲဆိုတာတော့ ကိုယ့်ဟာကိုယ်စဉ်းစားးP )

SHWE ZIN U said...

အင်း အနာဂတ် နိုင်ငံတော် ကတော့ မိုက်တယ်ဗျာ ...

အဲလိုဖြစ်မှာ ဘဲ သေချာပါတယ် အဲဒါ အကောင်းဆုံး မှန်းထားတာ ဒါတောင် မထင် မထင်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကောင်းတယ်ကိုမြစ် သဘောကျတယ်
အနီရောင်စာတွေက ဘာဖြစ်လဲ
သူတို့သတင်းစာမှာကို ရေးထားတဲ့ဟာပဲ
ဖန်တီးပြီးရေးတာမှမဟုတ်တာကို

ကြည်ဖြူပိုင် said...

လာရောက်ဖတ်ရှုသွားပါသည်။ စာမရေးတာနည်းနည်းကြာသွားပြီနော်စာရေးဆရာ
ပြန်ရေးဦးဆက်တိုက်။း)

အနော် said...

နားမလည်သလိုလို ခံစားမိလို့ ခန ခန ပြန်ဖတ်မိသည်.. နားလည်သွားသလိုလို..
အနီရောင်စာသားတွေရဲ့ လွှမ်းမိုးမှုနဲ့ ဒီပို့စ်ကို
ပြန်ပြန်ဖတ်ရင်း ပိုက်ဆံ ၂ သန်းမှာတင် နားလည်မှုတွေ ရပ်ရပ်သွားတယ်... ဒါမှမဟုတ် ပိုရှင်းသွားသလိုလိုပဲ .... :P
(မူရင်းဝတ္ထုကို ဖတ်ရရင် ပိုနားလည်သွားမလား ဒါမှမဟုတ် :) )

jr said...

မိုက်သကွာ။
သူငယ်ချင်း လက်စောင်းထက်သဗျှ။
း)

sosegado said...

ဘဏ်ကိုမသွားရဘူး ဟိုနေရာကိုသွားရမှာ အကုန်ရတယ် အပေးအယူပေါ့၊ အကုန်လုံးကို အဲဒီကကိုင်ထားတာ၊

မောင်လေး said...

အော်.............အဲလိုကြီးလား............။

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီ ပြောသလိုပဲဗျ.....
သူလဲဒီလိုနဲ့ ၂ သန်း ရလာတာပဲမို့လား

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီ ပြောသလိုပဲဗျ.....
သူလဲဒီလိုနဲ့ ၂ သန်း ရလာတာပဲမို့လား

ဝက်ဝံလေး said...

ဟိ စီဘောကျလယ်ကွယ် ဟက် ဟက် များနော် ချွေတုံးတဲ့အင်တာဖြူနဲ့လာတာ စီဘောပေါက် ဒါဗြဲ

မာဖီးယား ရေးမယ် ခုထိ ရေးတုံး စကားလုံးတွေ သွက်အောင် မျက်စိထဲမြင်အောင် ဇာတ်အိမ် ချိတ်ဆက်မိအောင် အဓိပါယ် ရှိအောင် လုပ်နေလို့ ကြာမယ်ကွယ် မျှော်.............. ပေါ့

မိုးယံ said...

ဦးမြစ်တို့ အိုင်ဒီယာ လန်ထွက်နေတယ်။ ကမ္ဘာပျက်ရင် ပျက် မပျက်ရင် ဦးမြစ်ပြောသလိုမျိုး 2012 မှာ......


အနီရောင်တွေ သေချာဖတ်တယ်။ နီးစပ်တဲ့ နိုင်ငံတစ်ခုကို အစားထိုးဖတ်သွားပါတယ်ဗျာ

blackroze said...

ပါးပါးလေးနဲ့ထိအောင်ပစ်ချလိုက်ဘဲနော်..ဦးမြစ်

YoungGun said...

အနာဂတ်နိုင်ငံတော်တော့ မလုပ်နဲ့ဗျာ စိတ်ကူးယဉ်နိုင်ငံတော်တော့ ထားလိုက်နော်.. ဈေးဆစ်ကြည့်တာပါ ဟဲဟဲ.

Zay Tar Yar said...

အင်း နီးစပ်တဲ့ နိုင်ငံဆိုလို့ ဟိုနိုင်ငံဘဲ ရှိမှာပေါ့ အနီရောင် စာတွေက ဟိုနိုင်ငံ ထုတ်သတင်းစာမှာ အမြဲတမ်းစာလုံး မဲကြီးတွေနဲ့ ပါနေတဲ့ စာလုံးတွေနဲ့ ချွတ်စွတ်တူတာကို ဗျ

ကိုအောင်(ပျူနိုင်ငံ) said...

အနာဂတ်မှာ နိုင်ငံတော် ရှိပါ့အုံးမလား။

ဂျစ်တူး ( မုံရွာ ) said...

ဇတ်ဆရာတို့ ကတော့ဗျာ
ဘက်စုံပါဘဲ-
အင်း- - -
ဘယ်နိုင်လို့ ယူဆရရင်ကောင်းမလဲ ?????????????
တခါတည်းရေးပေးလိုက်ပြီးရော -

မေဓာဝီ said...

သြော် ဒီလိုကိုး ..........
အဆုံးသတ် လှည့်ကွက်ကလေးက မိုက်တယ် ဆရာမြစ်။
ဂျက်ဖရီရဲ့ ဘယ်ဝတ္ထုများပါလိမ့်။ နာမည်လေးသိရရင် ရှာဖတ်ချင်လို့ပါ။

သူ့ဝတ္ထုကို လက်ရှိအခြေအနေနဲ့လျော်ညီအောင် အနီစာလုံးလေးတွေနဲ့ တန်ဆာဆင်ပြီး ရေးနိုင်တဲ့ ဆရာမြစ်ကို ချီးကျူးပါတယ်။
တချို့နေရာလေးတွေမှာတော့ ဘာသာပြန် နည်းနည်း ဆန်နေသလားပဲ။
ဥပမာ - "သူ၏ မိတ်ဆွေ ၀န်ကြီးဖြစ်သူရဲ့ ဤဘဏ်အပေါ် ..." အဲဒီဝါကျကို သဘောပေါက်အောင် ၂ ခေါက်လောက် ဖတ်လိုက်ရတယ်။ အဲဒီဝါကျက မြန်မာဟန် သိပ်မဆန်သလိုပဲ။ တိုက်ရိုက်ဘာသာပြန်ထားသလို ဖြစ်နေတယ်။
အားလုံးခြုံပြောရရင်တော့ အတွေးဆန်းကလေးမို့ ကောင်းပါတယ်။ (အဲလိုလဲ နည်းနည်းတော့ ပြန်ဖားရတာပေါ့လေ :P)

ဒါက ဂျက်ဖရီရဲ့ ဘလော့ခ်လင့်။ ဖတ်ချင် ဖတ်ကြည့်ရအောင်လို့ ... ။
http://www.jeffreyarchers.blogspot.com/

မြစ်ကျိုးအင်း said...

မမေဓါဝီရေ... ကျနော်က ဇာတ်ကျောရိုး လောက်ပဲ ယူရေးလေ့ ရှိပါတယ်။ ဆိုလိုတာက အတိအကျ တကြောင်းချင်းစီ ပြန်ပြီးရေးတာမျိုး မဟုတ်ပါဘူး။ ဒီဇာတ်လမ်း မှာလည်း နောက်ဆုံးလှည့်ကွက်လေးကို သဘောကျလို့ ရေးဖြစ်ပါတယ်။ အထဲမှာ ပါတဲ့ စကားပြောခန်းတွေက ကျနော် ဖန်တီး ထားတာ သက်သက်ပါ။ နောက်ဆုံးခန်း တစ် နှစ် သုံး ရေတွက်တာလည်း ကိုယ့်ဘာသာ လေးနက်အောင် ထပ်ဖြည့်တာမျိုးပါ၊ မူရင်းကို ဖတ်မိရင်လည်း တူတာဆိုလို့ ဇာတ်လမ်းရဲ့ ကျောရိုးပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီဇာတ်အိမ်လေးက ဖတ်ဖူးတဲ့ သူငယ်ချင်း စကားစပ်မိလို့ ပြောပြတာကို သဘောကျပြီး ရေးဖြစ်သွားသလို ကိုယ်ပိုင်အတွေးမဟုတ်ဘဲ မှီး ရေးတာဖြစ်လို့ မူရင်းစာရေးသူ နာမည်ကို ထည့်ထား ပေးတာပါ။

Anonymous said...

ဖတ်သွားပါတယ်
ခင်မင်စွာဖြင့်
ယွန်း

thawzin said...

တင်ထားတဲ့ပုံရဲ့ အဓိပ္ပါယ်ကတော့ တော်တော်လေးကို ကွာဟလိုက်တာဗျနော်။ ပို့စ်ကတော့ တကယ် သမာဓိ သမာသမတ်ကျပြီး အားကျရလောက်တဲ့ စရိုက်တွေနဲ့ပါ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံအနေနဲ့ဆိုရင် အဲဒီအဆင့်က ပြောပြစရာမရှိလောက်ပါဘူး။ ဒါပေမယ့် ကိုယ်ရွှေမြန်မာတွေက ဗုဒ္ဓအဆုံးအမတွေ ဘေးချ။ မဟုတ်ဟုတ်ကတွေ လုပ်နေကြတော့ တိုးတက်မလာဘူးဗျို့။ တယောက်နဲ့တယောက် ဘယ်လို ခွါယူရမလဲ အကြည့်တွေနဲ့ ပြည့်နှက်နေကြတယ်ဗျာ။ မြတ်စွာဘုရားရဲ့ “အရဟံ”ဂုဏ်တော်လေး တစ်ခုတည်းနဲကို နိုင်ငံကြီးတည်ဆောက်နိုင်ပါတယ်။ “စိတ်ကွယ်ရာအရပ်၌ မကောင်းမှုကိုပြုတော်မမှု၊ကြံစည်တော်မမှုသော”ဆိုတာလေ။ ပြုကျင့်ဖို့ ခဲယဉ်းနိုင်သော အကျင့်တစ်ခုပါ။ ကျင့်ဖူးသူတိုင်းလဲ အတိုင်းမသိစိတ်ချမ်းသာရတဲ့ အကျိုးကိုခံစားရတယ်ဗျ။ နိုင်ငံမကပါဘူး၊ တစ်ကမ္ဘာလုံး၊ စကြ၀ဋ္ဌာတစ်ခုလုံး၊ အနန္တစကြာဝဋ္ဌာအားလုံးကိုတောင် တည်ငြိမ်အောင် ဖန်တီးတည်ဆောက်နိုင်တဲ့ ဗုဒ္ဓအဆုံးအမကို ခ၀ါချနေသရွေ့ တိုးတက်သာယာစည်ပင်ချမ်းသာသော နိုင်ငံကြီးအဖြစ်တော့ မမြင်နိုင်သေးပါဘူး အစ်ကိုရေ။ ပို့စ်လေးအတွက် ဗုဒ္ဓရဲ့ ဂုဏ်တော်လေး ပွားမိသွားတဲ့အတွက် အကိုမြစ်ကျိုးအင်းကို ကျေးဇူးတင်မိပါကြောင်း။ အဆင်ပြေသာယာချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း။ ခင်မင်လျှက်-
ညီလေး သော်ဇင်

thawzin said...

တင်ထားတဲ့ပုံရဲ့ အဓိပ္ပါယ်ကတော့ တော်တော်လေးကို ကွာဟလိုက်တာဗျနော်။ ပို့စ်ကတော့ တကယ် သမာဓိ သမာသမတ်ကျပြီး အားကျရလောက်တဲ့ စရိုက်တွေနဲ့ပါ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံအနေနဲ့ဆိုရင် အဲဒီအဆင့်က ပြောပြစရာမရှိလောက်ပါဘူး။ ဒါပေမယ့် ကိုယ်ရွှေမြန်မာတွေက ဗုဒ္ဓအဆုံးအမတွေ ဘေးချ။ မဟုတ်ဟုတ်ကတွေ လုပ်နေကြတော့ တိုးတက်မလာဘူးဗျို့။ တယောက်နဲ့တယောက် ဘယ်လို ခွါယူရမလဲ အကြည့်တွေနဲ့ ပြည့်နှက်နေကြတယ်ဗျာ။ မြတ်စွာဘုရားရဲ့ “အရဟံ”ဂုဏ်တော်လေး တစ်ခုတည်းနဲကို နိုင်ငံကြီးတည်ဆောက်နိုင်ပါတယ်။ “စိတ်ကွယ်ရာအရပ်၌ မကောင်းမှုကိုပြုတော်မမှု၊ကြံစည်တော်မမှုသော”ဆိုတာလေ။ ပြုကျင့်ဖို့ ခဲယဉ်းနိုင်သော အကျင့်တစ်ခုပါ။ ကျင့်ဖူးသူတိုင်းလဲ အတိုင်းမသိစိတ်ချမ်းသာရတဲ့ အကျိုးကိုခံစားရတယ်ဗျ။ နိုင်ငံမကပါဘူး၊ တစ်ကမ္ဘာလုံး၊ စကြ၀ဋ္ဌာတစ်ခုလုံး၊ အနန္တစကြာဝဋ္ဌာအားလုံးကိုတောင် တည်ငြိမ်အောင် ဖန်တီးတည်ဆောက်နိုင်တဲ့ ဗုဒ္ဓအဆုံးအမကို ခ၀ါချနေသရွေ့ တိုးတက်သာယာစည်ပင်ချမ်းသာသော နိုင်ငံကြီးအဖြစ်တော့ မမြင်နိုင်သေးပါဘူး အစ်ကိုရေ။ ပို့စ်လေးအတွက် ဗုဒ္ဓရဲ့ ဂုဏ်တော်လေး ပွားမိသွားတဲ့အတွက် အကိုမြစ်ကျိုးအင်းကို ကျေးဇူးတင်မိပါကြောင်း။ အဆင်ပြေသာယာချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း။ ခင်မင်လျှက်-
ညီလေး သော်ဇင်

may16 said...

ဟီး ဖတ်တော့ဖတ်သွားတယ် ကိုမြစ် နည်း၂ စဉ်းစားစရာတွေ ရသွားပါတယ် :)

နှင်းမိုးမိုး said...

ကိုမြစ်ရေ...
လာဖတ်သွားပြီ...
နားလည်သလို ဖတ်သွားတယ်...
ရေးချက်ကတော့ စံပါပဲကွယ်....
လေးစားစွာဖြင့်
နှင်းမိုးမိုး

နှင်းဟေမာ said...

အစ်ကိုရေ...
အနာဂတ်နိုင်ငံတော်ကို ဖတ်ရင်း တော်တော်လေးစိတ်ကူးယဉ်ပစ်လိုက်တယ် ..း)
အိုက်ဒီယာ ကောင်းလေးနဲ့ သည်းထိတ်ရင်ဖိုဖြစ်အောင် ရေးဖွဲ့ထားတာဖြစ်လို့
ဖတ်လို့ လည်း ပြောစရာမရှိအောင်ကို အရမ်းကောင်းပါတယ်...

အမြဲအားပေးလျှက်ပါ
နှင်း

နွေဆူးလင်္ကာ said...

အင်း .... ဂလိုကိုး .....

ကိုဇော် said...

မလစ်ရင် မလုပ်ပါဘူးကွာ။
အဲ...
မပိုင်ရင်လည်း မလုပ်ဘူး။

ညလင်းအိမ် said...

အိုးဟိုး .. .. ရေးချက်ကတော့ဗျာ ..

ဆွေလေးမွန် said...

မျှော်လင့်တယ် တစ်ကယ့် အနာဂတ်နိုင်ငံတော်..

သဒ္ဓါလှိုင်း said...

ဖြစ်ချင်တဲ့ အနာဂတ်နိုင်ငံတော်ကြီး
ဘယ်တော့များမှ ဖြစ်လာမှာပါလိမ့်..။
ဘယ်နေရမှာဖြစ်ဖြစ်ခုလိုအခြေအနေတွေ
ကတော့ရှိနေအုံးမယ်ထင်တယ်နော်..။

ခင်တဲ့
သဒ္ဓါ

kiki said...

ဒီလိုပဲ ဖြစ်လာမယ် .. ဒါမှ မဟုတ် ဒီ့ထက် ဆိုး တာ တွေ ပဲ ဖြစ်လာမယ် ထင်တာပဲ နော် ...လူရိုး ဆိုတာ သင်းချိုင်းမှာ တောင် မရှိတော့တဲ့ ခေတ်ကြီး ပေကိုး .. ဒေါ်လာ ၂ သန်း က နဲသေးတယ် နော။
အိုင်ဒီယာလေးရော ၊ အရေးအသားလေးပါ သဘောကျသကွယ် ...

minthu said...

thar kyi lout hla kyi lar

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေတ်မှီ ဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ...................
ဘယ်နိုင်ငံအတွက်မဆို ဒီလို ၀န်ကြီးမျိုးတွေ ရှိမလာပါစေနဲ့ ဆုတောင်းရမှာဘဲ.. မဟုတ်လို့ကတော့ ဖွတ်ထွက်တာထက် မွဲမှာ သေချာတယ်. ဒီလိုဝန်ကြီးမျိုး များများသာ ရှိလို့ကတော့ ဘယ်နိုင်ငံမှ မခံနိုင်ဘူး.. အကုန်ပြောင်မှာ သေချာတယ်.. အဂတိလိုက်စားမှု၊ လာဘ်စားမှုများ ကင်းရှင်းပပျောက်သော နိုင်ငံတော်သစ်ကြီး ဖြစ်လာပါစေ။

An Asian Tour Operator said...

Blogger ကိုအောင်(ပျူနိုင်ငံ) said...

"အနာဂတ်မှာ နိုင်ငံတော် ရှိပါ့အုံးမလား။"

မော...သွားတယ်။

အင်ကြင်းသန့် said...

တကယ်ကို တော်ပါပေတယ် ကိုမြစ်ကျိုးအင်းရေ....(အဲဒီလို ခဏခဏသာပြောနေရတာ ဘာမုန့်မှလည်း မစားရပါဘူး။း)

နောက်တာနော်....တကယ် idea တွေ ကောင်းလို့ပါ....

မြတ်မွန် said...

အိမ်မက်ထဲက အနာဂါတ်နိုင်ငံတော်ထင်ပါတယ်လေ။
အိမ်မက်ထဲမှာဆို အကုန်ဖြစ်ချင်တာ ဖြစ်လို့ရတယ်လေ။

အင်္ဂလိပ်ကား ကြည့်နေရသလိုပါပဲနော်။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာမြစ်တို့လဲ အဲဒီဘဏ်ထဲ ဒေါ်လာတွေ ဘယ်လောက် အပ်ထားပြီးပြီလဲဗျ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

~ဏီလင်းညို~ said...

ဝတ္တုလေးက အဆုံးသတ်လေးမှာ လှည့်ကွက်လေးနဲ့........။
သဘောကျတယ်........။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ngwelamin said...

စာဖတ်၇င်းနဲ့ တစ်ကယ်ပစ်တော့မယ် ထင်နေတာ ပြီးခါနီးမှ အော်ဒီလိုကိုး လို့သိတယ် အင်း ဖတ်လို့ကောင်းတယ် ကြိုက်တယ်

ငွေလမင်းဘလော့ကို လာလည်တာကျေးဇူးနော်
မအားလို့ လာမလည်ဖြစ်ဘူး
အား၇င် ငွေလမင်းဘလော့ကို လာလည်ဦး လိုတာရှိလဲ ပြောပေးပါ

ခိုင်နုငယ် said...

ရောက်တာတော့ နှစ်ခေါက်ရှိပြီ။
ကိုမြစ်ကျိုးအင်းရေ..ဖတ်လိုက် ပြန်ထွက်လိုက်နဲ့
နောက်းဆုံးလှည့်ကွက်လေးကို သဘောကျမိတယ်။
နောက်ဆုံးတော့လည်း ကိုယ့်အိပ်ကပ်ဖောင်းရေးသာ
ပါပဲ။

ပန်းနုနှင်းဆီ said...

အပေါ်မှာတော့ ၀န်ကြီးက တော်လိုက်တာ ချီးကျူးဖို့ကောင်းလိုက်တာဆိုပြီး လေးစားနေတာ။ ဒီလို ၀န်ကြီးမျိုး ငါတို့နိုင်ငံအတွက် လိုချင်လိုက်တာလို့ စိတ်ကူးနေမိတာ။
အောက်ရောက်တော့မှ ဒီပုတ်ထဲက ဒီပဲမှန်း သိတော့တယ်။
မလိုချင်ဘူး ဒီလိုဝန်ကြီးမျိုးတွေ။ ကိုယ်ကျိုးရှာသမားတွေ ရှိနေသရွေ့ တိုင်းပြည်မွဲမှာ သေချာတယ်.

blackcoffee said...

အနာဂါတ် နိုင်ငံအကြောင်းကို စဉ်းစားမိရင် တကယ်ရင်လေးတယ် ကိုမြစ်ကြီးရေ...........

ပုံမှန် (ဆင်တဲကဖေး) said...

ကို မြစ်ကြီးတို့ကတော့ လုပ်ချလိုက်ပြန်ဘီ။ ဘာမှတ်ချက်မှတော့ မပေးရဲဘူးနော်.....ဟီးး

Khaing Thazin said...

လှည့်ကွက်ကလေးကတော့ မိုက်တယ်..
ဒီလိုဝန်ကြီးတွေ များလာရင် မလွယ်

purplemay said...

အနီရောင်ပြထားသော စာသားများကို သဘောကျဧ။်......:P

Anonymous said...

တင်ပြပုံလေး တအားသဘောကျတယ်..

ဒေါ်လာနှစ်သန်းမတိုင်ခင်အထိ ၀န်ကြီးကို သဘောကျနေတယ်။ အဲလိုဝန်ကြီးမျိုး ရရင် သိပ်ကောင်းမှာလို့.. တွေးနေတာ :D။

ltn

ps: လာရောက်ပြီး အားပေးစကားပြောသွားတာ တအား ကျေးဇူးတင်ပါတယ်

 

Posts Comments

©2006-2010 ·TNB