အမေ့စိန်နားကပ်

31 August 2010




ခြံရှေ့အရောက်တွင် လက်ဆွဲအိတ်ကို အောက်ချကာ ခပ်ကျဲကျဲယက်ထားသည့် ဝါးကပ်ကို ဖယ်လိုက်သည်။ အနည်းငယ် ရွဲ့စောင်းနေပြီး ခြံတံခါးအဖြစ် အသုံးပြုသည့် ထိုဝါးကပ်သည် ကျွန်တော် အိမ်မှ ထွက်သွားပြီးနောက်ပိုင်းမှ လုပ်ထားခြင်းဖြစ်မည်။ ကျွန်တော် ရှိစဉ်က ခြံတံခါးသည် သစ်သားတံခါး ဖြစ်ကြောင်း မှတ်မိသေး၏။ ငါး နှစ်တာ အချိန်ကာလသည် ကျွန်တော် ခန္ဓာကိုယ်ကို အနည်းငယ် ပြောင်းလဲ သွားစေသည်မှလွဲ၍ ကျွန်တော့် မှတ်ဥာဏ်များကို ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။ ကျွန်တော်တို့ နယ်မြို့လေးသည်လည်း ယခင်အတိုင်း ရှိနေသေးသည်။ ဖုန်ထူဆဲ တိတ်ဆိတ်ဆဲ ။

ခြံအတွင်းသို့ ပထမဆုံး ခြေတစ်လှမ်း ချမိချိန်တွင် ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဖြစ်သွားရသည်။ ကျွန်တော် ပြန်လာပြီအမေ။ အမေမျှော်နေတဲ့ သားမိုက် ပြန်လာပြီလေ။ ကြိုဆိုသူ မဲ့နေသည့် အမေ့ခြံဝန်းလေးသည် တိတ်ဆိတ်ခြောက်ကပ်နေ၏။ ကာလအတန်ကြာ လှဲကျင်းထားခြင်း မရှိသဖြင့် သစ်ရွက်ခြောက်တို့က နေရာအနှံ့ပျံ့ကျဲနေလေသည်။ အိမ်ခေါင်းရင်းရှိ သရက်ပင်သည်ပင် ဖုန်အလိမ်းလိမ်းတက်လျှက် အထီးတည်းခြောက်ကပ်မှုကို ဖော်ပြနေ၏။

ဤခြံဝန်းလေးသည် ကျွန်တော်တို့ မိသားစုပိုင်ခြံလေးဖြစ်သည်။ အဖေနှင့် အမေတို့ ဤခြံလေးထဲမှာ ဘဝသစ် စခဲ့ကြ၏။ ထို့နောက် ကျွန်တော့်ကို မွေးဖွားခဲ့၏။ ခြံလေးထဲမှာပင် အဖေ ကွယ်လွန် ခေါင်းချခဲ့သလို ကျွန်တော့်ကို ချစ်သော အမေသည်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် လောကကြီးမှ ထွက်ခွာ သွားခဲ့သည်။ အဖေ ဆုံးစဉ်က အနားတွင် ကျွန်တော် ရှိခဲ့သော်လည်း အမေ့၏ နောက်ဆုံး အချိန်တွင်တော့ ကျွန်တော် အဝေးကြီးကို ရောက်နေခဲ့သည်။

“ မင်း ပြန်လာပြီလား ”


ခြံဝန်းအနှံ့ ကြည့်နေစဉ်မှာပင် အိမ်ခေါင်းရင်းဘက်မှ ထွက်လာသည့် အသံကြောင့် လှမ်းကြည့်လိုက်၏။ ကျွန်တော်တို့ ခြံနှင့် ခေါင်းရင်းခြံ ကူးလူးသည့် တံခါးပေါက်ကို တွန်းဖွင့်ရင်း ဦးလေးထွန်းမြင့် လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

“ ဦးလေး နေကောင်းတယ်နော် ”
“ ကောင်းတယ် ... မင်းအခုမှ ပြန်လာတာလား ”
“ ဟုတ်ပါတယ် ဦးလေး ကျွန်တော် အခုမှ ပြန်လာတာပါ ”


ဦးလေးဆိုလိုချင်သည့် စကားလုံးအတိုင်း ကျွန်တော် ပြန်ဖြေပေးလိုက်သည်။ သူလည်း ကျွန်တော်နှင့် ပါတ်သတ်လျှင် အကြိတ်အခဲ ရှိနေနိင်သည်ဟု ထင်မိသည်။ ရပ်ဆွေရပ်မျိုးဖြစ်သော ဦးလေးထွန်းမြင့် မိသားစုနှင့် ကျွန်တော်တို့ မိသားစုသည် ခြေရင်း ခေါင်းရင်းခြံကပ်လျှက်ဖြစ်၍ နှစ်အိမ့်တစ်အိမ်လို နေခဲ့ကြသည်။ ဦးလေးထွန်းမြင့် လက်ပေါ်တွင် ကျွန်တော် ကြီးပြင်းခဲ့သည်ဟု ဆိုရမည်။

“ မင်းရောက်လာတာ သိပ်နောက်ကျတယ်ကွာ အင်း... တနှစ်ကျော်ကျော်လောက်ကို နောက်ကျသွားတယ် မင်းအမေရဲ့ နောက်ဆုံးအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒက မင်းကို တွေ့ချင်စိတ်ပဲ။ မင်းကို စောင့်မျှော်ရင်းနဲ့ မင်းအမေ ငါတို့ အားလုံးအရှေ့မှာပဲ ဆုံးရရှာတာ”

“ အမေ့အကြောင်းတွေ ကျွန်တော့်ကို စုံစုံစေ့စေ့ ပြောပြပေးပါဦးလေး။ ဒါပေမယ့်  အခုတော့ ကျွန်တော် ခရီးပန်းလာလို့ ခဏနားပါရစေ။”

“အေးလေ ငါလည်း ခရီးရောက်မဆိုက် ဒီအကြောင်းတွေ မပြောချင်ပါဘူး အရင် နားလိုက်ပါအုံး။”

“ ဟုတ်ကဲ့ ဦးလေး ညနေမှ ကျွန်တော် ခေါင်းရင်းဘက် ကူးလာခဲ့မယ်။ ”

“အေး..အေး ရော့ ဒီမှာ မင်းတို့ အိမ်သော့။ အိမ်ကိုတော့ မကြာခဏ ဝင်ရှင်းပေးဖြစ်တယ် ”

“ အစစအရာရာ အတွက် ကျေးဇူးပါ ဦးလေး ”
အိမ်သော့ဖွင့်နေစဉ်မှာပင် ဦးလေးထွန်းမြင့် ပြန်ထွက်ခွာသွားသည်။ အိမ်တံခါးကို ဆွဲဖွင့်ပြီးနောက် မဝင်သေးဘဲ အိမ်ဝမှနေ၍ ကြည့်လိုက်မိသည်။ ထမင်းစား စားပွဲဝိုင်းလေးကို နံရံတွင် မှီထောင်ထားသည်။ စာရေးစားပွဲအပုလေးကလည်း သူ့နေရာအတိုင်း တည်ရှိနေ၏။ ပက်လက်ကုလားထိုင်လေးကတော့ ဖုံအလိမ်းလိမ်းတက်လျှက်ရှိ၏။ ကျွန်တော် အမြင်ချင်ဆုံး သူတို့ကာမရှိကြ။ အိမ်းတွင်းပိုင်းမှ မြင်ကွင်တိုင်းသည် အထီးကျန်ခြင်းပြယုဂ်ကို ကိုယ်စီကိုယ်စီဖော်ပြနေ၏။  ဒီအိမ်ထဲတွင် ကျွန်တော် လူလားမြောက်ခဲ့ရသည်။ ပြေးလွှား ဆော့ကစားခဲ့သည်။ အဖေ့လက်မောင်းကို ခိုစီးပြီး အမေ့ရင်ခွင်တွင် မှေးစက်ခဲ့သည်။ အဖေ ဆုံပါးသွားပြီးနောက် သားအမိ နှစ်ယောက်ထဲ ဒီအိမ်ထဲတွင် ဘဝခရီးဆက်ခဲ့ရသည်။ ခုတော့ ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့လေပြီ။ 

တကယ်ဆိုလျှင် ဒီအချိန်သည် အမေကျွန်တော့်ကို ဝမ်းသာအားရ ဖက်ထားမည့် အချိန်ဖြစ်သည်။ ကျွန်တော် ပြန်လာချိန်ကို ဝမ်းသာစိတ်ဖြင့် အမေ မျက်ရည်နေကျရမည့် အချိန်ဖြစ်မည်။ ကြမ်းပြင်တွင် ဖုန်မှုန့်များ ရေးရေးထနေသော အိမ်အတွင်းပိုင်းကို ကြည့်ရင်း ကျွန်တော့်ရင်သည် ဆို့နစ်လာခဲ့သည်။ ဒီအိမ်တစ်လုံးနှင့် ကျွန်တော် တစ်ယောက်သာ လောကကြီးထဲ ကျန်ခဲ့လေပြီ။ “မေမေ” ကျွန်တော် တိုးတိုးလေး ရေရွတ်လိုက်သည်။ ပြန်ထူးမည့်သူကား မရှိတော့ပေ။ 

အိမ်ထောင့်မှ ဖုန်တက်နေသည့် ဖျာလိပ်လေးကို ရိုက်ခါပြီး ဘုရားစင်ရှေ့တွင် ခင်း၍ နွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို လှဲချလိုက်သည်။ နယ်မြို့ကလေး၏ နေ့အပူချိန်သည် အနည်းငယ် မြင့်တက်နေသော်လည်း ခြံဝန်းထဲရှိ အပင်ရိပ်တို့ကြောင့် ပူလောင်လွန်းသည်ဟု မထင်ရပေ။ ခရီးပန်းလာသည့် အရှိန်ကြောင့် ခဏအတွင်း မျက်လုံးများ မှေးစင်းလာ၏။ ဖြည်းဖြည်း မှန်မှန်တိုက်ခတ်နေသော လေနုအေး၏ ပွေ့ဖက်မှုကြားတွင် ကျွန်တော် ငယ်စဉ်က အိပ်ချိန်တိုင်း အနားတွင် မေမေထိုင်၍ ယပ်ခတ်ပေးနေသည့် ပုံသဏ္ဍာန်ကို ပြန်မြင်ယောင်းရင်း အိပ်ပျော်သွားတော့သည်။

ကျွန်တော်ပြန်နိုးလာချိန်တွင် ညနေသို့ပင် ရောက်နေလေပြီ။ ရေချိုးရန် အိမ်ပေါ်မှ ဆင်းလိုက်လျှင် အိမ်ရှေ့ကွက်လပ်တွင် ဦးလေးထွန်းမြင့် ခုံနှစ်လုံးချကာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။

“ နိုးပြီလား ”
“ ဟုတ်ကဲ့ ဦးလေး ခဏလေးနော် ကျွန်တော်ရေချိုးလိုက်အုံးမယ် ”
“အေး ချိုး...ချိုး ”

ရေချိုး အဝတ်အစား လဲပြီးနောက် ဦးလေးထွန်းမြင့် ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ ရေနွေးကြမ်း သောက်ကွာ .. ဟိုနိင်ငံမှာ ဘီယာပဲ သောက်ခဲ့လို့ မင်း ရေနွေးကြမ်း သောက်တတ်သေးရဲ့လား”

ကျွန်တော် လျော့ရဲရဲ ပြုံးပြကာ ရေနွေးကြမ်း တစ်ခွက်ထည့်ရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အသိချင်ဆုံး မေးခွန်းဖြင့် စကားဝိုင်းကို စတင်လိုက်သည်။

“ အမေ ဘာရောဂါနဲ့ ဆုံးတာလဲ ဦးလေး ”
“ အင်း... စိတ်ထောင်း ကိုယ်ကြေ ပြီး လူကြီးရောဂါလို့ပဲ လွယ်လွယ်ပြောရမယ် ”


စိတ်ထောင်းကိုယ်ကြေ ။ ထိုစကားလုံးသည် မြှား အစင်းစင်း ဖြစ်ကာ ကျွန်တော့်ရင်ကို လာမှန်၏။ ထိုစကားစုသည် ကျွန်တော့်ထံမှ မြစ်ဖျားခံခြင်း ဖြစ်မှာ သေချာလှသည်။ ဆက်ကြားရန် မဝံ့ရဲသော်လည်း ကျွန်တော့်မိုက်ပြစ်များအတွက် အမေ၏ နောက်ဆုံးအချိန်မှ အဖြစ်အပျက်ကို ကျွန်တော် ကြိုးစား နားထောင်ရအုံးမည်။

“ မင်း အမေ မင်းကို သိပ်တွေ့သွားချင်ရှာတာကွာ။ သူ့ရဲ့ နောက်ဆုံးရက်တွေမှာ အိပ်ရင်တောင် အိမ်ပေါက်ဝဘက်ကို ဘေးတစောင်း အိပ်တဲ့ အထိပါပဲ။ မင်းသာ အဲဒီ အချိန် ပြန်ရောက်လာရင် မင်းအမေ အများကြီး သက်သာသွားနိင်မှာပဲ။ မင်းဆီကလည်း ဘာသတင်းမှ မရဘူး။ ဘယ်လိုဆက်သွယ်ရမှန်းလဲမသိနဲ့ ။ ဒီကြားထဲ သူ့ခမျာ သားစိတ်နဲ့ မမာရှာရတဲ့အထဲ အစာအဟာရလည်း ချို့တဲ့ရှာတယ်။ ငါတို့တစ်တွေလည်း တတ်နိင်သလောက် ပေးကမ်းတာပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း မစားနိင်ရှာ တော့ပါဘူး ”

စကားအရှည်ကြီးပြောပြီး မောသွားဟန်ဖြင့် ဦးလေးထွန်းမြင့် ရေနွေးမှုတ်သောက် နေလေသည်။ ဆိုးပြစ်မိုက်ပြစ်တို့ဖြင့် ကျွန်တော်ကတော့ လည်ချောင်းဝတွင် အဆို့ခံထားရသလို အသက်ရှုရန်ပင် ခက်ခဲနေသည်။ မိခင်ဖြစ်သူမှာ သေမင်းနှင့်စစ်ခင်းနေချိန် ကျွန်တော်ကတော့ မူးယစ်ဆေးဖြတ်ရန် ရောက်နေသည့်နိင်ငံ၏ ဆေးရုံတစ်ခုပေါ်ကို ရောက်ရှိနေခဲ့ကြောင်း မည်သူကိုမှ ပြောပြဖို့ သတ္တိမရှိတော့ပေ။ အမေ ကျွန်တော့်ကို မျှော်နေနိင်သည် ဆိုသည်ကိုပင် အသိတရား မရှိခဲ့သလို အဆက်အသွယ် မလုပ်ဖြစ်သည့် နေ့ရက်များတွင် အမေသိပ်ဝမ်းနည်းနေခဲ့မှန်းပင် မတွေးတတ်နိင်ခဲ့ပါ။

“ မင်းထွက်သွားပြီး နောက်ပိုင်း သူ့ညီမ ဝမ်းကွဲတွေကပဲ ကြည့်ရှုစောင့်ရှောက် ထားကြတာလေ။  အဲ... မင်း ပို့လိုက်တဲ့ စိန်နားကပ်လည်း ရောက်ပြီးရော သူတို့လည်း သဘောထား ပြောင်းသွားတယ် ထင်တာပါပဲ။ အသွားအလာ နည်းသွားကြတယ် ”


“ဗျာ.. စိန်နားကပ်.. ဟုတ်လား ဦးလေး ”

ဦးလေးထွန်းမြင့် စကားကြောင့် မည်သည့်အချိန်က စိန်နားကပ် ပို့ မိခဲ့သလဲဟု ကျွန်တော့် ပြန်စဉ်းစားမိသည်။ 


“ အေးလေကွာ မင်းပဲ လူကြုံနဲ့ မင်း အမေအတွက် လက်ဆောင် တချို့နဲ့ စိန်နားကပ် တစ်ရံ ထည့်ပေးလိုက်တာလေ။ အဲဒီ နားကပ်လည်း ရောက်ရော မင်း အမေမျက်နာဆိုတာများ ပြုံးပြုံး ပြုံးပြုံးနဲ့ပဲဟေ့ မချွတ်တမ်းကို ဝတ်ထားတော့တာ။ အရင်က မင်းကို မကောင်းကြောင်း ပြောထားတဲ့ မင်း အဒေါ်တွေကိုလည်း ငါ့သားလေးက လိမ္မာပါတယ် သူ့မှာ အခက်အခဲ ရှိနေလို့သာ အဆက်အသွယ် မလုပ်တာပါ ဆိုပြီး ရှင်းရတာ အမောပဲ..။ စိန်နားကပ် တစ်ရံလုံးတောင် ရောက်လာမှတော့ မင်းကိုလည်း မင်းအဒေါ်တွေ အမြင်ကြည်သလောက် ဖြစ်သွားတော့တယ်။”

“ အော် ”

ကျွန်တော် သဘောပေါက်သွားခဲ့ပြီ။ ဦးလေးထွန်းမြင့်မှ ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောသည်။


“ မင်း အမေမမြကြည် အဖြစ်က ဘာနဲ့ တူလဲ ဆိုတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာမျိုးလို ဖြစ်နေတာကွ။ စိန်နားကပ် တဝင်းဝင်းနဲ့ဆိုတော့ သူ့မှာ ပိုက်ဆံရှိနေတယ် ထင်ပြီး သူ့ညီမတွေကလည်း အရင်လို မထောက်ပံ့တော့ဘူးလေ။ တကယ်တော့ သူ့မှာ ငွေမရှိတာ ငါတို့ လူကြီးတွေပဲ သိတယ် အဲဒီအချိန်မှာ မမြကြည်က မမာမကျန်း ဖြစ်တော့ ပိုဆိုးကုန်တာပေါ့ကွာ။ စားဖို့သောက်ဖို့က ငါတို့ ခွဲဝေ ကျွေးနိင်ပေမယ့် ဆေးစရိတ်ကြတော့ ငါတို့လည်း မတတ်နိင်ဘူးလေ။ ဒီတော့ ငါအပါအဝင် ရပ်ဆွေရပ်မျိုးတွေကလည်း စိန်နားကပ်ကို ရောင်းပြီး ဆေးကုဖို့ အားလုံးတိုက်တွန်းကြတယ်။ ပစ္စည်းဆိုတာ အချိန်မရွေး ပြန်လုပ်နိင်တယ် မဟုတ်လား”

“ဟာ... မှားနေပြီ ဦးလေး။ အကြီးအကျယ် မှားကုန်ပြီဗျာ ” 


လည်ပင်းထဲတွင် တစ်စုံတစ်ရာဖြင့် တစ်ဆို့ခံထားရသကဲ့သို့ စိတ်၏နာကျင်ခြင်းကြောင့်  ကျွန်တော့် အသံတို့ပင် မထွက်နိင်တော့။ မထင်မှတ်ထားသည့် အဖြစ်ကြောင့် ကျွန်တော့် တကိုယ်လုံး တုန်ယင်နေသည်။

“ငါတို့ ဘယ်လိုပြောပြော မင်းအမေက လက်မခံဘူး။ တကယ်ခက်တယ်ကွာ စိန်နားကပ်ကို ထိဖို့ လုံးဝကို အပြောမခံတာ။ သားဝယ်ပေးထားတဲ့ ပစ္စည်း ဖြစ်ရုံနဲ့ ကိုယ်ကျန်းမာရေးကို အထိခိုက် ခံရသလားဆိုပြီး ငါတောင် စိတ်ကွက်မိသေးတယ်။ မင်းအဒေါ်တွေဆိုရင် စိတ်ဆိုးပြီး လာကို မကြည့်တော့တာ။ အဲ သေမှပဲ ရောက်လာကြတော့တယ်။ ဒါနဲ့ ဒီခြံဝိုင်းလေးကို ပိုင်းရောင်းပြီး ဆေးကုမလား မေးတော့လည်း မင်းအတွက် ချန်ထားတဲ့ အမွေမို့လို့ မရောင်းနိင်ဘူးတဲ့လေ တကယ်ပဲ အသေ ခံသွားရှာတယ်”

“အို... မေမေရယ် ” ရင်ထဲတွင် ဆို့ကျပ်လာသော ခံစားချက်ဖြင့် ကျွန်တော် ထိန်းမရစွာ ငိုရလေပြီ။ ကမ္ဘာကြီးသည် အိုးထိန်းစက်လည်သလို သွက်သွက်ခါနေသကဲ့သို့ ကူရာကယ်ရာမဲ့စွာကျွန်တော် ငိုကြွေးမိသည်။

“ ဦးလေးတို့ မှားနေပြီဗျာ ကျွန်တော် အမေ့အတွက် ထည့်ပေးလိုက်တာ စိန် အစစ် မဟုတ်ဘူး သွားရင်းလာရင်း လက်ရာသေသပ်ပြီး ဈေးပေါလို့ ဝယ်ထည့်ပေးလိုက်တာပါ.. အဲဒါ စိန် အစစ်မဟုတ်ပါဘူးဗျာ”

“ဘာ ... အတု ဟုတ်လား ... ”

သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ဦးလေးထွန်းမြင့် ခေတ္တ ငြိမ်သက်သွားသည်။


“မင်းကွာ ရက်စက်လိုက်တာကွာ။ ကံဆိုးလှချည်လား မမြကြည်ရယ်။ သူ့မှာ အဲဒီ စိန်နားကပ်ကြောင့် သူ့ကို ထောက်ပံ့ကျွေးမွေး နေသူတွေဆီကပါ ဘာအကူအညီမှ မရတော့တာကွ။ အသက်ကြီးမှ စားရမဲ့ သောက်ရမဲ့ ဖြစ်ရတာမင်းကြောင့်ကွ။ မင်းစိတ် နဲ့ အာဟာရ ချို့တဲ့မှုက သူ့ကို သေမင်းဆီကို အချိန်စောပြီး ခေါ်ဆောင်သွားတာပဲ ။မင်း တကယ်ရက်စက်လွန်းတယ် ”

“ ပြောပါ ဦးလေးရယ် ပြောပါ။ ကျွန်တော်တော့ ဒီတသက် ဖြေလို့ ပြေမယ်မထင်တော့ပါဘူး ။ ဒါပေမယ့် ကျွန်တော် အဲဒီစိန်နားကပ်နဲ့အတူ စာတစ်စောင်ပါ ထည့်ပေးလိုက်တယ်လေ။ စိန်အစစ်မဟုတ်ဘူး ဆိုတာ ထည့်ရေးထားပါတယ်။”

“ ဟေ .... ဒါဆို သူသိတယ်ပေါ့ ဟုတ်လား ”


“ ဟုတ်ပါတယ် ဒါ အစစ်မဟုတ်ဘူးဆိုတာ အမေ သိမှာပါ ”


တိတ်ဆိတ်သွားသည့် စကားဝိုင်းတွင် ကျွန်တော့်ငိုရှိုက်သံသာ ထွက်ပေါ်နေ၏။ တွေဝေငြိမ်သက်သွားသော ဦးလေးထွန်းမြင့်ကတော့ သက်ပြင်းတွေသာ အကြိမ်ကြိမ် ချနေတော့၏။ 

“ အို….ငါ သဘောပေါက်ပြီ။ ဒီလိုရပ်ကွက်မျိုးမှာ စိန်နားကပ်ဆိုတာ မလိုက်ဖက်မှန်း သိရဲ့နဲ့ မင်းကို ဂုဏ်တင့်ချင်စိတ် အထင်ကြီးစေချင်စိတ် အကောင်းမြင်စေချင်စိတ်ကြောင့် သူမချွတ်တမ်း ဝတ်ထားခဲ့မှန်း ငါအခုတော့ သဘောပေါက်ရပြီ။ စိန်ဆိုတာနဲ့ နီးနီးကပ်ကပ် မနေခဲ့ရတဲ့ ငါတို့ အတွက်တော့ အတုလား အစစ်လား ဘယ်လိုခွဲတတ်ပါ့မလဲ။ သူ့သားနိင်ငံခြားက ပို့တယ် ဆိုတဲ့ အသိနဲ့တင် အရောင်လက်တာနဲ့ စိန်ဆိုပြီး ယုံကြရတာ။ မင်းအမေကိုယ်တိုင်ကလည်း သားပို့ပေးတဲ့ စိန်နားကပ် ဆိုပြီး ပြောပြောနေတာကိုး ဒီတော့အစစ်ပဲ ထင်ကြရတာပေါ့။ ဟင်း…. မင်း အမေလို မိခင်မေတ္တာမျိုးတော့ ရှာမှရှားပါပဲလားကွာ။”

စကားဝိုင်း တိတ်ဆိတ်သွားသော်လည်း ကျွန်တော့်ရင်ထဲမှာတော့ ကမ္ဘာပျက်နေလေပြီ။ အဖြစ်ဆိုးလိုက်တာ မေမေရယ်။ ကျွန်တော့်လို သားဆိုးသားမိုက် အတွက် ဒီလောက်တောင် ဂုဏ်တင်ပေးချင်ရသလား။ ကျွန်တော့်ရင်တစ်ခုလုံး မီးအုံးထားသကဲ့သို့ ပူလောင်တင်းကျပ် လွန်းနေသည်။ ခဏအကြာတွင် ဦးလေးထွန်းမြင့်က စကားဆက်ပြန်သည်။

“ဒါကြောင့် စိန်နားကပ်ရောင်းပြီး ဆေးကုဖို့ ပြောတဲ့ နေ့ကစပြီး အဲဒီ စိန်နားကပ် ပျောက်သွားတော့တယ်။ ငါတို့ ဘယ်လိုမေးမေး လှူလိုက်ပြီလို့ပဲ ဖြေတာကိုး။ သူလှူလိုက်ပြီဆိုတော့လည်း သူ့သဘောဆိုပြီး ရောင်းဖို့ မတိုက်တွန်းကြတော့ဘူးပေါ့။ တကယ်တော့ မင်းကို အထင်ကြီးနေတာတွေကို လျော့သွားမှာ စိုးရိမ်လို့ အစဖျောက်လိုက်တာနဲ့တူပါရဲ့။ အော် .. မမြကြည်.. မမြကြည် အဆက်အသွယ် မလုပ်တဲ့ သားကို မျှော်ရတဲ့ဒုက္ခက စောစောလွတ်သွားတယ်လို့ပဲ ငါတော့ မှတ်ယူထားလိုက်တော့တယ်။ နင့်ကံကလည်း သားမိုက်နဲ့မှ လာဆုံရသလားဟာ ”

ဦးလေးထွန်းမြင့်၏ မချိတင်ကဲ ရေရွတ်သံကို ကျွန်တော် တုန့်ပြန်နိင်စွမ်း မရှိတော့။ ထောက်ပံ့သူမဲ့ ဘဝဖြင့် မေမေ အထီးကျန်စွာ ရုန်းကန်နေရချိန်တွင် ကျွန်တော်က ရှာဖွေ ရရှိသမျှ ငွေကြေးများကို မူးယစ်ဆေးဝါးဖြင့် လဲလှယ်ကာ စိတ်ကူးအခိုးအငွေ့များအဖြစ် အသွင်ပြောင်းနေခဲ့သည်။ု ကျွန်တော့်ကို စောင့်မျှော်နေသော မေမေ့ထံသို့ အဆက်အသွယ်ပင် မလုပ်နိင်ခဲ့ပါ။ ယခုတော့ အစစအရာရာ လွန်ကုန်လေပြီ။ ပြန်ပြင်ဆင်၍ မရတော့။

“ဟုတ်ပါတယ် ကျွန်တော့်ကို မျှော်နေရတဲ့ ဘဝက အမေလွတ်သွားပါပြီ။ ကျွန်တော်သာ ကိုယ့်မိုက်ပြစ်နဲ့ကိုယ် နောင်တတွေနဲ့ တသက်လုံး ပူလောင်နေရတော့မှာပါ ”
ထိုစကားကိုတော့ ကျွန်တော့်ရင်ထဲတွင်သာ ပြောဖြစ်လိုက်တော့သည်။ အနန္တမေတ္တာဖြင့် မေမေ ခွင့်လွှတ်နိင်သော်လည်း ကျွန်တော်ကတော့ ဘဝတစ်လျှောက်လုံးစာ နောင်တများဖြင့် ရှင်သန်ရတော့မည်။ အခုချိန်မှာတော့ ကျွန်တော့် ရင်တစ်ခုလုံး တငွေ့ငွေ့ဖြင့် လောင်ကျွမ်းနေရပါပြီ။

မိုက်နောင်တဖြင့် ကျရသော ကျွန်တော့်မျက်ရည်များလည်း ဘယ်အချိန်ခါမှ စဲ နိင်ပါတော့မလဲ...။

။..............................................................။

(သားသမီးကို ချစ်သော အမေများ အားလုံးအတွက် ဦးညွှတ် ရေးသားပါသည်။)

62 comments:

နွေဆူးလင်္ကာ said...

စိတ်မကောင်းစရာပဲဗျာ ...

ညီမလေး said...

ခွင့်လွတ်မှာပါ ... မိခင်မေတ္တာဆိုတာ ဘယ်တော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ခွင့်လွတ်ခြင်း ၊ ငြိမ်းချမ်းခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အရာပဲလေ ။
ဒါပေမဲ့ သားမိုက်တွေ သမီးမိုက်တွေ နောင်တတို့ နောင်မှရဆိုတာတွေ မရှိရင်တော့ အမေတွေကို ပိုချစ်ရာရောက်မှာ အမှန်ပဲနော် ....

ဂျစ်တူး ( မုံရွာ ) said...

နောက်ထပ်မမိုက်နဲ့တော့ပေါ့ဗျာ-
ပြီးပြီးသားတွေထားလိုက်တော့-

Anonymous said...

ကိုမြစ်ကျိုး တို့တော့

နံမည်ကြီးချင်တော့ ဒီလိုဘဲ
စိတ်မကောင်း စရာ ဝတ္ထုလေး ကို ဖတ်သွားပါတယ်

ခင်တဲ့
ရွှေစင်ဦး

ဆောင်းနှင်းရွက် said...

မိခင်မေတ္တာ ...

အားပေးသွားတယ် ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

sosegado said...

ခံစားသွားရတယ် ၊ဖတ်ရင်းနဲ့ အမေကိုသတိရသွားတယ်၊

နှင်းမိုးမိုး said...

ကိုမြစ်ကျိုးအင်း တို့ကတော့ စိတ်မကောင်းအောင်လုပ်ပြန်ပြီ...။
ဘာပဲ ဖြစ်ဖြစ် အမေ ဆိုတာ အမေ ပါပဲ...။
မိခင်မေတ္တာဖွဲ့တိုင်း ဖတ်လို့ကောင်းတာကြီးပဲ ...။

ခင်မင်စွာဖြင့်
နှင်းမိုးမိုး

ရွှေရတုမှတ်တမ်း said...

ကိုမျှစ်က အလွမ်းဝတ္ထုတွေရေးနေတာကိုး..
နိုင်ခြံဂါးနေတဲ့ သားကလဲ ငွေတော့မပို့နိုင်ပဲ စိန်နားကပ်အတုတော့ ပို့ရသလား..ရှားရှားပါးပါးအာဂသားပါလား..အင်း...အါမျိုးတွေလဲဖြစ်တတ်ပါတယ်လေ....

T T Sweet said...

စိတ်မကောင်းစရာပဲ။
အရေးအသား သိပ်ကောင်းတယ်။ နောက်ဆုံးမှာ မျက်ရည်တောင်ဝဲချင်သလိုလို။

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်ရတာ စိတ်မကောင်းဖြစ်စရာပဲဗျာ၊
ကျနော်အသိတစ်ယောက်ရဲ့ အမေအကြောင်း
လည်း နောင်ကြုံရင် ကျနော်ရေးပါအုံးမယ်၊
သူအဖြစ်ကတော့ ရယ်စရာပါ၊ ဇာတ်လမ်း
တွေ ကောင်းတယ် ကိုမြစ်ကျိုးရေ။

ဆွေလေးမွန် said...

ဖတ်ပြီးသွားတော့ စိတ်မကောင်းဘူး.
စာဖတ်ရတာ ပို့လေးကတိုပေမယ့်..
ရသကပီပြင်လွန်းတယ်

မေဓာဝီ said...

အမေ့စိန်နားကပ် ဖတ်ပြီး ငယ်ငယ်က သင်ခဲ့ရတဲ့ The necklace ဆိုတဲ့ ၀တ္ထုလေး သတိရမိတယ်။ တူတော့ မတူပါဘူး။ The necklace မှာကတော့ အတုကို အစစ်ထင်ပြီး ဖြစ်ခဲ့ရတဲ့ သောကပေါ့။ ဆရာမြစ်ရဲ့ ၀တ္ထုကတော့ အတုကို အတုမှန်းသိရက်နဲ့ ဖြစ်ရတဲ့ သောက ... ။ အဲဒီသောက ကလည်း မိခင်မေတ္တာ မှာ အခြေခံပြီး ဖြစ်ရတဲ့ သောက ဆိုတော့ ပိုပြီး လေးနက် သိမ်မွေ့တယ်။
ဇာတ်လမ်းက စိတ်မကောင်းစရာပေမဲ့ ဇာတ်အိမ်ဖွဲ့သွားတာလေး လှတယ် ဆရာမြစ်ရေ ... ။

blackroze said...

ဖတ်ပြီးတော့မျက်ရည်တောင်ဝဲမိပါရဲ့
ဦးမြစ်ရေ....
ရင်ကိုတိုက်ရိုက်ထိမှန်သွားတဲ့
စာလုံးတွေပါဘဲ...

ဆလူး said...

ငယ်ငယ်တုံးက အင်္ဂလိပ်စာမှာ သင်ရတဲ့ the necklace ကို အခြေခံပြီး ရေးထားတာလား ပါးပါး

ဖတ်ကောင်းတယ် ဂွတ်ထ

ဆလူး said...

ပါးးပါးးး မေးစရာရှိလို့ မတော်လိုက်ရတဲ့ မားမားက မာနကြီးတာလား အတ္တကြီးတာလား ဟိဟိ (ပါးပါးတို့ ငယ်ငယ်က စကားဝှက်) ဟက်

ဆလူး said...

ပြန်တော့မယ် တာ့တာ ဒုန်းးးးးးးးးးဒုန်းးးးးးးးးးးး ဒုန်းးးးးးးးးးးးးးးးးးးးးးးးးးး

ကိုဇော် said...

အင်းးးးးးး
လူတွေက ပြောကြတယ်။ ကိုဇော်က အမေ့အတွက် လက်ဆောင်တောင်မှ လူကြုံနဲ့ မပို့ဘူးတဲ့။ ဘာဘာညာညာ မပို့လို့တဲ့။ ကျနော့်စိတ်ကူးကို သူတို့ မသိဘူး။ ကိုယ့်အကြိုက် ဆိုတာ သူ့အကြိုက်မှ မဟုတ်တာ။ လိုချင်တာ ဝယ် ၊ သုံး အမေရေလို့ ပြောထားမှတော့ မေမေကလည်း ဘာလိုတယ် ထပ်မပြောတော့ပါဘူးလေ။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်ကတော့ တမျိုးပေါ့။

မြစ်ကျိုးအင်း said...

ဆလူးရေ...
the necklace တဲ့လား အဟုတ်ပြောရရင် သတိကို မရပါဘူး ။ တကယ်လို့သာ သတိရလို့ ဆက်စပ်ရေးဖြစ်ရင်လည်း ဝန်ခံချက် ထည့်ရေးမှာပါ။ စာကို ရိုးရိုးသားသား ဝန်ခံရေးရင် ကိုယ့်ကို လက်ညိုးထိုး စရာ မရှိဘူး မဟုတ်လား။
ဒါဟာ စိတ်ထဲမှာ တွေးရင်းပေါ်လာတဲ့ ကိုယ်ပိုင် အတွေးစစ်စစ်ပါ။

မေဇင် said...

နောက်မှ နောင်တ ရတဲ့ သား ကိုလဲ သနားတယ်။ အမေ့ ရဲ့ ရင်ထဲက သားကို မျှော်နေတဲ့ ဒုက္ခကိုလဲ သနားတယ်။ ဒီဇတ်လမ်းလေးထဲက သား အမိ လိုမျိုး ဘ၀တွေ ရှားပါစေ။

ကြည်ဖြူပိုင် said...

ဒီလို ဘ၀သရုပ်ဖော် ဇာတ်အိမ်ဖွဲ့ဝတ္ထုမျိုးတွေကို
အချစ်အလွမ်းအညားအကွဲ ဇာတ်လမ်းတွေထက်
ပိုကြိုက်တာအမှန်ပဲ စာရေးဆရာရေ။

ဒီဝတ္ထုမှာ မိခင်တစ်ယောက်ရဲ့မေတ္တာစွမ်းအားကြီးမားပုံကို
ဖော်ပြနိုင်စွမ်းကြီးမှုကြောင့် သနားစိတ်ကိုယိုဖိတ်လာစေနိုင်သလို
သားတစ်ယောက်ရဲ့ မသိတတ်ဘဲမိခင်အပေါ်မေ့ထားပြိးမှ နောင်တရသွားပုံကိုလဲ
ရှင်းကနဲပေါ်လွင်စေတာကြောင့်
ကရုဏာဒေါသောဖြစ်စေတယ်
ရသသိပ်စုံတယ်စာရေးဆရာရေ။
အလွန်ပင်ကောင်းပါ၏

ဇော်သိင်္ခ said...

စိတ်မကောင်းစရာလေး ပဲ.. ဝတ္ထုလေးကို ဖတ်ပြီး ဝမ်းနည်းသလိုတောင် ခံစားရတယ်
အော်.. အမေ.. အမေ... ကိုယ့်သား သမီး
တွေ ရဲ့ ဂုဏ်တွေကို ဖော်ကြူးဖို့ အတွက် အသက်နဲ့တောင် လဲ သွား ရှာတယ်နော်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

flowrepoem said...

ဘယ်တော့မှ မရိုးနိုင်တဲ့ မိဘမေတ္တာဖွဲ့လေးလာဖတ်ပါတယ်...

မိုးခါး said...

ဖတ်ပြီး စိတ်မကောင်းလိုက်တာ .. ဟူးးးးး
အချိန်လွန်မှ နောင်တ မရကြရပါစေနဲ့ ..

An Asian Tour Operator said...

အားလုံးကိုသတိပေးလိုက်သလိုပါလား။

ဧပရယ်လ်ပူး@ပူးတေ said...

ရင်ကိုလာထိတယ် ... ကောင်းလိုက်တာ.. မျက်ရည်တောင်ဝဲမိပါတယ်...တကယ့်အဖြစ်ပျက်လေးအတိုင်းပဲနော်...

မြသွေးနီ said...

အမေနဲ့သား..ဒီနှစ်ယောက်ရဲ့ရင်မှာ..
မြိုသိပ်ခံစားချက်တွေက..
စာဖတ်သူရင်ကိုပါ ကူးစက်လာပါရောလား.. ကိုမြစ်ရေ...။
ရင်မှာ ကို ( ရင်က)
ဖတ်ပြီး မောကျန်ခဲ့ရပါရောလား..။
...................

အနော် said...

မေတ္တာတရားနဲ့ သားအပေါ် အမြင်တင့်စေချင်တဲ့စိတ်..
အဲ့ဒီစိတ်တွေက မိခင်ရဲ့ဂုဏ်ကို ပိုတင့်တယ်စေတယ်နော်..
ဖတ်ပီး စိတ်ထဲ ဝမ်းနည်းလိုက်တာ..
အဲ့ဒီလို အမေမျိုးနဲ့ မသိတတ်တဲ့သားသမီးမျိုး အများကြီးရှိနေမှာ..
နောင်မှာ တတဲ့ နောင်တနဲ့ သိရက်နဲ့ မိုက်တဲ့ နောင်တ.. ကင်းဝေးပါစေပဲ ဆုတောင်းရမယ် အကိုရေ...

ချစ်ကြည်အေး said...

မိခင်တယောက်ရဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ မေတ္တာ စုန်ရေ.....။ တခါတည်း မျောပါသွားတယ် ဖတ်ရတာ ကောင်းလိုက်တာ....

ချော(အစိမ်းရောင်လွင်ပြင်) said...

မိမြစ်ရေ..
ဖတ်ပြီး တကယ်ကို ထိထိခိုက်ခိုက် ခံစားလိုက်ရတယ်..
သားသမီးအပေါ် အဆုံးမရှိ ချစ်တတ်တဲ့ အမေတွေရဲ့ မေတ္တာကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ဟပ်စေတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါဘဲ...
ဒီလိုအဖြစ်မျိုး အပြင်မှာ တကယ်မရှိပါစေနဲ့လို့ ဆုတောင်းမိတယ်..
ဒါပေမဲ့ ဒီဝတ္ထုထဲကလို မေတ္တာမျိုးနဲ့ ချစ်တတ်တဲ့ အမေတွေကတော့ လောကကြီးမှာ အများအပြားပါဘဲလေ...
အမေတွေအားလုံး ကံကောင်းကြပါစေ..

သိင်္ဂါကျော် said...

အမေတွေ အကြောင်းကတော့ ပြောမကုန်နိုင်အောင်ပါပဲ..
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေပြီး အမေကိုတောင် မထောက်ပံ့နိုင်တဲ့ သားကတော့ နောင်တရသင့်ပါတယ်..

ဇူး said...

အင်း .. သိပ်စိတ်မကောင်းဖြစ်စရာ ကောင်းတဲ့ ပို့စ်လေးပါပဲ.. မိခင်မေတ္တာ ကို သိသာထင်ဟပ်စေလိုက်တာ.. တော်တော် စိတ်မကောင်းဖြစ်သွားတယ် အကိုရေ...

မိုးယံ said...

ကိုမြစ်ရဲ့ အရေးအသားကိုလေးစားတယ် အဖြစ်အပျက်ကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်လဲ အိမ်ကို ဖုန်းမှန်မှန်ဆက်ပါတော့မယ်။

အဲ .. နောက်တစ်ခါဆိုရင်တော့။ ဒီလို စာမျိုးရေးရင် (အသည်းနူ သများ မဖတ်ရ)လို့ ထည့်ပေးထားဂျာ။

တဂယ် နိုချင်လာတာ။ ညက်ရည်တွေ ဘာတွေတောင်ဝေ့လို့။ ရင်ထဲမှဆို့လို့။ နောက်မမိုက်နဲ့တော့နော်

ခင်မင်လေးစားစွာဖြင့်
မိုးယံ

မေပယ်လ် said...

တော်လို့ ကျော်ပေတာပဲ...
ဆက်တော်လို့ ဆက်ကျော်ပါစေဗျာ
ဟောဒီ့မြစ်ကြီးဆီ ဖြတ်မကူးဖြစ်တာ
တောင် ကြာပါပေါ့...။
အားပါး...ရေက အတော်နက်သဟ:P

YoungGun said...

ဟာ ခနဲ ဟင်ခနဲကို ဖြစ်တဲ့အထိ စိတ်မကောင်းခြင်းကြီးစွာ ခံစားရပါတယ်။ အမေနဲ့ အဝေးရောက်တဲ့ သားတစ်ယောက်အဖို့ ဒီလို စာမျိုး ဖတ်ရတာ ရင်ထဲ မကောင်းပါဘူး။ သားမိုက်မဟုတ်ပေမယ့် သားလိမ်မာ မဖြစ်သေးတော့ ခံစားရတာပါပဲဗျာ။

ခိုင်နုငယ် said...

တစ်ပုဒ်ဆို ဆိုသလောက်။
ရသမြောက်တဲ့ ၀တ္ထုကောင်းလေးတစ်ပုဒ်ပါပဲ။
မိခင်မေတ္တာကို ထင်ဟတ်စေတဲ့
ပိုစ့်ကောင်းတစ်ပုဒ်ပါပဲ။
အရေးအသားက အဆုံးထိဆွဲခေါ်သွားနိုင်တယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

နေ၀သန် said...

ကိုမြစ်ကျိုးအင်းရေ... ကျွန်တော်စာဖတ်နေရင်း နှလုံးခုန်သံမြန်လာတယ်.. ပြီးတော့ ဆို့လာတယ်ဗျာ......း((


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

ဟုတ်တယ်....ဖတ်ပြီးဆို့နစ်သွားတယ်။ ပြောစရာစကားလုံးတောင် ရှာမရဘူး။ :((

အုပ်ကြီး said...

တစ်ယောက်တစ်မျိုး မရိုးအောင်ခံစားကြရမှာ
သေချာပါတယ် ...
ဘယ်လိုပဲ ကွဲပြား ကွဲပြား တူညီတဲ့တရားကတော့ အမေ့ကို သတိရစေခြင်းပါပဲဗျာ


ခင်မင်လေးစားလျှက်
အုပ်ကြီး

မြတ်မွန် said...

ဦးလေးထွန်းမြင့်ရဲ့ စကားပြောပုံလေး သဘောကြတယ်။ အေးအေးဆေးဆေးလေးပဲ။ ဇာတ်ကောင်နှစ်ယောက်လုံးရဲ့ စကားပြောပုံတွေက ပုံပေါ်စေတယ်။

စိန်အစစ်မဟုတ်မှန်း သိရဲ့နဲ့ တန်ဖိုးထား ဝတ်ထားတဲ့ အမေအိုကြီးကို ရေးထားတဲ့နေရာလေးကို ဖတ်လိုက်ရတာ ရင်ထဲမှာ မကောင်းဘူး။
မိဘတွေက သားသမီးတွေကို အမြဲ လူအထင်ကြီးအောင် ပြောဆိုတက်ကြတယ်။သားမိုက်အမေရဲ့ ဇာတ်ရုပ်လေး ပေါ်လွင်ပါတယ်။

အစဉ်လေးစားလျှက်။

အကြမ်းထည် said...

...မေမေ တွေအားလုံး နဲ့ သားသမီးတွေ အားလုံး
ဘဝအမောတွေပြေကြပါစေ လို့ဆုတောင်းနှူတ်ဆက်ပါတယ် ဆရာရေ..။

အခုတလော မျက်ရည်ကျစရာတွေ တယ်များနေတယ် :P

ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား။

ရေသန့် said...

အဝေးမှာရောက်နေသူတွေ...သားမိုက်မဟုတ်ပေမယ့်
သားမိုက်လိုဖြစ်သွားတဲ့အခါ..စိတ်မကောင်းဘူး...
မိဘ တွေကိုလည်း သနားမိတယ်

အင်းတော်ရှမ်း said...

ရင်နင့်စရာ ပိုစ့်လေးပါပဲဗျာ အင်း အမေ့ကို ပိုက်ဆံမပို့နိုင်ပဲ တောင်းတောင်းနေ၇တာကို စိတ်မကောင်းလိုက်တာ..ခုမှ

thawzin said...

မလည်တာကြာပြီး။ ပျင်းလွန်းလို့ဗျာ။ အခုတော့ ရောင်ပေပေနဲ့ ရောက်လာပြန်ပြီး။ အမေ့အကြောင်းလေး ဖတ်ရတာ အမေ့ကို ပိုသတိရမိပါရဲ့ဗျာ။အမေ့မေတ္တာလေးကို မြင်သာမိပါပဲရဗျာ။

ဆလူး said...

များ က တူ့ကို လက်ညိုးထိုးတယ် ထင်နေလား ဒယ်ဒယ် ဟွင့် များက သတိရလို့ မေးကြည့်တာကို ထင်ပါတယ် ဒယ်ဒယ် အဲဒါကို အခြေခံရေးထားတာမဟုတ်မှန်း ဘာလို့လဲ ဆိုတော့ အောက်မှာ ဝန်ခံချက်မပါလို့ (လျှောချတာမဟုတ်ဘူးနော်) တကယ်စိတ်ထဲထင်လိုက်တာ ဒါပေမယ့် မန့်စရာ စကားလုံး ရှာမတွေ့တာနဲ့ အဲဒါလေး သတိရတယ် အဲဒါလား ဆိုပြီးမေးလိုက်တာ စိတ်အချိုးနဲ့ ခိခိ
သာမီးလေးလေ အရင်လိုမကဲနိုင်ဘူး ဒယ်ဒယ်ရဲ့ ဒီတော့ ခွေးလွှတ်ကွယ် အင်တာနက်က အရင်လို ဖရီးမဟုတ်တော့ဘူး ဗြီးးးဗြီးးး နိုချင်တယ် ဘယ်မှမလည်နိုင်ဘူးရော်
အရင်ကလို ဘယ်မှမသွားနိုင်ဘူး ပါးပါး ကယ်ပါ ကယ်ပါ ပါးပါး မီးကို ဟင့်ရွှတ်ဖတ် ဗြဲ
တာ့တာ တူ့ဆီလာရတာ MB တွေစားတယ် ဒါဗြဲ ဘိုင်

ပန်းနုနှင်းဆီ said...

တစ်ပုဒ်ဆို ဆိုသလောက် ရသပေးနိုင်တဲ့ ကိုမြစ်ကျိုးအင်းရဲ့ လက်ရာကောင်းလေးတစ်ခုပါဘဲ.. ဖတ်ပြီး ရင်ထဲမှာ နင့်ကျန်နေရစ်ခဲ့တယ်..
ဒီပိုစ့်ကို ဖတ်မိတဲ့ သူတိုင်းလည်း မိခင်ကို စိတ်ချမ်းသာအောင် ထားမယ်ဆိုတဲ့စိတ်တွေ ၀င်လာစေနိုင်မယ် ထင်ပါတယ်.. စေတနာထားပြီး ရသပေးနိုင်တဲ့စာလေးတွေ အမြဲရေးတတ်သူမို့ လေးစားမိပါတယ်ရှင်။
နောက်ထပ်လဲ စာကောင်းများကို ဆက်ပြီးရေးသားနိုင်ပါစေ။

~ဏီလင်းညို~ said...

မျှစ်ရေ့....

ဝတ္တုလေး........လာဖတ်သွားတယ်......။
သနားစရာ......အမေတစ်ယောက်ရဲ့အကြောင်း......။
ခံစားမှုပေးတယ်.......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

jr said...

စိတ်မကောင်းစရာ။း(

တေးနုယဉ် said...

ရင်လွဲအိမ်......မှ.......အမေ့စိန်နားကပ်.......အထိ.....ဖတ်လိုက်တိုင်းရင်ထဲမှာနင့်နေအောင်ခံစားရပါတယ်......အမေကိုပိုချစ်...ပိုကြင်နာမိပါတယ်

ကိုကိုမောင်(ပန်းရနံ့) said...

အမေချစ်သားမို့ ခံစားရပါတယ်။ အမေမရှိတော့လို့ ပိုပြီး ခံစားရပါတယ်။ အမေ့မေတ္တာကတော့ အံ့မခန်းနိုင်အောင်ပါဘဲဗျာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

နင့်ခနဲပဲဗျာ။ တုနှိုင်းမဲ့မေတ္တာတော်အတွက် အေ၇ာင်ထပ်တင်လိုက်တဲ့စာတပုဒ်ပါပဲ။

လေးစားစွာဖြင့်
ညီမင်း

ညလင်းအိမ် said...

ကိုမြစ်ရာ ဖတ်ပြီး ရုတ်တရက် ဘာပြောရမှန်းမသိဘူး ...

ကိုမြစ်ရေးလိုက်တဲ့ စာတွေတိုင်း ဖတ်လို့ကောင်းတယ် ...

မိဘမေတ္တာက ကြီးမားလိုက်တာဗျာ ...

ခင်မင်စွာဖြင့်
ညလင်းအိမ်

PhyoPhyo said...

ကိုယ်ပိုင်အတွေးအရေး က တကယ်ကိုထိထိမိမိပါပဲ
သားတွေရဲ့အခက်အခဲ မိဘမေတ္တာ၊ အဲဒါတွေကို သေသေချာချာသိခဲ့ဖူးတော့ ဖတ်ရတာစိတ်မကောင်းစရာလေးပဲ၊ ပုံလေးကလည်း ထည့်ထားလိုက်သေးတယ်၊ အဟင့် အဟင့် ငိုချင်လာပီ

သော်ဇင်စိုး said...

ဖတ်သွားတယ်အကိုရေ.. ကျွန်တော်လည်း စိတ်ကူးအငွေ့တွေထဲ တစ်ချိန်က ပျော်ခဲ့ဖူးတယ်ဆိုတော့ ထိတယ်ဗျာ။

သော်ဇင်စိုး said...

ဖတ်သွားတယ်အကိုရေ.. ကျွန်တော်လည်း စိတ်ကူးအငွေ့တွေထဲ တစ်ချိန်က ပျော်ခဲ့ဖူးတယ်ဆိုတော့ ထိတယ်ဗျာ။

သဒ္ဓါလှိုင်း said...

အမေကိုသတိရနေတဲ့အချိန်မှာဖတ်လိုက်ရတာ
စိတ်မကောင်းဖြစ်ရတယ်..။ မိခင်မေတ္တာကို
ဘယ်လိုအရာနဲ့မှနှိုင်းယှဉ်လို့မရဘူး.။
အော်..အမေ..
ခင်မင်စွာ
သဒ္ဓါ

အနမ်း said...

ရင်ထဲမှာတစ်မျိုးပဲ ..
တကယ့်အဖြစ်များလား..?

ဘရာဗို said...

စိတ်မကောင်းဘူး
အမေ့ကို သတိရတယ်

soe said...

MOTHER - you can't be replaced.

Thanks Ko Myit Kyo Inn. Really a good one.

ပုံမှန် said...

ပို့စ် လေးကိုဖတ်ပြီးတော့ မျက်ရည်တောင်ဝဲလာမိတယ် မိဘ နဲ့ သားသမီး ဆိုတာ ဒီလိုချည့် ပါပဲ .....

pu su said...

your post is touch my heart i missed my mother now.

Anonymous said...

ချို..ငိုသွားတယ်နော်

ladycho

မိုးမြတ် said...

.. မိဘရဲ့ ကျေးဇူးကို မသေခင် ဆပ်၇မယ် ဆိုတဲ့ ပညာပေးလေး ဖြစ်လို့ စာရေးသူကို လေးစားမိပါတယ်.. ကျေးဇူးပါ ..

 

Posts Comments

©2006-2010 ·TNB