အကျော်အခွဇယား (၂)

26 January 2011



တစ်နေ့သော ညနေခင်းတွင် သူငယ်ချင်းလေးယောက် ကျွန်တော့်အိမ်တွင်စုမိကြလေသည်။ ထိုသူလေးယောက်မှာ ငယ်စဉ်ကတည်းက ပေါင်းလာခဲ့ကြသော ငယ်သူငယ်ချင်းများဖြစ်သည့် ဆူးလေဖိုးသူ၊ ဗေထိရဲကြီး၊ လက်ခုပ်မင်းသူနှင့် ကျွန်တော်ဖြစ်သည်။ ယခင်ကတော့ တုတ်ကြီးငဖြိုးအပါအဝင် သူငယ်ချင်း ငါးယောက်ရှိခဲ့သော်လည်း တုတ်ကြီးငဖြိုးမှာ ကျွန်တော်တို့အဖွဲ့ကို တစ်ပတ်ရိုက်ကာ လူလည်ကျပြီး ရှောင်ပြေးနေသဖြင့် ယခုအခါ ကျွန်တော်တို့လေးယောက်တည်းသာ ကျန်တော့သည်။

ငယ်သူငယ်ချင်းများ ဖြစ်တာကြောင့် တုတ်ကြီးငဖြိုးအနေဖြင့် ကျွန်တော်တို့အဖွဲ့ထဲကို  တစ်ချိန်ချိန်မှာ ပြန်ဝင်လာ နိုင်သော်လည်း ယခုလောလောဆယ် တွင်တော့ မဖြစ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ယခုလောလောဆယ် တုတ်ကြီးလက်ထဲတွင် ငွေစကြေးစများ ရွှင်နေသေးသောကြောင့် ကျွန်တော်တို့ထံ လာဖို့ စိတ်ကူးမည် မဟုတ်သလို ကျွန်တော်တို့မှလည်း လောလောလတ်လတ် အကျော်အခွခံထားရသဖြင့် နာကျည်းချက်ကြောင့် တုတ်ကြီးအပေါ် မကျေနိုင်သေးပေ။ ကျွန်တော်တို့လေးယောက် ရောက်တတ်ရာရာ စကားပြောရင်း တုတ်ကြီးအကြောင်းကို စကား စမိသွားသည်။ လက်ခုပ်မင်းသူမှ

“တုတ်ကြီးအကြောင်း မင်းတို့ကြားပြီးပြီလား”

ဟုမေးလိုက်သဖြင့် ဗေထိရဲကြီးမှ

“ တုတ်ကြီးဘာဖြစ်လို့လဲ.. ”

ကျွန်တော်မှ စိတ်နာထားသောအခံဖြင့်
“ဘာလဲ ကားတိုက်ခံရပြန်ပြီလား” ဟု ရွဲ့ပြီးမေးလိုက်သည်။ မင်းသူမှရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။

“ မင်းတို့ ပို့တဲ့ မေတ္တာကြောင့်နဲ့တူတယ် တုတ်ကြီး ငွေရွှင်နေတယ်လေ ”
“ ဟုတ်လား..ဒီကောင် ဘာဂွင်တွေ မိထားလို့လဲ”

“ ဖဲနိုင်တာတဲ့ဗျာ..  တစ်ဝိုင်းလုံးကို သိမ်းသွားတယ်ဆိုပဲ ”

“ ဘယ်သူတွေနဲ့ ရိုက်တာလဲ ”

“ ဘိုတိုးတို့၊ ပြားကြီးတို့၊ စမ်းယုတို့နဲ့ ရှမ်းကိုးမီး ရိုက်တာတဲ့လေ.. ဒီကောင် ဝိုင်းလုံးကျွတ် သိမ်းသွားတယ်လို့ကြားတယ်”

“ ငါတို့အစ်မသားတုတ်ကြီး ... တော်တော်ကံကောင်းနေတယ် .. ငါတို့မှာတော့ ငတ်လို့ပြတ်လို့”
“ အေးလေ.. ဒီကောင် ငါတို့ငွေတွေနဲ့ ပွားနေတာ”

လက်ခုပ်မင်းသူမှ..
“ တုတ်ကြီး ဒီရက်ပိုင်း ငွေလျှံနေတယ်ကွ.. ဒီကောင့်ဆီက ငွေတွေ ပြန်ရအောင် အကြံထုတ်ကြစမ်းပါကွာ”

ထိုအခါ ကျွန်တော်မှ 
“ အကြံကတော့ ထုတ်တာပဲကွ.. ခက်တာက ငါတို့အကွက်တွေကို ဒီကောင်က ကြိုသိနေတော့ လှည့်စားလို့ မရဘူးဖြစ်နေတယ်.. ” ဟုပြောလိုက်သည်။ထိုအခါ ဆူးလေဖိုးသူမှ 

“ အေးလေ.. ငါ့ညီမဝမ်းကွဲ သူငယ်ချင်းနဲ့ မျှားတာတောင်မှ ဒီကောင်ရအောင်ရှောင်ထွက်သွားတယ်..”
“အေးကွာ.. အဲဒီတုန်းက ငါတော့ခွင်မိပြီထင်ထားတာ”
“သူခံရမှာကျတော့ တော်တော်ကြောက်တဲ့ကောင် ”

ဟုတ်သည်။.. ဒီကောင်က သူပြန်ခံရမှာတော့ ကြောက်သည်။ ကျွန်တော်တို့ဝေစုများကို သူတစ်ပတ်ရိုက်ပြီး ၁၀ရက်ခန့်အကြာတွင် ဖိုးသူညီမဝမ်းကွဲ၏ သူငယ်ချင်းကောင်မလေးကို အကူအညီတောင်းကာ တုတ်ကြီးကို မျှားရန် ကြံစည်ခဲ့ဖူး၏။ ရုပ်ရှင်တွေထဲကလို တုတ်ကြီးက ထိုကောင်မလေးကို တစ်နေရာရာ ခေါ်သွားချိန် ကြိုတင် စီစဉ်ထားသည့် အစ်ကိုတစ်ယောက်က ဒါသူ့ဇနီးဟုဆိုပြီး တုတ်ကြီးထံမှ ငွေညှစ်ရန်စီစဉ်ထားသော်လည်း တုတ်ကြီးမှ ထိုကောင်မလေးကို ပြုံးပြပြီးရှောင်ထွက်သွားတာကြောင့် ထိုအစီအစဉ် ပျက်သွားခဲ့ဖူးသည်အထိ တုတ်ကြီးက သတိကောင်းလွန်းသည်။


ထို့နောက်ကျွန်တော်တို့ ရောက်တတ်ရာရာများပြောပြီး လူစုခွဲလိုက်ကြ၏။  ထိုညတွင်တော့ တုတ်ကြီးကို အပီနှက်ရန် ကျွန်တော်စဉ်းစားခန်း ဝင်နေသည်။ လူတစ်ယောက်၏ အားနည်းချက်ကို အရအမိချုပ်ကိုင်ရန်မှာ ထိုသူ၏စရိုက် ဝါသနာတို့မှ ထိုးဖောက်ရတာ အလွယ်ဆုံး မဟုတ်လား။ ထို့ကြောင့် တုတ်ကြီး၏ ဝါသနာနှင့် စရိုက်ကို အပြင်းအထန်တွေးနေမိသည်။ မိန်းခလေးများနှင့် မျှားလျှင်လည်း မိမည်မထင်။ ရိုက်လုလို့ကလည်း မဖြစ်။ 

ထိုသို့ စဉ်းစားရင်းဖြင့် တုတ်ကြီး၏ ဝါသနာတစ်ခုကို သတိရသွားသည်။ ထိုဝါသနာမှာ ဖဲရိုက်ခြင်းဖြစ်သည်။ တုတ်ကြီးသည်ဖဲရိုက်ရတာ အလွန်ဝါသနာပါသည်။ထို့ကြောင့် တုတ်ကြီး၏ ဝါသနာဖြစ်သော ဖဲရိုက်ခြင်းနှင့် မျှားမှဖြစ်မှာကို တွေးမိသည်။ ထိုသို့တွေးမိသဖြင့်  ဒီကောင့်ကိုဖဲဝိုင်းကနေ မည်သို့တစ်ပတ်ရိုက်ရမလဲဆိုသည်ကို ဥာဏ်နီဥာဏ်နက်များ ထုတ်နေမိသည်။ ဖဲရိုက်ရာတွင် ကျွန်တော်တို့ထက် ပိုသွေးအေးသော ပိုတွက်တတ်သော ပိုကျွမ်းကျင်သော တုတ်ကြီးကို တော်ရုံဖြင့် လှည့်စား၍ ရနိုင်ဖို့ရန် မလွယ်ကူသောကြောင့် သေချာပေါက် အနိုင်ရမည့်နည်းကိုသာ စဉ်းစားနေမိသည်။ 

ကျွန်တော်တို့ ရှုံးသွား၍မဖြစ်၊ ထိုသို့တွေးရင်းဖြင့် တုတ်ကြီးကို လှည့်စားနိုင်မည့်နည်းတစ်ခုကို စဉ်းစားမိသွားသည်။ ထိုအကြံအစည်ကို တွေးမိသဖြင့် ကျွန်တော် အသံထွက်အောင် ရယ်လိုက်မိ၏။ ရိုးရှင်းလွန်းသော ထိုအကွက်တွင် တုတ်ကြီးအငိုက်မိသွားနိင်သည်။ ထို့ကြောင့် ဒီကောင့်လက်ထဲ ငွေရွှင်နေချိန် ခပ်သွက်သွက် လှုပ်ရှားရမှာ ဖြစ်သည့်အတွက် မနက်ဖြန်တွင် စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ နောက်နေ့မနက်တွင်  သူငယ်ချင်းများကို စုစည်းလိုက်သည်။ 

“ တုတ်ကြီးကို တစ်ပတ်ရိုက်ဖို့ ငါအကြံတခုရထားတယ်ကွ။ ငါတို့ငွေတွေ သေချာပေါက် ပြန်ရစေရမယ်”

ကျွန်တော့် စကားကြောင့် ကျန်သည့်သူများ စိတ်ဝင်တစားရှေ့သို့ တိုးလာကြ၏။ တုတ်ကြီးကို အကျော်အခွ လုပ်ရမည် ဆိုတာကြောင့် ပို၍ တက်ကြွကြခြင်းဖြစ်သည်။ ရဲကြီးမှ 

“မင်းအစီအစဉ်က ဘယ်လိုလဲပြောပါဦး”

“ငါ့အကြံအစည်က တုတ်ကြီးကို ချိန်းပြီးဖဲရိုက်မယ်”
“ အမ် ”
“အာ.. တုတ်ကြီးက ဖဲရိုက်တာ ငါတို့ထက် ပိုကျွမ်းတယ်ကွ  မရှိမဲ့ရှိမဲ့လေးတွေ ကုန်သွားဦးမယ်ကွာ။”

“ မရှုံးစေရဘူးစိတ်ချ။ ငါသေသေချာချာ အကွက်ချထားပြီးပြီ”

“ဒါဆို အစီအစဉ်ပြောပြကွာ”

“ ငါစီစဉ်ထားတာက ဒီလိုကွ.. မင်းသူနဲ့ ရဲကြီးက တုတ်ကြီးအိမ်သွားပြီး ဖဲရိုက်ဖို့စိန်ခေါ်ကွာ။ မခံချင်အောင်ပြောနော် သူနဲ့ချိန်းပြီးတာနဲ့ ငါတို့အားလုံးဖဲဝိုင်းမှာ ငွေပြနိုင်ဖို့ ပိုက်ဆံရှာရမယ်”

“ အစီအစဉ် အသေးစိတ်ပြောလေကွာ၊ ဖဲဝိုင်းမှာ ငါတို့က ဘယ်လိုရုပ်ရှင်ရိုက်ရမှာလဲ”

“ပုံမှန်ပဲလေကွာ ဖဲကိုသာအာရုံစိုက်ပြီး နိုင်အောင်ရိုက်၊ ရှုံးမှာ စိတ်မပူနဲ့.. အရေးကြီးတာက ငါတစ်ခုခု လှုပ်ရှားပြီဆိုတာနဲ့ မင်းတို့အနောက်ကနေ သံယောင်လိုက်ရမယ်..အဲဒါအဓိကပဲ ”

“အေး ဒါဆိုလဲ ငါတို့ အခုတုတ်ကြီးအိမ်သွားမယ် ” ပြောပြောဆိုဆိုဖြင့် မင်းသူမှ မတ်တပ်ထရပ်လိုက်သည်။

ကျွန်တော်မှ
“ သွားတာက ငါတို့အားလုံး အတူတူသွားမယ်.. လမ်းထိပ်မှာ ငါနဲ့ဖိုးသူစောင့်နေခဲ့မယ် .. မင်းနဲ့ရဲကြီးက ဒီကောင့်ကို ဖဲရိုက်ဖို့ သွားချိန်း.. ဖဲဝိုင်းဖြစ်မှ ငါတို့ပိုက်ဆံပြန်ရမှာနော်.. ဒါကြောင့် မရရအောင် ချိန်း.. အရေးကြီးဆုံးပြောရမှာက သူ့အခန်းမှာပဲ ဖဲရိုက်မယ်ဆိုတာကိုပြော”

ထို့နောက် ကျွန်တော်နှင့်ဖိုးသူ တုတ်ကြီးအိမ် လမ်းထိပ်က လ္ဘက်ရည်ဆိုင်တွင် ထိုင်စောင့်နေကြသည်။ ၁၀မိနစ်ခန့်ကြာပြီးနောက် မင်းသူနှင့် ရဲကြီး ပြန်ထွက်လာကြ၏။ လှမ်းမြင်နိုင်သော နေရာလောက်ကတည်းက လက်မထောင်ပြတာကြောင့် ချိန်းပွဲဖြစ်ပြီဆိုတာ သိလိုက်ရသည်။

“နေ့လည် ၂နာရီ ရိုက်ဖို့ ချိန်းထားခဲ့တယ်.. ဒီကောင်က အင်တင်တင်နဲ့ကွ.. သူ့အိမ်မှာ ရိုက်မယ်ဆိုလို့သာ လက်ခံလိုက်တာ .. တစ်ခြားနေရာမှာဆို ငါတို့လိမ်မှာကို ကြောက်လို့နဲ့တူတယ်။” 

ကျွန်တော်ထင်သလို ဖြစ်လာသဖြင့် ပြုံးလိုက်မိသည်။ရဲကြီးမှ.. 
“ဒီကောင်က သောက်ကြီးသောက်ကျယ်နဲ့ကွ.. ငွေပြနိုင်မှ ရိုက်မှာနော်တဲ့ ပြောလိုက်သေးတယ်။”

“အေးပါကွာ.. ငါတို့တွေ အခုလူစုခွဲပြီး ငွေများများရအောင် ချေးငှားပေါင်နှံပြီး ရှာခဲ့ကြ။ နေ့လည်တစ်နာရီခွဲ ဒီဆိုင်မှာ ပြန်ဆုံမယ်” ဟု ပြောပြီး ကျွန်တော်တို့ လူစုခွဲလိုက်ကြသည်။

ထို့နောက် ကိုယ်စီကိုယ်စီ ချေးငှားပေါင်နှံကာ ငွေရှာဖွေပြီးနောက် နေ့လည်တစ်နာရီခွဲတွင် ထိုလ္ဘက်ရည်ဆိုင်၌ ပြန်ဆုံကြသည်။  မိမိတို့ ရှာဖွေလာကြသော ငွေများကို ထုတ်ပြရင်း ဖိုးသူမှ..

“ မင်းဟာ နိုင်မှာသေချာရဲ့လားကွာ.. ရှုံးရင် ငါတော့ဒီမြို့က ထွက်ပြေးရမှာ”
“အေး ဟုတ်တယ် .. ငါလဲ မနည်းတောင်းပန်ပြီး ချေးလာတာ ပြန်မပေးလို့ မဖြစ်ဘူး” 
“အေးကွာ ငွေက ရှာရတာ လွယ်တာ မဟုတ်ဘူး မင်းသေချာရင်ပြီးတာဘဲ” 

ဟု တစ်ယောက်တစ်ပေါက် စိုးရိမ်တကြီးပြောကြသည်။ ထိုအခါ ကျွန်တော်မှ...
“ မောင်ပိုင်ပါကွာ စိတ်ချစမ်းပါ မရှုံးစေရဘူး ။ အရေးကြီးတာက  ငါတစ်ခုခု လှုပ်ရှားတာနဲ့ အနောက်က မင်းတို့သံယောင်လိုက်ပြီး ဝိုင်းပြောဖို့ မမေ့နဲ့နော် အဲဒါ အဓိကပဲ။ ” 

စည်းဝါးကိုက်ပြီးနောက် ကျွန်တော်တို့ လေးယောက် တုတ်ကြီးအိမ် ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့ကို မြင်သဖြင့် တုတ်ကြီးမှ မချိုမချဉ်ပြုံးကာ 

“ ငါ့သူငယ်ချင်းကြီးတွေ ပျောက်လှချည်လား မတွေ့တာကြာပေါ့... နေကောင်းကြရဲ့လား”

“ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပါပဲကွာ”

“အေးအေး..ကောင်းတယ် ဒါထက်ငါအခုတလော ကံတက်နေတာနော်. တော်ကြာ မင်းတို့ ရှုံးသွားဦးမယ်”

“ မင်းဘာမှ အပိုတွေ မပြောနဲ့ ရိုက်စရာရှိတာရိုက်မယ်.. ”

“ကဲ ဒါဆို.. ဘာရိုက်ကြမလဲ ”

“ယောက်ျားပဲကွာ.. ရှမ်းကိုးမီး ရိုက်တာပေါ့”

“ဒါဆိုလဲ လာကွာ အားလုံးပြင်ထားပြီးပြီ”

တုတ်ကြီး၏ဧည့်ခန်းတွင် ပုဆိုးတစ်ထည်ခင်းကာ ဖဲထုတ်အသစ်တစ်ထုပ် အဆင်သင့်ချထား၏။ ကျွန်တော်တို့ ၅ယောက် ဝိုင်းထိုင်လိုက်ကြပြီး ပါလာသော ငွေများကိုအရှေ့တွင် ပုံကာ ချထားလိုက်သည်။  တုတ်ကြီးအရှေ့ တွင်တော့ ငွေပုံကြီးမှာ အထပ်လိုက်နှင့် အများကြီးဖြစ်သည်။ ထိုသည်မှာ တုတ်ကြီး၏ အကျင့်တစ်ခုဖြစ်သည်။ ဖဲရိုက်တိုင်း ရှိသမျှ ငွေများကို အရှေ့တွင် ပုံထားလေ့ရှိသည်။ သူ့အဆိုအရတော့ ကစားဖော်များမှာ ထိုငွေတွေကိုကြည့်ပြီး လောဘဇော တက်နေနိုင်တာကြောင့် ဖဲရိုက်ရာတွင် တည်ငြိမ်ဖို့မလွယ်ဟု ယူဆထားခြင်း ဖြစ်သည်။ ငွေနှင့် လောဘအာရုံတွေကို မျှားထားခြင်းဖြစ်သည်တဲ့လေ။ ထို့ကြောင့် ယခုတွင်လည်း ရှိသမျှငွေများကို ရှေ့တွင်ချကာ ဟိုကောင်သုံးကောင်၏ မျက်လုံးများကို လောဘဇောဖြင့် အရောင် တစ်လက်လက် ထွက်နေစေ၏။ ထို့နောက်တွင်တော့ ရှမ်းကိုးမီးပွဲကြီး စတင်လေပြီ။

ပထမ နာရီဝက်အတွင်းတွင် လောင်းကြေးကို စွတ်အရမ်းမထိုးဘဲ မှန်မှန်သာ ထိုးကြသဖြင့်  ပွဲမှာ ခပ်အေးအေးသာ ဖြစ်နေသည်။ ထို့နောက်တဖြည်းဖြည်း အရှိန်ရလာကြ၏။ တစ်နာရီခန့်ကြာပြီးနောက်တွင် မင်းသူနှင့် ရဲကြီးမှာ ဖဲနိုင်နေသဖြင့် ပျော်တပြုံးပြုံးဖြစ်နေသည်။ အနည်းငယ် ရှုံးနေသော်လည်း တုတ်ကြီးမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ဖဲအတက်အကျကို အလှည့်စောင့်ပြီး ကြေးအတိုးအလျှော့ဖြင့် ကစားနေတာကြောင့် အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့ ငွေများ သူ့ရှေ့က ငွေပုံထဲသို့ တဖြေးဖြေးရောက်စပြုလာ၏။

နှစ်နာရီခန့်ကြာပြီးနောက် ဖဲဝိုင်းမှ ပထမဆုံး ငွေကုန်သဖြင့် ဖိုးသူထွက်လိုက်ရသည်။ ပါလာသောငွေလေး ကုန်သွားတာကြောင့် သူ့ခမျာ ဇီးရွက်ခန့်မျက်နှာငယ်လေးဖြင့် ကျွန်တော်မည်သို့လှုပ်ရှားမည်ဆိုသည်ကို မကြာမကြာ  ကြည့်နေရှာသည်။ ထို့နောက် ဝိုင်းထဲမှ ဒုတိယမြောက်ထွက်ရသူမှာ မင်းသူဖြစ်သည်။ ကျွန်တော်နှင့် ရဲကြီးထံတွင်လည်း ငွေသိပ်မကျန်တော့။ ဟိုကောင် သုံးကောင်စလုံး မျက်စိမျက်နှာပျက်ကာ ၁၀စက္ကန့်တွင် တစ်ကြိမ်ခန့် ကျွန်တော့်ကို လှမ်းလှမ်းကြည့်ကာ လှုပ်ရှားမည့်အချိန်ကို စောင့်နေကြသည်။ ကံဖြင့် မနိုင်နိုင်တာကြောင့် ကျွန်တော်လည်း Plan B ကို ထုတ်သုံးလိုက်သည်။

ဖဲဝေဟန်ပြင်နေသော တုတ်ကြီးလက်ကိုဆွဲကိုင်ကာ

“မဝေနဲ့ဦး ငါဖဲထုတ် စစ်မယ်.. ”
“ဖဲထုတ်စစ်မယ်.. ဘာဖြစ်လို့လဲ”
“မင်းဖဲခိုးထားလား စစ်မှာပေါ့ကွ”

“ငါက ဘာလို့ဖဲခိုးရမှာလဲ စစ်ချင်စစ်..ရော့” ဟုဆိုကာ ဖဲထုတ်လှမ်းပေးသည်။

ဖဲထုတ်ကိုယူကာ တစ်ချပ်ချင်းစီ အောက်ပစ်ချပြီး အားလုံးမြင်အောင် ရေတွက်ပြသည်။ မျက်လုံးတွေအားလုံး ဖဲချပ်များထံတွင် စူးစိုက်ကြည့်နေကြသည်။ ဖဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်ကာ ဖဲရွက်ရေတွက်သံ တစ်ခုသာ ထွက်ပေါ်နေ၏။ အချပ်ရေ ၄၀ ကျော်ပြီးနောက် အားလုံး သံပြိုင် ဝိုင်းရွတ်ကြသည်။

“၄၅.. ၄၆..၄၇.. ၄၈..၄၉.. ၅၀… ကဲ ၅၁ တွေ့လား တစ်ချပ်လိုနေတယ်.. ”

သေချာအောင် တုတ်ကြီး နောက်တစ်ကြိမ် ပြန်လည်ရေတွက်သော်လည်း ဖဲထုတ်မှာ ၅၁ ချပ်ထဲ ရှိကာ တစ်ချပ်လိုနေသည်။ ကျွန်တော်တို့အားလုံး စူးစူးဝါးဝါး စိုက်ကြည့်နေတာကြောင့် တုတ်ကြီး ပြာပြာသလဲငြင်းသည်။

“ ငါမယူထားဘူးနော်.. ငါမသိဘူး.”

“မင်း မယူလို့ ဘယ်သူယူမလဲကွ..”

“  မင်းဖဲကောင်းလှချည်လားလို့ ထင်နေတာ ဖဲခိုးထားတာကိုး”
“ဒါမျိုးတော့ မလုပ်သင့်ပါဘူးကွာ”
“ခိုးထားတဲ့ဖဲချပ်ထုတ်ပေး”

အချိန်ကျပြီဆိုတာကို နပ်သည့် ဟိုသုံးကောင် တုတ်ကြီးကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့သည်။

“ငါ မယူပါဘူးဆို ဘယ်လိုထုတ်ပေးရမှာလဲ”
ထိုအခါ ကျွန်တော်မှ 

“အေး .. မင်းမယူထားတာ သေချာရင် အင်္ကျီ ချွတ်ပြ” 

တုတ်ကြီးက သူ့အင်္ကျီကို ခပ်သွက်သွက်ချွတ်ပြသည်။ အိပ်ကပ်များထဲတွင်ပါ နှိုက်ပြသည်။ ဖဲချပ်က ထွက်မလာ။ 

“ မင်းပုဆိုးပါချွတ်” 

တုတ်ကြီး ဝတ်ထားသော ပုဆိုးကို ကွင်းလုံးချွတ်ပြကာ လေထဲတွင် ခါရမ်းပြသည်။ ဖဲတစ်ချပ်က ရှောင်ပုန်းကောင်းနေဆဲ။ တုတ်ကြီးထံတွင်တော့ အောက်ခံဘောင်းဘီတိုလေးသာ ကျန်တော့သည်။

“ကဲ ယုံပြီလား.. ငါမခိုးပါဘူးဆို”

“မယုံသေးဘူး.. မင်း အဲဒီဘောင်းဘီပါချွတ်.. ”

“ အဲ.. အဲဒါ ချွတ်ရင် အကုန်ပြောင်ပြီပေါ့ကွ။ တကယ်မယူထားပါဘူးကွာ”

ဟိုကောင်သုံးကောင်ကတော့ ဝေခွဲမရသည့် အကြည့်ဖြင့် လှမ်းကြည့်နေကြ၏။

“မင်းမချွတ်ရင်တော့ မင်းခိုးတာပဲလို့ သတ်မှတ်ရမှာပေါ့.. အဲဒါဆို ငါတို့ပိုက်ဆံတွေ ပြန်ယူရလိမ့်မယ်”

သူနိုင်ထားသည့်ပိုက်ဆံတွေ ပြန်ပေးရမှာ စိုးရိမ်သည့်လောဘစိတ်ကြောင့် နောက်ဆုံးလက်ကျန် အောက်ခံ ဘောင်းဘီတိုလေးကို ဆွဲချွတ်လိုက်ရတော့သည်။ တုတ်ကြီး အောက်ခံဘောင်းဘီတိုလေး ဆွဲချွတ်နေချိန် လက်မအားသည်ကို အခွင့်ကောင်းယူပြီး ကျွန်တော်မှ ခင်းထားသောပုဆိုး၏ အနားလေးဘက်ကို စုကိုင်ကာ ထပြေးတော့သည်။ ထိုပုဆိုးထဲတွင် အားလုံး၏ ငွေများ ရှိနေသည်။

“ ဟေ့ကောင်တွေ ပြေးကြဟ..”

ပြောပြောဆိုဆိုဖြင့် ရှေ့ကဦးဆောင်ပြီး  ထွက်ပြေးတာကြောင့် ဟိုသုံးကောင်မှာ ဖိနပ်များကို လက်က ဆွဲပြီး ကမန်းကတန်း ထပြေးကြတော့၏။ သူ့ပိုက်ဆံတွေ ပါသွားသဖြင့် တုတ်ကြီး အနောက်က အော်ဟစ်ကာ ပြေးလိုက်လာသည်။ အိမ်ဝရောက်ပြီးမှ သူကိုယ်တုံးလုံးကြီး ဖြစ်နေတာ သတိရတာကြောင့် အိမ်ထဲပြန်ဝင်ပြေးကာ အ၀တ်အစားဝတ်ပြီး ကျွန်တော်တို့နောက် လိုက်လာသေးသည်။ သို့သော် ထိုအချိန်တွင် ကျွန်တော်တို့မှာ လမ်းထိပ်တွင် ကြိုတင်စောင့်ခိုင်းထားသော ကားဖြင့် တုတ်ကြီးလိုက်မမှီနိင်သည့်နေရာသို့ ရောက်ရှိ လွတ်မြောက်သွားပြီဖြစ်သည်။ 
~~~~~~~~~~~~~~~။

“ချီးယားစ်”

မီးပုံမှ ဖြာထွက်နေသော အလင်းရောင်အောက်တွင် ဘီယာဖန်ခွက်ခြင်း ထိခတ်သံချိုလွင်စွာ ထွက်ပေါ်လာသည်။ ကျွန်တော်တို့ ရောက်ရှိနေသည်က ကမ်းခြေတစ်ခုတွင်ဖြစ်၏။ ညနေကတည်းက ကြိုတင်စီစဉ်ထားသောကားဖြင့် ကမ်းခြေအထိရောက်အောင် မောင်းလာခဲ့ကြခြင်းဖြစ်သည်။ ကားပေါ်မှာ ထဲက စတင်ခဲ့သော အပျော်တို့သည် မီးပုံပွဲနှင့်ဘီယာဝိုင်းတွင် အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေပြီ။

ငွေရလာသည်ထက် တုတ်ကြီးကို ပြန်လည် လှည့်စားနိင်ခဲ့တာကို အားလုံးပျော်ရွှင်ကြခြင်းဖြစ်သည်။ တုတ်ကြီးကျွန်တော်တို့ကို အကျော်အခွဇယားခင်းပြီး တစ်ပတ်ရိုက်သွားတုန်းက ကျွန်တော်တို့ အကြွေးပါတ်လည်ဝိုင်းကာ ဒုက္ခရောက်ခဲ့ဖူးသည်။ ခုတော့ဒီကောင်ခံရသည့်အလှည့် ပြန်ရောက်ခဲ့ပြီ။ 
နှုတ်ခမ်းတွင်ပေနေသော ဘီယာအမြုပ်များကို လျှာဖြင့်သပ်ရင်း မင်းသူမှ..

“ ဖဲဝိုင်းမှာ မင်း ပညာစွမ်းတွေပြပြီး အနိင်ယူမယ်လို့ ငါကထင်ထားတာကွ မင်းက ကလေးအကွက်သုံးပြီး လုပြေးတာကိုး ဟားဟား”

ပြောပြီးရယ်တာကြောင့် ကျွန်တော်တို့ အားလုံး လိုက်ရယ်ကြသည်။

“ ငါက အဲဒါတွေမှ မလုပ်တတ်တာ ဒါကြောင့် ဒီကောင်လိုက်မလာနိင်အောင် ကိုယ်တုံးလုံးချွတ်ခိုင်းပြီးမှ ငွေလုပြေးရတာပေါ့။  အကွက်ကတော့ ကလေးအကွက်ပေါ့ကွာ မတတ်နိင်ဘူး။ ပထမတော့ ဖဲရိုက်လို့ နိင်ရင်မလုဘူးလို့ တွေးထားတာပဲ ဖဲကလည်း ညံ့ချက်ကွာ”

“ မင်းအစီအစဉ်ကို ကြိုပြောထားရင် အဝတ်အစားအပိုလေးပါ ထည့်ခဲ့လို့ရမှာ”

“ ကြိုပြောထားရင် မင်းတို့မျက်နာပြုံးစိစိဖြစ်နေတာနဲ့ တုတ်ကြီးနပ်သွားမှာ စိုးလို့ကွ”

“ တုတ်ကြီး လောဘဇောတွေတက်ပြီး ကိုယ်တုံးလုံးချွတ်တာကို ငါတော့ ရယ်ချင်လိုက်တာ ဟား ဟား”

အပျော်များဖြင့် ထုံမွှန်းထားတာကြောင့် ရယ်သံများက လွယ်ကူစွာ ထွက်ပေါ်နေသည်။ ရဲကြီးမှ အရယ်ရပ်ကာ မေးခွန်းထုတ်သည်။

“ တုတ်ကြီးဆီက လုပြေးလို့လွယ်အောင် သူ့အိမ်မှာ ဖဲရိုက်ဖို့ချိန်းတာတော့ ငါသဘောပေါက်တယ်။ ဒါပေမယ့်  ပျောက်သွားတဲ့ ဖဲတစ်ချပ်က ဘယ်ရောက်သွားလဲ ဆိုတာတော့ နားမလည်ဘူးဖြစ်နေတယ် ”

“ အေး... ဟုတ်တယ် ငါတို့လည်း အဲဒါသိချင်နေတာ ဖဲချပ်က ဘယ်မှာလဲ”

ကိုင်ထားသောခွက်ထဲမှ လက်ကျန်ဘီယာကိုအပြတ်ရှင်းပြီး သိချင်နေကြသော အဖြေကိုပြန်ပေးလိုက်သည်။

“ ရှင်းရှင်းလေးပါကွာ.. အဲဒီမတိုင်ခင် ငါအပေါ့ထသွားရင်း အိမ်သာခွက်ထဲ ပစ်ချလိုက်တာ ”

“ ဟား ဟား ဟား ”

ကမ်းခြေတစ်လျှောက်တွင် လတ်ဆတ်ပေါ့ပါးသော ရယ်သံများ လွင့်ပျံသွားလေသည်။

။.........................................................................။

ဤဝတ္ထုသည် အကျော်အခွဇယား(၁) ၏ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်သော်လည်း သီးခြားတစ်ပုဒ်အနေ ဖြင့်လည်း ဖတ်နိင်ရန် ပေါ့ပေါ့ပါးပါး ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်။

41 comments:

အဖြူရောင်နတ်သမီး said...

ဟိ..
ဖတ်သွား၏...
တုတ်ကြီးအဖြစ်ကို မျက်စိထဲမှာ မြင်ယောင်မိသေး...

Anonymous said...

ပေါက်ပေါက်ရှာရှာတွေးတက်တယ်

Anonymous said...

ဟားဟား..
ကလေးနည်းကြီးတော့..
သိသားးပဲ နောက်ဆုံးတော့ ကြံရာမရရင် အဲလိုညစ်တတ်တယ်ဆိုတာ..။
မြတ်မွန်

မေသိမ့်သိမ့်ကျော် said...

ကွင်းကွင်းကွက်ကွက်ကို မျက်လုံးထဲပြေးမြင်တာ။ ဟားဟား ပိုင်သကွာ။ ပိုင်ချက်ကတော့ ဟိဟိ။ သင်ထားဦးမှ ဆရာ့ဆီက။ ဖတ်ရတာ အူထဲလိမ့်နေပြီ။ ဟီးဟီ။

sosegado said...

အမယ်လေး၊ ‘တုတ်ကြီး’ကိုမှချွတ်ခိုင်းရတယ်လို့၊
ပိုက်ဆံမက်ပြီး ဆက်လိုက်လာရင် ဒုက္ခ
ချွတ်ပြလိုက်ရတဲ့ တုတ်ကြီး၏ လက်စားခြေခန်းကို အပိုင်း ၃ မှာ စောင့်ကြည့်ပါမယ်။

ခနွဲ said...

နည်းပညာတော့ ရပြီ။ နောက်ဆိုရင် ဒီလိုပဲ လုပ်ရတော့မယ်။

Anonymous said...

နာမည်နဲ့ လူနဲ့လိုက်တယ် အကွက်တွေ အများကြီးလည်း ခင်းတတ်သေး မလွယ်ပါလားနော်...နိဂုံချုပ်မှာတော့ ကောင်း၏...။
မြတ်မြတ်

kiki said...

ဟားဟားဟား ၊ ကို ပိုင် ပဲ နော် ..မပိုင်ရင် မလုပ်ဖူး..
ဖဲ သမား ပီသ ပါပေတယ် ။
တုတ်ကြီး တယောက် ပိုက်ဆံဇော နဲ့ နောက်က ပြေးလိုက်လာရင် ဘယ့်နှယ် ဆက်လုပ်ကြ မတုံး..

စကားမစပ်“ ကိုပိုင်” ကြီးလာ ရင် “ဦးပိုင်” လို့  ခေါ်ကြရမှာနော် .. ကပ်ထားအုံး မှပဲ ဦးပိုင် ကြီးကို .း))

ခင်တဲ့ မကိ

ရွှေရတုမှတ်တမ်း said...

တုတ်ကြီးကို အာခိမိဒီးစ် ဆီမှာ သင်တန်းတက်ခိုင်းရမယ်...

ချမ်းလင်းနေ said...

ကလေးကွက်ဆိုပေမယ့် စိတ်ကူးကောင်းတဲ့ ကျော်ခွနည်းပါပဲ။

YoungGun said...

တုတ်ကြီး ဘယ်တော့ခံရမလဲ စောင့်နေတာ. အားရပါးရ ..ခံလိုက်ရတော့ စိတ်တောင်မကောင်းဘူး. ပျော်တယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖဲရိုက်တုန်းက အဖြစ်အပျက်တွေပေါ့ ဟုတ်လားး)
တုတ်ကြီးခမြာ သနားစရာ။
မောင်ပိုင်ရဲ့လုပ်ကြံခြင်းခံလိုက်ရတယ်. ဒီနည်းနဲ့တော့ မလုပ်သင့်ပါဘူး။ သူ့ခမြာလက်နက်မဲ့နေတဲ့အချိန် ။
ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောဖတ်သွားပါတယ်..
ရယ်လိုက်ရလို့ ဗိုက်တောင်ဆာသွားသေးး)

ကွာစေ့လေး said...

ဟလို.. ဦးတွမ်တီးတူးရေ

ပေါ့ပေါ့ပါးပါး လေးကို အားရပါးရဖတ်သွားပါတယ်..
နောက်များမှာလဲ ဒီထက်ပေါ့ပါးတဲ့ဟာသလေးတွေ
ရေးနိုင်ပါစေ.....
အကြံတော်တော်ကြီးတဲ့သူဆိုတော့ သတိထားရမယ်..း)
ဦးတုတ်ကြီးနေရာမှာ ဦးတွမ်တီးတူး ကို အစားထိုးပြီး ဖတ်သွားတယ်....း)
အားပေးလျက်.... အချစ်ကြောင်းလေးမျှော်နေတယ်နော်..

JUSTICE999BURMA said...

အော်........ ဖြစ်ရလေ တုတ်ကြီးရယ်.. ကျောင်းသားဘ၀က ဖဲခိုးရိုက်တာလေး သတိရတယ်... ရှမ်းကိုးမီးပါပဲ... ရှုံးလဲ မရှုံးဖူးသလို နိုင်လဲ မနိုင်ဖူးခဲ့ဘူးဗျ... ပျော်ဖို့ တော့ကောင်းပါတယ် ငွေကြေးကြီးဝိုင်းလဲ မဟုတ်တော့ အေးဆေးနဲ့  ပွဲသိမ်းဖြစ်ကြတာများတယ်.... နိုင်တဲ့ကောင် မနက်စာလိုက်ကျွေးတာကို ၀ိုင်းစားကြတယ်....

(သတိရမိပါ့ဗျား)

ကိုအောင်(ပျူနိုင်ငံ) said...

ဖဲမရိုက်ရတာ ကြာပြီဗျာ၊ လွမ်းလိုက်တာ၊ ရှမ်းကိုးမီးထက် တစ်ချက်မှောက်ကို ပိုကြိုက်တယ်၊ ဖဲ ... ဖဲ ...

ချစ်ကြည်အေး said...

ပိုင်သကွာ....၊ နောက် ဘယ်လိုကြုံကြုံ အဲဒီ မောင်ပိုင်နဲ့ ဖဲ မကစားဘူး....။ လူလည်....ဟဟဟဟ.... :)

နှင်းဟေမာ said...

အရမ်းရယ်ရတယ် အစ်ကိုရေ ...
တုတ်ကြီးတော့ သနားပါတယ်းD
နောက်ထပ်ဘယ်လိုများတုတ်ကြီးက တုံ့ပြန်မှာပါလိမ့်
စောင့်မျှော်လျှက်ပါ

နာမည်မရှိ said...

တုတ်ကြီးရဲ့အတွင်းခံဘောင်းဘီက ဘာအရောင်လဲဟင်..အော်...ပြီးတော့ နာမည်က တုတ်ကြီးနော်...အော်...တုတ်ကြီး၊ တုတ်ကြီး...

ဆွေလေးမွန် said...

ကလေးအကွက်လဲ တစ်ခါတစ်ခါ ထိထိမိမိ၇ှိတယ်နော်..
တုတ်ကြီးတောင် ကိုယ်လုံးတီးဖြစ်တယ်..စွမ်းပ
ဟားဟား...

flowerpoem said...

တုတ်ကြီး ကတော့ဒီတစ်ခါ ခံအလှည့်ပေါ့. .

သာမီး ဆလူး said...

ပါးပါး ညစ်ပတ် ရေမချိုး ဘာမှမဟုတ်ဘူး သူများပစ္စည်း ကြည့်ချင်လို့မလား ဟင်းး ဟင်းးး မသိရင်ခက်မယ် ခစ်ခစ်

ချင်းတွင်းသူ said...

တုတ်ကြီးကတော့ လှလှပပကြီး ခံလိုက်ရတယ်နော်..။

Anonymous said...

ကိုမျှစ်ချိုးရေ

ဖတ်သွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လရိပ်အိမ် said...

ဒီလောက်လည်တဲ့ကောင်ကို ဒီလိုဘဲပညာပေးရမှာပေါ့ဗျာ ဟားဟားဟား

သဒ္ဓါလှိုင်း said...

ကိုမြစ်ရဲ့ အရေးအသားကြောင့် စာဖတ်နေရင်း
မျက်လုံးထဲမှာလည်း မြင်ယောင်နေတယ်။
နည်းလေးကိုလည်း မှတ်သွားပါတယ်။ဒါမှ..
ခင်မင်တဲ့
သဒ္ဓါ

ညီမလေး said...

အင်းးးး တတ်လဲတတ်တယ် သူများကို လှိမ့်ဖို့ဆို .... ဒါပေမဲ့ ဝဋ်ဆိုတာ လည်တတ်တဲ့ အမျိုးနော်....
ကိုယ့်ကျ သူ့ထက်ဆိုးနေမယ် သတိထားပါ မောင်ပိုင်း)) ။

မိုးယံ said...

ပေါက်ပေါက်ရှာရှာ ကြံတတ်တာ တို့ ကိုပိုင်ပါ... မဟုတ်ခသုတ်ခ ကြံတတ်တာ တို့ ကိုပိုင်ပါ...


အချင်းချင်းတွေကို ဒွတ်ခပေးဖို့ဆို သူ့အကြံတွေချည်းပဲ။


တုတ်ကြီးရဲ့ပုံ မျောက်စိထဲမြင်ပီး အဲဒီည ထမင်းမစားတော့ဘူး...။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ရေးလည်းရေးတတ်ပါခင်ဗျာ-ဘယ်လိုအတွေးတွေများ
ဘယ်လိုစဉ်းစားပြီးနေသလဲမသိ။ဒါမှမဟုတ်ကိုယ်တိုင်ဘဲ
တုတ်ကြီးငဖြိုးများလား - - - -
ဟားဟားဟား
ပျော်ရွှင်စွာရီမောသွားတယ်-

မောင်လေး said...

ဟားဟား...တုတ်ကြီးတော့ဒီတခါခံလိုက်ရပြီပေါ့...။
ကြည့်ရတာ..တုတ်ကြီးက ကိုမြစ်များလားမသိ....:)

Anonymous said...

ဆရာမြစ်
လာဖတ်သွားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ကလေး အကွက်ကရော ဆရာမြစ်များ သွားပြီး အကြံပေးလိုက်တာလားဗျာ။
ခင်မင်စွာဖြင့်
mmzh

လင်းစင်ယော် said...

တော်လိုက်တဲ့ ကိုပိုင်.......
ဟိဟိ တုတ်ကြီး သနားပါတယ်...
အားပေးသွားပါတယ်ရှင်........

ကိုကိုမောင်(ပန်းရနံ့) said...

တော်ပီ။ နောက်ဆို ဒီဘလော့ဂါနဲ့ ဖဲမရိုက်တော့ဘူး။းဝ))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးစက်အိမ် said...

တုတ်ကြီးကဇယား1မှာ အာမခံကြေးကို ကျော်ခွ
ယူသွားသေးတယ် သူ့ သူငယ်ချင်းတွေမလွန်ပါဘူး
ခုလိုဆိုတော့ ပြန်ကျေသွားတာပေါ့း)

ဖိုးသူ said...

အရမ်းဖတ်လို့ကောင်းပါတယ် သည်ရင်းရေ မင်းမြန်မာပြည်ပြန်ပြီး စာရေးဆရာသာလုပ်လိုက်တော့ အခုလိုမျိုး အတိတ်ကအမှတ်တရလေးတွေကို ပြန်ဖတ်ရတော့ မွန်းကျပ်တာတွေ ပြေပျောက်သွားတယ် ကျေးဇူးပဲ သယ်ရင်းရေ နောက်လည်း အပိုင်း၃ ရေးအုံးနော် အားပေးမယ် ဟဲဟဲ ရဲကြီးအိမ်ထောင်ကျသွားပြီဆိုတော့ မင်းနဲ့ငါဘဲ ကျန်တော့တယ်။ဒါပဲ ကွာ။


ဖိုးသူး)

နန်းလေပြေနု said...

ပိုင်ပါပေတယ်.. ဦးပိုင်ရယ်။
:)

blackcoffee said...

ဟား ဟား ဟားးးးးးးးးး
ကလေးအကွက် ဆိုပေမယ့် တော်တော်ကို ထိမိတဲ့ အကွက်ဘဲ။ တုတ်ကြီး တော်တော်အီစိမ့် သွားမယ်။ ဖဲနိုင်ပေမယ့် ပိုက်ဆံတွေ အကုန်ရှုံးသွားလို့ လေ....

ညယံ said...

ဟ ဟ...အကြံကတော့ ပိုင်တယ်နော် ...
အဲဒီလိုပဲ ယောကျာ်းလေးဆောင်တွေမှာ နိုင်တဲ့လူရဲ့ ပိုက်ဆံထုတ်ကို ဆွဲဆွဲပြေးလို့ မော်ကွန်းထိန်းရုံးမှာ ပြသာနာ ခဏ၊ခဏတက်ကြတာ ကြားဖူးတယ်။ :D

An Asian Tour Operator said...

တခါတလေတော့ လဲ ဒီအကွက် မျိုးက သာပြီး စိတ်ချရတယ်။

မေဓာဝီ said...

ဒီတခါ အကျော်အခွဇယားက ခလာအထေးလိုပဲ ... ပညာသားသိပ်မပါဘူး။
ကြံရာမရရင် အဲလိုပဲ ညစ်တယ်ပေါ့ ဆရာမြစ် အကြောင်း ကောင်းကောင်းသိသွားပြီ :))

mosquito said...

ဟားဟားဟား.... ကဲ... ရီပလိုက်တယ်... ချိတ်ငစ်တာတောင် ပျောက်သွားပြီ... :P

May everybody be happy and healthy! said...

နောက်မှအကိုဆီက ပညာတွေညာပြိးသင်ခိုင်းရမယ်ဟိဟိ:P:P:P:P

 

Posts Comments

©2006-2010 ·TNB