ဥာဏ်များတဲ့ဘကြီးမြစ်

21 February 2011



ကိုယ့်လူတို့ကို ကျနော့်ဘကြီး အကြောင်း ပြောပြချင်သေးတယ်။ ကျနော်ဖြင့် ဘကြီးအကြောင်းတွေးမိတိုင်း ပြုံးစေ့စေ့ဖြစ်ရတယ်ဗျာ။ ကျနော်တင်မဟုတ်ပါဘူး၊ ဘကြီးအကြောင်း ကြားရတဲ့သူတိုင်း သဘောတွေကျပြီး လေးစားသွားကြတာချည်းပဲ။ ဒါပေမယ့် ဘကြီးရဲ့ အကြောင်းပြန်ပြောတိုင်း မခံချိမခံသာ ဖြစ်ကြတဲ့ လူတစ်စုတော့ ရှိတယ်ဗျ။ ကိုယ့်လူတို့ကတော့ အဲဒီလူတစ်စုက ဘကြီးရဲ့ ရန်သူတွေလို့ထင်ကြမှာပဲ။ အဲဒီလိုထင်ရင်တော့ တက်တက်စင်အောင် လွဲပြီခင်ဗျ။ အဲဒီလူတစ်စုဆိုတာ ကျနော့်ရဲ့ အစ်ကိုတွေ အစ်မတွေပါပဲ။ ကျနော့် အစ်ကိုတွေ အစ်မတွေဆိုမှတော့ ဘကြီးရဲ့ တူ ၊ တူမ အရင်းကြီးတွေပေါ့ဗျာ။ ဖြစ်ပုံကဒီလိုခင်ဗျ။ 

ကျနော်တို့မှာ အဖေ့ရဲ့အစ်ကိုတစ်ယောက်ရှိတယ်။ သူနာမည်က ကိုမြစ်တဲ့ အသက်ကြီးလာတော့ ဦးမြစ်၊ ဘကြီးမြစ် လို့ ပါတ်ဝန်းကျင်က ခေါ်ကြပေမယ့် ကျနော်တို့ မောင်နှမတွေကတော့ ဘကြီးလို့ပဲ ခေါ်ကြတာပါပဲ။ ဘကြီးက တစ်ကိုယ်တည်း လူပျိုကြီးခင်ဗျ။ ကျနော်တို့ မိဘနှစ်ပါးလုံး ဆုံးပါးသွားတော့ ဘကြီးက ကျနော်တို့နဲ့လာနေတယ်။ အဲဒီအချိန် သူ့အသက်က ၆၀ ကျော်ပြီ။ ဘကြီး ကျနော်တို့အိမ် ရောက်တော့ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော့်အသက်က ၁၃နှစ်ကျော်ကျော်ပဲ ရှိအုံးမယ်။ 

ဘကြီးက လူပေလူတေကြီးဗျ။ ကျနော်တို့နဲ့နေမှသာ အတည်တကျ အိမ်နဲ့ယာနဲ့ နေဖြစ်ပေမယ့် သူငယ်စဉ်က နိင်ငံအနှံ့လျှောက်သွားနေတာတဲ့၊ ၁၂ပွဲဈေးသည်တွေနဲ့ ကူဖော်လောင်ဖက် လိုက်သွားရင်းကနေ ဇာတ်အဖွဲ့နဲ့ခင်ပြီး ဇာတ်အဖွဲ့ထဲ ရောက်ရင်ရောက်သွားပြန်ရော။ ဇာတ်ထဲမှာ နေရင်းကနေ အဖော်အပေါင်းကောင်းရင် ရွှေတူးတဲ့နေရာ ရောက်ချင်ရောက်သွားပြန်တာမျိုးဆိုပြီး  သူ့ငယ်ဘဝကို ပြန်ပြောပြလေ့ရှိတယ်။ လွယ်လွယ်ပြောရရင် ပျော်သလိုပေါ့ပေါ့ပါးပါးနေတဲ့ ဘကြီးပေါ့ဗျာ။ အသက်အရွယ် ရလာတာရယ် ကျနော်တို့ မိဘတွေ မရှိတော့တာရယ်ကြောင့် ကျနော်တို့နဲ့ လာနေတာနဲ့တူပါရဲ့။

ကျနော်တို့အိမ်ကို ဘကြီးရောက်ပြီး တစ်ပါတ်လောက် ကြာတော့ ကျနော်နဲ့ ကိုငယ်ကို မြို့ထဲခေါ်သွားတယ်။ မြို့ထဲကရွှေဆိုင်တစ်ဆိုင်ကို ရောက်တော့ သူ့ဘေးလွယ်အိတ်ထဲက ကတ္တီပါအိတ်ရှုံ့လေးကို ဆွဲထုတ်လိုက်ရော။ အဲဒီ အိတ်ရှုံ့လေးထဲကနေ လက်စွပ်တစ်ကွင်းကို ထုတ်ပြီး ရွှေဆိုင်မှာ ရောင်းလိုက်တယ်။ အဲဒီလက်စွပ် မရောင်းခင် အိတ်ရှုံ့ထဲက တခြားလက်စွပ်တွေ ဆွဲကြိုးတွေ ထုတ်ကြည့်ပြီးမှ စိတ်ကြိုက်တစ်ကွင်းကိုပဲ ရွေးပြီးရောင်းလိုက်တဲ့ ပုံစံခင်ဗျ။ လက်စွပ်ရောင်းပြီးတော့ အိမ်ကို ပြန်လာကြတယ်။ 



အိမ်ရောက်တော့ ကျနော်တို့ မောင်နှမ ၆ ယောက်လုံးကို ဧည့်ခန်းကို လာခိုင်းတယ်။ ပြီးတော့ ခုနက လက်စွပ်ရောင်းလို့ ရလာတဲ့ ငွေတွေကို မောင်နှမ ၆ ယောက်ကို ခွဲဝေပေးတယ်။ မင်းတို့ကို ဘကြီးမုန့်ဖိုးပေးတာလို့ပဲ ပြောတယ်ဗျ။ ဒီငွေတွေ ဘယ်ကရလာတာကိုတော့ ထုတ်မပြောဘူး။ အဲဒီတော့ ဘကြီးအခန်းထဲလည်း ဝင်ရော အစ်ကိုအစ်မတွေက ကျနော်နဲ့ ကိုငယ်ကို ဝိုင်းမေးကြတော့တာပဲ။ ဒီနေ့ဘကြီးနဲ့ ဘယ်သွားတာလဲ၊ ဘာဝယ်ပေးလဲနဲ့ စုံနေအောင်ကို မေးကြတော့တာ။ ဒီတော့ ကျနော်တို့ကလည်း ဘကြီး လက်စွပ်ရောင်းတာတွေ အိတ်ရှုံ့ထဲက တခုပြီးတခုထုတ်ကြည့်ပြီးမှ လက်စွပ်ကို ရွေးပြီး ရောင်းလိုက်တာတွေကို အားပါးတရ ဖောက်သည်ချတော့တာပဲ။ 

အခုလို အသက်ကြီးမှ တွေးမိတာက အဲဒီလို ပြန်ပြောစေချင်လို့ ကျနော်တို့လို နှုတ်မလုံတဲ့ ကလေးတွေကို အဖော် ခေါ်သွားမှန်း သဘောပေါက်တော့တယ်။ အဲဒီတုန်းကတော့ ဘယ်သိပါ့မလဲ။ ကျနော်မသိသလို ကျနော့်အစ်ကိုတွေနဲ့ အစ်မတွေလည်း သိပုံမပေါ်ပါဘူး။ အဲဒီနောက်ပိုင်းရက်တွေမှာတော့ ကျနော်တို့ အိမ်မှာ တီးတိုး တီးတိုးနဲ့ ကျိတ်ပြောတာတွေ ရှိလာတယ်။ အဲဒီအချိန်မှာ ကျနော်က ကလေးဆိုတော့ ဟိုစပ်စပ်ဒီစပ်စပ် လိုက်နားထောင်ရင်းနဲ့ သူတို့ပြောတာတွေ တစွန်းတစ ကြားရတာပေါ့။ 

ပစ္စည်းတွေက မနဲဘူးဟဲ့ ဆိုပြီး အစ်မအကြီးဆုံးက ပြောတော့ အစ်မလတ်က အေးလေ ငါချောင်းကြည့်တာ တွေ့သွားလို့ အထုတ်ထဲ ချက်ချင်းပြန်ထည့်လိုက်တာဟ ဆိုပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြသလို ကျနော့် အစ်ကိုတွေကလည်း ဘကြီးအခန်းဝနားမှာ ဝေ့လည်လည်လုပ်ပြီး အခန်းထဲချောင်းချောင်း ကြည့်ကြတယ်ဗျ။ 

အဲဒီနောက်ပိုင်းကစပြီး ကျနော်တို့အိမ်မှာ ကတ္တီပါအိတ်ရှုံ့လေးက အထူးခြားဆုံး သတင်းဖြစ်သွား တော့တာပဲ။ ဘကြီးကိုလည်း တစ်အိမ်လုံး ဂရုစိုက်လိုက်တာများ ပြောမနေနဲ့တော့  ကော်ဖီဖျော်တိုက်တဲ့အစ်မနဲ့ နွားနို့ကျိုပေးတဲ့ အစ်ကိုလည်း သူ့ကော်ဖီ နဲ့ ငါ့နွားနို့ ဘယ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပြီး ငြင်းကြခုန်ကြ၊ မိုးလေးနဲနဲအေးတာနဲ့ ဘကြီးရေချိုးဖို့ ရေနွေးအိုး တည်ပေးတဲ့သူနဲ့ ဘကြီးဘာစားချင်လဲဆိုပြီး အမြဲမေးတဲ့သူနဲ့ အပြင်က ပြန်လာရင် ဘကြီးအတွက် မုန့်ဝယ်လာပေးတဲ့သူနဲ့ ဝိုင်းဂရုစိုက်လိုက်ကြတာများ ပြောမဆုံးပေါင်ပဲ။ အုန်းနို့ခေါက်ဆွဲ ဝယ်လာပေးတဲ့ အစ်မလတ်တောင် ဘကြီးကိုသွေးတိုးအောင် လုပ်တာလားဆိုပြီး ဝိုင်းဆူတာ ခံလိုက်ရသေးတယ်။  

ဘကြီးနဲ့ အမြဲအတူတူရှိတဲ့ ကျနော့်ကိုလည်း အိတ်ရှုံ့ထဲမှာ ပစ္စည်းတော်တော်များလား၊ အထဲမှာ ဘာတွေတွေ့လဲ ဆိုပြီး တစ်ယောက်တစ်လှည့် အပြင်ခေါ်ထုတ်ပြီး မေးကြတာ။ ဘကြီးကလည်း ဘကြီးပဲဗျ။ ကျနော်ကို သူငယ်ငယ်က အကြောင်းတွေ ပြောရင်းကနေ 'နေအုံးငါ့ပစ္စည်းတွေ ရှိသေးရဲ့လား' ဆိုပြီး သူ့ဘီဒိုကို သော့ဖွင့်ပြီး အိတ်ရှုံ့လေးကို ဖွင့်ကြည့်လားကြည့်ရဲ့နဲ့၊ မလုံတလုံလုပ်မှ လူပိုစိတ်ဝင်စားမှာကို သဘောပေါက်တဲ့ ဘကြီးက သူ့အိတ်ရှုံ့လေးထဲမှာ ရတနာတွေ ရှိတာကို ပါးပါးလေးနဲ့ အားလုံးသိအောင် လုပ်သွားမှန်း အသက်ကြီးမှ သိတာပဲ။ အဲဒီတုန်းကတော့ သူအိတ်ရှုံ့လေးကို မသိမသာဖွင့်ပြီး ပစ္စည်းထုတ်စစ်တာတွေကို  ကျနော် ဖောက်သည်ချတာနဲ့ အိမ်ကလူတွေ အကုန်သိတာပါပဲ။ ဒီတော့ အိတ်ရှုံ့လေး တန်ခိုးနဲ့ ဘကြီးလည်း အနေအစား ဇိမ်ကိုကျလို့။ 

ကျနော်တို့အိမ် ဘကြီးရောက်ပြီး တစ်နှစ်လောက်နေတော့ အိတ်ရှုံ့ထဲက ဆွဲကြိုးခပ်သေးသေး တစ်ကုံးထုတ်လာပြီး အစ်မအကြီးဆုံးကို သွားရောင်းခိုင်းတယ်။ ရလာတဲ့ငွေလည်း ကျနော်တို့မောင်နှမ ၆ ယောက်လုံးကို ခွဲပေးတာပါပဲ။ ခက်တာက ဘကြီးက သူ့အိတ်ရှုံ့လေး အကြောင်းကို စကားအစကိုမခံတာဗျ။ အစ်မတွေကလည်း သွေးတိုးစမ်းတယ်လေ။ ထမင်းစားရင်းနဲ့ ဘကြီးအရှေ့မှာ အချင်းချင်း အတိုင်အဖောက် ညီညီနဲ့ပြောကြတယ်။ မနက်ဖြန်အလှူက မသွားလို့ကလည်းမကောင်း သွားဖို့ကလည်း လက်ဝတ်လက်စားက မရှိနဲ့ ငါတော့ စိတ်ညစ်တာပါပဲဟယ် ဆိုပြီး ညည်းပြလည်း ဘကြီးက မသိချင်ယောင်ဆောင်ပြီး ထမင်းသာ ငုံ့စားနေတာပဲ။ 

ဘကြီးစိတ်ကွက်မှာစိုးလို့ ဇွတ်လည်းမပြောရဲဘူး။ သူတို့ကိုယ်တိုင်လည်း ကတ္တီပါအိတ်ရှုံ့လေးကို မသိချင်ယောင် ဆောင်ပေးကြတယ်။ သဘောကတော့ ဘကြီးမှာ ဘာရတနာပဲ ရှိရှိမရှိရှိ တူ၊တူမတွေက တကယ်ချစ်တာပါဆိုတဲ့ စတိုင်ဖမ်းထားကြတာဗျ။ ဒါတွေကလည်း အခုလို အသက်ကြီးလာမှ လူတွေရဲ့ သဘောမနောကို သိလာပြီး အဲဒီတုန်းက အထာတွေကို သဘောပေါက်မိတာပါ။ ဒီလိုနဲ့ တစ်သက်လုံး ပေပေတေတေနေတုန်းက မဖျားမနာတဲ့ ဘကြီးခင်မျာ ကျနော်တို့အိမ်ရောက်ပြီး ၃နှစ်မြောက်မှာ ဆုံးသွားတယ်။ 

ဘကြီးသေတော့ ကျနော့်အသက်က ၁၆နှစ် ပြည့်တော့မယ်။ သေတာကတော့ နာတာရှည်အဆုတ်ရောဂါနဲ့ သေတာပါ။ ငယ်ငယ်က ပေပေတေတေနေခဲ့တဲ့ ဒဏ်တွေကြောင့်နဲ့တူပါရဲ့။  ဘကြီးသေပြီလည်း ကြားရော ဘကြီးအလောင်းကို ဘေးနားထားပြီး ကျနော်တို့ မောင်နှမတစ်စု သူ့ဘီဒိုသော့ကို အသဲအသန် ရှာကြတော့တာပဲ။ ကျန်တဲ့သူတွေကလည်း ဘေးကနေ ညီညီမျှမျှနော် မတရားမလုပ်ကြနဲ့ ဆိုပြီး ဝင်ဝင်ပြောတယ်။ 

သော့လည်းတွေ့ရော အစ်မအကြီးဆုံးက ဖြတ်ခနဲ ဆွဲယူပြီး အခုမကြည့်နဲ့အုံး ဘကြီးအလောင်း မြေကျပြီးမှ ခွဲဝေမယ်တဲ့။ ဒီတော့ အစ်ကိုလတ်က ဒါဆိုသော့သူသိမ်းထားမယ်တဲ့ ဝင်ပြောတယ်။ ငါအကြီးဆုံး ငါပဲသိမ်းမယ်ဆိုပြီး အစ်မက ထပ်ပြောတော့ ဒါဆို အခန်းတံခါးကို သော့ခတ်ပြီး သူသိမ်းထားမယ်တဲ့ အစ်ကိုလတ်က ပြန်ပြောတယ်။ ကျန်တဲ့သူတွေကလည်း အဲဒါကောင်းတယ်ဆိုပြီး  ဝိုင်းထောက်ခံကြတာနဲ့ အစ်မကြီးက ဘီဒိုသော့သိမ်းပြီး အကိုလတ်က အခန်းသော့ သိမ်းထားတယ်။ ကျနော့်ကိုတော့ အစ်ကိုငယ်က ခပ်တိုးတိုး တိုင်ပင်တယ်။ သူတို့နှစ်ယောက်ကို သတိထားကြည့်ထားတဲ့။ ဒါနဲ့ ကျနော်လည်း ဘကြီးနာရေး ဝေယျာဝစ္စတွေလုပ်ရင်း သူတို့ကိုလည်း အကဲခတ်ရတာပေါ့။ 

ဒီလိုနဲ့ ဘကြီးအလောင်းမြေကျပြီး ညနေမှာပဲ မောင်နှမ ၆ ယောက်လုံး ဘကြီးအခန်းထဲမှာ စုမိကြတယ်။ အခန်းတံခါးကို ပိတ်လိုက်ပြီး ဘီဒိုဖွင့်ဖို့ပြင်ကြတယ်။ ပေးထားတဲ့ခေါင်းစဉ်နဲ့ ဒီလောက်ရေးပြထားရင် ဒီကတ္တီပါအိတ်ရှုံ့မှာ လှည့်ကွက်တစ်ခုခုရှိနေမယ်ဆိုတာ ကိုယ့်လူတို့ သဘောပေါက်နေပါပြီ။ အမှန်ပဲဗျ။ အဲဒီအိတ်ရှုံ့မှာ လှည့်ကွက်ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ပြီးအောင်တော့ဖတ်ဗျာ။ ကိုယ့်လူတို့ထဲမှာ လူပျို ၊အပျို ကြီးဘဝနဲ့ တူ၊ တူမတွေနဲ့ ဘဝနေဝင်ချိန်ကို ဖြတ်သန်းရမယ့်သူ ပါလာခဲ့ရင် ဘကြီးရဲ့ အကွက်လေး အသုံးဝင်လို ဝင်ငြားပေါ့။ 

ဆက်ရရင် အစ်မကြီးက ဦးဆောင်ပြီး ဘီဒိုဖွင့်လိုက်တယ်။ ပြီးတော့ ဘီဒိုအပေါ်ဆုံးအထပ်က သေတ္တာ အသေးလေးကို ဆွဲထုတ်တယ်ခင်ဗျ။ အဲဒီသေတ္တာထဲမှာ ကတ္တီပါအိတ်ရှုံ့ကို ထည့်သိမ်းထားတာလေ။ အဲဒါနဲ့ သေတ္တာကို မောင်နှမ ၆ ယောက်အလယ်မှာ ချပြီး အစ်မကြီးက ဖွင့်လိုက်တယ်။ အဲဒီသေတ္တာထဲမှာ အားလုံးမျှော်လင့်ထားတဲ့ ကတ္တီပါ အိတ်ရှုံ့လေးရှိနေတယ်။ ကတ္တီပါအိတ်ရှုံ့လေးကို ဆွဲယူလိုက်တဲ့ အစ်မရဲ့ လက်က တုန်နေတာ ကျနော်အခုထိ မျက်စိထဲက မထွက်သေးဘူး။ သူက လက်တုန်နေသလို ကျနော်တို့အားလုံးလည်း ကိုယ်စီကိုယ်စီ ရင်တုန်နေကြတာပါပဲလေ။ အိတ်လေးကို ဟပြီး သွန်ချလိုက်တော့ အထဲကနေ ဆွဲကြိုးတွေ လက်စွပ်တွေ အစိမ်းရောင် အနီရောင်ကျောက်အသေးလေးတွေ ထွက်လာတယ်။ 

အဓိကပစ္စည်းတစ်ခုလည်း ထွက်ကျလာတယ်။ အဲဒါက စာရွက်ခေါက်လေးပါပဲ။ ဒါပေမယ့် ကျနော်အပါအဝင် ဘယ်သူမှ စာရွက်ခေါက်ကို ဂရုမစိုက်နိင်ပါဘူး။ ရတနာတွေကိုပဲ မျက်တောင်မခတ် ငေးနေမိကြတယ်။ တခုစီကိုင်ကြည့်ကြတယ်။ ကျနော်လည်း ကိုင်ကြည့်တာပါပဲ။ နောက်တော့ အစ်ကိုငယ်က စာရွက်ကို ဆွဲယူပြီး ဖွင့်လိုက်တယ်။ ပြီးတော့ အားလုံးကြားအောင် ဖတ်ပြတယ်။ အဲဒီစာလည်းဆုံးရော အစ်ကိုတွေ အစ်မတွေဆိုတာများ ဒေါသတွေထွက်လိုက်ကြတာ အံတကြိတ်ကြိတ်နဲ့ ဖြစ်ကုန်ပြီး အခန်းထဲက ထွက်သွားကြတော့တာပဲ။ သူတို့စိတ်ဆိုးဆိုးနဲ့ ပစ်ချထားခဲ့တဲ့ အဲဒီစာကို ကျနော်သိမ်းထားလို့ အခုထိရှိသေးတယ်။ အထဲမှာ ရေးထားတာက ဒီလိုခင်ဗျ။

ဘကြီးကို သိပ်ချစ်ကြတဲ့ တူ၊တူမကြီးတို့ရေ...
ဒီစာဖတ်နေချိန်မှာ ဘကြီးလူ့လောကမှာ မရှိနိင်တော့ပါဘူး။ ဘကြီးရဲ့ရောဂါအခြေအနေကို  သိထားလို့ ဒီစာကို ကြိုပြီရေးထားခဲ့ပါတယ်။ ဘကြီးမသေခင်မှာ ဂရုတစိုက်နဲ့ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာအတွက် ဘကြီးသိပ်ကျေးဇူးတင်တယ်။ တူ ၊ တူမကြီးတို့လည်း ကုသိုလ်တွေ အများကြီး ရမှာသေချာပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်တဲ့ ဘကြီးအတွက် အိုကံကောင်းဖို့ဆိုတာ ဥာဏ်ကူမှ ရမှာကိုသိလို့ ဘကြီးပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး အပေါင်ဆုံး လက်စွပ်တကွင်းနဲ့ ဆွဲကြိုးတကုံး ဝယ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေလည်း ဘကြီး ပြန်ရောင်းချပြီး တူ ၊ တူမကြီးတို့ကို ခွဲဝေပေးခဲ့တာ အားလုံးအသိပါ။ ဒီထဲမှာ ကျန်နေသေးတဲ့ ပစ္စည်းတွေက အစစ်တွေမဟုတ်ပါဘူးကွယ်၊ အတုတွေပါ။ ဒါကြောင့် ကိုယ့်မိဘအမှတ်နဲ့ ကျွေးမွေးပြုစုခဲ့တယ်မှတ်ပြီး သာဓုခေါ်ရစ်ကြပါ။ တူ တူမကြီးတို့လည်း အိုကံကောင်းပါစေကွယ်။

မင်းတို့တတွေသိပ်ချစ်ခဲ့တဲ့ ဘကြီးမြစ်


တဲ့လေ။ လက်မှတ်ထိုးထားတာတောင် မင်းတို့တတွေသိပ်ချစ်ခဲ့တဲ့ ဘကြီးမြစ်ဆိုပဲ။ မျှော်လင့်ချက်ကြီးခဲ့ရတဲ့  အစ်မတွေ၊ အစ်ကို တွေဆိုတာ အံတကြိတ်ကြိတ်နဲ့ပေါ့။ ကဲ.. ဘယ်လောက်ပိုင်လိုက်တဲ့ ဘကြီးလဲဗျာ။ အစစ် နှစ်ခုကို ရင်းပြီး ဇိမ်ကျကျနေသွားတာများ ကြားရသူတိုင်း သဘောတွေကျလို့ အဲ..ကျနော့် အစ်မတွေ အစ်ကိုတွေတော့ မပါဘူးပေါ့ဗျာ။ ကျနော်လည်း သဘောကျတာပါပဲ။ ဘကြီးကို ကျနော်က ဘာမှ ဝယ်မကျွေးလိုက်ရဘူးလေ၊ ကပ်ပြီးတော့တောင် စားလိုက်ရသေးလို့ ဘကြီးကို သဘောကျတဲ့သူတွေထဲမှာ ကျနော်လည်း ပါတာပေါ့။ အစ်ကိုလတ်ကတော့ သံယောဇဉ် မကုန်သေးတာနဲ့တူပါရဲ့။ သူ့သူငယ်ချင်း ပန်းထိမ်ဆရာတစ်ယောက်ဆီမှာ အဲဒီပစ္စည်းတွေကို တကယ့်အတုဟုတ်မဟုတ် သွားစစ် လိုက်သေးတယ်။ သိပ်သစ္စာရှိတဲ့ ဘကြီးပါဗျာ။ အတုဆိုမှ အကုန်အတုတွေချည်းပဲ။

ကျနော်ဖြင့် ဘကြီးရဲ့ လုပ်ကွက်လေး ခဏခဏသတိရပြီး ပြုံးမိတယ်။ လေးလေးနက်နက် တွေးမယ်ဆိုရင်တော့ လူ့ဘဝရဲ့ အိုမင်းချိန်တွေအတွက် တရားရစရာလည်း ကောင်းမယ်ထင်ပါရဲ့ဗျာ။ ကိုယ့်လူတို့လည်း လူပျိုကြီး၊ အပျိုကြီး လုပ်မယ်တွေးထားရင် ဒီနည်းလေးကို လိုလိုမယ်မယ် မှတ်ထားပေါ့။

ကဲ...ဘယ်လိုလဲ.. ဘကြီးအကြောင်း ကြားပြီးတော့ ကိုယ့်လူရော သဘောကျမသွားဘူးလား။

50 comments:

IDIOT-Ki said...

ဘကြီးမြစ်ကျိုး...
အတုတွေ ဘယ်လောက် စုပြီး ပြီ လည်း..
ဘယ်မှာ ဝယ်တာလည်း..
လက်တို့ ပြောအုံး လေ.....
buy one get two free များရမလားလို့  ..

May everybody be happy and healthy! said...

သေသေချာချာလေးမှတ်ထားမှ..အဟီး
ဘကြီးမြစ်လို....:P:P:P::P

ကိုကိုမောင်(ပန်းရနံ့) said...

ကဲ ကဲ ကဲ...
ကမ္ဘာတစ်လွှားက အပျိုကြီးများ .. အဲ... လူပျိုကြီးများလဲ ပါပါတယ်။းဝ)

မှတ်ထားကြဗျား။ အတုယူကြဗျား။ လိုချင်တာတွေ မရတတ်တော့ရင်တော့ ဘကြီးမြစ်လိုသာ လုပ်ကြပါလေ။ ဒါမှ အို ကံ ကောင်းမှာ။းဝ)


ဘကြီးမြစ်ရဲ့ လှည့်ကွက်ကတော့ စံပြပါဘဲ။ ဘကြီးမြစ်ကို ကြည့်ပြီး ခန့်မှန်းရရင် သူ့တူဖြစ်တဲ့ ဆရာမြစ်လဲ သိပ်ပြီးတော့ မညံ့လောက်ဘူး။ သတိထားရမဲ့အထဲ ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အနော် said...

ဟိုက် :O ဒါဆို အခုကတည်းက ကတ္တီပါအိတ်ရှုံ့လေး ကြိုဝယ်ထားရမယ်...:D

အဖြူရောင်နတ်သမီး said...

ဥာဏ်များလိုက်တဲ့ ဘကြီးမြစ်..။

လသာည said...

ဘကြီးမြစ်..တူ..ခင်ဗျား

ဘမျိုးဘိုးတူတဲ့..

ကျွန်တော်တို့ အကျိုးဆောင် ဘလော့ကုမ္ပဏီက ကျောက်တုနဲ့ ရွှေတုလေးတွေ အရစ်ကျစနစ်နဲ့ ကြိုတင်ရောင်းချနေပါပြီဆိုတာ သတင်းကောင်းပါးအပ်ပါတယ်.. :D

Anonymous said...

good idea!!!
carry on !!!

Anonymous said...

ထင်တော့ ထင်နေတယ် .. ဟဲဟဲ
ဒါပေမယ့် ပီးအောင်တော့ ဖတ်ပြီး ကွန်ဖမ်းလုပ်သွားတယ် .. :D
နည်း လမ်း ကောင်း နော် .. :D

မိုးခါး

မိုးယံ said...

လင်ယူသားမွေး...အဲ ..အိမ်ထောင်သားမွေး.. ဟုတ်သေးပါဘူး.. အိမ်ထောင်ရက်သား...ကျမှာတောင် စိုးရိမ်ရတယ်ကွယ်..ကလေးများတော့ မမွေးချင်ပါ ၀ဋ်လည်မှာစိုးလို့..
ဒါနဲ့စကားမစပ် နံမည်မှာ မြစ်ပါတဲ့လူတွေ ဥာဏ်များသားဗျနော်.. ဥမပါ. မြစ်ပိုင်တို့တွေလိုပေါ့။

ချစ်လို့စတာ

ချစ်ကြည်အေး said...

အေးလေ တို့တွေ နှစ်ယောက်တောင် အုတ်နီခဲ ရွှေချပြီး မီးခံသေတ္တာထဲ ထည့်ထားဖို့ စိတ်ကူးထားတာ... သားသမီး မရှိတော့လေ ဟား ဟား ဟား :)

...အလင်းစက်များ said...

အင်း...... ကိုမြစ်ရေ... ကျနော်တော့ ကြိုစုစောင်း ထားမှထင်တယ်... အဟီး... ခုထိ အဲ့ဒီ... ဘာ ထောင်ဆိုလဲ.. ကျဖို့  အကြောင်း မဖန်သေးလေတော့ .. ဟူး ရင်လေးသဗျာ....

ခက်တာက ကိုယ်က ဟန်ဆောင်လည်းမကောင်း တစ်ခုခု လူမသိအောင် (ဟုတ်တာကော၊ မဟုတ်တာကော) လုပ်ပြီးရင် မျက်နှာက ကျောက်ကျောရေပက်ဖြစ်နေတာခက်ထှာ... အင်းးးးးး ကြော်ငြာတာဟုတ်ဘူးနော်... (မှတ်ချက်)

Anonymous said...

မိတ်ဆွေကြီး ဆြာမြစ် ရောက်တယ်ဗျ။ အရေးကတော့ တကယ် ကောင်းတယ်ဗျ။ ကျွန်တော်တို့ လူ့ အသိုင်းအဝိုင်းက လှည့်ကွက်ကလေးကို ချစ်စရာကောင်း ၊ ရသမြောက်အောင် ပေးနိုင်စွမ်းရှိပါပေတယ်ဗျ။မအားတဲ့ကြားက ခဏခဏ ရောက်ပါတယ်ဗျ..။မိတ်ဆွေကြီး ဆို သိမှာပ နော့ဗျ..။

ခင်မင်မှုဖြင့်-
အားလုံးကိုပျော်စေချင်တဲ့-

chindwinthu said...

ကိုမြစ်ရဲ့ ဘကြီးမြစ်ကတော့ တကယ့်ကို အကြံ ပိုင်ပါပေတယ်...။

ဆွေလေးမွန် said...

အင်း ဂလိုဆိုတော့..လဲ အေးလေ..
ဘကြီးမြစ်လိုပဲ အကြံပိုင်လိုက်တာကောင်းပါတယ်လေ.

Anonymous said...

အဘရေ..ဟေ..
အဘမြစ်.......
အသက်၄၀ကျော် ဦးမြစ် မကြာမီ အဘဖြစ်တော့မှာမို့ ကြိုတင် စီစဉ်ထားသည်များကို သရုပ်ဖော်နေတာ ထင်ပါ့..။
ဦးပိုင်တို့က ပိုင်သကွာ..

မြတ်မွန်

ဘကြီးကျောက် said...

ခုလောက်ဆို တူတွေတူမတွေ ဖတ်ပြီးလောက်ပြီ..နောက်တမျိုးကြံမှပဲ...

ပုံ
ဘကြီးကျောက်

မေဓာဝီ said...

ဘကြီးမြစ်ရဲ့ တူ ဆရာမြစ်ပါ ဒီကိစ္စမှာ ကြံရာပါ ဖြစ်ရမယ်။

မြူးမြူး said...

တော်လဲတော်တဲ့ဘကြီးမြစ်ပဲ.. သူ့နည်းလေးက ကောင်းသားနော်..း)

မေသိမ့်သိမ့်ကျော် said...

ဆရာမြစ်ရေ..... ပိုင်သကွာ....ငှဲ......ငှဲ.....ငှဲ။ ဒီနည်းလမ်းလေးကြိုက်သွားပြီ။ အသက်ကြီးရင် အသုံးချဖို့ ဒီလိုနည်းလေးတွေ ကြိုစဉ်းစားထားဦးမှ။ ဟဲဟဲ

မျက်မှန်လေး said...

phyit ya mal ....ko myint kyiee yel ba gyi ble.... d louk tot shi mhar pop

ညယံ said...

ဘကြီးက ပုံထဲမှာ စတိုင်လည်း ကျသလို အကြံကလည်း ပိုင်ပါပေတယ် ။ :)

ချမ်းလင်းနေ said...

ဘကြီးမြစ် အတော်ဥာဏ်ထွားတယ်ဗျာ။ မြစ်မျိုးဖြစ်နွယ်ဖြစ်တဲ့ ကိုမြစ်ကျိုးအင်းကော ဘယ်လိုလဲ ဘကြီးမြစ် နည်းလမ်းပဲလိုက်မလား။ တော်ကြာ ကိုယ့်ဘကြွးအကြောင်းဘလောက်မှာ ဖွထားတော့ ကိုယ့် တူ တူမတွေကြရင် တစ်မျိုးကြံပေါ့ဗျာ။ ရီလဲရီရတယ်။ အတော်တတ်တဲ့ ဘကြီးမြစ်ဗျာ။

သော်ဇင်စိုး said...

လူပျိုကြီးဘဝနဲ့ အရိုးထုတ်တော့မှာလားဗျ..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ကျုပ်တို့ အညာစကားနဲ့ ပြောရရင် ပိုင်လိုက်တဲ့ အကွက် ဗျာ...

ဘကြီးမြစ် ရဲ့ အကြောင်းလေးတွေ ဝေမျှတင်ပြပေးတာ သိရ ဖတ်ရ လို့ ကျေးဇူးပါဗျာ..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Anonymous said...

သားသမီး မရှိသူတွေ အတွက်တော့ အကောင်းသားဘဲ သားသမီးရှိလည်း ဒီအချိုးဘဲနေမှာပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

တော်သေးတာပေါ့ မသေခင် ဘယ်သူမှ ခိုးပြီးဖွင့်မကြည့်လို့၊ ခုခောတ် တူ တူမတွေနဲ့တော့ မရဘူးထင်တယ်။

ရှင်မွှေးကြူ said...

ဘကြီးမြစ် ပိုင်သကွာ :D

ကိုအောင်(ပျူနိုင်ငံ) said...

ဥာဏ်များတဲ့ ဘကြီးမြစ်၊ ကော်မန့်ကို မော့ဒရိတ် လုပ်ထားလေ၊ ၀ဲများတဲ့ ဘကြီးမြစ်
ဖြစ်သွားမယ်နော် ... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်တမ်းတော့ ကိုမြစ်က သူအသက်ကြီးလာရင် လုပ်မဲ့နည်းကို အားလုံးသိအောင် ကြိုတင် အသိပေးလိုက်တာဘဲဖြစ်မယ်
ကြည့်ရတာ ကတ္တီပါ အိတ်ရှုံ့တစ်လုံး ကြိုဝယ်ထားပြီ ထင်ပါတယ်။
ဒီလောက်ဥာဏ်များတဲ့ ဘကြီးတော့ ဘမျိုးဘိုးတူဆိုတာ ဟုတ်လောက်တယ်. သူ့တူကျရင် ပိုပြီး ဥာဏ်များမှာ သေချာတယ်း)

ဆလူး ဝက် said...

ဟင်းး ဟင်းးး ဖြစ်ရတယ်
အံမယ် ရွှေချော ပါးပါးက ဘကြီးမြစ်လိုဖြစ်စရာမရှိပါဘူး လုပ်ကျွေးမယ့် ဆလူး ၃ ကောင်ရှိတာမသိဘူးလား အိုအေ... မပူပါနဲ့ ဘုန်းကြီးကျောင်းတွေ ပေါပါတယ် သာမီးတွေက တောင်းကျွေးမှာပေါ့ ခစ်ခစ်

ရေနွေး said...

ဘကြီးမြစ်အကြောင်း ဖတ်ပြီး တကယ်ကို ပြုံးသွားပါတယ်...ဗျာ..။

flowerpoem said...

Very Good Idea ဒီအကြံသိမ်းထားရမယ် ဟီး :P

ကွာစေ့လေး... said...

အရေးအသားနဲ့ အတွေးလေးကောင်းတယ်...
ကြည့်ရတာ Plan ဆွဲနေပြီနဲ့တူတယ်.. လူပြိုကြီးလုပ်ဖို့
ဒီပို့စ်လေးကို သိမ်းထားအုံးမယ်... ရန်ကုန်ပြန်ရင် ဦးပိုင်၇ဲ့ တူတွေတူမလေးတွေကို ဦးပိုင် ဘယ်လိုဥာဏ်များလိမ့်မယ်ဆိုတာကို သတိပေးရမယ်..
အော်.. အပေါ်မှာ လူပျို ပေါင်းတာမှားသွားတယ်.. မပြင်တော့ဘူးနော်... :)......:) ..... :)
တညင် ဘုရားပွဲအကြောင်း ရေးမယ်ဆို...
မျှော်နေတယ်နော်....
အားပေးလျက်...

ဖိုးကြယ် said...

ဘကြီးမြစ်ပြီးရင် ကိုကြီးမြစ်အလှည့်ဗျ :) ရီသွားတယ် ကိုမြစ်ရေ.... :)

ခင်တဲ့(ဖိုးကြယ်)

rose said...

ကိုမြစ်ရဲ့ ဘကြီး အကြောင်း လာဖတ်သွားတယ်။ အင်းလေ… ဘကြီးက သနားပါတယ်။ သူ့မှာ ပြုစုပေးမယ့် ဇနီး မယားလည်း မရှိ၊ သား သမီးလည်း မရှိရှာတော့ တူ၊ တူမတွေ ကြည်ဖြူအောင် နည်းလမ်း ရှာပြီး နေသွားရတာ။ ရို့စ်တော့လေ… တစ်ခု စဉ်းစားမိတယ်။ သိလား…။ အမွေ ဆိုတာကို မယုံကြည်သလို လိုလည်း မလိုချင်ဘူး။ အပာုတ်… ဘုရားစူး။ အဲ့ဒီလို အလကား ရတဲ့ ဥစ္စာဆို ကိုယ်က အလေးမထားတတ်လို့ ထီတောင် တစ်သက်နဲ့ တစ်ကိုယ် ဘယ်တော့မှ မထိုးဖူး။ ရို့စ်မှာလည်း အဒေါ် အပျိုကြီး တစ်ယောက် ရှိတယ်။ သူလည်း အမြဲ ပြောတယ် သူ တိမ်းပါးသွားရင် ကျန်ခဲ့တဲ့ ပစ္စည်းတွေ ကိုယ့်ကို ပေးမယ်ပေါ့နော်။ ရို့စ် အဒေါ့်ကို ပြန်ပြောလိုက်တယ်။ မလိုချင်ဘူးလို့… အဒေါ် ပေးချင်တဲ့ သူကိုပေး၊ လှူချင်တဲ့ ဆန္ဒ ရှိရင် လှူလိုက်လို့။ ကွယ်လွန်သူရဲ့ ပစ္စည်းတွေ တကယ် မလိုချင်ဘူး။ ဘာလို့လဲတော့ မသိဘူး။ ရို့စ်ပဲ ခပ်ကြောင်ကြောင် တွေးနေမိသလား မပြောတတ်တော့ပါဘူး။

အုပ်ကြီး said...

ဘကြီးမြစ် ..ဘကြီးမြစ် ..
တူ၊တူမတွေ တထင့်ထင့်ဖြစ်ရော့တယ် .
ဦးမြစ်တို့ ကတော့ အကွက်ပြောင်းမယ်ထင်ပါတယ်နော် ..

ခင်မင်လေးစားလျှက်
အုပ်ကြီး(ကဗျာမဟောင်းတဟောင်းများ)

ခနွဲ said...

ဘကြီးမြစ်တော့ ပိုင်သဗျာ။ သေချာ မှတ်ဦးမှပဲ။ ကိုယ်လည်း လုပ်ရဦးမယ်ထင်ပါ့။

တောက်ပကြယ်စင် said...

လေးစားရပါသော ဒကာကြီး ဦးမြစ်ခင်ဗျာ အရေးအသား၊ အတွေးအခေါ်လေး ကောင်းလိုက်တာနော်။ ဒီနည်းလေးမှတ်ထားဦးမှ ဆရာတော်ကြီးဖြစ်လာရင် အသုံးပြုမလို့...ဟဲ။
ကျန်းမာပျော်ရွှင်ပါစေနော်...

blackcoffee said...

ဟားးးးးးးးးးး
ဘကြီးမြစ်က အကြံပိုင် သဟ...
ဗဟုသုတ ရအောင်တော့ ဖတ်သွားပါတယ် ကိုကြီးမြစ်ရယ် ဒါပေမယ့် လူပျိုကြီး လုပ်ဖို့ တော့ စိတ်ကူး မရှိပါဘူး။

လရိပ်အိမ် said...

သူ့ခင်ဗျာ ပေးတော့ပေးသွားရှာပါတယ်။
သူလဲပေးချင်ရှာမှာပေါ့လေ။ ဒါကြောင့်လဲ ရှိတာလေး ထုခွဲပြီး ပေးသွားတာပေါ့။
အဲဒီစာရွက်လေး ကိုမြစ် သိမ်းထားတာ လေးစားတယ်ဗျာ။
နောက်လူချင်းတွေ့မှ ကြည့်ချင်သေးတယ်။ ( စာရွက်ကို )

Anonymous said...

မဆိုးဘူး..
ဒါ နမူနာ ယူရမယ့် ပို့စ် တစ်ပုဒ် ပဲ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

thurazaw said...

လိမ်ကာကိုတော. အတုမယူပါရစေနဲ.ဗျာ တွေးကြည်ရင် တမျိုးကြီွး

thurazaw said...

ဒါက လိမ်တဲနည်း အဟောင်းကြီးပါ နည်းသစ်ဘဲ သိချင်တယ် ကြားဖူးတဲ. ဖတ်ဖူးတဲ.ဆင်တူးရိုးမှားတွေ အများကြီးဘဲ.

မောင်သောင်းဟန် said...

ဖတ်လို့မရဘူး။ မွန်စာလားဗျို့။

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

ရီစရာဖြစ်သလို သင်္ခန်းစာလည်း ယူလောက်ပါ တယ်။ ပြိးတော့ နှမြောစရာကောင်းတယ်လေ။ တစ်ကယ်လို့သာ လှည့်ကွက်လေး ရှိမနေဘူးဆိုရင် လုပ်ပေးသမျှလေး အကျိုးထင်နေမယ်မို့လား။ ခုတော့သွားရော။ ဧည့်သည်လည်းလာ၊ ဆန်လည်း ကုန်တယ်လေ။ အေးချမ်ပါစေ။ အလင်းအိမ် http://saytanarpankhinn.blogspot.com/

rose of sharon said...

ဖတ်ပြီးတော့ ရီလဲရီရတယ်... သနားစိတ်လေးလဲဖြစ်မိတယ်... အရေးအသားကို အားကျမိပါတယ်...

အလင်း said...

မင်္ဂလာနံနက်ခင်းလေးနဲ့ အတူ မြစ်ကျိုးအင်းထဲကို အလည်တစ်ခေါက်ရောက်လာခဲ့ပြန်ပြီ(ငါးဖမ်းဘို့တော့ မဟုတ်ပါဘူး။) စေတနာပန်းခင်းကိုလည်း လာလည်ဦးနော်။ သက်ရှိပန်းပွင့်လေးတွေက လက်ဆောင်ပေးမယ့်သူကို မျှော်နေပါတယ်။ အောင်မြင်ပါစေ။

အလင်းရောင် said...

link ယူသွားတယ် အကိုရေ

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

စာမေးပွဲပြိးလို့ စာလေးတစ်ပုဒ်ရေးပြိး သူများစာလေးတွေလိုက်ဖတ်နေတာ(ကိုယ့်စာလေးလည်း လာဖတ်မလားလို့ပေါ့လေ) ဘကြိးမြစ်ကိုတွေ့တော့ “ငါသာ ဘကြီးမြစ်လောက် ညဏ်ကောင်းရင် စာမေးပွဲမှာ ဒီထက်ဖြေနိုင်မှာ” လို့တွေးမိပါတယ်။ အေးချမ်းပါစေ။

ရွှေပြည်သူ said...

မောင်နှမတွေရဲ့သဘောနဲ့ ဘကြီးမြစ်ရဲ့ ဥာဏ်ကို ပေါ်လွင်အောင် တကယ်ဖွဲ့နိုင်ပါတယ် ကိုမြစ်ကျိုးအင်းရယ်...

ကိုယ်လည်း တူတူမတွေနဲ့ နေရကိန်းမြင်တော့ သေချာဖတ်မှတ်သွားပါတယ်း))

 

Posts Comments

©2006-2010 ·TNB