ရွာဦးစေတီ

21 March 2011


သာယာအေးရွာ၏ လောကချမ်းသာ ရွာဦးစေတီဘုရားပွဲတော်နေ့ဖြစ်၍ အိုးစည်ဒိုးပတ်သံများ တညံညံထွက် ပေါ်နေ၏။ ရွာရှိကလေး လူကြီးပါမကျန် ဘုရားပွဲတော် ကွင်းပြင်ထဲ ရောက်နေကြသည်။ ကောင်းကင်တွင် နေရောင်က စူးရှနေသော်လည်း သူတို့ ပူရကောင်းမှန်းမသိကြ။ တစ်ချို့မှာ ကခုန်လျက်ရှိကြ၏။ ရွာလူကြီးများ မျက်နာမှာလည်း အပျော်တပြုံးပြုံးနှင့် ပီတိဖြစ်နေဟန်ကို ထင်ရှားစွာ တွေ့မြင်နေရသည်။

ဤနေ့က သာယာအေးတစ်ရွာလုံး၏ တကယ့်အောင်ပွဲနေ့ဖြစ်သည်။ သူတို့ အနှစ်နှစ် အလလက တောင့်တခဲ့ရသော ရွာဦးစေတီကို ရောင်တော်ဖွင့်နိင်ခဲ့ပြီ။ တန်ဆောင်းအလှူရှင် ဘကြီးသာမှုန်တို့ ဇနီးမောင်နှံမျက်နာက ပီတိအဟုန်ဖြင့် တောက်ပရွှင်လန်းနေကြသည်။ ရွာဦးကျောင်းဆရာတော်ကလည်း စေတီတော်ကို ဖူးမျှော်မဝ။ ရွာသူရွာသားများကလည်း သပ္ပါယ်လှစွာသော စေတီတော်ကို ပန်း ၊ ရေချမ်း ဆီမီး ၊ နံ့သာတိုင်များဖြင့် ကပ်လှူနေကြ၏။

ရွာသူရွာသားများ၏ စိတ်နှလုံးသား အတွင်းတွင် တူညီသော ပီတိတစ်ခု ရှိနေကြသည်။ ထိုပီတိမှာ နှစ်ပေါင်းများစွာ ရောင်တော်ရှိန်ဝါ ညှိးနွမ်းခဲ့ရသော ရွာဦးစေတီကို သူတို့၏ ချွေးနှဲစာများဖြင့် စုပေါင်း လှူဒါန်းကာ ပြန်လည်ပြုပြင်နိင်ခဲ့တာကြောင့် တစ်ငြိမ့်ငြိမ့်ခံစားနေကြရသည့် ပီတိဖြစ်သည်။ ငှားထားသော ဆိုင်းဝိုင်းကြီးမှ ရေကင်းသံ ၊ ဗျောသံများ ထွက်ပေါ်လာသဖြင့် ကွယ်လွန်သွားကြသည့် မိမိတို့ မိသားစုဝင်များကို သတိရ၍ တစ်ချို့လူများ မျက်ရည်စများသုတ်ကြသည်။

“ ကိုရင်ဖိုးခွေးကို မြင်စေချင်စမ်းပါဘိနဲ့ ”
“ ကုသိုလ်ပြုရ အဖို့ဘာဂကို အမျှရကြပါစေတော် အမျှ အမျှ အမျှ”

ကျန်ရစ်သူများက ကွယ်လွန်သူများကို လွမ်းဆွတ်ကြတာကြောင့် တိုင်တည်ကာ အမျှပေးဝေကြသည်။ ကွယ်လွန်သွား သူတို့မှာ ဤရပ် ဤရွာတွင် ဓါးမဦးချ နေထိုင်လုပ်ကိုင်ပြီး ဆုံးပါးသွားကြသော်လည်း ရွာဦးစေတီဖြစ်သည့် လောကချမ်းသာ စေတီတော်ကို ပြယ်လွင့်နေသော ထုံးသင်္ကန်းရောင်ဖြင့်သာ ဖူးမျှော်ခဲ့ကြရသူများဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ရွှေရောင်တဝင်းဝင်းစေတီတော်၊   အရံစေတီများ၊ ဟသာင်္တိုင် ၊ ဂြိုလ်တိုင်များဖြင့် ကြည်ညိုသပ္ပါယ်စဖွယ် မြင်တွေ့ရတာကြောင့် ကွယ်လွန်သူတို့ကို မြင်စေချင်ပြီး တမ်းတ ကြခြင်းဖြစ်သည်။ သတိတရဖြင့် အမျှပေးဝေကြခြင်းဖြစ်၏။

လောကချမ်းသာ ရွာဦးစေတီသည် သာယာအေးရွာ၏ မြောက်ဖျားပိုင်း ခပ်စွန်းစွန်းတွင် ရှေးယခင် ဘုရင်များ လက်ထက်တော်ကတည်းက  တည်ထားခဲ့သော ရှေးဟောင်းစေတီလည်း ဖြစ်၏။ ဟိုးယခင် နှစ်ပေါင်းများစွာကတော့  ဘုရားပွဲကို နှစ်စဉ်ကျင်းပခဲ့ကြသလို အနီးအနားရွားများကလည်း လာလည်ကြသဖြင့် စည်ကားသိုက်မြိုက်သော ပွဲတော်များ ဖြစ်ခဲ့ဖူးသည်။
 
ထို့နောက်ပိုင်းတွင် သီးနှံစပါးများ ယခင်ကလို အထွက်မတိုးတော့သဖြင့် ရွာဘုရားပွဲကိုလည်း စည်စည်ကားကား မကျင်းပ နိင်ခဲ့တော့ပေ။ ပြုပြင်ထိန်းသိမ်းမှုပါ နည်းလာတာကြောင့် ယိုယွင်းပျက်စီးမှု များလည်း ရှိလာခဲ့သည်။ စေတီ၏ သာသနာရောင်ဝါ မှေးမှိန်ချိန် ဟုဆိုရမည်။ အလည်အပတ် ဘုရားဖူးသွားသူများပင် မရှိသလောက် ဖြစ်ခဲ့သည်။ အဓိဌာန်ဝင် ပုတီးစိတ်သူများ တစ်ယောက်စ နှစ်ယောက်စသာ တစ်ခါတစ်ရံ တွေ့ရတော့၏။

ဤသို့ဖြင့် နှစ်ကာလများစွာကို ကျော်ဖြတ်လာပြီးသည့်နောက်တွင် ရွာ၏စီးပွားရေး ပြန်လည် ကောင်းမွန်လာသည့် အချိန်အခါ ရောက်လာတော့သည်။ တစ်နေ့တွင် အခြားတစ်ရပ်တစ်ရွာမှ သာယာအေးရွာသို့ ပြောင်းရွေ့အခြေချလာသည့် လင်မယားနှစ်ယောက် ရွာ၏တောင်ဘက်ရှိ စမ်းချောင်းထဲတွင်  ရွှေကျင်ကြသည်။  ရွှေမှုန်ရွှေစများ စုဆောင်းမိလာတာကြောင့် သိုသိုသိပ်သိပ်ဖြင့်  လုပ်ကြသော်လည်း တစတစနှင့် တရပ်ရွာလုံး သိသွားကာ ချောင်းထဲတွင် ရွာသူရွာသားများပါ ရွှေကျင်ကြတော့သည်။ ရွှေကျင်ကြသူတိုင်း  ထိုက်တန်စွာ ရကြတာကြောင့် စီးပွားရေးကောင်းမွန် လာကြ၏။ သာယာအေးရွာ၏ ကံဇာတာ တက်ချိန်ဟု ပြောရမည်။



ရွာသူရွာသားများ ရွှေမရှား ငွေမရှားဖြစ်ကာ စီးပွားရေးတွေ တိုးပွားလာကြသည်။ ထိုအခါ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထားအတိုင်း  အလှူအတန်းအတွက် ရှေ့ဆုံးက စဉ်းစားဖြစ်ကြသည်။  ရွာသူရွာသားများ စုပေါင်းထည့်ဝင်ငွေဖြင့် အနှစ်နှစ်အလလက သာသနာရောင်ဝါ မှေးမှိန်ခဲ့ရသော ရွာဦးစေတီ အတွက် ပြုပြင်မွန်းမံမှုတွေ အားတက်သရော လုပ်ဆောင်ကြတော့သည်။

မူလရှေးဟောင်းစေတီကို ထပ်ငုံကာ ဥာဏ်တော်ကို ထပ်မြှင့်လိုက်ကြ၏။ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူကြ၏။ အရံစေတီများ ထပ်တည်ကာ ထုံးသင်္ကန်းများ ကပ်လှူကြ၏။ ဂြိုလ်တိုင်များကို ခမ်းနားစွာ တည်ဆောက်ကြ၏။ ရင်ပြင်တော်ပုရဝဏ်ကို တိုးချဲ့ကြ၏။ စောင်းတန်းများကို အသစ်တဖန်ပြုပြင်ကြ၏။ လူအများနားခိုရာ ဇရပ်တစ်ဆောင်ကို ဆောက်လုပ်ကြ၏။ ထို့နောက် လောကချမ်းသာစေတီ၏ ရောင်တော်ဖွင့် ဘုရားပွဲတော်ကို ခမ်းခမ်နားနား ပြန်လည်ကျင်းပကြတော့သည်။ ဆိုင်းဝိုင်းနှင့် ကြည့်ချင်ဖွယ် ဗလာအငြိမ့် သွင်းပေးသဖြင့် အနီးအနားရွာများက ဘုရားပွဲ လာကြတာကြောင့် စည်စည်ကားကားဖြင့် ကျင်းပနိင်ခဲ့သည်။

ဘုရားပွဲပြီးနောက်ရက်များတွင်တော့ မုဆိုးဖိုကြီး ဦးမြအေးမှ  သူစိတ်ဆုံးဖြတ်ထားသည့် ကိစ္စတစ်ခုကို ရပ်ရွာလူကြီးများကို တင်ပြသည်။ သူဆုံးဖြတ်ထားသည်က သူ့ဘဝ၏ ကျန်ရှိနေသည့် ဘဝသက်တမ်းကို ရွာဦးစေတီအတွက် ဝေယျာဝစ္စ ကုသိုလ်ယူရင်း ဖြတ်သန်းဖို့ရန်ဖြစ်သည်။ သူ့ဆုံးဖြတ်ချက်ကို ရပ်ရွာလူကြီးများကပါ ဝမ်းမြောက် ဝမ်းသာ သဘောတူကြသည်။

“ ကျုပ်အနေနဲ့ကလည်း တစ်ကိုယ်တည်း သမားဖြစ်တော့ ဘုရားအနားမှာပဲ တဲကလေးထိုးပြီး  ဝေယျာဝစ္စ လုပ်ရင်းနဲ့ ကုသိုလ်ယူ တရားအားထုတ်ချင်တာပါပဲ”

“ သိပ်ကောင်းတာပေါ့ ကိုမြအေးရယ်။ ခင်ဗျားလည်း ကုသိုလ်ရ ၊ ရွာဦးစေတီအတွက်လည်း အနီးနားမှာနေပြီး ဝေယျာဝစ္စ လုပ်ပေးမှာဆိုတော့ အစစအရာရာ စိတ်ချရတာပေါ့။ ဒါပေမယ့် ခင်ဗျား တစ်ယောက်ထဲ နေလို့ဖြစ်ပါ့မလား။ ဘေးမှာက တောအုပ်ရှိတော့ တစ်ယောက်ထဲ နေနိင်ပါ့မလား”

“ ဖြစ်ပါတယ် သူကြီးရဲ့။ တောဆိုပေမယ့် တောကောင်ကြီးတွေမှမရှိတာ။”

ရွာဦးစေတီအနီးတွင် တောအုပ်တစ်ခုရှိတာကြောင့် ဦးမြအေးတစ်ယောက်ထဲ နေနိင်ပါ့မလားဟု မေးလိုက်ခြင်းဖြစ်သည်။   ထိုတောအုပ်ကြီးထဲတွင်တော့ မျောက်သတ္တဝါတို့ အများဆုံး ရှိသော်လည်း သားကောင်ကြီးများ မရှိတာကြောင့် ဦးမြအေးအနေဖြင့် နေရဲခြင်းလည်းဖြစ်သည်။  ယုန်၊ ရှဥ့် ၊  ပုတက် ၊ ချိုး ငှက်များရှိပြီး တောလည်သူများ ပစ်ခတ်လေ့ရှိသော တောအုပ်ဖြစ်သည်။

“ ဒါဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ။ ဒီတော့ကျုပ်တို့ဘက်ကလည်း ကိုမြအေးအတွက် လိုအပ်တာတွေ စီစဉ်ပေးဖို့ တိုင်ပင်ကြရအောင်”

ထို့နောက် ရပ်ရွာတာဝန်ရှိသူများ၏ ဆွေးနွေးညှိနှိုင်းချက်အရ ဘုရားအနီးတွင်  တဲတစ်လုံးကို ရပ်ရွာမှ ဝိုင်းဝန်းဆောက်ပေးကြမည့်အပြင် ဦးမြအေး၏ စားရေးသောက်ရေးအတွက် ရပ်ရွာက  ဆန်နှင့် အခြားသီးနှံများ တာဝန်ယူပေးပို့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။  ထိုကဲ့သို့ ပံ့ပိုးမှုများကြောင့်  ဦးမြအေးမှာ စိတ်လက်ပေါ့ပါးစွာဖြင့် ရွာဦးစေတီ၏ ဝေယျာဝစ္စပြုရင်း ကုသိုလ်ယူကာ သူ့အတွက်လည်း တရားဘာဝနာ ပွားများနိင်တော့မည် ဟုကြည်နူးနေမိသည်။

ရွာဦးစေတီ ဘုရားပွဲတော်အပြီး တပါတ်ခန့်မှစ၍ စေတီအနီးတွင် ရပ်ရွာမှ စုပေါင်းဆောက်ပေးထားသော တဲအိမ်လေးတစ်လုံးရှိလာခဲ့၏။ ထိုတဲလေးထဲတွင် နေထိုင်ကာ စေတီကို ပန်း ၊ ရေချမ်းကပ်လှူရင်း သန့်ရှင်းရေးလုပ်ရင်း ကုသိုလ်ယူ  တရားအားထုတ်နေသော ယောဂီဝတ်အဖိုးအိုမှာ ဦးမြအေး ဖြစ်သည်။ ဦးမြအေးတွင် သားထောက်သမီးခံ မရှိသလို၊ ဇနီးသည်မှာလည်း လွန်ခဲ့သည့် ၃ နှစ်ကျော်ခန့်က ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် တွယ်တာစရာ သံယောဇဉ်မရှိဘဲ သူ့ဘဝ၏ ကျန်ရှိနေသေးသည့် သက်တမ်းကို ကောင်းမှုကုသိုလ်လုပ်ရင်း ဖြတ်သန်းဖို့ ရွေးချယ်လိုက်ခြင်းဖြစ်၏။

သူ၏စားသောက်ရေးကိစ္စကို ရပ်ရွာမှတာဝန်ယူပေးတာကြောင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဘဝနေဝင်ချိန်ကို ကျော်ဖြတ်နိင်တော့မည်ဟု မှတ်ထင်ယုံကြည်ကာ ကျေနပ်ပီတိဖြစ်နေ၏။ စေတီအနီးသို့ ပြောင်းရွေ့လာပြီး နောက်ပိုင်းတွင်
 စေတီသန့်ရှင်းရေး ဝေယျာဝစ္စများနှင့် တရားဘာဝနာ အားထုတ်ကြိုးပမ်းကာ သူ၏ နေ့ရက်များကို လည်ပါတ်နေခဲ့သည်။

တစ်နေ့သော မနက်ခင်းတွင် ဦးမြအေးတစ်ယောက် ကျေးငှက်များကို အစာကျွေးရင်း အနီးတွင် ရှိသောတောအုပ်ဖက်ကို ကြည့်လိုက်မိ၏။ ထိုအခါ တောစပ်ရှိသစ်ပင်ပေါ်မှ ဦးမြအေးကို လှမ်းမျှော်ကြည့်နေသော မျောက် နှစ်ကောင်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် တဲထဲပြန်ဝင်ပြီး ချိတ်ထားသော ငှက်ပျောခိုင်မှ အသီးနှစ်လုံး ဆွဲဖြုတ်ကာ တောစပ်အထိ ရောက်အောင် လျှောက်သွားရင်း ငှက်ပျောသီး နှစ်လုံးကို ပစ်ပေးလိုက်သည်။

ဦးမြအေး ပစ်ပေးလိုက်သော ငှက်ပျောသီး နှစ်လုံးကို မြင်သည့်အခါ မျောက်နှစ်ကောင် အပင်ပေါ်မှ  လှစ်ခနဲဆင်းကောက်ပြီး တောထဲသို့ ပြန်ဝင်ပြေးသွားကြ၏။ ထိုနေ့မှစပြီး နောက်ရက်များတွင်ပါ ထိုမျောက်နှစ်ကောင် မနက်တိုင်း ဦးမြအေး၏ တဲဘက်ကို လှမ်းမျှော်ငေးလေ့ရှိလာသည်။ ဦးမြအေးလည်း သူ့တွင် ရှိသော သီးနှံများကို ခွဲဝေကျွေးဖြစ်တော့သည်။

သူကိုယ်တိုင် ကျွေးသည့်အပြင် ဘုရားဖူးလာသူများကိုပါ မျောက်စာကျွေးမွေးဖို့ တိုက်တွန်းတာကြောင့် ဘုရားဖူး လာသူများလည်း မျောက်သတ္တဝါတို့ကို ကြည့်ရင်း အစာကျွေးဖို့ အတွက်ပါ အိမ်မှထွက်ကတည်းက သီးနှံများ ထည့်လာပေးကြ၏။ မိမိတို့ ပစ်ကျွေးလိုက်သော အစာများကို မျောက်များက ပြေးကောက်ကာ စားကြသည်ကို မြင်ရတာကြောင့် ကျွေးမွေးရသူများလည်း ပီတိဖြစ်ကြသည်။

ထိုသို့ဖြင့် ရက်မှလသို့ကူးလာသည့်အခါ တောစပ်တွင် မျောက်သတ္တဝါများ တဖြည်းဖြည်းများလာခဲ့သည်။  ထို့အတွက် ဦးမြအေးမှ သူ့စိတ်ကူးလေးကို ရပ်ရွာ တာဝန်ရှိသူများကို တင်ပြသည်။ သူ့စိတ်ကူးက ထိုတောအုပ်ကို ဘေးမဲ့နယ်မြေအဖြစ် သတ်မှတ်ပေးဖို့ဖြစ်သည်။ ဘုရား စေတီ အနီးနားတွင် ဘေးမဲ့နယ်မြေ ရှိသည်မှာ မွန်မြတ်သည်ဟု ယူဆပြီး ရပ်ရွာလူကြီးများမှလည်း တာဝန်ရှိသူများထံ အဆင့်ဆင့် တင်ပြကာ နောက်ဆုံးတွင် ထိုတောအုပ်ကို ဘေးမဲ့နယ်မြေအဖြစ် သတ်မှတ်နိင်ခဲ့တော့သည်။

ထိုသို့ ဘေးမဲ့နယ်မြေ သတ်မှတ်ကြောင်း အတည်ပြုချက် ထွက်လာသည့်နေ့တွင် ဦးမြအေးမှာ မျက်ရည်များ ဝဲသည်အထိ ဝမ်းသာပီတိဖြစ်မိသည်။ သူ၏ ဆော်သြမှုဖြင့် သတ္တဝါများ ငြိမ်းချမ်းကြတော့မည်ဟု တွေးမိကာ ကြည်နူးနေမိ၏။

ဘေးမဲ့နယ်မြေသတ်မှတ်ပြီး နောက်ပိုင်း စေတီခြေရင်းတွင် မျောက်စာရောင်းသည့် ဆိုင်ကလေး တစ်ဆိုင်ပါ ဖွင့်လာခဲ့သည်။ ဘုရားဖူးများကလည်း ဝယ်ယူကျွေးမွေး ကြသဖြင့် စေတီအနီးအနားတွင် နေ့စဉ်လိုလို စည်ကားနေတော့သည်။ အလွယ်တကူ စားသောက်ရသည့်အပြင် ပစ်ခတ်ဖမ်းဆီးသူ မရှိတာကြောင့်  အတင့်ရဲလာသည့် မျောက်များမှာ စေတီအနီးရှိ သစ်ပင်များတွင်သာ စတည်းချ နေထိုင်ကြတော့၏။ ထို့ပြင် တောအုပ်ထဲတွင်လည်း မျောက်များက တဖြည်းဖြည်း တိုးပွားလာနေတော့၏။ တောအုပ်ထဲတွင် မျောက်များတိုးပွားနေသော်လည်း သူတို့၏ ကျက်စားရာနေရာက စေတီအနီး ပါတ်ဝန်းကျင်သာ ဖြစ်သည်။

တဖြည်းဖြည်းနှင့် မျောက်ကောင်ရေများ များစွာ တိုးလာ၍ မျောက်စာကျွေးသူများလည်း ကျွေးမနိင် ဖြစ်လာတော့၏။ ထိုအခါတွင် လူများထံမှ အလွယ်တကူ စားသောက်ရမှန်း သိနေကြသည့် မျောက်များမှာ တစတစ သောင်းကျန်းလာကြ၏။ လူတို့၏ လက်ထဲမှ ပစ္စည်းများကိုပါ အစားအစာထင်ပြီး လုယက်ကြတော့သည်။ မျောက်စာရောင်းသည့်ဆိုင်လည်း မဖွင့်ဝံ့ဘဲ ပိတ်လိုက်ရတော့သည်။ ဘုရားဖူးများကလည်း တစ်ဦးတစ်ယောက်ထဲအနေဖြင့် စေတီသို့ မသွားရဲကြတော့ပေ။

ပစ်ခတ်ဖမ်းဆီးခြင်း မရှိတော့သဖြင့် အတင့်ရဲလာသော မျောက်များသည် စေတီပေါ်အထိ တက်ရောက်ကာ ပန်းအိုးများထဲမှ ပန်းများကို ထုတ်ကာ လွှင့်ပစ်ပြီး ပန်းအိုးထဲမှရေကို သောက်ရေ အဖြစ်သောက်ကြ၏။ ထို့နောက် ပန်းအိုးများကို ရိုက်ခွဲကြ၏။ ပစ်ပေါက်ကြ၏။ အုန်းပွဲ ငှက်ပျောပွဲများသည်လည်း မျောက်များလက်ချက်ကြောင့် ထည့်ထားသော ဇလုံပင် ပြန်အသုံးပြု၍ မရနိင်လောက်အောင် ပျက်စီးကြရ၏။ လူအများနားနေသော ဇရပ်ခေါင်မိုးမှာလည်း မျောက်များ၏ တက်ခုန်မှုနှင့် တုတ်ချောင်းများဖြင့် ရိုက်နက်မှုကြောင့် အပေါက်အပြဲများ ဖြစ်ကုန်တော့သည်။

နေ့ရော ညပါ ဆူညံနေသော မျောက်အော်သံများကြောင့် ဦးမြအေးမှာ သူရည်ရွယ်ထားသလို အေးချမ်းစွာ တရားအားထုတ်ဖို့ မဖြစ်နိင်တော့။ တုတ်တစ်ချောင်းဖြင့် ဘုရားရင်ပြင်တော်ပေါ်တွင် တနေကုန် ထိုင်စောင့်ကာ မျောက်များကို မောင်းထုတ်နေရ၏။ ရွာသူရွာသားများမှလည်း စိတ်အေးချမ်းသာစွာ ဘုရားဖူးလာရန် စိုးရွံ့ကြတာကြောင့် ဘုရားသို့  အသွားအလာ နည်းသွားသည်။ ဘုရားဖူးများ နည်းပါးသွားသော်လည်း မျောက်များကတော့ ယခင်ထက်ပို၍ သောင်းကျန်းကြကုန်၏။

အစာကျွေးမည့်သူများ မရှိတော့တာကြောင့် မျောက်များက ဒေါသထွက်ပြီး အနီးအနားရှိ ဦးမြအေး၏ တဲကို ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်။ တဲထဲမှ အစာကို လုယက်ဖို့ရန် တဲထံရံကို ကုတ်ခြစ်ကြ၏။  ကန်ကျောက်ကြ၏။

နောက်ဆုံးတော့ ဦးမြအေး မနေနိင်တော့။
သူ့အဝတ်ထုပ်လေးဆွဲကာ ရွာထဲသို့ ပြန်ပြောင်းပြေးရတော့၏။ သူအစပြုကာ အစာကျွေးပြီး သူ့ဆော်သြမှုဖြင့် ဘေးမဲ့ပေးခဲ့သော သတ္တဝါများ၏ စနက်ဖြင့် သူကိုယ်တိုင် ပျော်မွေ့ခဲ့သော နေရာမှ ဖယ်ရှားပေးရ တော့လေသည်။ ထိုမျောက်သတ္တဝါတို့ကို အချိန်မှီ တားဆီးကာကွယ်နိင်ခြင်းမရှိပါက ပြန်လည်စည်ပင်စပြုနေသော သာယာအေးရွာ၏ သာသနာရောင်ဝါမှာ တဖန်ပြန်၍ မှေးမှိန်ရတော့မည်လားဟု တွေးပူသည့် ရွာသားများလည်း အများအပြားရှိနေကြသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်ကား  စေတနာထား နေရာပေးတတ်မှုကြောင့် မိမိတို့ ပျော်မွေ့ရသော နေရာများမှ ဖယ်ခွာရလေပြီ .....။

 ။.....................................................................။


40 comments:

မိုးယံ said...

ဇတ်ဆရာ ဘာပြောချင်လဲ.သိတယ်... ရခိုင်နဲ့ မော်လမြိုင်ကိုလည်း သွားလည်ရဦးမယ်...

lady said...

Very nice.

တောက်ပကြယ်စင် said...

ဒကာတော် ကိုမြစ်ရေ မင်္ဂလာပါ။ ရန်သူကိုမှ သွားပြီး စေတနာထားမိကြတယ်နော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

sosegado said...

ပေးသွားတဲ့ အသိကိုရလိုက်တယ်၊
သင်ခန်းစာယူစရာတွေပါပဲ၊
မန္တလေးသားကြီးစကားဝဲ သွားတာသတိရလိုက်မိတယ်၊

လရိပ်အိမ် said...

ကိုမြစ်ကျိုးအင်း ရေ
ကျွန်တော် Read More လုပ်လိုက်တာ စာတွေဖတ်လို့မရတော့ဘူး။ ဘာဖြစ်သွားပါလိမ့်။ ကျွန်တော်ဘက်က ပြသနာများလားမသိ။
ရသလောက်ဖတ်ပြီးမန့်သွားတယ်ဗျာ။
ကျွန်တော်ကတော့ "သာဓု ၊ သာဓု ၊ သာဓု"သုံးကြိမ် ခေါ်သွားသည်။

IDIOT-Ki said...

အဲ့တာပေါ့ .
ကိုယ်မွေးတဲ့မျောက် ကိုယ့် ပြန်ချောက် ..

ဆရာမြစ် ရော.
မျောက်မွေးဖို့  စီမံကိန်း ချနေတာ လားး

စိန်မျောက် မျောက် ရှိတယ် လေ..

Angelhlaing(May everybody be happy and healthy! said...

မှတ်သားစရာလေးအတွက် ကျေးဇူးပါအကို။
အတွေးဘယ်လိုများရပါလိမ့်နော်...
အားပေးသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ဆွေလေးမွန် said...

ဘုရားပွဲလေးကိုလဲ သာယာကြည်နူးမိတယ်။
ဦးမြအေး၇ဲ့ ဘ၀လေးလဲအေးချမ်းလိုက်တာလို့
ပြီးတော့ သတ္တ၀ါတွေ ဘေးမဲ့ပေးတော့လဲ စိတ်ထဲ ကောင်းလိုက်တာ ပီတိတွေဖြစ်တာ..
နောက်ဆုံးကြတော့ အဲဒါတွေအားလုံး ပျောက်ပျက် သွားတယ်။

ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခနွဲ said...

သက်ပြင်းကလေးပဲ ချသွားတယ် အစ်ကိုရေ။ ဒီလိုအဖြစ်တွေ အပြင်မှာ အများကြီးရှိတယ်ဆိုတာကိုပါ ဆက်စပ်တွေးမိလို့။

မေသိမ့်သိမ့်ကျော် said...

ဆိုးလိုက်တဲ့မျောက်တွေပါလားနော်...။ အင်းလေ အသိတရားမှမရှိတာ။ အသိတရားမရှိတဲ့ အကောင်လေးတွေကို ညှာတာမိတော့လဲ ကိုယ်ပဲ ခံလိုက်ရတာပေါ့။ ရမ်ဘိုခေါ်ပြီးရှင်းခိုင်းမယ် ဆရာမြစ်ရေ....။း)


ခင်မင်လေးစားလျက်

ဟန်ကြည် said...

အင်း ပြောချင်နေတာကို ကိုယ်စားပြောပေးလိုက်သလိုပါပဲ ကျေးဇူးတင်လိုက်တာဗျာ

မြစ်ကျိုးအင်း said...

လရိပ်အိမ်>>> Read more နှိပ်လို့မရရင် ပို့စ်ခေါင်းစဉ်ကို ကလစ်လိုက်ဗျ။ အဲဒါ အဆင်ပြေဆုံးပဲ။

ကိုကိုမောင်(ပန်းရနံ့) said...

အင်း...
ရေးတဲ့သူက မြစ်ကျိုးအင်း
ဘုရားစောင့်တဲ့သူက မြအေး
နှောင့်ယှက်သူများက မျောက်။

ဒါဆို ကြာသပတေးနံချင်း ဓါတ်မသင့်တဲ့ သဘောပေါ့။ ဆရာမြစ်လဲ ဘုရားလူကြီး သွားမလုပ်နဲ့နော်။ တော်ကြာ မျောက်တွေ မင်းမဲ့ဆန်လွန်းရင် ဒုက်ခ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သာမီး ဆလူး said...

ပါပါး ရေးတာတွေက တခုခုပေးချင်မှန်းသိတယ် ခက်တာက အဲဒီ တခုခုက ဘာမှန်းမသိတော့ နေဦး များ up to date ဖြစ်အောင် အင်တာနက်မှာ နဲနဲလျှောက်မွှေလိုက်အူးမယ် ပြီးတော့ ကွန်မန့်တွေကို တခေါက်လာပြန်ဖတ်မယ်

မတ်စိတ်က “ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်” ဆိုတာ ပေးချင်တာတော့ သိဘီ ဒါပေမယ့် ဘာလဲ ဆိုတာ သဘောက်မပေါသေးဘူး များ ပြန်လာခဲ့မယ်

ဒါဖဲ တာ့တာ ဒုန်းးးးးးးဒုန်းးးးးးးးးးးးဒုန်းးးးးးးးးးးးးးးး(ဝက်လိမ့်သံ)

တောပုန်းကျောက် said...

ကျုပ်တို့အညာက မျောက်တွေ ကတော့
ငွေထုပ်ပိုက်ပြီး ဦးမြအေး တဲလေးဝယ်ရာကနေစပြီး..ရွာထဲကအိမ်တွေပါ လိုက်ဝယ်လိုက်တာ ခု ရွာသားတွေ တောထဲရွှေ့နေကြပေါ့..

အလင်းရောင် said...

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်ကာ စေတနာထား နေရာပေးတတ်မှုကြောင့် မိမိတို့ ပျော်မွေ့ရသော နေရာများမှ ဖယ်ခွာရလေပြီ .....။

လေးစားပါတယ် စာရေးသူ
ဆက်လက်မျှဝေနိုင်ပါစေ

flowerpoem said...

ပေးချင်တဲ့ Message ကအ၇မ်းကောင်းပါတယ်....

မြတ်မွန် said...

အားနာတော့ ခါးပါသွားရတာပေါ့နော်..။
မနေတတ် မထိုင်တတ်တော့ ကိုယ့်ဘုံပါ ပျောက်ရတာပေါ့။
လေးစားလျှက်။

...အလင်းစက်များ said...

မတ်စေ့ ပေးချင်မှန်းသိတယ် ကိုမြစ်ရယ်... ဘာမတ်စေ့မှန်း ခန့် မှန်းမရဘူး... ညံ့လိုက်တဲ့ကျနော် .... :( ..... ဖဘမှာ ရှင်းပြဗျာ...... ဟီး။

ရွှေပြည်သူ said...

အရေးအသား သိပ်ကို ပိုင်နိုင်တာပဲ ကိုမြစ်ကျိုးအင်းရေ...

(တဆက်ထဲ ဧည့်မှတ်တမ်းမှာ အမှတ်တရရေးပေးသွားတာကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်)

Anonymous said...

အင်း ကိုမြစ်ကျိုးရေ

လူဆိုတာ မျောက်ကဆင်းသက်လာတဲ့ အဆိုကို လက်ခံရင် ကောင်းမယ်ထင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သော်ဇင်စိုး said...

မျောက်တွေ သောက်နေကျ ရေကန် (သို့) ရေတွင်း တစ်ခုခုကိုရှာပြီး အဆိပ်ခတ်ပစ်လိုက် သင့်တယ်..
ပြီးတော့မှာ ဦးမြအေးကို ပြန်ခေါ်ကြတာပေါ့.. :)

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

အင်း...စာလေးက ပေးသွားတဲ့ အသိလေးက တော်တော်လေးကောင်းပါတယ်။ မြန်မာနိုင်ငံကြီး အဲဒိဘေးအန္တရယ်က ကင်းဝေး အောင် ကြိုးစားနိုင်ကြပါစေ။ တစ်ချို့ကလည်း စာရေးသူဘာပေးချင်လည်းဆိုတာ သဘော မပေါက်ကြဘူး။ လူကို မျောက်ကဆင်းသက်တယ် ဆိုတဲ့ ဒဿနကို လက်ခံဘို့ တိုက်တွန်းတာတွေ့ရတယ်။ တစ်ကယ်ဆိုရင် လူဆိုတာ မျောက်က ဆင်းသက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ လူက လူပါ၊ မျောက်က မျောက်ပါပဲ။ အေးချမ်းပါစေ။

wunna said...

အနီေ၇ာင်စာသားတွေကြောင့်..အဓိပ်ပါယ်ရှိသွားတယ်

လေးစားပါတယ်...။

ကိုအောင်(ပျူနိုင်ငံ) said...

ဘုရားကအောက် မျောက်ကအထက် ဆိုတာမျိုး
ပေါ့ ကိုမြစ်ကျိုးရေ၊ အရင်က စကားပုံ အခုတော့
ဘာပြောကောင်းမလဲပေါ့ ...

သာမီး ဆလူး said...

သိတွားဘီ တိတွားဘီ ဘာကို ဆိုလိုလဲဆိုတာ
များ ရွှေချောကို မေးလိုက်တယ်
ခစ်ခစ်

An Asian Tour Operator said...

Habitat ပျက်သွားတဲ့သဘော ပေါ့။ ဖျက်တဲ့ သူအပြစ်လား။ ဖျက်ခွင့်ပေးတဲ့သူ အပြစ်လား။

အဖြူရောင်နတ်သမီး said...

ပေါက်တယ်ဗျို့...
တခါ တခါ လူဆိုတာ...အဲဒီလိုပဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတွေရဲ့ သနားစိတ်၊ အားနာစိတ်တွေဟာ တစ်ခါတစ်ခါကျတော့ ရန်သူအတွက် ခြုံခိုတိုက်ခိုက်နိုင်တဲ့ ပျော့ကွက်တွေ ဖြစ်သွားနိုင်တယ်
ဒီပိုစ့်လေးမှာ စိတ်သဘောထား ကောင်းလွန်းပြန်ရင်လည်း တစ်ဖက်က ဖိနင်းသွားတတ်တယ် ဆိုတာသင်ခန်းစာပေးလိုက်သလိုပါဘဲ။ ဒီလိုနဲ့ ရွာပြင်ရောက်သွားတဲ့ မြန်မာတွေ များလှပြီလေ။

ညယံ said...

မျောက်တွေကလည်း တော်တော်သောင်းကျန်းတာပဲနော်.. တစ်နေ့ နေ့တစ်ချိန်ချိန် ရွာသူ၊ရွာသားတွေစုပြီး သောင်းကျန်းနေတဲ့ မျောက်တွေကို တောထဲကို ပြန်လည်ပို့ ဆောင်နိုင်ပါစေ။

blackcoffee said...

ဟုတ်တယ်ကိုမြစ်ရေ တိရစ္ဆာန်ကို သူ့ နေရာနဲ့ သူမထားဘဲ မြှေက်စားမိတော့လဲ ဒီလိုဘဲ ဒုက္ခရောက်ရတာပေါ့။ တကယ်တော့ တိရစ္ဆာန် ဆိုတာ သူ့ အဆင့်နဲ့ သူ ထားတာကောင်းပါတယ်။

blackcoffee said...

ဆောရီး ကိုမြစ်ရေ လောလော လောလောနဲ့ စာလုံးပေါင်းမှားသွားတယ်။

NayWaThan said...

ဟုတ်ပ... သာယာအေးရွာတစ်ခုထဲဆိုတော်သေးဗျား... ခုတော့ မြန်မာပြည်အရပ်ရပ်.. မြို့တိုင်းလိုလိုပါပဲ... ပေးချင်တဲ့အရာကို အရေးအသားလေးနဲ့မွေ့ပေးလိုက်တာ ကောင်းချက်...း)))...

ခင်မင်လျက်
နေ၀ဿန်

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

အသစ်မတွေ့တော့ ရွာဦးစေတီလေးပဲ နောက်တစ်ခါထပ်ဖူးသွားပါတယ်။ မြစ်ကျိုးအင်းရေ။ အေးချမ်းပါစေ။

PhyoPhyo said...

ဟိုနေ့တည်းက တစ်ခါဖတ်ပြီးသွားပြီ၊
ခုတစ်ခါပြန်လာဖတ်တာ၊ တဲလေးဆောက်ပြီးနေတာ သဘောကျလို့ :D
ကွန်မန့်တွေဖတ်တော့မှ ...
အော .. ပြောချင်တာ ဒါလား၊
ရေထားတာသိပ်ကောင်းပါတယ်။

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

ရွာဦးစေတီလေးပဲ ဖူးမ၀ပါဘူး ဖြစ်ကျိုးအင်းရေ။ စေတနာပန်းခင်းကို လည်းလာလည်ဦးနော်။ ပို့အသစ်တင်ထားတယ်။ အေးချမ်းပါစေ။

blackroze said...

ကိုယ်မွေးတဲ့မျောက်..ကိုယ့်ပြန်ချောက်
ဆိုတာဒါမျိုးပေါ့..ဦးမြစ်ရာ..

ssye said...

မျောက်သားဟင်း ချက်နည်းလေး online ပေါ်တင်ပေးလိုက်ရင် .....

moekhar said...

အတော်ဆိုးပါလားနော် .. မျောက်ကိုတော့ ချစ်စရာလို့ကိုမထင်တာ .. :D

ကုတ်လည်းကုတ်တတ်တော့ ကြောက်တယ် ..

Nge Naing said...

မြစ်ကျိုးအင်းရေ - ပေးချင်တဲ့ Message ကို ရပါတယ်။ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ Malware တွေကြောင့် Link တွေ ဖြုတ်ထားပြီးနောက်ပိုင်း မအားသေးလို့ Link ပြန်မချိန်ဖြစ်သေးတာနဲ့ ဘယ်သူတွေအသစ်တင်မှန်းမသိဘူး ပို့စ်ကောင်းကောင်းတွေလည်း မဖတ်ဖြစ်ဘဲ လွတ်သွားတာ အများကြီး ရှိနေလို့ Link ပြန်ချိတ်မှ ဖြစ်တော့မယ်။

 

Posts Comments

©2006-2010 ·TNB