ဘလော့ဂ်ဂါအငြိမ့် (၅)

01 January 2011


ပွဲတော်ကွင်းပြင်ဆီမှ ဆိုင်းသံဗုံသံကို သဲ့သဲ့ ကြားရတာကြောင့် ဘုရားပွဲတော်လာသူများ၏ ခြေလှမ်းများ အလိုလို သွက်လက် လာကြသည်။ တဖြည်းဖြည်း နီးကပ်လာလေ ဆိုင်းဝိုင်းသံတို့ မြိုင်လာလေဖြစ်သည်။ သူတို့ ဦးတည်နေသည်က ဆိုင်းသံများထွက်ပေါ်လာရာ အငြိမ့်ရုံ ဆီသို့ဖြစ်သည်။ ထို့ထက်ပို၍ ဆိုရလျင် ဘလော့ဂ်ဂါအငြိမ့်ရုံဆီသို့ဖြစ်သည်။ ဆိုင်းဆရာ၊ လူရွှင်တော်များနှင့် မင်းသမီးများအားလုံးသည် ဘလော့ဂ်ဂါများကိုယ်တိုင် ပါဝင်ကြခြင်းဖြစ်သည်။ ထိုသို့ဖြေဖျော်ခဲ့သည်မှာ ဘလော့ဂ်ဂါအငြိမ့် အမှတ် ၅ သို့ တိုင်ခဲ့ပြီ မဟုတ်လား။ တစ်နေ့တာ အမောအပန်းများ ပြေပျောက်ဖို့အတွက် ဘလော့ဂ်ဂါ အငြိမ့်ရုံတော်ထဲသို့ ပရိတ်သတ်များ တိုးဝင်နေကြသည်။

ဇာတ်စင်ရှေ့မှ အလယ်မြေကွက်လပ်ကို ဖျာများခင်းထားပြီး ထိုဖျာများ၏ ဘေးနှစ်ဘက် အစွန်းတွင်တော့ မီးတိုင်များကို ၁၀ ပေခန့်စီခွာပြီး ထွန်းထားတာကြောင့် ရုံတော်ထဲတွင်  မီးရောင်တို့ဖြင့် ထိန်လင်းနေ၏။ မီးရောင်အောက်တွင် မိမိတို့ ဝယ်ယူထားသော ဖျာနေရာများကို ရှာဖွေနေသူများ၊ ပြေးလွှားနေသော ကလေးများဖြင့် ဇာတ်ရုံထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ အငြိမ့်စင်၏ ညာဘက်အခြမ်းတွင်တော့ ရွှေရောင်ဖိတ်ဖိတ်လက်နေသော မြန်မာ့ဆိုင်းဝိုင်းကြီး ရှိနေသည်။ အငြိမ့်စင်၏ ဘယ်ညာထောင့် အပေါ်ဘက်တွင်တော့ မီးဆလိုက်များ တပ်ဆင်ထားသည်။ အငြိမ့်စင်ကို ဖုံးကွယ်ထားသော ခရမ်းရောင် ဖဲကတ္တီပါလိုက်ကာကြီးမှာ ခန့်ညားထည်ဝါလှသည်။ အပေါ်ဘက်တွင်တော့ ရွှေအိုရောင် နဖူးစီး လိုက်ကာ ချိတ်ဆွဲထားသည်။ ထိုနဖူးစီး ပေါ်တွင်ရှိ ကျွန်သစ်သားပြားပေါ်တွင် ထွင်းထုထားသော စာတန်း တစ်ခုရှိနေ၏။ မီးဆလိုက် ထိုးထားသော ထိုစာတန်းမှာ ဘလော့ဂ်ဂါအငြိမ့် ဖြစ်၏။
 
မြန်မာ့ဆိုင်းဝိုင်းမှ နှဲ နှင့် ဗုံသံတို့ ပေါင်းစပ်ကာ အပျိုးတီးသံ ထွက်ပေါ်လာသဖြင့် မီးကိုရေနှင့်ဖျန်းလိုက်သလို ပွဲရုံအတွင်း ငြိမ်သက်သွားသည်။ မိမိတို့နေရာများတွင် အတည်တကျ ထိုင်လိုက်ကြရင်း ဆိုင်းသံကို နားစွင့် နေကြသည်။ မြန်မာ့ဆိုင်းဝိုင်းကြီးကို ဦးဆောင်တီးခတ်သူကတော့ ဘလော့ဂ်ဂါမိုးယံ ဖြစ်သည်။ ထိုအချိန်တွင် ဘေးနှစ်ဖက်ရှိ မီးတိုင်တို့ မှိတ်သွားသဖြင့် ဇာတ်ရုံတစ်ခုလုံး မှောင်ကျသွား တော့သည်။  ဆလိုက်မီးရောင် နှစ်ခု ခရမ်းရောင် ကတ္တီပါလိုက်ကာကြီးပေါ် ထိုးစိုက်ကာ ဝေ့ကာ ဝိုက်ကာဖြင့် တစ်စုံတစ်ရာကို ရှာနေဟန် ပြုပေးနေသည်။ ပွဲခင်းထဲမှ ပရိတ်သတ်များရဲ့ မျက်လုံးအစုံသည်လည်း ဆလိုက်မီးရောင်တို့နှင့် အတူ အာရုံစူးစိုက်ကာ စောင့်မျှော်နေကြတော့သည်။

ထို့နောက်တွင်တော့ ဆိုင်းဆရာကြီး မိုးယံဦးဆောင်သော မြန်မာ့ ဆိုင်းဝိုင်းကြီးမှ ဆိုင်းသံ ထွက်ပေါ်လာပြီး ကတ္တီပါလိုက်ကာကြီး အပေါ်သို့ တစ်ရွေ့ရွေ့တက်သွားတော့သည်။ ဆလိုက်မီးရောင် နှစ်ခုသည် အငြိမ့်စင်၏ အလယ်ဗဟိုသို့ စုစည်းကာ ကျရောက်သွား၏။ အငြိမ့်စင်သည်ကာ ပီပီပြင်ပြင် ပေါ်ထွက်လာပြီဖြစ်သည်။ ဆလိုက်မီးရောင် အောက်တွင်တော့  ပရိတ်သတ်ကို လက်အုပ်ချီ နှုတ်ဆက်နေသည့် လူရွှင်တော် ငါးယောက်ကို တွေ့လိုက်ရသည်။


လပြာသို ခွါညိုလွှမ်းချိန်မို့ ပန်းရနံ့က ဝေ …
ငွေနှင်းထန် ဟေမာန်ဆောင်းရယ်ကြောင့် ချမ်း..ရ...တက်ပွေ …
တို့ရိုးရာ အသရေ မနွမ်းပါဘု ရှေးမြန်မာတွေ တထွေနန်းမှာဖြင့်
မြင်းခင်းသဘင် စီရင် ဆန်းတယ် သြော် … လွမ်းဖွယ့် ဒီဆောင်း …

“မင်္ဂလာရှိပါပေတယ် ကိုကြီးကျောက် ရေ” 
“ ပြာသိုလဆိုတာ ခွာညိုပန်းတွေ လှိုင်လှိုင်ပွင့်သလို ရှေးယခင်ဘိုးဘေးများ လက်ထက်ကတည်းက မြင်ခင်းသဘင် ကျင်းပကြတာ မဟုတ်လားဗျ
“ မှန်ပါတယ်ခင်ဗျာ” 
“ ပြာသိုလရဲ့ ရာသီဘွဲ့လေး ဆိုပြီးပြန်တော့ ကျွန်တော်တို့ရဲ့ ပရိတ်သတ်ကြီးကို နှုတ်ဆက်ချင်သေးသဗျာ”
“ဘယ်လိုများပါလိမ့် ”

“ကြွလာသူ မိတ်သဟာအပေါင်းရယ်နဲ့.......... ပန်းပမာ လန်းဖြာ ကြစေကြောင်း
ကျန်းမာစေ မေတ္တာရေ လောင်းပါ့မယ်.. 
ကျွန်တော်တို့ ဘလော့ဂ်ဂါ အငြိမ့်သဘင်က ခွန်းခြွေဆုတောင်းးးးးး။”

“ချိုချိုသာသာ ရှိပါပေတယ်ဗျာ”
“ ဟိုဘက်က ကိုဆိုဆီ လားခင်ဗျာ”
 “ ကိုကြီးကျောက်ရေ ”
“ ဒီဘက်က ကိုအောင် လားဗျာ”
“အမှုတော်ထမ်းရွက်လျက်ပါ ကိုကြီးကျောက်ရေ”
“ဒီဘက်ဘေးက ကိုဒူကဘာ လားဗျာ”
“ တာဝန်ကျေလျက်ပါ ကိုကျောက်ရေ”
“ ဒီတယောက်က ဂျစ်တူး မဟုတ်လားဗျာ”
“ တင်ပါ့ဘုရား”
“ဂွမ်းးး”
လူရွှင်တော် ဂျစ်တူး တစ်ယောက် လင်ဗန်းဖြင့် ဈေးဦးပေါက် အတီးခံလိုက်ရသည်။ 

“ဘယ်နှယ့်တင်ပါ့ဘုရားတုန်း ငါပါကွ ဘလော့ဂ်ဂါကိုကြီးကျောက်ပါ”
“ အော်မှားသွားလို့ ကိုကျောက်ရေ  ဟိုတခါကလို လူနာမည်နဲ့ ဘုန်းကြီးဘလော့ဂ်ဂါထင်လို့ ”

ကိုဆိုဆီ။.....။ “ဂျစ်တူးတို့များ လိုက်ကာတင်တာနဲ့ စပျက်တော့တာကိုး ”
ဂျစ်တူး။......။ “  ပရိတ်သတ်ကြီး အမောအပန်းပြေဖို့ အတွက် အချိန်အခါ ကျရောက်လာပြန်ပြီ မဟုတ်လားဗျ” 
ကိုကျောက်။......။ “ နှစ်စဉ်နှစ်တိုင်း ကပြဖျော်ဖြေခဲ့သလို အခုလည်း ၂၀၁၁ နှစ်သစ်ရဲ့အစ ပထမဆုံးအချိန်လေးကို အပျော်လေးနဲ့ ဖွင့်လှစ်ပေးချင်တဲ့ ဇာတ်ဆရာရဲ့ စေတနာပါပဲ”
ကိုဒူကဘာ။......။ “ မှန်ပါပေတယ်ဗျာ”
ကိုအောင်။.....။ “၂၀၁၀ ရဲ့ စိတ်ပျက်စရာတွေကို ချန်ခဲ့ပြီး အခုနှစ်သစ် ၂၀၁၁ ကိုလည်း ပြည်သူတွေအားလုံး ပျော်ရွှင်ကြဖို့ ကျနော်တို့ လူရွှင်တော်များက ဆုတောင်းမေတ္တာ ပို့သပါတယ်ဗျာ”
ကိုအောင်၏ စကားဆုံးလျင် ကျန်သည့်လူရွှင်တော်များမှာ ကိုယ်ခန္ဓာကို ခါးတခြမ်းစောင်းကာ လိမ်ဖယ်ဖယ် လုပ်ပြီး ပရိတ်သတ်ကို ဂါရဝပြု နှုတ်ဆက်ကြသည်။

ကိုအောင်။........။ “ ဒီလူတွေ ဘယ်လိုဖြစ်ကြတာတုန်း ခန္ဓာကိုယ် လိမ်နေကြပါလား
ကိုကျောက်။......။ “ မဟုတ်ပါဘူး ကိုအောင်ရယ် မင်းက ၂၀၁၀ ပြောလို့ ငါတို့တွေ သတိရပြီး ဒီပုံစံ ဖြစ်ကုန်ကြတာ”
ကိုအောင်။.......။ “ ၂၀၁၀ မှာ ခင်ဗျားတို့က ဘာဖြစ်ခဲ့လို့တုန်း ”

လူရွှင်တော်များမှ  ဤကဲ့သို့ သံပြိုင်ဖြေလိုက်ကြသည်။
“ ၂၀၁၀ မှာ အလိမ်ခံခဲ့ရလို့ပါကွာ”

ထို့နောက် လူရွှင်တော် ငါးယောက်စလုံး ညာဘက်လက်မြှောက်၍ လက်ညှိုးထောင်ကာ ဘယ်ညာ ခါယမ်းပြီး သီချင်းအပိုင်းအစ ကို ညီညီညာညာ သီဆိုကြကုန်သည်။

“ဒါမျိုးတော့ မလုပ်ပါနဲ့ ဒီလိုမျိုးတော့ မလုပ်ကြပါနဲ့ ရိုးရိုးသားသား စွမ်းပကားနဲ့ ယုံကြည်မှုတွေ တည်ဆောက်ပါဗျို့”

ပထမဆုံး ပျက်လုံးမှာတင် ပရိတ်သတ်ရဲ့ လက်ခုပ်သံကို ရသွားသည့် လူရွှင်တော်များ ပို၍ လမိုင်းကပ် လာကြသည်။ တက်တက်ကြွကြွ အတိုင်အဖောက်ညီညီဖြင့် ပရိတ်သတ်ကို ဆက်လက်ဖျော်ဖြေလေပြီ။


ကိုဆိုဆီ။.......။ “ ကျနော်တို့ လူရွှင်တော်တွေဆိုတာ ခေတ်အဆက်ဆက် ပြည်သူနဲ့ တစ်သားထဲ ရပ်တည်ခဲ့ကြတာပဲ မဟုတ်လားဗျာ”
ကိုကျောက်။.......။ “ မှန်ပါတယ်ဗျာ  လွဲနေချော်နေတာတွေကို ပျက်လုံးထုတ်ပြီး တည့်မတ်စေချင်တဲ့ စေတနာ သက်သက်ပါပဲ”
ကိုအောင်။......။ “ ဘယ်သူ့ ဘယ်သူမှ နစ်နာစေချင်စိတ် မရှိပါဘူး ”
ကိုဒူကဘာ ။.......။ “ဒါဟာလည်း ကျရာတာဝန် ကျေပွန်ချင်စိတ်မဟုတ်လားဗျာ
ကိုကျောက်။.......။ “ မှန်ပါပေတယ်ဗျာ”
ကိုဆိုဆီ။......။ “ ကျရာတာဝန်ဆိုလို့ ကျနော် တာဝန်ကျတုန်းက အကြောင်းလေး ပြောပြချင်သေးတယ်”
ကိုကျောက်။......။ “ ပြောပြပါအုံးဗျာ”
ကိုဆိုဆီ။......။ “ ဒီလိုဗျ ကျနော် ဗိုလ်သင်တန်းပြီးတော့ ကချင်ပြည်နယ် ကျောက်စိမ်းနယ်မြေမှာ တာဝန်ကျတယ် ”
ကိုအောင်။......။ “ ဆက်စမ်းပါအုံး ”
ကိုဆီုဆီ။......။ “ တနေ့ ကချင်အဖိုးကြီး တစ်ယောက် တားမြစ်နယ်မြေထဲမှာ ကျောက်လာတူးတာ တွေ့တော့ ကျနော်ကလည်း ဖိဟောက်လိုက်တာပေါ့”
ဂျစ်တူး။......။ “ ဘယ်လိုဟောက်လိုက်တာတုန်း”
ကိုဆိုဆီ။......။ “ အဖိုးကြီး ဒီနယ်မြေမှာ ကျောက်မတူးရဘူးဆိုတာ မသိဘူးလား အဖမ်းခံချင်လို့လား ဆိုပြီး ဟောက်လိုက်တော့ အဖိုးကြီးက မပီကလာ နဲ့ ပြန်ပြောတယ်”

ကိုအောင်။.....။ “ဘယ်လိုပြန်ပြောလဲ” 
ကိုဆိုဆီ။......။ “တာတို့ပြေ တာတို့မြေ ဆိုလို့တူးတာပါဗိုလ်ကြီးရယ်..။ ဗိုလ်ကြီးတို့ပြေ ဗိုလ်ကြီးတို့မြေဆိုရင် မတူးပါဘူး ဗိုလ်ကြီးတဲ့”

ကိုဆိုဆီ့ ပျက်လုံးဆုံးလျင် ပရိတ်သတ်များထံမှ လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။
ထို့နောက် ကိုဒူကဘာက ပျက်လုံးတစ်ခုကို အစပျိုးသည်။


ကိုဒူကဘာ။.....။ “ ကိုဆိုဆီက ကချင်ပြည် အကြောင်းပြောလို့ ကျနော် ကြုံခဲ့တာလေးလည်း ပြောပြချင်သေးသဗျ”
ကိုအောင်။.....။ “ လင်းစမ်းပါအုံးဗျာ”
ကိုဒူကဘာ။......။ “ ကျနော်က ကချင်ပြည်နယ်သားဆိုတော့  ဖားကန့်တက်ပြီး ကျောက်သွားတူးတယ်ဗျာ တစ်နေ့တော့ ဈေးထဲသွားပြီး ဘောင်းဘီရှည် သွားဝယ်တယ်လေ ဘောင်းဘီဆိုင်မှာက ဘာယူယူ ၁၅၀၀ တဲ့... ဒါနဲ့အတန်ဆုံး ဘောင်းဘီ ရွေးဝယ်လိုက်တယ်”
ကိုကျောက်။.....။ “ ဘယ်လိုဘောင်းဘီလဲ”
ကိုဒူကဘာ။......။ “ ကျနော်က ကချင်ပြည်နယ်သားလူလည်ဆိုတာ သူတို့က မသိကြဘူးလေ ရိုးရိုးဗြောင် ယူလည်း ၁၅၀၀ နှင်းဆီပန်းပုံပါတဲ့ဟာ လည်း ၁၅၀၀ ပဲတဲ့။ ဈေးချင်းအတူတူမှတော့ ပန်းပါတာပဲ ယူလိုက်တာပေါ့”

“ဂွမ်းး” 
ကိုဒူကဘာတစ်ယောက် လင်ဗန်းဖြင့် အတီးခံလိုက်ရသည်။
ဂျစ်တူး။......။ “သူ့ကိုယ်သူများ ကချင်ပြည်နယ်သား လူလည်တဲ့... ကျနော့်လို ရန်ကုန်သားက လူလည်လို့ ပြောရင် ဟုတ်သေး” 
ကိုဆိုဆီ။.....။ “ အော်... ဂျစ်တူးက ရန်ကုန်သားလူလည်ဆိုပါတော့...  ဒါဆို ရန်ကုန်အကြောင်း နဲနဲ မေးကြည့်ချင်သေးတယ်”
ဂျစ်တူး။......။ “ ဟင်း..ဟင်း...အကုန်သိတယ် မေးချင်ရာမေး”
ကိုဆိုဆီ။.....။ “ဒါဆို မေးမယ်ဗျာ မြို့တော်ခန်းမကို သွားရင် ဘုန်းကြီးလမ်းကနီးလား ဗိုလ်အောင်ကျော်လမ်းက နီးလား ” 

မေးခွန်းကြားပြီး ဂျစ်တူး အားရပါးရ ရယ်သည်။ ထို့နောက် ကိုဆိုဆီ့ နဖူးကို လက်ညိုးဖြင့်ထိုးကာ
“ ဒါလေးများ လာမေးနေသေးတယ်။ မသေမချင်းမှတ်ထား... ဗိုလ်အောင်ကျော်လမ်းနီးတာပေါ့ကွ ”
ကိုဆိုဆီ။......။ “ မဖြစ်နိင်ပါဘူးကွာ”
ဂျစ်တူး။.......။ “ ဘာလို့မဖြစ်နိင်ရမှာလဲ မြေပုံယူပြီးတောင် ပြလိုက်ချင်သေးတယ်”
ကိုဆိုဆီ။.....။ “ ဗိုလ်အောင်ကျော်လမ်းနီးတာတော့ လုံးဝမဖြစ်နိင်ဘူး”
ဂျစ်တူး။......။ “ ဘာလို့မဖြစ်နိင်ရမှာလဲ”
ကိုဆိုဆီ။......။ “ ဗိုလ်အောင်ကျော်ကဖြင့် သေတာကြာပြီဟာကို”
“ဂွမ်းး”
လူရွှင်တော်များမှ ကိုဆိုဆီ ခေါင်းပေါ်ကို လင်ဗန်းဖြင့်ဝိုင်းရိုက်ကြတော့သည်။


ကိုကျောက်။....။ “ဒီလိုမေးကြေးဆို ကိုဆိုဆီ့ကိုလည်း ဥာဏ်စမ်းပြန်မေးမယ်ဗျာ”
ကိုဆိုဆီ။.....။ “မေးဗျာ”

ကိုကျောက်။.....။ “အစကတော့ ထောင်ထောင် ထောင်ထောင်နဲ့ ပြီးမှ ပိုးလို့ပက်လက်လဲတာ ဘာလဲ”
ကိုဆိုဆီ။.....။ “ ကိုကျောက် အညှီအဟောက်တွေ မပါကြေး”
ကိုကျောက်။.....။ “ မေးခွန်းက ရိုးရိုးပါကွ မင်းတို့က ဘယ်လိုထင်လို့လဲ”
ကိုအောင်။.....။“ အစကထောင်ထောင်နဲ့ ပြီးမှ လဲတာဆိုတော့ ဟိုဟာသတိရမိလို့”
ဂျစ်တူး။......။ “ ဘယ်ဟာတုန်း”
သူ့ကိုရိုက်ရန်ရွယ်ထားသည်ကို မြင်သဖြင့် ကိုအောင်က  ကမန်းကတမ်း ပြန်ဖြေသည်။
ကိုအောင်။....။ “ငယ်ငယ်က အရုပ်ပစ်တာ သတိရတာလို့ ပြောမလို့ပါ”
ဂျစ်တူး။.....။ “အရုပ်ကယ်သွားလို့ပေါ့ကွာ”
ကိုကျောက်။.....။ “ ဒါဆိုငါ့မေးခွန်းကို မဖြေနိင်ကြဘူးပေါ့ ”
ကိုဒူကဘာ။......။ “ဒီလိုလွယ်လွယ်နဲ့တော့ ဘယ်ရမလဲ”
ကိုကျောက်။.....။ “စဉ်းစားအုံးမယ်ပေါ့”
ကိုဒူကဘာ။.....။ “ မဟုတ်ဘူး အရှုံးပေးမှာ.. ကဲ... မသိဘူးဗျာ အဖြေမှန်ပြောပြ”
ကိုကျောက်။....။ “ အစကထောင်ထောင်နဲ့ ပြီးမှ ပိုးလိုးပက်လက်လဲတာ ဟိုဟာလေကွာ”
လူရွှင်တော်များ။.......။ “ဘာများပါလိမ့်”
ကိုကျောက်။.....။ “  မြန်မာဘောလုံးအသင်း ”

လက်ခုပ်သံများထွက်လာသည်။ ထို့နောက် ကိုအောင်က မိုက်ရှေ့သို့တိုးလာကာ..

 “ ဒါဆို ကိုကျောက်ကိုလည်း ပြန်မေးမယ်ဗျာ ရအောင်ဖြေ”
ကိုကျောက်။....။ “ မေးလိုက်စမ်းဘာာာ”
ကိုအောင်။......။ “ လူစည်ပြီဆိုရင် ကိုယ့်ပစ္စည်းလေး ထုတ်ထုတ်ပွတ်ပြရတယ်ဗျာ အဲဒါဘာပစ္စည်းလဲ ရအောင်ဖြေ”
ဂျစ်တူး။.....။ “ ကိုအောင်  မညစ်ပတ်နဲ့နော် ”
ကိုအောင်။.....။ “ ရိုးရိုးမေးတာပါဗျ အတွေးမချော်စမ်းပါနဲ့ ”
ကိုကျောက်။.....။ “လူစည်ရင် ထုတ်ထုတ်ပွတ်ပြတဲ့ ကိုယ့်ပစ္စည်းဟုတ်လား”
ကိုအောင်။....။ “ ဟုတ်တယ်....သိတယ်ပေါ့ ”
ကိုကျောက်။.....။ “ မသိဘူး အရှုံးပေးတယ် ”
ကိုဆိုဆီ။.....။ “ တော်တော်စဉ်းစားလိုက်တဲ့ပုံပဲ”
ဂျစ်တူး။......။ “ ကိုကျောက်ကလည်း နဲနဲပါးပါးခေါင်းသုံးအုံးလေ”
ကိုကျောက်။......။ “ ငါကလူကြီးကွ လူကြီးဆိုတာ ခေါင်းမသုံးဘူးလေ ဘယ်လူကြီး ခေါင်းသုံးတာ မင်းမြင်ဖူးလို့လဲ ”
ဂျစ်တူး။.....။ “ဟုတ်ပါတယ်...ဟုတ်ပါတယ် လူကြီးတွေ ခေါင်းမသုံးတာ ကျနော် သိပါတယ်”
ကိုဒူကဘာ။.....။ “ လူကြီးတွေ ခေါင်းမသုံးဘူး မပြောပါနဲ့ဗျ.. ကျုပ်လည်း လူကြီးပါပဲ ကျုပ်ကခေါင်းသုံးပါတယ်ဗျ ”
ကိုဆိုဆီ။......။ “ ဘယ်နေရာတွေမှာ ခေါင်းသုံးတာလဲ ပြောပါအုံး”
ကိုဒူကဘာ။.....။ “ ရလာတဲ့ငွေ ကိုယ့်အိတ်ထဲရောက်အောင် ဘယ်လိုထည့်ရမလဲ တွေးတတ်တာကို ပြောတာဗျ။ ဘယ်နိင်ငံ ဘဏ်မှာ အပ်မလဲဆိုတာလည်း ခေါင်းသုံးပြီးတွေးရတာပဲလေ”

လူရွှင်တော်များ..။......။“ အော် တော်တော် လူကြီးပီသပါပေတယ်.ဗျာ”

ကိုဆိုဆီ။.....။ “ ကဲပါဒါဆို အဖြေပြောပြ”
ကိုအောင်။......။ “လူစည်ရင် ထုတ်ထုတ်ပွတ်ပြရတဲ့ ကိုယ့်ပစ္စည်းလေးဆိုတာက..”
ကိုကျောက်။......။ “ အဲဒါဘာတုန်း”
ကိုအောင်။.....။ “  iPhone ”
ကိုဒူကဘာ။....။ “ဟုတ်လို့လားဗျာ”
ကိုအောင်။.....။ “ ဈေးကြီးကြီးပေးဝယ်ထားရတာ လူစည်တုန်း ထုတ်ပွတ်မှ တန်မှပေါ့ဗျ မယုံရင် MRT ပေါ်မှာ စောင့်ကြည့်”
ဂျစ်တူး။.....။ “ ဟုတ်ပါပြီဗျာ...။ဒါဆို...ဒီတခါတော့ ကျနော်မေးမယ်ဗျာ ဖြေကြ ”
ကိုအောင်။......။ “ ရတယ် ကြိုက်တာမေး”
ဂျစ်တူး။.....။ “ အပင်တွေထဲမှာ သုံးစားမရတဲ့အပင်က ဘာပင်လဲ”

ဂျစ်တူးမေးခွန်းဆုံးလျင် ကျန်သည့်လူရွှင်တော်များ ခေါင်းချင်းဆိုင်ကာ အဖြေရှာဟန်ပြုသည်။
ကိုကျောက်။.......။ “သုံးစားမရတဲ့ အပင်ဆိုတာ မရှိဘူးလေ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်လို့ ဆိုရိုးရှိတာပဲ မေးခွန်းမှားနေတယ် ထင်တယ်ကွ။ ”
ဂျစ်တူး။.....။ “ မမှားဘူး ရှိတယ်ဗျ ရအောင် စဉ်းစား”
ကိုအောင်။......။ “စဉ်းစားမရဘူးကွာ အရှုံးပေးတယ် အဖြေပြောပြ”
ဂျစ်တူး။.....။ “ လွယ်လွယ်လေးပါဗျ သုံးစားမရတဲ့အပင်ဆိုတာ”
ကိုဒူကဘာ။......။ “ဘာပင်တုန်း”
ဂျစ်တူး။.....။ “ စည်ပင်”

ပရိတ်သတ်၏ ရယ်သံများကို စောင့်ပြီးနောက် လူရွှင်တော်များ ဇာတ်စင်အလယ်တွင် စုလာကြသည်။

ကိုဆိုဆီ။.......။ “ ပရိတ်သတ်ကို ရယ်မောအောင် ပျက်လုံးထုတ်လို့ ကောင်းပေမယ့် ကချင်နေရှာတဲ့ မင်းသမီးကိုလည်း အလှည့်ပေးရအုံးမယ် မဟုတ်လားဗျာ”
ဂျစ်တူး။......။ “ တတ်သည့်ပညာမနေသာ ဆိုသလို ရှေ့ထွက်မင်းသမီးလေးလည်း ကပြအသုံးတော် ခံချင်ရှာမှာပဲ”
ကိုအောင်။.....။ “ မင်းသမီးက ဘယ်သူများလဲဗျာ”
ကိုဒူကဘာ။...။ “ နံမည်လေးတွေ ကြားပါရစေလားဗျာ”
ကိုဆိုဆီ။......။ “ သဘင်လောကမှာ အစဉ်အဆက် ကျော်ကြားခဲ့တဲ့ မန္တလေးရွှေမြို့တော်က မင်းသမီး ရွှေစင်ဦး နဲ့ ညီမငယ် စည်းစိမ်ရှင် ပါတဲ့ဗျာ”

ကိုဒူကဘာ။.....။ “ ဒါဆို ကိုကျောက်ပဲ ကျနော်တို့ မင်းသမီးတွေကို ခေါ်ပေးဗျာ”
ကိုကျောက်။......။ “ မျှော်လင့်တာ ချိန်ခါသင့်ပြီမို့ ဝတိံသာအမြင့်က တိမ်လွှာဆင့်ကာ ဆင်းခဲ့ပါတော့  ရွှေစင်နှမတို့ရေ ”

ကိုကျောက်၏ မင်းသမီး ခေါ်သံအဆုံးတွင် ဇာတ်စင်တစ်ခုလုံး မီးရောင် မှိန်ကျသွားပြီး ဆိုင်းဆရာကြီး မိုးယံ၏ လေပြေထိုးတီးဟန် ထွက်ပေါ်လာသည်။ ထို့နောက် ဆလိုက်မီးရောင် နှစ်ခု ဇာတ်စင်အလယ်ကို ကျရောက်လာသည့်အခါတွင်တော့ ပန်းနုရောင် ဝတ်စုံဖြင့် မရွှေစင် အဖြူရောင် ဝတ်စုံဖြင့် မစည်းစိမ်တို့ လက်အုပ်ချီပြီး ပရိတ်သတ်ကို နှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။ ပရိတ်သတ်ကို နှုတ်ဆက်ပြီးနောက် လူရွှင်တော်များဘက် လှည့်ကာ နှုတ်ဆက်ပြန်သည်။

“ရွှေစင့်ရဲ့ မောင်နှမများ မင်္ဂလာပါရှင်”
“ မင်္ဂလာပါ မင်းသမီးတို့ရေ”
“စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးကို ဘယ်လိုသီချင်းလေးနဲ့ ကပြဖျော်ဖြေမလဲ မင်းသမီးရေ”
“ ရွှေစင်တို့ညီအမ ဖျော်ဖြေမယ့် သီချင်းလေးကတော့ ရွှေစင်နဲ့တကွ ပြည်သူတွေ အားလုံး ဖြစ်စေချင်တဲ့ ဆန္ဒလေးကို သီချင်းလေး အဖြစ် ဒီလိုဆိုကာ ကလိုက်ချင်ပါတယ်ရှင်”

လူရွှင်တော်များ။.......။ “ ကြားပါရစေဗျာ ”

“ကျွန်မစိတ်ကူးထဲက မြန်မာပြည် အလွန်ကြီးကျယ်ခမ်းနားလှသည်.......  
ရေမီးတွေစုံစုံညီ............တစ်နိုင်ငံလုံးလည်း ထိန်ထိန်လင်းမည်... 
လမ်းတံတားတွေလည်း ကောင်းလှသည်... အဆောက်အဦးတွေလည်း အလွန်ပဲခေတ်မှီ... 
နိုင်ငံတကာကို ရင်ဘောင်တန်းဖို့ ရေနက်ဆိပ်ကမ်းကြီးလည်း ဂုဏ်ယူစရာအမှန်ဘဲ ခမ်းနားလှပါသည်။”


လူရွှင်တော်များ လက်သီးလက်မောင်း တန်းဟန်ဖြင့် သံပြိုင် ဝင်ဆိုကြသည်။ 
“ တို့ပြည်သူတွေ မျှော်လင့်သည်.. မျှော်လင့်နေပါသည်။”  

ဆိုင်းဆရာ မိုးယံရဲ့ မြူးကြွသော လက်သံကြောင့် မင်းသမီး၏ သီချင်းမှာ ပို၍မြူးကြွလာလေပြီ။ မင်းသမီးနှစ်လက် သူနိင်ကိုယ်နိင် အပြိုင်ကျဲ ကြလေပြီ။

“လှမ်းကြည့်လိုက်ရင်မြင်နိုင်ပါသည်......စက်ရုံကြီးတွေစီစီရီရီ..
ထုတ်ကုန်တွေ ပိုလျှံနေပါသည်...ကမ္ဘာတဝှမ်းကို ရောင်းချမည်....နိုင်ငံခြားငွေ ရခဲ့ပြီ...
ရတနာတွေလည်း အလွန်ပေါသည်....... ဒို့တိုင်းရင်းသားတွေ စည်းလုံးညီညီ ကြိုးစားမည်
နိုင်ငံမှာထိန်ထိန်လင်းဖို့ ဆည်တွေအများကြီးဆောက်လို့.. ကိုယ်ပိုင်ရေအားလျှပ်စစ် ထုတ်ပါမည်။ ”

သီချင်းသံ ဆုံးပြီးနောက် ပရိတ်သတ်ကို နှုတ်ဆက်ကာ မင်းသမီးများ ဇာတ်စင်အနောက်သို့ ဝင်ရောက်သွားတော့သည်။ လူရွှင်တော်များ ဇာတ်စင်အလယ်သို့ စုဝေးလာကြသည်။

ကိုကျောက်။......။ “ မင်းသမီးရဲ့ သီချင်းလေး မကောင်းဘူးလားဗျာ”
ကိုအောင်။........။ “ အတိတ်ကောင်း နမိတ်ကောင်း ဆောင်တဲ့သီချင်းလေးမို့ နားထောင်လို့ မငြီးဘူးဗျာ”
ကိုဆိုဆီ။....။ အတိတ်ကောင်း နမိတ်ကောင်း ဆိုလို့ ပြောရအုံးမယ်။ မင်းသမီး သီချင်းဆိုနေတုန်း ကျနော့်မှာ စိုးရိမ်လိုက်ရတာဗျာ ”
ဂျစ်တူး ။......။ “ ဘာကို စိုးရိမ်တာလဲ ”
ကိုဒူကဘာ။....။ “ ကနေရင်း ချော်လဲမှာ စိုးရိမ်တာလား”
ကိုဆိုဆီ။.......။ “ မဟုတ်ပါဘူး မီးပျက်သွားမှာစိုးတာ”

“ ဂွမ်းးး ”

ကိုအောင်။......။ “အတိတ်ကောင်း နမိတ်ကောင်းပါဆိုမှ မီးပျက်မှာပူနေသေးတယ်။”

ကိုဆိုဆီ။.....။“မင်းသမီးရဲ့ သီချင်းလေး ကောင်းသလို ကတာလေးလည်း မကောင်းဘူးလားဗျာ”
ကိုဒူကဘာ။...။ “ သဘင်သည်တွေ ခေတ်အဆက်ဆက် ထွက်ပေါ်တဲ့ ရွှေမန်းသူတွေကိုးဗျ”
ဂျစ်တူး။......။“မင်းသမီး ကတာကောင်းလွန်းလို့ ဇာတ်စင်ထောင့်ကနေ မရွှေစင်ကို မျက်တောင်မခတ်တမ်း ကြည့်နေတာ ကျနော်တွေ့လိုက်သေးတယ်”
ကိုကျောက်။......။“သူ့ ချစ်ချစ်ကြီးလား”
ဂျစ်တူး။......။ “မဟုတ်ဘူး မီးဆလိုက်ကြီး”
“ဂွမ်း...”

ဂျစ်တူးးကို ဝိုင်းတီးကြတော့သည်။

ကိုဒူကဘာ။......။ “အငြိမ့်သီချင်း ကြားတော့ နိင်ငံရဲ့ ဆောင်ပုဒ် ပြောင်းသွားတာလေး ပြောပြချင်သေးတယ်”
ကိုအောင်။......။ “ ဘယ်လိုများ ပြောင်းသွားတာတုန်း ”
ကိုဒူကဘာ။.....။ “ အရင်က မြစ်ကိုမြင်လျှင် တံတားဆင်မည် ဆိုတဲ့ ဆောင်ပုဒ်လေ အခု အဲဒီလို မဟုတ်တော့ဘူး”
ကိုကျောက်။........။ “ ဘာတဲ့လဲ ”
ကိုဒူကဘာ။.....။ “ မြစ်ကိုမြင်လျှင် ဆည်တည်ဆောက်မည် တဲ့”
ဂျစ်တူး။.........။ “ ဆည်ဆောက်ပြီး ဘာလုပ်မှာလဲ ”
ကိုဒူကဘာ။......။“ရေအားလျှပ်စစ် ထုတ်လုပ်မှာလေ”
ကိုဆိုဆီ။........။ “အော်.. ဒို့ပြည်သူတွေ အတွက်ပေါ့”
ကိုဒူကဘာ။.......။ “မဟုတ်ပါဘူး သတင်းစာနဲ့ မိန့်ခွန်းထဲ ထည့်ကြွားဖို့”

“ ဂွမ်းးး”

ကိုကျောက်ကိုလင်ဗန်းဖြင့် ဝိုင်းရိုက်ကြတော့သည်။

ကိုအောင်။........။ “မင်းသမီး သီချင်းကြားလို့ ကျနော်လည်းဟိုတလောက ဖတ်လိုက်ရတဲ့ သတင်းလေး ပြောပြချင်သေးတယ်ဗျ”
ကိုဒူကဘာ။.........။ “ ပြောပြပါအုံးဗျာ ”
ကိုအောင်။.....။ “ ကျနော်တို့ နိင်ငံမှာ မဖွံ့ဖြိုးတဲ့ ကဏ္ဍမရှိဘူး ဆိုပြီး မိန့်ခွန်းပြောသွားတာလေ”
ကိုဆိုဆီ။.......။ “  ကြားတယ်လေ အဲဒီလိုပြောလို့ နိင်ငံတကာကတောင် ဝေဖန်ကြတာပဲ”
ကိုအောင်။......။ “ ဟုတ်တယ် အဲဒီဝေဖန်တဲ့သူတွေကို မိန့်ခွန်းပြောတဲ့ လူကြီးက တစ်ခွန်းပဲ ပြန်ပြောလိုက်တာ အားလုံး အသံတိတ်သွားရတယ်”
ကိုကျောက်။.......။ “ ဘယ်လိုပြန်ပြောလိုက်လဲ ”
ကိုအောင်။.....။ “ မယုံရင် ငါ့အိမ်လာကြည့်တဲ့ ”

“ဂွမ်းးးး”

ကိုဆိုဆီ ။........။ “ကိုအောင်က မိန့်ခွန်းအကြောင်းပြောတော့ ကျနော်က တစ်ခုပြောပြချင်သေးတယ်ဗျ ”
ဂျစ်တူး။........။ “ ကြားပါရစေဗျာ ”
ကိုဆိုဆီ။......။ “ မိန့်ခွန်းပြောတဲ့အခါ တစ်ချို့လူကြီးတွေ စာရွက်ကြည့်ပြီး ပြောတာ တွေ့တယ်မဟုတ်လား”
ကိုအောင်။.....။ “ အင်းဟုတ်တယ် သတိထားမိတယ် ပြောရမှာတွေ မေ့သွားမှာ စိုးလို့မဟုတ်လား”
ကိုဆိုဆီ။......။ “ မဟုတ်ဘူးဗျ ”
ကိုဒူကဘာ။....။ “ ဒါမှမဟုတ် ပရိတ်သတ်ရဲ့ မျက်နာမကြည့်ရဲလို့လား”
ကိုဆိုဆီ။.......။ “ ဒါလည်းမဟုတ်ဘူးဗျ”
ကိုကျောက်။.......။ “ အဲဒါဆို ဘာဖြစ်လို့ စာရွက်ကြည့်ပြီး မိန့်ခွန်းပြောတာလဲ”
ကိုဆိုဆီ။........။ “သူစာဖတ်တတ်တယ်ဆိုတာ ပြတာလေ”

“ဂွမ်းးး”
လင်ဗန်းဖြင့် ခေါင်းကို ဝိုင်းတီးကြတော့သည်။

ဂျစ်တူး။.....။ “ တော်ပြီ နိင်ငံရေးအကြောင်းတွေ မပျက်နဲ့တော့ ”
ကိုကျောက်။.....။ “ ဘာဖြစ်လို့လဲ”
ဂျစ်တူး။......။ “စင်ထောင့်မှာ ဇာတ်ဆရာ မျက်နာငယ်နေပြီ”

ကိုအောင်။.....။ “ကဲဒါဆိုလည်း ကျနော်တို့လူရွှင်တော်တွေ ပြိုင်ပွဲတစ်ခုလုပ်ကြမယ်ဗျာ”
ကိုဒူကဘာ။.....။ “ဘာပြိုင်ပွဲလဲ”
ကိုအောင်။.......။ “တို့ဆွေမျိုးတွေထဲမှာ ဘယ်သူအမိုက်ဆုံး ဆိုတာ ပြိုင်မယ်”
“ အေး...ပြိုင်မယ်”
စကားဆုံးလျင် ကျန်သည့်လူရွှင်တော်များမှာ အင်္ကျီလက်များပင့်တင်ကြသည်။ တချို့က တောင်ရှည်ပုဆိုး ကို ခါးတောင်းကျိုက်ကာ အားတက်သရော ပြိုင်မည့်ပုံစံ ပြကြသည်။
 
ကိုအောင်။...။ “ဒါဆို ကျနော် ပထမဆုံး စပြိုင်မယ်ဗျာ”
ကိုကျောက်။....။ “ ကြားပါရစေဗျာ”
ကိုအောင်။......။ “ ကျနော့်အဖိုးက ဘယ်လောက်မိုက်လဲ ဆိုရင် ပင်လယ်ရေ ချိုးချင်လို့တဲ့ ရွာထဲက ရေကန်ထဲကို ငန်တဲ့အထိဆားခတ်တာ ”
ကိုဆိုဆီ။......။ “ ရေတွေငန်သွားရောလား ”
ကိုအောင်။.....။ “ ဆားဖိုးနဲ့ မွဲသွားရှာတယ် ”

ဂျစ်တူး။.....။ “ ကိုအောင် အဖိုးက တော်တော်မိုက်တာပဲ ဒါပေမယ့် ကျနော့်အဖိုးကို မမှီဘူးဗျာ”
ကိုဆိုဆီ။......။ “ ဂျစ်တူးအဖိုးက ဘယ်လိုမိုက်တာလဲ ”
ဂျစ်တူး။.....။ “ ကျနော်အဖိုးက   ကြွက်သတ်ဆေးသောက်ရင် သေမသေ  အလောင်းအစားလုပ်ပြီး သောက်ပြတာ”
ကိုကျောက်။.....။ “ သေသွားရောလား”
ဂျစ်တူး။.......။ “ အချိန်မှီဆေးရုံပို့လို့ မသေဘူး ”
ကိုအောင်။.....။ “ ဒါဆို သူနိင်သွားတာပေါ့ ”
ဂျစ်တူး။......။ “ အင်းပေါ့ မသေတော့ သူနိင်သွားတာလေ”
ကိုဒူကဘာ။.....။ “ ဘာကြေးလောင်းတာလဲ ”
ဂျစ်တူး။......။ “ နဖူးတောက်ကြေး”
“အင့်ဟာ”
“ဂွမ်းးးး”

ကိုကျောက်။.....။“အဟုတ်မှတ်လို့ နားထောင်နေတာ နဖူးတောက်ကြေးနဲ့ ကြွက်သတ်ဆေး သောက်ရတယ်လို့ ဒါဆိုဂျစ်တူးအဖိုးက ပိုပြီးမိုက်တာပေါ့”
ကိုဆိုဆီ။....။ “ နိုး .. နိုး.. ဂျစ်တူး အဖိုးထက် ကျနော့်အဖေက ပိုမိုက်တယ်ဗျ”
ကိုဒူကဘာ။.....။ “ ကိုဆိုဆီ အဖေက ဘာလုပ်လို့လဲ”
ကိုဆိုဆီ။....။ “ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးတာ ”
ဂျစ်တူး။......။ “ ဝင်ရွေးတော့နိင်လား”
ကိုဆိုဆီ။....။ “ ညကတော့ နိင်တာပဲ မနက်ရောက်မှ ရှုံးသွားရတယ် ”
ကိုအောင်။.....။ “ ဒါကြောင့် အစောထဲက မဝင်ပါနဲ့လို့ ပြောသားပဲ”
ကိုဆိုဆီ ။....။ “ အင်းလေ ဒါကြောင့် ကျနော်အဖေထက် မိုက်တဲ့သူ ရှိအုံးမလား ”
ဂျစ်တူး။.....။ “ ဒါဆိုရင်တော့ ကိုဆိုဆီ အဖေက အမိုက်ဆုံး ဖြစ်ပြီ”
ကိုကျောက်။....။ “ နေကြအုံး ငါ့ဦးလေးက ကိုဆိုဆီ့ အဖေထက် ပိုမိုက်တယ်ဗျာ ”
ကိုအောင်။......။ “ ရှင်းပြပါအုံးဗျာ”
ကိုကျောက်။.....။ “ ငါ့ဦးလေးလည်း အမတ်ဝင်ရွေးတာ သူလည်းရှုံးတာပဲ ”
ဂျစ်တူး။.....။ “ ဒါဆို ကိုဆိုဆီ အဖေနဲ့ အတူတူပဲလေ”
ကိုကျောက်။....။ “ မပြီးသေးဘူး ကျန်သေးတယ် ငါ့ဦးလေးက သူရှုံးတာကို မကျေနပ်လို့ တရားစွဲမလို့တဲ့ အခုအိမ်ပေါင်ပြီး ရွေးကောက်ပွဲကော်မရှင်ကိုတင်ဖို့ ၁၀ သိန်းရှာတယ်လေ ကဲ ငါ့ဦးလေးထက် ပိုမိုက်တာ ရှိအုံးမလား”

ကိုကျောက်စကားဆုံးလျင် ကျန်သည့်လူရွှင်တော်များမှ ဆလံသဟန် လုပ်ကာ တညီတညာထဲ ဝိုင်းထောက်ခံလိုက်ကြတော့သည်။
“ ကိုကျောက်ဦးလေးက အမိုက်ဆုံး ”

ကိုဒူကဘာ။......။ “ အမတ်ရွေးတယ်ဆိုလို့ ပြောရအုံးမယ်.. ခင်များတို့ အဖေလိုပဲ ကျနော့်အဖေလည်း အမတ်ဝင်ရွေးတယ်ဗျ ဒါပေမယ့် သူကတော့ နိင်တယ်”
ကိုဆိုဆီ။.....။ “ ဝမ်းသာစရာ သတင်းလေးပါပဲဗျာ”
ကိုဒူကဘာ။......။ “ အခုဆို ကျနော့်အဖေ လွှတ်တော်ထဲမှာ လုပ်ဆောင်ဖို့တွေ ကြိတ်ပြီးပြင်ဆင်နေပြီလေ”
ဂျစ်တူး။......။ “ နိင်ငံတိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးတွေ ဆိုပါတော့”
ကိုဒူကဘာ။......။ “ မဟုတ်ပါဘူး... စကားမပြောဘဲခေါင်းညိတ်တတ်အောင် ကျင့်နေတာ ”
“ အင့်ဟာ”

ကိုဒူကဘာခေါင်းကို လင်ဗန်းဖြင့် ရိုက်ပြီးနောက်လူရွှင်တော်များမှ သံပြိုင်သီဆိုကြပြန်သည်။

“ ဒါမျိုးတော့ မလုပ်ပါနဲ့ ဒီလိုမျိုးတော့ မလုပ်ကြပါနဲ့.. တို့အမျိုးသားတွေ တိုးတက်ကြဖို့ကို လုပ်ကြပါဗျို့”

ကိုကျောက်။.......။ “ ကဲ..ကဲ.. အပြောင် အပျက်လေးတွေ လျှော့ပြီး အလုပ်လေးနဲ့ သက်သေပြရအောင် မင်းသမီးကို ခေါ်ထုတ်ကြပါစို့”

ကိုဆိုဆီ။......။ “ဒီတခါ အလှည့်ကျသူက ဘယ်သူပါလိမ့်”
ကိုအောင်။.....။ “ မေဓါဝီ ဆိုတဲ့ မေကညာမဒီ ပါတဲ့ဗျာ”
ဂျစ်တူး။........။ “ဒါဆို ကျနော် ခေါ်မယ်ဗျာ”
ကိုဒူကဘာ။....။ “ ခေါ်စေဗျာ ”
ဂျစ်တူး။......။ “ တိုင်းတခွင်မှာ နှိုင်းယှဉ်ကာ ပြရရင်ဖြင့် မြေကမ္ဘာဒီတကြောမှာ မေဓါဝီကညာချောကို  ရွာစားရေ ရတနာစိန်ထုပ်နဲ့ အကြိုထောက်စေဗျားးး”

ဂျစ်တူး၏ မင်းသမီးခေါ်သံဆုံးလျင် ရွာစားကျော် စိန်မိုးယံ၏ အပျိုးတီးဟန် နှင့်အတူ ဇာတ်စင် ညာဘက်အခြမ်းမှ မိုးပြာရောင် ဝတ်စုံဖြင့် မင်းသမီး မေဓါဝီ ထွက်ပေါ်လာသည်။ ပရိတ်သတ်ကို နှုတ်ဆက်ပြီးနောက် လူရွှင်တော်များဘက် လှည့်ကာ...
“ မင်္ဂလာညချမ်းပါ အကိုတို့ရေ”
“ မင်္ဂလာရှိသော ညချမ်းလေးပါပဲ ညီမရေ”
“ ခေါင်း ၊ ခါး ၊ ခြေ၊ လက် ၊ ဤလေးချက် မပျက်စေရ သုခုမလို့ ဆိုရိုးရှိတယ် မဟုတ်လားရှင်”
“ မှန်ပါပေတယ်ဗျာ”
“ ဒီညမှာတော့ တတ်ထားတဲ့ ပညာနဲ့ အစွမ်းကုန် ကပြဖျော်ဖြေပါ့မယ်ရှင်”

“ ပရိတ်သတ်ကြီးကလည်း မင်းသမီး ဘယ်လိုကမယ် ဘယ်လိုဆိုမယ်ဆိုတာ စောင့်မျှော်နေကြပါတယ်”
“ မင်းသမီး သီဆိုမယ့် သီချင်းလေးက ပလီပလာကိုကိုညာ  လို့ အမည်ရပါတယ် နားဆင်ပေးကြပါအုံး”
“ ကြားပါရစေဗျာ...”

“ကျွန်မမှာရည်းစား ရှိတယ်ရှင်...။ သူစကားပြောရင် လိပ်ကလေးသွားသလို ကိုယ့်ဘက်ယက်ကာရယ် ... ဂျပိုးကိုပင် လိပ်ဖြစ်အောင် ပြောတတ်သူမို့ သိပ်ချစ်ရပါတယ်။ (သူကလေ) ပိုပိုသာသာလည်း ပြောတတ်တယ်   လူတိုင်းနဲ့လည်း မတည့်ပါဘူးကွယ်.. နှုတ်သီးကောင်းသူရယ်..
လိမ်တာညာတာ နည်းနည်းလျှော့ကွယ်.. မူယာမာယာ နည်းနည်းလျှော့ကွယ် … အပိုတွေဘာညာ သိပ်မပြောနဲ့ကွယ်.. ကိုကို ပလီတာ အားလုံးသိတယ်…. ပလီပလာကိုလူညာကြီးရယ်...။

လူရွှင်တော်များမှ သံပြိုင်ဝင်ဆိုပေးသည်။ “ ဆင်..ဆင်..ဆင်ခြင်ပါကွယ်။ ကို..ကို..ကိုပလီပလာရယ်”

မြူးကြွဖွယ် သီချင်းစာသားနှင့်လိုက်ဖက်အောင် ရွာစားကျော် စိန်မိုးယံမှ ခပ်ကြမ်းကြမ်းတီးဟန်ဖြင့် ပို့ပေးတာကြောင့် ပရိတ်သတ်များပါ တက်ကြွကုန်သည်။


“ဆရာကြီးလည်း တအားကိုလုပ်တယ်..
သူငယ်ချင်းတိုင်းက လက်လန်ကြတယ်.. .. အကြွားလေးလည်း နည်းနည်းလျှော့ပါကွယ်..  ကိုကိုလူလည် အားလုံးသိတယ်.. သူအမြင်မတော်တာ များလွန်းလှတယ် င်ဝင်ပါတာ နည်းနည်းလျှော့ကွယ်.. နေရာတကာမှာ မစွက်ဖက်နဲ့ကွယ်..  ကိုကို ပလီတာ အားလုံးသိတယ်…. ပလီပလာ ကိုလူညာကြီးရယ်...။

လူရွှင်တော်များ။......။ “ ဆင်..ဆင်..ဆင်ခြင်ပါကွယ်။ ကို..ကို..ကိုပလီပလာရယ်”

သီချင်းစာသားနှင့် လိုက်ဖက်အောင် ခေါင်းလေးများ ခါကာ ကရင်း သီချင်းဆုံးသွားတာကြောင့် ပရိတ်သတ်ကို လက်အုပ်ချီနှုတ်ဆက်ပြီး ဇာတ်စင်နောက်သို့ မင်းသမီးမေဓါဝီ ဝင်ရောက်သွားသည်။ 

ဂျစ်တူး။......။ “ ဇာတ်ဆရာမြစ်ကျိုးအင်း ရွေးထားတဲ့ မင်းသမီးတွေက အကကောင်း အဆိုကောင်းပါလားဗျာ”  
ကိုဆိုဆီ။........။ “ လက်ရွေးစင်တွေ ရွေးထားတာကိုးဗျ”
ကိုကျောက်။.....။ “ အဆိုအကတင် ကောင်းတာမဟုတ်ဘူး ပျက်လုံးတွေလည်း ထိထိမိမိမဟုတ်လားဗျာ”
ကိုဒူကဘာ။.......။ “ပျက်လုံးတွေ ထိမိတာလည်း မပြောနဲ့လေ သူပျက်လုံးရေးတော့ ဟိုဟာလေးကို မြင်ယောင်ပြီး ရေးတာတဲ့ ”
ကိုအောင်။.......။ “ ဘာလေးတုန်း”
ကိုဒူကဘာ။......။ “ ကားပြာလေးတဲ့ ” 

“ဂွမ်း” 
“ကိုယ့်ဇာတ်ဆရာကို အဲဒီလို ပျက်စရာလား... ညကြေးဖြတ်ခံနေရမယ်”


ကိုကျောက်။.......။ “ခေတ်ရဲ့ အလွဲအချော်လေးတွေကို တာဝန်ကျေချင်စိတ်နဲ့ ပျက်လုံးထုတ်ကြတာပဲ မဟုတ်လားဗျာ”
ကိုအောင်။.........။ “ လွဲချော်တာတွေ မဖြစ်သင့်တာတွေကို ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ပျက်တဲ့သဘောကိုးဗျ” 
ကိုဆိုဆီ။...........။ “ ကျုပ်တို့ကသာ ပျက်လုံးထုတ်တာပါဗျာ တကယ်တော့ ခေါင်းဆောင်တွေက အမျှော်အမြင်ရှိပါတယ်”
ကိုဒူကဘာ။......။ “ဟုတ်လို့လားဗျာ”ကိုအောင်။........။ “ အဲဒါတော့ ဟုတ်တယ် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အခုဆို လွှတ်တော်ကိုတောင် နာမည်ပြောင်းလိုက်ပြီ” 
ကိုကျောက်။.....။ “ ဘယ်လိုပြောင်းလိုက်တာလဲ အထက်လွှတ်တော် အောက်လွှတ်တော် မဟုတ်ဘူးလား”
ကိုအောင်။.......။ “ မဟုတ်ဘူးဗျ တခြားနာမည် ”
ဂျစ်တူး ။.........။ “ ဘာနာမည်လဲ ”
ကိုအောင်။.......။ “ အစိမ်းရောင်လွှတ်တော် တဲ့” 

“ ဂွမ်းးး ” 

ကိုဆိုဆီ ။.........။ “ ခင်များတို့ ပြောတဲ့ အမျှော်အမြင်ရှိရုံတင်ဘယ်ကမလဲ စိတ်ထားလည်း နုညံ့သေးသဗျ”
ဂျစ်တူး။............။ “ ဘယ်လိုနုညံ့တာလဲ ရှင်းပြပါအုံးဗျာ ”
ကိုဆိုဆီ။..........။ “ တိရိစ္ဆာန်တွေကိုများ သေသေချာချာ မွေးမြူတာဗျ ဟော ဆင်ဖြူတော်ဆိုရင်လည်း ဘွဲ့နာမည်တွေ အမိုးအကာနဲ့ အစောင့်အရှောက်နဲ့ မွေးထားတာ၊ ကြံ့တွေဆိုလည်း နိင်ငံခြားက တကူးတက မှာယူပြီး မွေးထားတာ”

ကိုဒူကဘာ။......။ “ ဘာလို့နိင်ငံခြားက မှာတာလဲ ကိုယ့်နိင်ငံမှာ ကြံ့မရှိလို့လား ”
ကိုဆိုဆီ။..........။ “ ပြောသံကြားတာတော့ ပြည်တွင်းကြံ့တွေက မျိုးမကောင်းဘူးဆိုလားဘဲ ”
ကိုအောင်။........။ “ ဟုတ်ပါပြီဗျာ တိရိစ္ဆာန်တွေကို စောင့်ရှောက်တာတော့သိပါပြီ ဒါနဲ့ ပြည်သူတွေကိုရော”
ကိုဆိုဆီ။..........။ “ ပြည်သူတွေဆိုရင် မိုးလုံလေလုံနဲ့ကို ထားတာ ”
ဂျစ်တူး။...........။ “ အိမ်ယာတွေ ဆောက်ပေးတာလား ”
ကိုဆိုဆီ။.........။ “ မဟုတ်ဘူး ထောင်ထဲမှာ ”

“ ဂွမ်း ” လင်ဗန်းဖြင့် အတီးခံလိုက်ရတာကြောင့် ကိုဆိုဆီ ခေါင်းလေးပွတ်ကာ စပ်ဖြဲဖြဲလုပ်နေသည်။


ကိုအောင်။.......။ “ကိုဆိုဆီက လုံလုံခြုံခြုံ ထားတယ်ဆိုလို့ ပြောရအုံးမယ် ကျုပ်ဦးလေးဆို အခု အရက်ဆိုင်မှာ သွားမသောက်တော့ဘူး အိမ်မှာပဲ လုံလုံခြုံခြုံသောက်တော့တယ်”
ကိုကျောက်။.....။ “ လူမြင်မှာစိုးလို့လား ”
ကိုအောင်။.......။ “ မဟုတ်ဘူး အရက်ဆိုင်မှာ ရန်ဖြစ်မှာစိုးလို့တဲ့ ”
ကိုဒူကဘာ။...........။ “ ဘာဖြစ်လဲဗျာ အရက်ဆိုင်မှာ ရန်ဖြစ်တာပဲ သူချကိုယ်ချပေါ့ ”
ကိုအောင်။.......။ “ ကျနော်လည်း အဲဒီလို ပြောတော့ ဦးလေးက ပြန်ဖြေတယ် ”
ကိုဆိုဆီ။.........။ “ဘာတဲ့လဲ”
ကိုအောင်။........။ “ငါ့မှာ ကျည်ကာအင်္ကျီမရှိဘူးကွတဲ့ ”


ကိုအောင် ပျက်လုံးဆုံးလျင် လူရွှင်တော်များမှ ထောင်ထားသော လက်ညိုးများကို ဘယ်ညာ ခါယမ်းပြီး တညီတညာ သံပြိုင်သီဆိုကြသည်။

“ဒါမျိုးတော့ မလုပ်ပါနဲ့ ဒီလိုမျိုးတော့ မလုပ်ကြပါနဲ့ ပြည်သူတွေကို မျှမျှတတ လုပ်ကြပါဗျို့”

ကိုကျောက်။......။ “ ပြောလို့သာ ပြောရတာ တကယ်တော့ ခေတ်အဆက်ဆက်မှာ ဒီခေတ်လောက် အစိုးရနဲ့ ပြည်သူ တစ်သွေးထဲ တသားထဲ ဖြစ်တဲ့ခေတ်မရှိဘူးဗျ ”  
ကိုဆိုဆီ ။.........။ “ ဘယ်လိုများပါလိမ့်ဗျာ ” 

ကိုကျောက်။......။ “ အစိုးရက ရွေးကောက်ပွဲ လုပ်ပေးတော့ ပြည်သူတွေက တခဲနက် မဲထည့်ကြတာများ ၁၀၀ ရာခိုင်နှုန်းတောင် ကျော်တယ် မဟုတ်လား ”

ဂျစ်တူး ။..........။ “ မှန်ပါတယ် ဒါဟာ ပြည်သူတွေ တက်ကြွတယ်ဆိုတဲ့ သဘောမဟုတ်လားဗျာ”

ကိုကျောက်။.....။ “ ဒါက ရွေးကောက်ပွဲ ကာလကို ပြောပြတာ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရက လမ်းပြမြေပုံ အတွက်ဆိုပြီး အာရုံစိုက်နေတော့ ပြည်တွေကလည်း မြေပုံတွေ လိုက်လုပ်ကြတယ်လေ”

ကိုအောင်။.......။ “ ဟုတ်လား ပြည်သူတွေက ဘာမြေပုံလုပ်တာလဲ ”
ကိုကျောက်။.....။ “ မုန်တိုင်းမိပြီးသေတဲ့သူတွေ အတွက်လေ ”
ကိုဆိုဆီ ။........။ “ တက်ညီလက်ညီ ရှိပါပေတယ်ဗျာ ”

ကိုဒူကဘာ။.........။ “ကိုကျောက် ပြောလို့ ပြောရအုံးမယ် ကျနော်တို့ ဝန်ကြီးချုပ်က လမ်းပြမြေပုံကို နားမလည်ဘူးတဲ့ဗျာ”
ကိုဆိုဆီ။..........။ “ ဂျစ်တူးက ဘယ်လိုသိသတုန်း”
ကိုဒူကဘာ ။..........။ “ သူငယ်ချင်း တစ်ယောက်ပြောတဲ့ အတွင်းသတင်းဆိုပါတော့ ”
ကိုအောင်။.......။ “ ပြောပြပါအုံးဗျာ ”
ကိုဒူကဘာ။...........။ “ နယူးယောက်မြို့ကို ရောက်တော့ ဝန်ကြီးက သူ့အဖော် ဝန်ကြီးကို ပြောသတဲ့ ”
ကိုကျောက်။.....။ “ ဘယ်လိုပြောလဲ”
ကိုဒူကဘာ။..........။ “မောင်ဥာဏ်ရာ.. ငါဖြင့်လမ်းစဉ် ၇ ရပ်ကို နားကိုမလည်ဘူးကွာတဲ့ အဲဒီတော့ ဘေးကဝန်ကြီးက အဘကလဲ ဒါကလွယ်လွယ်လေး ကျွန်တော်ရှင်းပြမယ်လေလို့ပြန်ပြောတယ် အဲဒီတော့ ဝန်ကြီးချုပ်က ဒီလိုပြန်ပြောလိုက်တယ်”
ဂျစ်တူး။.........။ “ ဘယ်လို ပြန်ပြောလိုက်တာလဲ ”
ကိုဒူကဘာ။........။ “ ဟ..မောင်ဥာဏ်ရ အခုပဲ ကုလသမဂ္ဂထိ တက်ရှင်းပြပြီးပလေကွာ ငါပြောတာ ငါနားမလည်ဘူးပဲပြောတာ ရှင်းတာကရှင်းတတ်တယ် တဲ့”
ကိုကျောက်။......။ “ မှတ်သားလောက်ပါတယ်ဗျာ ”

ကိုအောင်။......။ “ ဝန်ကြီးအကြောင်းပြောလို့ ကျနော်ကလည်း ပြောပြချင်သေးသဗျာ ”
ကိုဆိုဆီ။........။ “ လင်းစမ်းပါအုံးဗျာ”
ကိုအောင်။......။ “ဟိုတလောက ဒေါ်အောင်ဆန်းစုကြည် လမ်းပေါ်ထွက်လာတော့ ပြည်သူတွေအများကြီး လာနှုတ်ဆက်ကြတာ တွေ့လိုက်တယ် မဟုတ်လား”
ကိုကျောက်။.....။ “တွေ့တယ်လေ”
ဂျစ်တူး ။.........။ “ ပြည်သူတွေက ချစ်ကြတာကိုး”

ကိုအောင်။......။“အဲဒါ ပြောမလို့..။ ပြည်သူတွေက တခဲနက် အားပေးကြတာ တွေ့တော့ တို့ဝန်ကြီးချုပ် ကလည်း အဲဒီလို ဖြစ်ချင်တာပေါ့”
ကိုဆိုဆီ။.......။ “အေးပေါ့ အားကျစရာကိုး”
ကိုအောင်။......။ “ဒါနဲ့ ဝန်ကြီးလည်း နောက်နေ့ လမ်းမပေါ် ထွက်လာတယ်”

ဂျစ်တူး ။..........။ “ဟုတ်လား လူတွေလာလား” 
ကိုအောင်။.......။ “အားရစရာဗျာ လူတွေမှ ဒေါ်အောင်ဆန်းစုကြည် နေ့ကထက်ကိုများတယ်”
ကိုကျောက်။.....။ “ပြည်သူတွေလား”
ကိုအောင်။.......။ “မဟုတ်ဘူး လုံခြုံရေးတွေ ”
 “အင့်ဟာ”
“ဂွမ်းးးး”
လင်ဗန်းဖြင့် အတီးခံရသော်လည်း ခေါင်းလေးပွတ်ကာ လူရွှင်တော်ကိုအောင် ပျက်လုံးဆက်ထုတ်ပြန်သည်။

ကိုအောင်။......။ “လုံခြုံရေးတွေ များပေမယ့် ပြည်သူတွေလည်း ရှိတယ်လေ”                
ကိုဒူကဘာ။........။ “မိန့်ခွန်းလာနားထောင်ကြတာလား”
ကိုအောင်။......။ “မဟုတ်ပါဘူး။ ရေခဲရေနဲ့ ပြောင်းဖူးပြုတ်သည်တွေ”
“ဂွမ်းးး”

ကိုအောင်ပျက်လုံးဆုံးတော့ ကိုဆိုဆီက မိုက်ကိုဆွဲယူကာ ပျက်လုံးတစ်ခုကို အစပျိုးသည်။
 “အဲဒီနေ့ကပေါ့ ကျနော့်ညီလေး ကျောင်းကအပြန် မိန့်ခွန်းသွားနားထောင်ရင်း မုန့်ဖိုးတောင် ရလိုက်သေးတယ်”
ဂျစ်တူး ။.........။ “တယ်ဟုတ်ပါလား”
ကိုဆိုဆီ။.......။ “သူက ဝန်ကြီးကို ဘာသွားပြောလို့လဲ”
ကိုအောင်။.......။ “ဘာမှသွားမပြောဘူး ရှေ့ဆုံးမှာ ရပ်ကြည့်နေတာ”
ကိုကျောက်။.....။ “ ဘာဖြစ်လို့ပေးတာလဲ ”
ကိုအောင်။.......။ “ မုန့်ဖိုးပေးရင်း ဝန်ကြီးက တိုးတိုးလေး ကပ်ပြောသွားတယ်”
ဂျစ်တူး ။..........။ “ ဘာတဲ့လဲ”
ကိုအောင်။.......။ “အခုလိုပဲ အမြဲတမ်း အဖြူနဲ့အစိမ်း ဝတ်ရင် မုန့်ဖိုးတွေ ထပ်ရမယ်တဲ့လေ”
ကိုဒူကဘာ။......။ “ ကလေးတွေလည်း မနေရပါလားးး”
ကိုအောင်ပျက်လုံးဆုံးလျင် ဂျစ်တူးအလှည့် ရောက်လာပြန်သည်။

 “ကျနော့်ဦးလေးကတော့ ကိုအောင့်ညီအဖြစ်နဲ့ ပြောင်းပြန်ဗျ..။ အဲဒီနေ့က ကျနော့်ဦးလေး အဖမ်းခံရတာ”
ကိုကျောက်။.....။ “ ဘယ်လိုဖြစ်တာလဲ”
ကိုဆိုဆီ။.......။ “ဆန္ဒသွားပြလို့လား”

ဂျစ်တူး ။........။ “ မဟုတ်ဘူး ကျနော့်ဦးလေးက ဈေးရောင်းရင်း အဖမ်းခံရတာ”
ကိုအောင်။......။ “ပလက်ဖောင်းပေါ် တက်ရောင်းလို့လား”
ဂျစ်တူး။........။ “အဲဒါတော့ မသိပါဘူးဗျာ ရှေ့မှာ ဝန်ကြီးချုပ်က မိန့်ခွန်းပြောနေတုန်း ကျနော့်ဦးလေးက ဈေးအော်ရောင်းတာလေ”
ကိုဒူကဘာ။.......။ “ဘယ်လိုများ အော်ရောင်းလို့လဲ

ဂျစ်တူး ။......။ “ ကျနော့်ဦးလေးက တရုတ်ဘက်က လာတဲ့ အိတ်တွေ မျက်မှန် နာရီ တွေကို ရောင်းတာဗျ နာမည်ကြီး တံဆိပ်အတုတွေ ဆိုပါတော့ဗျာ”
ကိုအောင်။......။ “အဲဒါနဲ့ ဖမ်းရောလား”
ဂျစ်တူး ။........။ “မဟုတ်ဘူး။ ဝန်ကြီးက ရှေ့က မိန်းခွန်းကို ဒီလိုပြောတယ်.။ အခုဆိုရင် ကျုပ်တို့နိင်ငံကြီး တိုးတက်နေတာ အားလုံး အမြင်ပဲ မဟုတ်လား တဲ့ အဲဒီအချိန် ကျနော့်ဦးလေးကလည်း သူ့ဈေးသူအော် ရောင်းတာပေါ့”
ကိုကျောက်။.....။ “ ဘယ်လို အော်ရောင်းတုန်း”
ဂျစ်တူး ။........။ “ အတုတွေ အတုတွေ တဲ့”

ကိုဒူကဘာ။.......။ “ဒါနဲ့ ဖမ်းရောလား”
ဂျစ်တူး ။........။ “မဖမ်းသေးဘူး ဝန်ကြီးလည်း မိန့်ခွန်းဆက်ပြောတာပေါ့။ အခုဆိုရင် ကိုယ့်နေပြည်တော်နဲ့ ကိုယ့်အစိုးရနဲ့ နေရတာ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲ တဲ့ ကျနော့်ဦးလေးကလည်း သူ့ဈေးသူအော်ရောင်းပြန်တယ်”

ကိုအောင်။.......။ “ဘယ်လိုအော်ရောင်းလဲ” 
ဂျစ်တူး ။........။ “ အတုတွေ အတုတွေ ”
ကိုကျောက်။.....။ “ဖမ်းသွားရောလား”
ဂျစ်တူး ။........။ “ မဖမ်းသေးဘူး သူ့ကို ဝန်ကြီးက တစ်ချက်လှည့်ကြည့်တယ်။ သူကတော့ အတုတွေလို့ အော်ကောင်းတုန်း”
ကိုဆိုဆီ။......။ “သူ့ဈေးသူဆက်ရောင်းနေတာပေါ့”

ဂျစ်တူး ။........။ “အေးပေါ့ ဒါနဲ့ဝန်ကြီးလည်း မိန့်ခွန်းတွေ ဆက်ဟောတာပေါ့။ အခုဆိုရင် နိင်ငံတစ်ခုရဲ့
အင်္ဂါရပ်နဲ့ အညီ ဝန်ကြီးဌာနတွေဆိုလည်းအများကြီး ဝန်ကြီးလုပ်နိင်တဲ့ ဗိုလ်ချုပ်တွေလည်း အများကြီး ရှိနေပြီတဲ့”
ကိုကျောက်။....။ “ဒီတော့ အတုတွေလို့ အော်ပြန်ရောလား”

ဂျစ်တူး ။........။ “ဒီတခါတော့ အတုတွေလို့ မအော်ဘူး ပုံစံပြောင်းအော်တယ်”
ကိုအောင်။......။ “ ဘယ်လိုအော်တုန်း”
ဂျစ်တူး ။........။ “ဈေးပေါပေါနဲ့ ရမယ် ဈေးပေါပေါနဲ့ရမယ် တဲ့လေ”
ကိုဆိုဆီ။......။ “ အဲဒီတော့ ဘာဆက်ဖြစ်လဲ”
ဂျစ်တူး ။........။ “ ကျနော့်ဦးလေးလည်း အဲဒီအချိန်ထဲက ပါသွားတာပါပဲဗျာ”
ကိုကျောက်။.....။ “ အခုရော အိမ်ပြန်ရောက်နေပြီလား ”
ဂျစ်တူး ။......။ “ အိမ်တော့ ပြန်ရောက်နေပါပြီ ဒါပေမယ့် ဘယ်သူနဲ့မှ စကားမပြောတော့ဘူး”

ကိုအောင်။......။ “ ဘာဖြစ်လို့လဲ”
ဂျစ်တူး ။.......။ “ သူဘာပြောပြော နားမှမလည်တာ”
ကိုဆိုဆီ။......။ “ ဘယ်ဘာသာနဲ့များ ပြောလို့တုန်း ”
ဂျစ်တူး။.......။ “ မြန်မာစကားပဲ ပြောတာဗျ ဒါပေမယ့် ပြန်လာတော့ သွားတွေမှ မရှိတော့တာ  ”

ဂျစ်တူးပျက်လုံးဆုံးလျင် လူရွှင်တော်များမှ ညီညီညာညာ ဆိုကြပြန်သည်။

“ဒါမျိုးတော့ မလုပ်ပါနဲ့ ဒီလိုမျိုးတော့ မလုပ်ကြပါနဲ့ လူသားချင်းချင်း နှိပ်စက်ခြင်း ကင်းကြပါဗျို့”

ကိုကျောက်။.......။ “ ကျနော်တို့ အလှည့်ပြီးသွားပြန်တော့ မင်းသမီးလေးတွေကို အခေါ်ထုတ်ဖို့ အချိန်ကျလာပြန်ပြီ ကိုအောင်ရေ မင်းသမီးတွေကို ခေါ်ဗျာ”
ကိုဒူကဘာ။.......။ “ ဒီတခါတော့ မင်းသမီး ၃ လက် အပြိုင်ကျဲမယ့် အလှည့်ပါပဲဗျာ”
ကိုဆိုဆီ ။........။ “ ဘယ်သူတွေများပါလိမ့် ”
ကိုဒူကဘာ။......။ “ မင်းသမီးချောလေးတွေ ဖြစ်တဲ့ အင်ကြင်းသန့် မြတ်မွန် နဲ့ ယွန်း တို့ ပါတဲ့ဗျာ”
ဂျစ်တူး။.........။ “ ကြားသမျှ နားသောတ ဆင်ရအောင် မင်းသမီးတွေကို ခေါ်ထုတ်ဗျာ”

ကိုအောင်။.....။ “နတ်သွင်တနှုန်း၊ ပြိုင်ဘက်ရှုံးကာ အမရာ ကိန္နရီ မယ်မဒ္ဒီတို့၊ တုနှိုင်းမရ ရှုတိုင်းလှပါတဲ့ နှမ သုံးသွယ် ကြယ်စင်သုံးစင်း မြတ်မွန် ယွန်း နဲ့ ရွှေအင်ကြင်းတို့ရေ မီးရောင်အောက်ကို ဆင်းခဲ့ကြပါတော့”

ကိုအောင်၏ ခေါ်သံဆုံးလျင် မင်းသမီး၃ ယောက် ဇာတ်စင်ညာဘက်မှ ထွက်လာကြသည်။ ကြည်ပြာရောင် ၊ ပုဇွန်ဆီရောင် နှင့် ခရမ်းဖျော့ရောင် ဝတ်စုံများဖြင့် မင်းသမီး ၃ ယောက် အလှချင်းပြိုင်နေကြသည်။ ၀တ်စုံတွင် တွဲသီထားသော ဘော်ကြယ်လေးများကို ဆလိုက်မီးထိုးသဖြင့် တဖျတ်ဖျတ်လက်နေ၏။ ပရိတ်သတ်ကို ဂါရဝပြုပြီးနောက် လူရွှင်တော်များကို နှုတ်ဆက်ကြသည်။

“ မင်္ဂလာပါ အကိုတို့ရေ”
“ မင်္ဂလာပါ ညီမလေးတို့ရေ ”
“ ပရိတ်သတ်ကြီးကို ဘယ်လိုများ ဖျော်ဖြေကြမလဲ ပြောပြပါအုံး”

မင်းသမီး ယွန်းမှ ရှေ့အနည်းငယ်တိုးကာ ဤသို့ပြောလိုက်သည်။

“မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ ကျမတို့ ဘယ်နိင်ငံကိုပဲ ရောက်ရောက် ကိုယ့်နိင်ငံကို သိပ်ချစ်ပါတယ်ရှင် ”
လူရွှင်တော်များမှ သံပြိုင်ဖြင့် “ စိတ်တူကိုယ်တူပါပဲ ညီမရေ ” ဟု ပြန်ပြောကြသည်။

ထို့နောက် မြတ်မွန်မှ..

“အတွေးခေါ်အယူအဆတွေ ဘေးချော်မတူမျှရင်ဖြင့် ကျွန်မတို့ ရွှေပြည်ကြီး တိုးတက်ဖို့ မလွယ်ဘူး မဟုတ်လားရှင်”

ကိုဒူကဘာ။.......။ “ မှန်ပါပေတယ် ညီမရေ ”
ထိုအခါ အင်ကြင်းသန့် ကရှေ့အနည်းတိုးလာပြီး လက်အုပ်ချီကာ ချိုလွင်သော အသံဖြင့် ဤသို့ပြောလိုက်သည်။

“ ဒါကြောင့် ကျမတို့ ညီအစ်မ သုံးယောက်က နှစ်သစ်ဆုမွန်ဆိုတဲ့ သီချင်းလေးနဲ့ ဖျော်ဖြေလိုက်ချင်တာတော့ ဒီလိုပါတဲ့ရှင်”

လူရွှင်တော်များ။........။ “ ကြားပါရစေဗျာ”

မီးရောင်တို့ မှိန်ကျသွားပြီး ဆလိုက်မီးတို့ စတင်ကစားလေပြီ။ မြန်မာ့ဆိုင်းဝိုင်းကြီးမှ စိန်မိုးယံရဲ့ လက်သံ စတင်ထွက်ပေါ်လာသည်။ ချလွင် ချလွင်ဆိုသော ချူသံလေးများဖြင့် တီးဟန်က အစပျိုးသည်။ ထို့နောက် ငြိမ့်ညောင်းသော တေးသံနှင့်အတူ အကအလှတို့ စတင်လေပြီ။

“မှိုင်း..မှုန်..ပြာရီဝေ......... နှင်းခြွေသော...မြောက်ပြန်လေ..
လဟေမာန်ဆောင်းပေမို့... နှစ်သစ်ကူး..ပြောင်းပြီလေ...
မင်္ဂလာပါ သဟာဆွေ... .. ဖော်ရွေဂါဝရ တရားနဲ့ ... နှစ်သစ်ဆုမွန် နှုတ်ဆက်စကား..ဆိုပါရစေ.......
လူတိုင်းလည်း ငြိမ်းချမ်းကြစေ.. စစ်ပွဲတွေလည်း ကင်းပါစေ.. ရတနာရွှေငွေ...စွေကာဖြိုး.. မိုးသို့ရွာပါစေ..
ပြည်သူတွေ ပြည်သူတွေ သာယာကြပါစေ...ပြည်သူတွေ ပြည်သူတွေ မင်္ဂလာအပြည့် နှစ်သစ်ဖြစ်ပါစေ....။

ထိုနေရာ အရောက်တွင် လူရွှင်တော်များက ဤသို့သံပြိုင်ဝင်ဆိုပေးကြသည်။
“ စစ်ပွဲတွေလည်း ကင်းဝေးစေ ရတနာမျိုး မိုးသို့စွေ။ ရတနာမျိုး မိုးသို့စွေ..စစ်ပွဲတွေလည်း ကင်းဝေးစေ”
ညက်ညောသော အကများဖြင့် မင်းသမီး၃လက် အားပါးတရ ကပြကြသည်။ ထို့နောက် ဒုတိယမြောက် အပိုဒ်၏ တေးသံထွက်ပေါ်လာပြန်သည်။

“သင်း...ထုံ...ကြိုင်လှိုင်ဝေ..... မွှေးပျံ့သော ပန်းခွာညို .... 
လပြာသိုဆောင်းပေမို့.... နှင်းတို့ မှိုင်း မှုန်ဝေ..... 
ပျော်ရွှင်ပါစေ..... သဟာဆွေ ဘလော်ဂါများက ... နှစ်သစ်ဆုမွန် လက်ဆောင်စကား..ဆိုပါရစေ.... 
ဆန်ရေစပါးတွေပေါများစေ... ဘေးအန္တရာယ်တွေကင်းဝေးကြစေ.... 
ပြည်သူတွေ ပြည်သူတွေ သာယာကြပါစေ...ပြည်သူတွေ ပြည်သူတွေ မင်္ဂလာအပြည့် နှစ်သစ်ဖြစ်ပါစေ...။”

ထိုအချိန်တွင် ဇာတ်စင်ညာဘက်မှ ရှေ့ထွက်မင်းသမီးများဖြစ်ကြသော မရွှေစင်၊ မစည်းစိမ်နှင့် မမေဓါဝီတို့ ထွက်ပေါ်လာကာ လူရွှင်တော်များနှင့် အားလုံးသံပြိုင် သီဆိုကြသည်။
“ပြည်သူတွေ ပြည်သူတွေ သာယာကြပါစေ...ပြည်သူတွေ ပြည်သူတွေ မင်္ဂလာအပြည့် နှစ်သစ်ဖြစ်ပါစေ။”

ထို့နောက် တီးလုံးသံ အဆုံးတွင် မင်းသမီးများအားလုံးနှင့် လူရွှင်တော်များ စီတန်းကာ ပရိတ်သတ်ကို လက်အုပ်ချီပြီး ဆုမွန်ကောင်း တောင်းပေးလိုက်ကြသည်။
“ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်မှာ စိတ်ချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ ”

ထိုအချိန်တွင် ခရမ်းရင့်ရောင် ကန့်လန့်ကာကြီး တရွေ့ရွေ့ကျလာကာ ပရိတ်သတ်နှင့် အနုပညာရှင်များကို စည်းခြားလိုက်လေပြီ။

ဤတွင် ဘလော့ဂ်ဂါအငြိမ့် (၅) ပြီးပါပြီ။ 


စာဖတ်သူ အားလုံးလည်း ၂၀၁၁ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ။
ခင်မင်သောအားဖြင့်...
 မြစ်ကျိုးအင်း (ဇာတ်ဆရာ)

။......................................................................................................။

ဝန်ခံချက်။........။ စည်ပင် ပျက်လုံးမှလွဲ၍ ကျန်သည့် ခွန်းထောက် ၊ သီချင်း နှင့် ပျက်လုံးများအားလုံး မည်သည့်စာမျက်နာထက်တွင်မှ မရှိသေးသော ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများဖြစ်ပါသည်။

ဘလော့ဂ်ဂါအငြိမ့်(၅)တွင် နာမည်အသုံးပြုခွင့်ပေးခဲ့ကြသော
မင်းသမီးများအဖြစ်.....
လူရွှင်တော်များအဖြစ်.....
ကိုဒူကဘာ
ဆိုင်းဆရာအဖြစ် မိုးယံ တို့ကို ကျေးဇူးတင်ပါကြောင်း

မျက်နာဖုံးပုံကို ဂျစ်တူး(မုံရွာ) မှ မေတ္တာဖြင့် ဆွဲပေးခြင်းဖြစ်ပါသည်။
၂၀၁၁ နှစ်သစ်ကို အပြုံးအပျော်များဖြင့် စတင်ဖွင့်လှစ်နိင်ရန် ရည်ရွယ်ပြီး ရေးပါသည်။
ဇာတ်ဆရာတို့ထုံးစံအတိုင်း လူဝင်များလျင် နောက်ပွဲများ ဆက်ကပါအုံးမည်။။။

57 comments:

အဖြူရောင်နတ်သမီး said...

မင်းသမီးတွေရဲ့ အကလေးတွေကလည်း လှမှလှ..
လူရွှင်တော်တွေရဲ့ ပျက်လုံးတွေကလည်း ကောင်းမှကောင်း...
နှစ်သစ်မှာ အငြိမ့်ကောင်းတခုကို ရှေ့ဆုံးက ပိုက်ဆံမပေးပဲ ကြည့်သွားပါသည်ရှင့်....း)

JUSTICE999BURMA said...

တာတို့ ပြေ တာတို့ မြေပေါ့ဗျား........ မြန်မာပြည်ခြေထောက်ကတော့ ထိုင်းက ဖြတ်ယူတော့မယ်ထင်ပါ့.... ဘဘဂျီးများအမြဲပြောတဲ့ ဘာဖြစ်တယ်ငယ်နိုင်တွေပါဆိုပဲ .... ခုတော့ ဘာဆက်ပြောမယ်မသိ.... ကိုဂျီးကျောက်တို့  လူဂျီးတွေ ခေါင်းသုံးကြစေချင်.... :P

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်ရင်းနဲ့ ရီရတယ်၊ ပျော်စရာပါပဲဗျာ၊ အရာရာ
ငြိမ်းချမ်းလာတဲ့ တစ်နေ့ကျရင် ဒီလို အငြိမ့်တွေ
လက်တွေ့မှာ ဖြစ်လာကြမှာပါ ...

မိုးယံ said...

တတ်လဲတတ်နိုင်လိုက်တာကွယ်.. တစ်ခုခုတော့ ထူးခြားတယ်.. လုံးဝ အလန်းတွေချည်းပဲ ဦးမြစ်ရေ...

ကြည်ဖြူပိုင် said...

တော်လိုက်တဲ့သူငယ်ချင်း
ထွင်ထားတဲ့ပျက်လုံးတွေက တကယ့်ကိုပရိုပဲ
တခုနဲ့တခုလဲမထပ်ဘူး
စေတနာထားပြီးတော့ စာကိုသေသေချာချာရေးတာပေါ်လွင်တယ်။
စာကိုဖြစ်ကတတ်ဆန်းမရေးဘူး
ဒါကြောင့် နာမည်ကျော်ကြားလူကြိုက်များနေတာပေါ့
း)
ကျေးဇူးပါသူငယ်ချင်းရေ
နှစ်သစ်မှာ
ရီမောစရာပျက်လုံးလေးတွေနဲ့ အရယ်အပြုံးတွေပေးစွမ်းနိုင်တဲ့အတွက်

Happy New Year !

MDW said...

ဘယ်သူမှ ကွန်မန့်မရေးခင် ဦးဆုံး လာရေးလိုက်တယ် ဆရာမြစ်ရေ .. ပို့စ်တောင် မဖတ်ရသေးဘူး။

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ ....

rose said...

ဘ၀ အမောတွေ ဖြေဖျောက်စေဖို့ ဘလော့ဂ်ဂါ အငြိမ့်စင်လေး တင်ဆက်ပေးတဲ့ ကိုမြစ်ကို အထူး ကျေးဇူးတင်ပါတယ်။ လာရောက် အားပေးပြီး ပွဲကြည့်ခဲ့ပါတယ်။ နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ပါစေရှင်။

အနော် said...

ဟေ့ဟေ့ နာ ၁ ပါကွယ်..
ဟက်ပီင်္းနယူးရီးယားပါ အကိုမြစ်ကျိုးအင်းရေ..
ပွဲမစခင်ကတည်းက ဖျာခင်းပီး နေရာဦးထားတာ.. လူပြက်တွေ ပြက်လုံးထုတ်တာ ရီရင်းရီရင်းနဲ့ အခု အသံမထွက်တော့ဘူး.. ဟိဟိ
ဘလော့ဂါအငြိမ့် ၅ မှသည် ရှေ့ဆက်ပွဲဆက်တွေ များပါစေ.. ရုံပြည့်ရုံလျှံပါစေ.. ဖျာများများရောင်းရပါစေ.. နောက်တခါ ဇာတ်ကရင် နာမည်ကျော် ဘလော့ဂါဇာတ်မင်းသားလေးတွေလဲ ဦးစားပေးပါဦးဂျာ :)))

ခြင် said...

မြစ်မြစ်ရေ ဘလော့ဂါ အငြိမ့် တကယ်ကောင်း.... နှစ်သစ်စစခြင်း အရီအမောလေးနဲ့ စခွင့်ရတာ ကျေးဇူးပါပဲမြစ်ရေ....

ရွှေရတုမှတ်တမ်း said...

ဇတ်ဆရာ..မဖတ်ရတာကြာလို့..ရီလိုက်ရတာ..
ရွာပြန်ရင် အတုတွေ အော်မနေနဲ့အုန်း..

အငြိမ့်သမလေး မေဓာဝီ said...

ဇာတ်ဆရာရေ ...
ခုမှ အစအဆုံး လာဖတ်ပါတယ်။
မင်းသမီးတွေ လူရွှင်တော်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဘလော့ဂါအငြိမ့်သဘင်လေး ဖတ်ရတာ ပျော်စရာလေး။

သီချင်းတွေကလဲ ကောင်း
ပြက်လုံးတွေကလဲ ရယ်ရ
သရုပ်ဖော်ပုံလေးကလဲ လှ ...

တခုပဲ ... ပြောစရာရှိတယ်။
ဒီ အငြိမ့်မင်းသမီးက အသက်ကြီးနေလို့ သိပ်မကနိုင်ဘူး ... မောပါတယ်ဆိုမှ ပလီပလာ ကိုကိုညာနဲ့ ကခိုင်းတယ် ......... ဟွင်းးးးးးးးး

ကိုကိုမောင်(ပန်းရနံ့) said...

အငြိမ့်လာကြည့်တာ။ မင်းသမီးတွေက ချောမှချောဘဲ။ အော်.. ချော လို့ အမချောလဲ အငြိမ့်မင်းသမီးထဲ မပါပါလား။ မင်းသားတွေနှင့်မင်းသမီးတွေနဲ့တော့ ငယ်ငယ်ရွယ်ရွယ် အသက်ရွယ်တူတွေဆိုတော့ ကြည့်ရတာ ကောင်းလှသဗျာ။းဝ))

နှစ်သစ်မှာ ပျော်ရွှင်ရပါ၍ ကျေးဇူးအထူးတင်သွားပါသည်။

နှစ်သစ်မှာ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

ဂျစ်တူး ( မုံရွာ ) said...

ဇတ်ဆရာရေ---
မင်္ဂလာနှစ်သစ်မဟုတ်ပါလားခင်ဗျာ-
ကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းလျက်ပါလို့ --
စင်္ကာပူမှာရုံသွင်းပြီး“က”ချင်လိုက်စမ်းပါဘိဗျာ-
တကယ်“က”နိုင်တဲ့မင်းသမီးတွေလူရွှင်တွေတကယ်ရှိပါ
တယ်ခင်ဗျာ-
ကဲ----ကဲ--လိုက်ကြရအောင်လားဇတ်ဆရာရေ့ -

လသာည said...

မင်္ဂလာရှိပါပေတယ် ဇာတ်ဆရာရယ်..
တကယ့်ကို ကောင်းပါတယ်။ ဒီအငြိမ့်ကို လက်တွေ့စင်တင်ရင် ၀ယ်အားပေးမယ်ဗျို့..

Happy happy new year♫

PhotoVigor said...

Wish you and your family a very happy and prosperous new year, 2011.

sosegado said...

ထိမိလိုက်တာ ဇာတ်ဆရာရေ…..
ဆုတွေပြည့်ပါစေ၊
စစ်ပွဲတွေလည်း ဝေးပါစေ၊
ပြည်သူပြည်သားတွေလည်း သာယာကြပါစေ၊
ပြည်သူပြည်သားတွေအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေ၊…
ပြီးမှ ခရမ်းရောင် ကန့်လန့်ကာကြီး ကျရလေတယ်လို့ …..
ရယ်ရွင်ဖွယ်ပီတိများစွာဖြင့်… မိုးအလင်းအငြိမ့်ကြည့်သွားတယ်၊
2011 နှစ်သစ်မှာ ပျော်ရွှင်စရာအပြည့်နှင့်ဖြစ်ပါစေ။

Anonymous said...

အားပေးပါတယ် နောက်ထပ်ပြီးလဲ ကပါအုံး

ဆောင်းနှင်းရွက် said...

ဒီ ဘလော့ဂါ အငြိမ့်ဆိုတာ ကို
ဖတ်မယ် .. ဖတ်မယ် နဲ့ ..
မဖတ်ဖြစ်တာ ..
ခု အပိုင်း ၅ ရောက်မှပဲ
၁ ကနေ ၅ အထိ ဆက်တိုက်
ဖတ်သွားတယ် ကိုတစ်ကိုးကင်းရေ ..း)

နှစ်သစ်မှာ
မနက်စောစောစီးစီး
ပျော်စရာ ရယ်စရာ
ပျက်လုံးလေးတွေ
ဖတ်သွားတယ် ..

နှစ်သစ်မှာ မနက်စောစောစီးစီး
အခန်းထဲမှာ ၁ ယောက်တည်း
ရယ်လိုက်ရတာ .. ခွိခွိ ..း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လရိပ်အိမ် said...

ကိုမြစ်ကျိုးအင်းရေ ၊ အရှည်ကြီးရေးလဲရေးနိုင်ပါပေတယ်။ ပြက်လုံးလေးတွေကိုလဲ နှစ်ခြိုက်မိပါတယ်။ နှစ်သစ်မှာ ချမ်းမြေ့ပါစေ။

မြသွေးနီ said...

Happy Newyear မှာ အငြိမ့်လာကြည့်ကာ နှုတ်ခွန်းဆက်သွားပါတယ်။ နှစ်သစ်မှာ ကျန်းမာ၊ ချမ်းသာ၊ လန်းဖြာပါစေရှင်...။

khattar said...

I like this post, so buy one ticket

ညီမလေး said...

ရေးလဲရေးတတ်ပါပေတယ် ...း)
ဒါပေမဲ့ ထိန်းထိန်းသိမ်းသိမ်းလေးလဲလုပ်ပါ ။ တော်ကြာ မိုးလုံလေလုံထဲ မှာ ကြင်နာစွာ အထိန်းသိမ်းခံနေရပါဦးမယ် ကိုမြစ်ကျိုးအင်းရယ် ...

နှစ်သစ်တွေတိုင်းကို အားလုံးအတွက် ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်တွေပဲ ဖြစ်စေချင်ပါတယ် .. ဖြစ်လဲဖြစ်ပါစေလို့ တောင်းဆုပြုပါတယ် ။

မောင်လေး said...

ပျော်ရွင် ကြည်နူးဖွယ် မင်္ဂလာနှစ်သစ် ၂၀၁၁ ဖြစ်ပါစေ
ကိုမြစ်ရေ....။ကိုမြစ့် အငြိမ့်ကို စလုံးမှာ ကပြပါလားဗျ...။
ဖတ်ရုံနဲ့တင် အားမရတော့ဘူး...။ကြည့်ပါ ကြည့်ချင်လာပြီ
:)

flowerpoem said...

အငြိမ့်ဆရာ ကိုမြစ် အရမ်းတော်. . .
Happy New Year ကိုမြစ်. . .

nyeinsoe said...

2011- ခုနှစ် ၊ နှစ်သစ်နှင့်အတူ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းစိုးဦး

ညယံ said...

မျက်စိထဲမှာကို မင်းသမီးလေးတွေ ကဟန်ရော၊လူပျက်တွေ ပျက်တာရော ကွတ်ကွတ်ကွင်းကွင်း ပေါ်လာအောင် ရေးနိုင်ပါပေတယ်။နောက်အငြိမ့်များတော့ နေရာ စောစော လာဦးအုံးမယ်ဗျို့ ....
နှစ်သစ်မှာ ပျော်ရွှင်မှု အပေါင်းနဲ့ ပြည့်စုံပါစေ...

မေသိမ့်သိမ့်ကျော် said...

ညီလေး ခနလောက်လိုက်ခဲ့ပါ။ အကိုတို့ မေးစရာလေးရှိလို့..... ဂျလောက်....(ဟဲဟဲ)

(ပိုင်ရေ....အရင်ဆုံး မန့်မလို့ ပဲ ဒါပေမယ်....အခြေအနေအကြောင်းကြောင့်...ခုမှ မန့်ရတယ်)

ကျွန်မဆီလည်းလာလည်ပါနော်။

chindwinthu said...

တကယ်ကောင်းတဲ့ အငြိမ့်ဘဲ ကိုမြစ်ရေ..။ နှစ်သစ်မှာ ပျော်ရွှင်မှုတွေ ရရှိပါစေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်သစ်ကို ရယ်မောစရာလေးနဲ့ ဖွင့်လိုက်တယ်ပေါ့ဇာတ်ဆရာ..
ပျက်လုံးတွေလဲကောင်း.. သရုပ်ဖော်ပုံလေးကလည်းကောင်း.. ကတဲ့သူတွေလည်းကောင်းဆိုတော့ ဒီအငြိမ့်နံမည်ကြီးတာ ဘာဆန်းသလဲနော်..
ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ တခွိခွိနဲ့..
နှစ်သစ်ကူးမှာ ထူးထူးခြားခြားရယ်အောင် လုပ်ပေးလို့ ကျေးဇူးဘဲဗျို့...
ဇာတ်ဆရာလဲ နှစ်ကူးမှာ ရွှင်မြူးပါစေ.. စာတွေ အများကြီးရေးနိုင်ပါစေ..
ဆန္ဒအားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးသွားတယ်နော..

SHWE ZIN U said...

ကိုမျှစ်ချိုး ရေ

၂၀၁၀ မှာ အငြိမ့်မင်းသမီး အဖြစ် ပရိတ်သတ်ကို ဖျော်ဖြေခွင့် ရလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ
အငြိမ်လေး က ကောင်းလိုက်တာ မြန်မာပြည် မှာ ကဖြစ်ရင်တော့ သေချာပေါက် နံမည်ကြီးပြီး တိုက်နဲ့ နေရမှာ သေချာပေါက်..

သြ ဒါနဲ့ စစရ ကပြောနေတယ် တိုက်ထဲ မရောက်ခင် မမေဓါ နဲ့ ကျနော် တို့၂ယောက် ဆို သေချာပေါက် ဇာတ်စင်ကျိုးကြလို့ ကိုကြီးကျောက် တို့ လူရွှင်တော်တွေ ခေါင်းပေါက်နေအုန်းမယ် အသဲမကောင်းရတဲ့ အထဲ ဟဲ..ဟဲ..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

lwin said...

ဇာတ်ဆရာကလည်းရေးတတ်လိုက်တာ၊ ပျက်လုံးတွေက ထိထိမိမိနဲ့ မြိုင်ဆိုင်လှပတယ်...
ဖတ်နေရင်းနဲ့ ဇာတ်ပွဲတခုကိုကြည့်နေရသလိုဘဲ
ခံစားရတယ်...
အပြင်မှာတကယ် ကဖြစ်ရင်အားပေးမယ်...

နှစ်သစ်မှာပျော်ရွင်ချမ်းမြေ့ပါစေ...

ခင်တဲ့
မလွင်...

Anonymous said...

ကိုမျှစ်မျှစ်
အငြိမ့်ကို အရမ်းကြိုက်တယ်ဗျ
ရယ်စရာတွေကို ပိုကြိုက်တယ် မောစရာတွေမပါ
ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ဗျ
မင်းသမီးအ၀တ်အစားတွေနဲ့မျက်လုံးထဲ မြင်ယောင်ပြီး ပိုရယ်မိတယ် သီချင်းတွေကလဲ အလန်းဗျ
ကိုမျှစ် နှစ်သစ်မှာ အများကို ပျော်အောင်လုပ်နိုင်သလို ကိုယ်ကိုတိုင်လည်း ပျော်ရွှင်မှုတွေနဲ့ ပြည့်ပါစေ။

ခင်မင်တဲ့
seesein

ဖိုးကြယ် said...

လှလိုက်တဲ့ဇာတ်တစ်ပွဲပါပဲ ကိုမြစ်ရေ..... ဒါနဲ့စကားမစပ် မင်းသမီးလေးတွေက တော်တော်လှဗျနော် :) ပျက်လုံးတွေကလည်း ထိလိုက်တာ ဒက်ခနဲပဲ :) အားပေးတယ် နောက်ကြုံရင် လူရွှင်တော် လိုရင်ပြောပါ... :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

စိတ်အတော်လေး ထွေနေတဲ့သူတောင် အသံထွက် ရယ်မိသွားပါတယ်။ လေးစားအားကျရတဲ့သူ ပိုပီသပါတယ် အစ်ကိုရေ

ချစ်ကြည်အေး said...

ဖတ်ပြီးတာကြာပြီ ဇာတ်ဆရာရေ....ခုမှပဲ လာမန့်ရတော့တယ်။ ဖတ်နေရင်း တဟားဟား အော်ရယ်ချင်တာ လူတွေကြားမို့ ထိန်းထားခဲ့ရတယ်။ အတော်ရယ်ရတယ်။ မောင်မြစ် ဘလော့ဂ်မရေးဘဲ ဇာတ်ထောင်ပါလား။ ဟားဟား ပြက်လုံးတွေ တကယ်လန်းတယ်....:)

ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ ဇာတ်ဆရာရေ..

နှင်းဟေမာ said...

ဇာတ်ရုံက လူအ၀င်များလို့ နေရာကို မရဘူးဖြစ်သွားတယ်
ဇာတ်ဆရာ ညီမဆိုတော့လဲ ရတဲ့နေရာ ဇာတ်စင်ပေါ်ထိပဲ တတ်ကြည်လိုက်တော့တယ်းD
ပြက်လုံးတွေ ရောင်းစားရင်ကောင်းမလား စဉ်းစားနေတာ ....း) တစ်ကယ်ချီးကျူးပါတယ်
ဘလော့ဂါအငြိမ့် ၁၀ မပြည့်ခင်မှာ အပြင်မှာတစ်ကယ်အကောင်အထည်ဖော်နိုင်တဲ့ ဇာတ်ဆရာမြစ်ကျိုးအင်းရဲ့ အငြိမ့်ပွဲတော်ကြီး
အကောင်အထည်ပေါ်လာနိုင်ပါစေ လို့ ဆုတောင်းမိရင်း
နောက်ကျသွားတာ ခွင့်လွှတ်ပါနော်
အလုပ်များနေလို့ သေသေချာချာ မဖတ်နိုင်မှာစိုးလို့မမန့်ခဲ့တာပါ ...။ ခုမှ သေချာဖတ်ရတာ
Happy New Year ပါ ဇာတ်ဆရာ ...။

blackcoffee said...

ရယ်ရင်းမောရင်း အငြိမ့်လေးကို ဖတ်သွားပါတယ် ကိုမြစ်... ကိုမြစ်ကတော်တယ်ဗျို့ ပြတ်လုံးအသစ်တွေ ထွင်နိုင်တယ်.. အဖန်တရာထပ်နေတဲ့ ပြတ်လုံးတွေနဲ့ ကိုယ့်ဘာသာပြတ် ကိုယ့်ဘာသာရီနေတဲ့ မင်းသားယောင်ယောင် လူရွှင်တော်ယောင်ယောင်တွေထက် အပြတ်အသက်သာတယ်....

မိုးသွေးငယ် said...

လာကြည့်သွားတယ် ..ဇာတ်ဆရာရေနော်။နှစ်သစ်မှာ ပျော်စရာလေးတွေ ပေးတဲ့အတွက် ကျေးဇူးပါ။သိတယ်မလား....ဘူလည်း။
အားလုံးကို ပျော်စေချင်တဲ့...။
“...........။

မြတ်မွန် said...

အကုန်ကောင်းတယ်..။
အရှည်ကြီးပေမယ့် ဖတ်ရင်း မပျင်းရဘူး..။
ဘာပျက်အုံးမလဲ ဆက်ဆက်ပြီး ဖတ်သွားလိုက်တာ..မင်းသမီး၃ယောက် ထွက်ပြီး ပွဲပြီးတာ မြန်လိုက်တာ..လို့ ထင်မိတယ်။
ဦးမြစ်ကြီးတော်တယ်ဗျို့..။
ဇာတ်ထောင်စားပါလား ဦးမြစ်..။
ဒီလိုပျက်လုံးတွေ များများရေးရင်တော့..
ဦးမြစ်တော့ အနည်းဆုံး ကားတော့စီးရမယ် ထင်တယ်..။
ွှHAPPY NEW YEAR ..

အင်ကြင်းသန့် said...

ဇာတ်ဆရာတော်ချက်ကတော့ အထူးပြောဖို့ကို မလိုတော့ဘူးထင်ပါတယ် ကိုမြစ်ကျိုးအင်းရေ....ရေးချက်တွေကတော့ အရှိုက်ကိုသွားသွားထိမယ်ထင်တယ်။ သတိလည်းထားဦး။း))

ဒါနဲ့စကားမစပ် မင်းသမီးလေးတွေက လှလိုက်တာနော် (((ဟမ်)))

~~~~ပျော်ရွှင်စရာအတိပြီးတဲ့နှစ်သစ်ဖြစ်ပါစေ~~~~

Skyblue said...

တော်တော်ကောင်းတယ် ဇတ်ဆရာရေ ..

ဆလူး said...

ပါးပါး များ ယုတ်မာလိုက်တာ “လမ်းနီး” တာရော
“ လူကြားထဲ ထုတ်ထုတ်ပွတ် ” တာရော
“ အစက ထောင်ထောင်နောက်တော့ လဲသွား ” တယ်ဆိုတာရော ဟွင့် ဟွင့် များက အဲဒါတွေပဲ နားလည်တယ် ကျန်တာတွေလဲ နားလည်ပါတယ်
ရယ်ရတယ် အူကိုတက်လို့ ဟားဟားးးးးးးးးးးးး

မနှစ်က နယူးယားညလေး ကိုသတိရသား သမီးတို့တွေ ဂရုချက်ကြတာလေ
ဒီနှစ်တော့ သမီးလဲ အန်တီ့အိမ်ရောက်နေလို့ ခုမှ ပါးပါး ဆီလာနိုင်တယ်

တာ့တာ ဘိုင်

Anonymous said...

dsadasdasdasd adsdasdadasd asdasdasdasdsadas dasdadadsadadsa dasdasddsa dsa dsadasdadas dsadasda dsadadas

Anonymous said...

ဦးမြစ်..

နှစ်သစ်မှာ မင်းသမီးဖြစ်ရပါပကော..ဟာဟ..
ကရချည်သေးရဲ့ .. ပျော်စရာကြီး (((နော်)))

ခင်တဲ့
ယွန်း

Anonymous said...

ဆရာမြစ်က ပါရမီပါတဲ့သူလို့ပြောရမလားပဲ၊ လက်ရှိ
ကြိုးစားမှုနဲ့ပေါင်းစပ်လိုက်တော့၊ အရမ်းကြီးမဟုတ်
တောင် တော်တော်လေးတော်တဲ့သူတစ်ယောက်ပါ၊
ဆက်လက်ကြိုးစားလို့ ရဲရင့်ပါးနပ်စွာ အကျိုးပြုနိုင်ပါ
စေဗျာ။

ကွာစေ့လေး said...

ဟိုင်း..ဇာတ်ဆရာရေ..
အငြိမ့်ကို အားရပါးရ ရယ်ပြီး ဖတ်သွားပါတယ်..
ပျက်လုံးလေးတွေနဲ့ ခွန်းတောက်ရေးချက်တွေကလည်းပြောင်မြှောက်ပါတယ်...
နှစ်စဉ်နှစ်တိုင်း ရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်.
အပြင်မှာ တော့ မက စေချင်ဘူး.. ဇာတ်ဆရာ *၀င်လိုက်ထွက်လိုက်* ဖြစ်မှာဆိုးလို့...
ကြိုးစားဆရာရေ.. အားပေးလျက်...

လင်းမြကြည်ဖြူ said...

ရတဲ့အချိန်လေးမှာ အငြိမ့်လေးကို လာအားပေးတာပါ။
ပြောင်မြောက်တဲ့ ပျက်လုံးတွေက အငြိမ့်ကို ပိုပြီး ပီပြင်စေပါတယ်.. အပြင်မှာလည်း တကယ်ကို ကခွင့်ရပါစေ.. ဇာတ်ဆရာလုပ်နိုင်ပါစေလို့ ဆုတောင်းရင်း အားပေးသွားပါတယ်..
အချိတ်အဆက်မိမိ ဆွဲခေါ်သွားတဲ့ ဟာသ ပျက်လုံးလေးတွေက ရယ်မောရစေတာမို့ ကျေးဇူးပါ။
ဆက်လက်အောင်မြင်ပါစေ။

လင်းဦး(စိတ်ပညာ) said...

အဟဲ.. လူရွှင်တော် ဖလားမှာ ၀င်ပြိုင်ကြပါလား...

blackroze said...

ဦးမြစ်ရေ..နံပါတ်၆ ကိုလည်းစောင့်မျှော်နေကြောင်းပါ..

လှယမင်း said...

စုဗူးအငြိမ့်ပဲ ကြည့်ဖူးတာ ခုတော့ ဘလောဂ်ဂါဆိုပါလား။ အခွေထွက်မှာလား။ ကူးခွေရောင်းစားချင်လို့ အဟိ

လင်းစင်ယော် said...

ကိုပိုင်ရေ...... အငြိမ့်ပွဲလေးကို နောက်ထပ်လာကြည့်ပြီး .. အားပေးသွားတာပါ...
ရသစုံလင်တဲ့ ဘလော့ဂါ အငြိမ့်သဘင်က .. အလွန်ကို အသက်ဝင်လှပါတယ်... နောက်တပွဲကိုလည်း စောင့်မျှော်အားပေးပါအုံးမည်။
အများကြည်ရွှင် ရယ်မောစေဘို့.. ကြိုးစားရေးထားတဲ့
အကျိုးကြောင့် ကိုပိုင် လည်း ထာဝရ ရယ်မောခြင်းဖြင့် အပူပင်ကင်းစွာ ဆက်လက် ကြိုးပမ်းနိုင်ပါစေရှင်....
ခင်တဲ့.... စင်ယော်

အနမ်း said...

မြစ်ကျိုးအင်း တစ်ယောက် တကယ်ပဲဇာတ်ဆရာလုပ်စား
တော့မလား..။ အငြိမ့်သဘင်က ပျက်လုံးတွေတကယ် ကောင်းတယ်..။ ပျက်လုံးတွေကြောင့် ဝေဒနာတွေ တောင် မေ့ပျောက်သွားတယ်..ကျေးဇူးပါဗျိုးး

PhyoPhyo said...

အငြိမ့်မှာ လူရွှင်တော်တွေပြက်လုံးကိုအကြိုက်ဆုံးပဲ၊
အခုမှ အငြိမ့်ကို သေသေချာချာလာပြန်ကြည့်ဖြစ်တာ၊
တကယ်တော်တဲ့ဇာတ်ဆရာပဲ၊
အငြိမ့်ကြည့် ပရိသတ်တွေရဲ့ အပျော်တွေ တည့်တည့်မတ်မတ်ပြန်ရပါစေ။
ခင်မင်တဲ့

မောင်ပွလေး said...

ကောင်းလိုက်တာဗျာ

May everybody be happy and healthy! said...

အငြိမ့်လာကြည့်တာပါ အကို..
အားပေးသွားတယ်နော်

သက်ဝေ said...

စိတ်ကူးကောင်းကောင်း ဟာသဥာဏ် ရွှင်ရွှင်နဲ့ ရေးထားတဲ့ ကိုမြစ်ကျိုးအင်းရဲ့ အငြိမ့်တွေကို ဘလော့ဂါတွေအားလုံး စုပြီး ဆိုကြ ကကြရရင် သိပ်ပျော်စရာကောင်းမှာပဲလို့ တွေးနေမိတယ်... အားပေးလျှက်ပါ...း))

 

Posts Comments

©2006-2010 ·TNB