မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

15 December 2010




အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များကြောင့် မကြာခင် မိုးရွာနိင်သည်ဟု ခန့်မှန်းလိုက်မိသည်။ နေ့လည်ခင်း ကတည်းက တူးထားသော တီကောင်ဗူး ကို လွယ်အိတ်ထဲ ထည့်နေချိန် သားအငယ်တွေ့မြင်သွားသည်။

“ဖေဖေ သားလည်းလိုက်ခဲ့မယ်”
“မိုးရွာလိမ့်မယ်သားရဲ့ အိမ်မှာပဲ ဆော့ရင်း နေခဲ့နော်”
“သားလိုက်ချင်တယ်ဖေဖေ”

ငိုမဲ့မဲ့ မျက်နာဖြင့် ပြောလိုက်သော သားငယ်၏ ဟန်ပန်ကြောင့် သူဆက်ပြီး မတားမြစ်ချင်တော့ပေ။

“ကဲ ဒါဆိုလည်း လိုက်တော်မူပါဗျာ”

 အလိုပြည့်သွားသဖြင့် ပြုံးရွှင်သွားသော မျက်နာသည် သူအမြဲမြင်ချင်သော မြင်ကွင်းသာ ဖြစ်သည်။
သားသမီးများနှင့် ပါတ်သက်လျင် အလွယ်တကူ အလိုလိုက်မိတတ်သည်မှာ သူ၏ အားနည်းချက်လည်း ဖြစ်၏။ ထို့ကြောင့်လည်း သားသမီးများသည် သူ့ကိုသာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပူဆာလေ့ရှိသည်။ တစ်ခုခု ပူဆာတိုင်းလည်း မဖြည့်ဆည်းပေးနိင်မချင်း သူစိတ်ထဲမှာ မည်သို့ ဖြည့်ဆည်းပေးရမလဲဆိုပြီး အချိန်တိုင်း အမြဲတွေး နေတတ်ခဲ့၏။

လိုအပ်သောပစ္စည်းများကို လွယ်အိတ်ထဲ ထည့်နေချိန် သားငယ်က သူကျန်ခဲ့မှာ စိုးရိမ်နေဟန်ဖြင့် အနားကမခွာတော့ပေ။ သားငယ်အတွက် မိုးကာအင်္ကျီ တစ်ထည်ပါ ထည့်လိုက်၏။ ကွမ်းရွက်၊ ထုံးနှင့်ဗမာဆေး ထည့်ထားသော ကွမ်းထုပ်ထည့်ပြီးချိန်တွင် လိုအပ်သော ပစ္စည်းများ စုံသွားလေပြီ။ အနက်ရောင်ထီးအရှည်ကို လက်တစ်ဖက်က ကိုင်ကာ သားငယ်ကို လက်တွဲရင်း အိမ်မှ ထွက်လာခဲ့သည်။


ကတ္တီရာ လမ်းမကြီးအတိုင်း လျှောက်လာရင်း ရပ်ကွက်အဆုံးတွင် လမ်းဘေးဘယ်ဘက်ကိုချိုးကွေ့ကာ မြေလမ်းလေးထဲ လျှောက်ဝင်လာခဲ့သည်။ ထိုလမ်းသည်  သန်လျင်ဘီအိုစီ ရေနံချက်စက်ရုံ၏ ရေကန်ကြီးများရှိရာသို့ သွားသော လမ်းကလေးဖြစ်၏။ ဤလမ်းသွယ်ထဲတွင် မောင်ထွန်း၏ အိမ်ရှိသည်။ မောင်ထွန်းတို့ အိမ်ရှေ့အရောက်တွင် ခြံဝမှ လှမ်းပြီးအသံပြုလိုက်သည်။

“မောင်ထွန်းရေ.. မောင်ထွန်း”

ခဏအကြာတွင် အိမ်အတွင်းပိုင်းမှ မောင်ထွန်းထွက်လာသည်။

“ဆရာပါလား ငါးသွားမျှား မလို့လား”
“အေးကွ ပျင်းတာနဲ့ ထွက်လာတာ”
“ထိုင်အုံးမလား ဆရာ”
“မထိုင်တော့ပါဘူး ငါးမျှားတံတွေ ဝင်ယူတာ”
“ဟုတ်ကဲ့ဆရာ.. ကျနော် သွားယူပေးမယ်”

မောင်ထွန်း အိမ်အတွင်းပိုင်း ပြန်ဝင်သွားပြီး တာလပါတ်စကို အိတ်ချုပ်ကာ ထည့်ထားသော ငါးမျှားတံများ ယူလာပေးသည်။ မောင်ထွန်း၏ အိမ်သည် ကတ္တရာလမ်းမမှ ချိုးဝင်ကာစနေရာတွင် ရှိသည့်အပြင် ရေကန်တွေဆီ သွားသည့်လမ်းပေါ်တွင် ရှိတာကြောင့် ငါးမျှားတံများကို မောင်ထွန်း အိမ်တွင်သာ အပ်ထားလေ့ ရှိ၏။ ထို့ကြောင့် ယခု ဝင်ယူခြင်းဖြစ်သည်။ မောင်ထွန်းမှ သားငယ်၏ ပါး ကို လိမ်ဆွဲရင်း...

“ငါ့ကောင်ကြီးရော ငါးလိုက်မျှားတာလားကွ”
“ဟုတ်ဘူး သားက ဖေဖေ့ကို ငါးလိုက်သယ်ပေးတာ”

သားငယ်ရဲ့ အဖြေစကားကြောင့် ရယ်ကြရသည်။

“ဆရာ့သားကတော့ အားကိုးရပြီပဲဗျ”

မောင်ထွန်းစကားကြောင့် သူပြုံးလိုက်မိသည်။

“ကဲ သွားပြီဟေ့ ညနေမှပဲ အပြန်ဝင်ထားတော့မယ်”
“ဟုတ်ကဲ့ဆရာ”

ငါးမျှားတံအိတ်ကို ပုခုံးပေါ်ထမ်းရင်း ထွက်လာခဲ့သည်။ တကယ်တော့ မောင်ထွန်းကို ပြောခဲ့သလို အပျင်းပြေ ငါးမျှားထွက်လာခြင်းမဟုတ်။ ဒီရက်ပိုင်းတွင် ငွေဝင်နိင်မည့် အလုပ်တခုခု မလုပ်နိင်သည့်အတွက် ဟင်းစားရလို ရငြား ထွက်လာခြင်းဖြစ်သည်။ ငွေဝင်နိင်သည့် အလုပ်တခုခု ရှာမရချိန်တိုင်း အိမ်အတွက် တစ်ဖက်တလမ်းက အဆင်ပြေစေရန် ငါးလာမျှားလေ့ရှိ၏။ သူက  ရရာအလုပ်မျိုးစုံ လုပ်ကာ ဘဝတလျှောက်လုံး  မိသားစုကိုရှာဖွေ ကျွေးမွေးခဲ့သူ ဖြစ်သည်။
သားသမီးတွေ ငယ်စဉ်တုန်းကတော့ သူအဆင်ပြေခဲ့ဖူး၏။ သန်လျင်မြို့တွင် သူ့လ္ဘက်ရည်ဆိုင် အအောင်မြင်ဆုံး အရောင်းရဆုံး ဖြစ်ခဲ့သည်။ ထိုအချိန်ကတော့ တပည့်တပန်းများလည်း စည်စည်ကားကားဖြစ်သည်။ မောင်ထွန်းက သူ့ဆိုင်၏ နံပြားဖုတ်သမား ဖြစ်သည်။ သို့သော် လောကဓံ အတက်အကျတွေကြောင့် သူ့ဆိုင် ယိုင်သထက် ယိုင်လာသည်။ ရောင်းအားကျလာချိန်မှာ လူတစ်အုပ်တစ်မကြီးရဲ့ စားစရိတ်က သိသိသာသာ ဖိစီးလာ သော်လည်း သူအပြုံးမပျက်အောင် ဟန်ဆောင်ထားခဲ့သေးသည်။ သို့သော် ဆိုင်ကရောင်းအားကျလာပြီး နောက်ဆုံးတွင် သူဆိုင်ပိတ်လိုက်ရတော့သည်။

သို့သော် သူမမှုခဲ့။ ကြုံရာအလုပ်ကို ရှာဖွေ လုပ်ကိုင်ကာ ဇနီးနှင့် သားသမီးများကို ဝမ်းဝစေခဲ့သည်။ ငယ်စဉ်ထဲက အဖေမဲ့သူ ဖြစ်ခဲ့ရတာ ကြောင့် သူ့သားသမီးများအလှည့်မှာ ဘာမဆို အလိုလိုက်ချင်စိတ် အမြဲ ရှိနေခဲ့သည်။ တခြားအလုပ်ရှာမရလို့ ငါးမျှားထွက်ခဲ့ရသော်လည်း သူ့သားသမီးများ အားငယ်မှာ စိုးတာကြောင့် မောင်ထွန်းအိမ်တွင်သာ ငါးမျှားတံတွေ သိမ်းထားလေ့ရှိ၏။ အိမ်အထိ ပြန်သယ်သွားလေ့မရှိ။ အရွယ်ရောက်နေသော သူ့သားသမီးများ ရှက်ရွံ့အားငယ်မှာကို မလိုလားပေ။ သဲလမ်းလေးအတိုင်း လျှောက်လာရင်း မုန့်ဆိုင်လေးကို မြင်သဖြင့် သားငယ်က သူ့ကိုမော့ကြည့်သည်။

“ သားဘာစားချင်လို့လဲ ”

သူ့အမေးကြောင့် သားငယ် မျက်လုံးလေး အရောင်လက်သွားသည်။

“ဇီးထုပ် စားမယ် ဖေဖေ”
“ အင်း.. ဒါဆို.. သားစားချင်တဲ့ ဇီးထုပ်ရွေးပေတော့ ”

သားငယ်လက်ကို ဆွဲရင်း အိမ်ဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ သားငယ်ကတော့ သူစားချင်သော ဇီးထုပ်များ ရွေးနေချိန် သူက ဆေးပေါ့လိပ် ၃ လိပ်ကို သေသေချာချာ ရွေးလိုက်သည်။ ငါးမျှားရင်း ဆေးလိပ်လေး ဖွာရသည်မှာ စိတ်ကူးအသစ်လေးတွေ ထွက်လာသလို နောက်တစ်နေ့အတွက် ဘယ်လို ငွေရပေါက် ရလမ်းများ ရှိလာနိင်မှာကို တွေးလို့ကောင်းသည်။

သူ့လက်ကို ဆွဲကိုင်းရင်း ဝယ်လာသော ဇီးထုပ်လေးကိုကြည့်ကာ သားငယ် ရွှင်မြူးနေသည်။

“ ဖေဖေ ဖောက်ပေးရမလား ”
“ ဟိုရောက်မှ စားမယ် ”
“ အေး..အေး ”

မကြာခင်မှာပဲ ရေကန်ကြီးဆီ ရောက်လာသဖြင့် ကန်စောင်းတစ်နေရာတွင် နေရာယူလိုက်သည်။ ဒီကန်မှာက နှစ်ချို့ငါးများ ရှိသည်။ ရေကန်တွေကလည်း အင်္ဂလိပ်ခေတ်ကတည်းက တူးထားသည့် ကန်များ ဖြစ်တာကြောင့် ရေမှော်များ၊ ဒိုက်များ၊ ကြာပင်များဖြင့် ကန်ရေပြင်က စိမ်းမှောင်နေ၏။ လွယ်အိတ်ထဲ ထည့်လာသည့် ပလပ်စတစ် အခင်းလေးကို ထုတ်ခင်းကာ တုတ်တိုတစ်ချောင်း စိုက်ပြီး ထီးကို ချည်ထားလိုက်သည်။ သားငယ်ကတော့ ထီးရိပ်ထဲထိုင်ကာ သူ့ဇီးထုပ်ကို စဖောက်နေပြီ။

လွယ်အိတ်ထဲမှ တီကောင်ဗူးကို ထုတ်ပြီး ငါးမျှားချိတ်တွင် တီတစ်ပိုင်း တပ်လိုက်သည်။ အချိန်မရတာကြောင့် ပိုးဟပ်တော့ သူမဖမ်းနိင်ခဲ့။ ပိုးဟပ်နှင့် မျှားလျှင် ငါးဖယ်များ ရနိင်သည်။ တီကောင်ကိုတော့ ငါးတော်တော်များများက ကြိုက်သည်။ အဓိကက တီလားဗီးယား ငါးတွေ နှစ်သက်ကြ၏။ ဒီကန်ထဲမှာ တီလားဗီးယား နှစ်ချို့ငါးတွေ ရှိသည်။ တော်ရုံလူ လာမျှားလေ့မရှိတာကြောင့် ငါးတွေက ပွားများနေသည်။ သို့သော် ကန်က ကျယ်လွန်းတာကြောင့် အချိန်မြန်မြန်နှင့်တော့ သူငါးရဖို့ မသေချာ။

အိတ်ထဲမှ နောက်ထပ် ငါးမျှားတံ အသေးတစ်ချောင်း ထပ်ထုတ်ကာ ငါးစာတပ်လိုက်သည်။ ဒီအသေးကတော့ ငါးဖျင်းသလပ်များ ငါးပဲဖြူများလို ငါအသေးလေးတွေ အတွက်ဖြစ်သည်။ ထိုငါးလေးတွေကို ကြော်လိုက်လျင် ဟင်းတခွက်ဖြစ်တာကြောင့် ငါးမျှားတံကိုင်း အသေးလေး အပိုဆောင်ထားခြင်းဖြစ်သည်။ ငါးမျှားတံ ထိပ်ဖျားဖြင့် ရေထဲမှ ဒိုက်နှင့် ကြာဖက် အနည်းငယ်ကို ဖယ်လိုက်သည်။ ကွက်လပ်ဖြစ်သွားသော ထိုနေရာကို ငါးမျှားကြိုး ချလိုက်၏။ ငါးမျှားတံ အရင်းပိုင်းကိုတော့ သူ့ဘေးနားက မြေကြီးတွင် စိုက်ကာ ရေပေါ် ပေါ်နေသော ဖော့တံလေးကို ကြည့်နေလိုက်သည်။ မကြာမကြာ လိုက်လာဖူးသည့် သားငယ်ကလည်း ဖော့တံများကို ဝိုင်းကြည့်ပေးနေသည်။ ငါးမျှားတံများ နေရာတကျ ရှိပြီးသွားသဖြင့် အိတ်ထဲမှ ကွမ်းထုပ်ကို ထုတ်ပြီး တစ်ယာ ယာ စားလိုက်သည်။

“ဖေဖေ ဇီးထုပ်စားမလား ”
“ ကွမ်းစားနေပြီကွ မစားတော့ဘူး ”

ကွမ်းနှစ်ယာနှင့် ဆေးလိပ်တစ်လိပ် ကုန်ပြီးချိန်အထိ ကိုင်းတံအသေးမှ ငါးအသေးလေးများသာ ရသေးသည်။ ခုထိ ငါးအကြီး တစ်ကောင်မှ မမိသေး။ သားငယ်ကတော့ သူ့ပေါင်ကို ခေါင်းအုံးကာ အိပ်ပျော်နေပြီ။ ငါးမျှားလိုက်လာတိုင်းလည်း ခဏလောက်ပဲ သားငယ်က နေနိင်သည်။ ငြိမ်ငြိမ်တိတ်တိတ်ဖြင့် နေရတာကြောင့်  ပျင်းပြီး အရိပ်ထဲတွင် အိပ်သွားတတ်သည်မှာ ညနေပြန်ခါနီး နှိုးမှ ထလာမြဲ ဖြစ်၏။  ကိုင်းတံအသေးမှ ငါးဖျင်းသလပ် ၃ ကောင် ရပြီးချိန်တွင် မိုးစက်များကျလာတာကြောင့်သားငယ်ကို နှိုးပြီး မိုးကာ ဝတ်ပေးလိုက်သည်။

မိုးစိုသော်လည်း ငါးမျှားနေချိန် မိုးရွာလာလျင် သူကျေနပ်သည်။ မိုးသံ မိုးရနံ့ကြောင့် ငါးများ ကမ်းစပ်ကို ရောက်လာတတ်၏။ ဒီအချိန်က ငါးမျှား၍ အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးက တဖြည်းဖြည်း သဲလာသည့်အတွက်သားငယ်ကို ထီးအောက်တွင် လုံလုံခြုံခြုံ ထားလိုက်ရတာကြောင့် သူ့ကိုယ်တစ်ခြမ်း ရွှဲရွှဲစိုလာသော်လည်း သူ့မျက်လုံးကို ဖော့တံမှ မဖယ်ရှားဝံ့ဘဲ စူးစိုက်ပြီး ကြည့်နေရသည်။

ကိုင်းတံကို ရုတ်ခနဲ အသုတ်မှာ ငါးတစ်ကောင်ပါလာတိုင်း သူ့သား၏ ပျော်ရွှင်စွာ ဟေးခနဲ အော်သံသည် သူ့အပေါ်ထားသည့် ယုံကြည်ကိုးစားမှုဖြစ်သည်။ သားငယ်ပါလာသည့်နေ့တိုင်း အရင်ထက် သူ ငါးပိုရချင်သည်။ သားသမီးတွေအတွက် ဘာမှ မလုပ်ပေးနိင်လျှင်တောင် ယုံကြည်အားကိုမှုတော့ သူပေးနိင်ချင်သည်။ ထို့ခံစားချက်ကြောင့် ငါးမျှားတံကို စူးစူးစိုက်စိုက်ကြည့်နေရ၏။

မိုးရေစက်များကြောင့် ကိုင်းတံတွေကို လက်ထဲသို့ ပြောင်းကိုင်ထားလိုက်သည်။ သို့မှသာ ငါးတွတ်လျင် သူချက်ချင်းသိနိင်မည်။ သည်းသည်းထန်ထန် မိုးရွာသွန်းနေတာကြောင့် ငါးများမြူးတူးကာ ကန်ထဲတွင် ဟိုမှာ ဒီမှာ ထခုန်နေကြ၏။ သို့သော် သူ့ကိုင်းတံကိုတော့ လာမဆွဲကြသေး။ ကမ်းစပ်ကို ကပ်လာသော ငါးသေးသေးလေးများသာ တစ်ကောင်ပြီး တစ်ကောင်ရနေခဲ့သည်။ သားငယ်ကတော့ အကြီးအသေး မခွဲဘဲ ငါးတစ်ကောင်ရတိုင်း ပျော်ရွှင်နေသဖြင့် အသေးတွေသာ ရနေသော်လည်း သူကျေနပ်ရသည်။ မိုးရွာနေသဖြင့် ညနေခင်းသည် စောစီးစွာ မှောင်စ ပြုနေပြီ။

ထိုအချိန်တွင် ကိုင်ထားသော ကိုင်းတံ အကြီးမှ ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားမှုကို ခံစားရသဖြင့် သူ အသက်ကိုမျှင်းရှူကာ အာရုံစိုက်နေလိုက်၏။ ငါးတော့သေချာသည်။ သို့သော် သွေးတိုးစမ်း နေသေးဟန်တူသည်။ ထိခနန်း ဆိတ်ခနန်းသာ ရှိသေး၏။ ငါးမျှားချိတ်ကို လာမဟပ်သေး။ သူစိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်၏။ ဒီလိုအချိန်မှာ စိတ်ရှည်မှ ဖြစ်မှာကို သူသိသည်။ သူ့ဘက်က မလှုပ်ဘဲ ငြိမ်နေလိုက်တာကြောင့် ရေထဲမှ ငါးက ငါးစာကို သဘာဝအစာ မှတ်ကာ ဆွဲဟပ်လိုက်သည်။ တင်းခနဲ ဖြစ်သွားသော ငါးမျှားကြိုးကြောင့် ဒီငါး အကောင်ကြီးနိင်သည်ကို တွက်မိ၏။

ငါးမျှားချိတ် ချိတ်မိသွားသဖြင့် ငါးက အတင်းရုန်းကန်နေတာကြောင့် ငါးမောအောင် သူအလိုက်သင့် လျှော့ပေးလိုက်သည်။ သူဆွဲကိုယ်ဆွဲ ဆိုလျှင် ကြိုးပြတ်သွားနိင်သည်။ သူ့ ကိုင်းတံက သာမန်ဝါးချောင်းသာ ဖြစ်တာကြောင့် ကြိုးကို အလျော့အတင်း လုပ်စရာ ဘီးလုံးမပါပေ။ ထို့ကြောင့် သူ ထိုင်ရာမှ ခပ်မြန်မြန်ထကာ ကိုင်းတံကို ကိုင်ထားရင်း ရှေ့သို့ လိုက်တိုးပေးရသည်။ ငါးကလည်း နောက်ကို လှည့်ကာ အားအင်ကုန်သုံး၍ ရုန်းကန်နေ၏။ ဒီငါးမိဖို့ အရေးကြီးသည်။ အကောင်ကြီးနိင်တာကြောင့် အိမ်ပြန်မျက်နာပန်းလှသလို ဟင်းစား  နှစ် နှပ်စာလောက်  ဖူလုံသွားနိင်သည်။

“ ဖေဖေ ငါးကြီးမိပြီကွ... ဟေးး ဖေဖေငါးကြီးမိပြီ ”

ကန်စပ်အထိသူဆင်းသွားတာကြောင့် သားငယ်က သဘောပေါက်ပြီး ပျော်ရွှင်နေသည်။ သားငယ်၏ ဝမ်းသာ တက်ကြွသံ ကြားသဖြင့် ဒီငါးကို မရ ရအောင် ဖမ်းရတော့မည်ဆိုတာ သူ သဘောပေါက်သည်။ ငါးကလည်း သေဘေးကြောင့် အတင်းရုန်းကန်နေ၏။ ကြိုးပြတ်သွားမှာ စိုးတာကြောင့် ငါးခေါ်ရာ နောက်ကို သူလိုက်နေရသည်မှာ ရေထဲသို့ ဒူးတဝက်ပင် မြုပ်နေပြီ။ သူ့အာရုံတစ်ခုလုံး ဒီငါးရဖို့ပဲ အာရုံစိုက်ထားသည်။ ဒါဟာ ငါးတကောင်ထက် ပိုသည်။ သူ့သား၏ ယုံကြည်မျှော်လင့်ချက်ကို အပျက်စီးမခံနိင်။  ကိုယ့်ဘက်ကို နဲနဲ ပြန်ဆွဲလိုက် ငါးရုန်းတာကို လျှော့ပေးလိုက်ဖြင့် ငါးမောအောင် သူကြိုးစားနေသည်။ အကောင်ကြီးသည့် ငါးဖြစ်တာကြောင့် ခုထိ မမောသေးတာ ဖြစ်မည်။

သူစိတ်ရှည်ရှည်ထား၍ ရေကန်ထဲသို့ တရွေ့ရွေ့တိုးရင်း ငါးဆွဲရာ နောက်ကို လိုက်နေရသည်။ မကြာခင်မှာ ဒီငါး ရုန်းရတာ မောသွားတော့မည်။  ထိုအချိန်ရောက်မှ တဖြေးဖြေး ဆွဲတင်လိုက်ရင် ထိုငါးကြီး ကုန်းပေါ် ရောက်လာမည်။ ရေအနက်က သူ့ပေါင်ရင်းလောက် အထိ ရောက်နေသော်လည်း ငါးက ရုန်းကန်နေတုန်းပဲ ဖြစ်သည်။ ကြာလျင် သူပါရေထဲ မြုပ်သွားနိင်တာကြောင့် စွန့်စားသည့် အနေဖြင့် ကိုင်းတံကို မလျော့မတင်းဆုပ်ကိုင်ကာ သူ့ဘက်ကို ကြိုးနဲနဲ ပြန်ဆွဲလိုက်သည်။
ငါးမောသွားပြီ ထင်၏။ သူပြန်ဆွဲခေါ်ရာ လိုက်လာသည်။ သူ့စိတ်အာရုံတစ်ခုလုံး ကိုင်းတံပေါ်မှာ တည်မှီနေသည်။ သတိထားပြီး ဖြေးညင်းစွာ မသိမသာ ဆွဲနေလိုက်၏။ ထိုအချိန်မှာပဲ ငါးက ဖြုန်းခနဲ အတင်းရုန်းကာ လှည့်ပြေးသည်။ သူ့ဘက်ကို အဆွဲနှင့် ငါး၏ ရုန်းကန်မှုကြောင့် သူ့လက်ထဲက ကိုင်းတံ တင်းခနဲဖြစ်သွားသဖြင့် ကိုင်းတံကို လွှတ်ပေးလိုက်မိ၏။ ထို့နောက် ချက်ချင်းပဲ လွတ်သွားသော ကိုင်းတံကို လှမ်းဆွဲဖို့ ရှေ့ကို အလောတကြီး တိုးလိုက်စဉ် သူ့ခြေဖဝါးတွင် ပူခနဲ ဖြစ်သွားသည်။ အကောင်တခုခု ကိုက်တာလား တခုခုစူးမိတာလား မသိပေမယ့် သူ့ခြေဖဝါးတွင် နာကျင်သွားသည်။

သို့သော် ဘာဖြစ်တာလဲဆိုသည်ကို လောလောဆယ် သတိမထားနိင် လွတ်ထွက်သွားသော ကိုင်းတံကိုသာ ရအောင် လှမ်းဆွဲလိုက်သည်။ ဆွဲယူလိုက်သော ကိုင်းတံက သူ့လက်ထဲကို ပေါ့ပါးစွာ ပါလာသည်။ သူ့ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ ကိုင်းတံကို တဖြည်းဖြည်း ဆွဲမလိုက်သည်။ ငါးမျှားကြိုးပြတ်စလေးက လေထဲတွင် တန်းလန်းလွှဲနေသည်။ ငါးတစ်ကောင်နှင့် အားပြိုင်မှုတွင် သူရှုံးသွားခဲ့ရပြီ။

ရင်ထဲတွင် လစ်ဟာသွားသော်လည်း သူ့မျက်နာကို ခပ်ပြုံးပြုံးလုပ်ကာ သားငယ်ဘက်လှည့်လိုက်သည်။

“ ကြိုးပြတ်သွားတယ် သားရဲ့ နောက်တကောင် ထပ်ဖမ်းမယ်ကွာ ဒီတခါ ပိုကြီးတာ ဖမ်းပေးမယ်။”

သားငယ်ကို အာရုံပြောင်းစေရန် ပြောပြီး သူကမ်းပေါ်တက်လာသည်။ သားငယ်ကတော့ ငါးမျှားကြိုးပြတ်စ လေးကိုသာ ငေးကြည့်နေ၏။ မြေကြီးပေါ် ခြေအချမှာပဲ သူ့ခြေထောက် မခံနိင်အောင် နာကျင်သွားသဖြင့် ငုံ့ကြည့် လိုက်သည့်အခါ ညာဘက်ခြေဖဝါးမှ သွေးများ ထွက်နေသည်ကို တွေ့လိုက်၏။ မြေပြင်ပေါ်ထိုင်ပြီး ခြေဖဝါးကို လှန်ကြည့်မှ ခြေဖဝါးတွင် ပြတ်ရှရာကြီးကို တွေ့ရသည်။ ရွာနေသော မိုးနှင့်အပြိုင် သွေးများက ဒလဟော ထွက်လာ၏။

“ ဖေဖေ သွေးတွေ... ဖေဖေ ဘာဖြစ်တာလဲ ”

သားငယ်က ပြောရင်း သူ့အနားကို ရောက်လာသည်။ ခြေဖဝါးမှ မခံမရပ်နိင်အောင် နာကျင်လာသဖြင့် ဒဏ်ရာ ဘေးနားကို လက်ဖြင့်ခပ်တင်းတင်း ဖိထားလိုက်၏။ သွေးများက မနားတမ်း ထွက်နေခဲ့သည်။ ရေကန်ထဲမှ သံပြားပြတ်စ တခုခုကို နင်းမိခဲ့တာ ဖြစ်မည်။  ဘီအိုစီ ရေနံချက်စက်ရုံမှ တူးထားသော နှစ်ချို့ရေကန်ဖြစ်တာကြောင့် ရေထဲတွင် သံပိုက်လုံးအပြတ်များ ရေတိုင်ကီအဆွေးများ ရှိနေသည်ကို သူသိထားလျက်နှင့် ငါးဇောကြောင့် သူသတိတစ်ချက် လွတ်သွားချိန်မှာ ရှသွားခြင်းဖြစ်သည်။

“ အီးး..ဟီးး.. သွေးတွေ အများကြီးပဲ ”

မရပ်မနားထွက်လာသော သွေးများကို မြင်သဖြင့် သားငယ် ငိုလေတော့သည်။ သူနာကျင်မှု ခဏမေ့ကာ

“ သား.. မငိုနဲ့ သေးသေးလေး ရှတာကွ ဘာမှမဖြစ်ဘူး ခဏနေရင် ကောင်းသွားမှာ ”

သားငယ်က ခြေထောက်ကို ကိုင်ကြည့်ပြီး ဆက်တိုက်ထွက်နေသော သွေးများကို မြင်၍ အငိုမတိတ်တော့။ ပုဆိုးအောက်နား ပတ်လည်ကို ဆွဲဖြဲကာ ပတ်တီးအဖြစ် ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်းလိုက်သည်။ သွေးထွက်လျော့သွားသော်လည်း နာကျင်မှုက ပို၍ပို၍ တိုးလာသည်။ ဒဏ်ရာက ကြီးသည့်အပြင် ရှရာကလည်း နက်မည်ထင်သည်။ သွေးထွက်များနေသဖြင့် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ခြေဖျားထောက်ကာ လျှောက်ရင်း ကိုင်းတံတွေကို သိမ်းလိုက်သည်။ ငါးအသေးလေးများ ထည့်ထားသော အိတ်ကို ဟကြည့်လိုက်၏။ သိပ်တော့မနည်းလှ။ ကြော်လိုက်လျှင်တော့ မိသားစု စားလောက်နိင်မည်။ ဒီညအတွက် ဟင်းတစ်နပ်စာရသဖြင့် သူ အနည်းငယ် စိတ်အေးသွားရသည်။

“ အရမ်းနာနေလား ဖေဖေ ”
“ မနာပါဘူးသားရယ် ”

သူ့ခြေထောက်ကို ငုံ့ငုံ့ကြည့်ရင်း သားငယ် မျက်နှာ နွမ်းနွမ်းလေး ဖြစ်နေ၏။ သူ့လက်ကို တင်းတင်းဆုပ်ကိုင် ထားသော လက်ကလေး အေးစက်နေသည်။ သူနာကျင်နေမည် ထင်ပြီး သူ့မျက်နာကို ခဏခဏ မော့ကြည့်နေသော သားမျက်ဝန်းသည် မျက်ရည်စက်များကြောင့် ရွှန်းလဲ့နေ၏။ သားငယ် စိတ်မကောင်းဖြစ်မှာစိုး၍ ခြေဖဝါးမှ တစစ်စစ်ကိုက်လာသော ဒဏ်ရာကို အားတင်းကာ ခြေဖျားထောက်ပြီး လျှောက်လာခဲ့သည်။

တကယ်တော့ သူနာကျင်နေပါသည်။ ပြတ်ရှဒဏ်ရာမှ နာကျင်ခြင်းထက်ပိုသော နာကျင်မှုသည် ရင်ထဲမှာ ဖြစ်ပေါ်နေ၏။ ထိုနာကျင်ခြင်းမှာ သားသမီး၏ အားငယ်နေရခြင်းကို ကောင်းစွာ မနှစ်သိမ့်နိင်သည့် ဖခင်တစ်ယောက်၏ နာကျင်မှုမျိုးဖြစ်သည်။ ထိုနာကျင်ခြင်းသည်  ခြေထောက်က ဒဏ်ရာထက်ပို၍ အနာကျင်ရဆုံးဖြစ်ပါသည်။

မှောင်ရီပျိုးနေသော မြေလမ်းလေးထက်တွင် ကလေးငယ်တစ်ယောက်ကို လက်ဆွဲပြီး ငါးမျှားတံ ပုခုံးပေါ် ထမ်းထားသော လူတစ်ယောက် တရွေ့ရွေ့ဖြင့် လျှောက်နေသည်။ လှုပ်ရမ်းနေသော အိတ်ထဲတွင်တော့ မျှော်လင့်ခြင်းများဖြင့် လဲယူထားရသော ငါးကလေးများရှိနေ၏။ ထို့ပြင် ခြေဖဝါးမှ တစ်စက်စက်ကျကျန်ရစ်သော သွေးစက်အချို့သည်လည်း မြေလမ်းလေးထက်တွင် တစ်စက်ခြင်း ကျကာ ကျန်နေခဲ့၏။ ကလေးငယ်ကတော့ သူ့အဖေ၏ ခြေထောက်က ဒဏ်ရာနှင့် မျက်နှာက နာကျင်ဟန်ကို ညှိုးငယ်နေသော မျက်ဝန်းများဖြင့် တစ်လှည့်စီ မော့ကြည့်နေလေသည်။


။...................................................................................။

( ရန်ကုန်သန်လျင် တံတားအဆင်း ညာဘက်အခြမ်းတွင် ထိုရေကန်ကြီးများရှိသည်။)

49 comments:

ရဲထွန်းဇော် said...

သယ်ရင်းရေ ငိုနေတဲ့ကလေးကမင်းပေါ့...
တော်သေးတာပေါ့...မေးခိုင်ပိုးဝင်မသွားလို့...
ငါလည်းငယ်ငယ်ကအဖေနဲ့လျှောက်လိုက်ဘူးတယ်...ဒါပေမယ့်ဘာမှမမှတ်မိတော့ဘူး...ငါ့အဖေကငါငယ်ငယ်လေးကတည်းက ဆုံးသွားတာလေ...ငါ ၅ နှစ်သားလောက်ကပေါ့

ညီမလေး said...

မျှော်လင့်ခြင်းကို မျှားတဲ့ ညနေတဲ့လား.... သားအဖတွေ စကားပြောခန်းကို ဖတ်ရတော့ ပါးကို သတိရလိုက်တာ ပြီးတော့ အိမ်ကိုလွမ်းတယ် ပြန်လဲပြန်ချင်မိတယ် ။ အဖေခြေထောက်ခိုက်မိသွားတာ ဖတ်ရတော့ ငိုချင်မိတယ် ...။
မိဘဆိုတာမျိုးဟာ အဲ့လိုမျိုးပဲထင်တယ်နော် ..။ သားအမိ သားအဖတွေတိုင်း မျှော်လင့်ခြင်းတွေ အများကြီး မျှားနိုင်တဲ့ညနေတွေကို ပိုင်ဆိုင်စေချင်တယ် ....

ROcK GUNnER said...

ဟူး....တော်ပါသေးရဲ့ အကိုရာ...စာဆုံးတော့မှပဲ ၇င်ထဲ အေးသွားတော့တယ်..တစ်ခုခု ခံစားမိနေပြီး စိုးရိမ်လာလို့ ...တော်ပါသေးရဲ့။
ခံစားမိတယ်..မိဘရဲ့ မေတ္တာကို...ဆက်လက်အောင်မြင်ပါစေဗျာ။

ဂျစ်တူး ( မုံရွာ ) said...

ဇတ်ဆရာရေ---
ကျန်းမာပါစေမင်္ဂလာပါ။
ကျနော်မှာရင်တထိပ်ထိပ်နဲ့ဖတ်လာခဲ့ရတယ်။
သားငယ်ကအဖေကိုတော်တော်ချစ်တာဘဲနော်။
“သားကဖေဖေ့ ကိုငါးလိုက်သယ်ပေးတာ”တဲ့စကားက
မျှော်လင့်ခြင်းတစ်ခုဘဲလား----
“အရမ်းနာနေလားဖေဖေ ”ဆိုတဲ့စကားသံကလေးကလဲ
စိတ်ထဲမှာမချင့်မရဲနဲ့ ဇတ်ဆရာရေ---ရင်ထဲမှာစွဲကျန်
နေရစ်ခဲ့ပြီဗျာ-

ညယံ said...

ခြေထောက်ဒဏ်ရာက ဘာများဖြစ်မှာလဲ ဆိုပြီး တထိတ်ထိတ်နဲ့ ဖတ်နေရတာ အဆုံးရောက်မှ ဟင်းချနိုင်တော့တယ်။

sosegado said...

အေးဗျာ၊ အစဉ်မပြေတာတွေဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ်၊
ငါးလက္မလောက်ပြဲသွားတဲ့ ဒဏ်ရာ ပိုးမဝင်ပါစေနဲ့လို့

JUSTICE999BURMA said...

စာမျက်နှာနောက်မှာ ခံစားချက်တွေရှိတယ်.... တူးဖော် ခံစားသွားတယ်...... :)

ဝေယံလင်း said...

ကောင်းလိုက်တဲ့ဝတ္ထုဗျာ။
ရင်ထဲမှာလှိုက်လှိုက်လှဲလှဲကိုခံစားရတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ဒီဝတ္ထုလေးကို ကဗျာပုံစံနဲ့ လုပ်ကြည့်ပါလားဗျာ ....

နှင်းနဲ့မာယာ said...

အဖေတစ်ယောက်ရဲ့ မေတ္တာကို တွေ့ရတော့
သားသမီးတွေကို အရမ်းချစ်တဲ့ ပါပါးကို လွမ်းသွားတယ်...

မနှင်း

Anonymous said...

ဖတ်ပြီးစိတ်မကောင်းဘူး
ရင်ထဲတမျိုးပဲ

မောင်လေး said...

ဟုတ်တယ်ဗျ....။ဖခင်တစ်ယောက်က သူ့သားကို အပေး
ချင်ဆုံးအရာက ယုံကြည်မျှော်လင့်ချင်းပဲဗျနော်...။
ပေးချင်တဲ့ မတ်စေ့လေးရသွားတယ်...လို့ထင်ပါတယ်။

အနော် said...

အကိုရေ တပုဒ် တပုဒ်ဆိုသလောက် စာတွေ ပိုစိစစ်လာသလို ပိုလဲအားကောင်းလာတယ်.. ဖခင်မေတ္တာဘွဲ့လေး.. ဖတ်ရတာ ရင်နင့်သွားတယ် :(

ကိုကိုမောင်(ပန်းရနံ့) said...

အမေ့မေတ္တာဘွဲ့တွေ မကြာခဏဖတ်ရပေမဲ့ အဖေ့မေတ္တာဘွဲ့တွေကိုတော့ ရံဖန်ရံခါဘဲ ဖတ်ခွင့်ရတယ်။ အခုလို ဖင်မေတ္တာဘွဲ့လေးကို ဖတ်လိုက်ရတော့ ရင်ထဲတော့ တစ်မျိုးကြီးပေါ့ဗျာ။ ကျနော့်အဖေက ကျနော် ၇ နှစ်သားလောက်က ဆုံးပါးသွားရှာတော့ အဖေ့မေတ္တာကို ပြည့်ပြည့်၀၀ခံစားခွင့်မရလိုက်ဘူး။

အဆင်ပြေပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

lwin said...

မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ ဖတ်ပြီး ဖခင်ရဲ့ ချစ်ချင်းမေတာကို မျက်ရည်ဝိုင်းပြီး ခံစားသွားတယ်...။
ဒီပိုစ့်ကိုဖတ်နေရင်းနဲ့ တို့အဖေကိုတောင် အရမ်းသတိရမိတယ်...။
ခင်တဲ့
မလွင်

Anonymous said...

ကောင်းလိုက်တာ။ အဖေ့ကိုသတိရသွားရပြီ
တို့အဖေလည်း ငယ်ငယ်ထဲကရသလို ရှာကျွေးခဲ့ရှာတာ။ ခုတော့သားသမီးတွေ ပြန်ကြည့်လို့ ငြိမ်းချမ်းနေလို့ တော်ပါသေးတယ်။
စာကောင်းလေးတွေ ဆက်ရေးနိင်ပါစေနော်

MDW said...

မျှော်လင့်ခြင်း စိတ်ကူးတွေက ...
ရွှင်ပျမြူးထူးနေခဲ့တယ်။
မျှော်လင့်ခြင်း ခြေလှမ်းတွေက ...
ရွှင်လန်း တက်ကြွနေခဲ့တယ်။
မျှော်လင့်ခြင်း ရယ်သံတွေက ...
မြည်သံချိုလွင်နေခဲ့တယ်။

မျှော်လင့်ရတဲ့ တညနေခင်း
နှောင်ဖွဲ့ခြင်းတွေရဲ့ တောင်းဆိုမှုကြောင့်
တပ်မက်မှု ကြိုးစတဖက်မှာ ...
ယုံကြည်ခြင်း အစာကို တပ် ...
မျှော်လင့်ချက်တွေကို မြှား ...
အနားထိ ရောက်လာမလား
ရင်ခုန် လှုပ်ရှားရင်း
ကြိုးစ အတင်းမှာ
မျှော်လင့်ခြင်းတွေ ဖြည်းဖြည်းချင်းဆွဲခဲ့
ဒါပေမဲ့ ....
နောက်ဆုံး ရလိုက်တာက
ဒဏ်ရာနဲ့ နာကျင်ခြင်းသက်သက် ... ။
***
ဆရာမြစ် ၀တ္ထုလေးကို ဖတ်ပြီး ခံစားရသလို ကဗျာလေး ရေးမိသွားတယ်။
မျှော်လင့်ခြင်းဆိုတာ တခါတခါ တကယ်ပဲ နာကျင်ရပါတယ်။

မြစ်ကျိုးအင်း said...

>>MDW >>
ထပ်တူခံစားရေးဖွဲ့ပေးလို့ ကျေးဇူးတင်ပါတယ်
ကဗျာလေးက ကောင်းတယ်ဗျ။ သဘောကျတယ်။
>> ကိုအောင် >> ဆန္ဒပြည့်သွားပြီနော်း)

အဖြူရောင်နတ်သမီး said...

ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်...ဆိုတာထက်
သားအဖနှစ်ယောက်ရဲ့အပြန်အလှန်ထားရှိတဲ့ ဂရုဏာနဲ့ ပေးဆပ်ခြင်းမေတ္တာတွေကို တွေ့မြင်ရတယ်..။
အစဉ်အားပေးလျှက်..

အငယ်ဆုံး သမီးလေး ဆလူး said...

အိမ်းးးးးး ဒီတခါတော့ငါ့ပါးပါး ရေးထားတာရော ကွန်မန့်တွေပါ အကုန်ဖတ်ပြီးဘီ
ဟုတ်ပါဘီ ဖခင်မေတ္တာကို ဖော်ကြူးတဲ့ ဟာလေးရေးပြီးဘီဆိုရင် နောက်ကျရင် သမီး ၃ ယောက် ဖခင်အပေါ်ထားတဲ့ မေတ္တာလေးလဲ ဖော်ကြူးစေချင်ပါတယ် ရှင့် ဟိဟိ

ကျောပိုးအိတ် said...

ဖတ်လိုက်တိုင်းလဲ ရင်တထိတ်ထိတ်နဲ့  ... ဗဟုသုတတွေလဲ ရသွားတာပေါ့ .. ဘာငါးက ဘာနဲ့ မျှားရင် ပိုရတယ်ဆိုတာ ..

အဖေက သားငယ်ရဲ့ မျှော်လင့်ချက်ကို ဖြည့်ပေးချင်တာရယ် .. အဖေနာနေတာကို လက်ဖျားလေးတွေ အေးနေအောင်ဖြစ်နေတဲ့ သားငယ်ရဲ့  မျက်ဝန်းတွေ .. (ရေးဖွဲ့ မှုက အားကောင်းလွန်းပါတယ်)

နှင်းဟေမာ said...

ဖခင်တစ်ယောက်ရဲ့ မေတ္တာကို အပြည့်အ၀ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးဖတ်လို့ကောင်းပါတယ်...။
ဇာလမ်းထဲမှာ စိတ်တစ်ခုလုံး နစ်ဝင်သွားတယ်..။ ကြည်နူးစရာ ၀မ်းနည်းစရာ စိတ်မကောင်းစရာစတဲ့ ရသမျိုးစုံကို တစ်လှည့်ပြီးတစ်လှည့်ခံစားမိရင်း ...
အမြဲအားပေးလျှက်ပါ

နှင်း

ဆွေလေးမွန် said...

အပေါ်က ဘလော့မောင်နှမတွေ ပြောသွားကြသလိုပဲ
ခံစားမှုရသ မျိုးစုံနဲ့ ပြီးတော့ စိတ်ထဲမှာ
တစ်ခုခု ကျန်ခဲ့သလိုမျိုး....

Skyblue said...

ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့သလို ခံစားလိုက်ရတယ် .. ကောင်းတယ်ဗျာ ... အားပေးနေတယ်ဗျို့ ...

kiki said...

စာလည်းကောင်း၊ ကဗျာလည်းကောင်းတယ်ဗျိုး...

အလုပ်ထဲမှာတော့ ငါးမျှား ( မောယွီ ) မနေနဲ့နော် .. ဘောစိ သိသွားမှ မျှော်လင့်ခြင်းတွေ ပြိုကွဲသွားပါ့မယ် ။..

ဒီက ဆရာသုန် တို့ကတော့ ငါးမျှားမနေတော့ဘူး.. ကွန် နဲ့  ပစ်ဖမ်းနေပြီ ဗျိုး.. ပြန်လာရင် လာလေ့လာပါအုံး..

ခင်တဲ့
မကိ ။

Anonymous said...

ဖခင်ရဲ့ မေတ္တာ ကသားသမီးတွေအပေါ်မှာ တကယ်ပြည့်ဝလှပါတယ်. .. ဖခင်မေတ္တာနဲ့ ဘ၀သရုပ်ဖော်လေးကို သဘောကျတယ် ကိုမြစ်

flowerpoem said...

ကိုမြစ်ရေ နက်မကောင်းလို့ Anonymous ဖြစ်သွားလို့ပါ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖခင်နဲ့ ငါးနဲ့ အားပြိုင်ပြီး ဆွဲကြတဲ့ နေရာလည်းရောက်ရော အသက်မရှူမိဘူး တထိတ်ထိတ်နဲ့ ဖတ်နေမိတယ်.. ကြိုးလည်းပြတ်သွားတယ်ဆိုရော “ဟာ” ခနဲ ဖြစ်သွားတယ်..ဖခင်ရဲ့ ရင်ထဲက ခံစားချက်ကို ထပ်တူထပ်မျှ နားလည်ခံစားမိလိုက်တယ်..
အဖေတွေဟာ သားတွေအတွက်တော့ သူရဲကောင်း၊ ရှေ့ဆောင်လမ်းပြ၊ မျှော်လင့်ချက်မီးအိမ် ဖြစ်ချင်ကြတယ်နော်...
မိမြစ်ရေ.. တစ်ပုဒ်ထက်တစ်ပုဒ် ပိုပိုပြီး လက်ရာမြောက်စွာရသတွေပေးနိုင်တာမို့ ချီးကျူးပါတယ်.. Congratulation ပါ..
သိပ်ကောင်းတာဘဲ.. နင့်ခနဲ ခံစားလိုက်ရတယ်..

ခိုင်နုငယ် said...

ကျေးလက်မှာ..ကြီးပျင်းသူမို့..
ကိုမြစ်ရဲ့စာကောင်းလေးကိုဖတ်ရတော့....
ဖေဖေ့ကိုသတိရသွားမိတယ်။
သားအဖနှစ်ယောက် စကားပြောခန်းလေးတွေ။
ကွမ်းဘူးလေးတွေ။ထုံးဘူးလေးတွေ..ဒါလေးတွေပါ
ပြီးပြည့်စုံအောင်ထည့်ရေးထားတော့။ လွမ်းမောဖွယ်ရာ...။
ကျနော်တို့ဘက်ကျေးလက်မှာဆို..မိုးဦးကျပြီဆိုတာနဲ့။
သူသူ၊ငါငါ..မိုးဦးဖားကောက်ကြတာ။ ဒီအချိန်ဖားက အရသာရှိတယ်လို့လည်းဆိုတာကိုး။ ၀ယ်စားလို့လည်းမရဘူး။ ကိုယ်တိုင်ထွက်ကောက်မှစားရတာ ညဘက်မှောင်ပြီးဆိုတာ နဲ့ကျေးလက်ဝန်းကျင်တစ်ဝိုက်
ဓါတ်မီးရောင်တလင်းလင်းနဲ့ ဖားထွက်ကောက်ကြတာ။
ပျော်စရာ။
ဒီအချိန်ဆို...
ဖေဖေနဲ့ဖားကောက်လိုက်ဖို့ဟန်ရေတပြင်ပြင်ဖြစ်ခဲ့ဖူးတဲ့
ကိုယ့်အတိတ်လေးကို ပြန်လွမ်းမိတယ်။
ဒါနဲ့...ပုံလေးကကိုယ်တိုင်ဆွဲတာလား။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

Valuable info. Lucky me I found your site by accident, I bookmarked it.

သိင်္ဂါကျော် said...

မထူးဆန်းတဲ့ အကြောင်းအရာပေမယ့်လည်း ရသလေး တစ်ခုတော့ ပေးနိုင်လို့ ဖတ်လို့ ကောင်းတယ်..

Anonymous said...

အဖေနေရာမှာ ဦးမြစ်ပုံကြီး ပေါ်နေတယ်။
ဦးမြစ်က သူ့သားလေးကို စိတ်ရှည်ရှည်နဲ့ မေးသမျှ ရှင်းပြနေသလို မြင်ရတယ်...။
သားအဖ နှစ်ယောက်လုံးက (ဟောင်းခယ်အိုက်)
မိဘဆိုတာ ဒီလိုပဲနော်။ ရင်ထဲက သောကတွေ အပူတွေ ခံစားချက်တွေကို သားသမီးတွေကို ထုတ်မပြောတတ်ကြဘူး။ မြိုသိပ်နိုင် စွမ်းရှိကြတယ်။
ပျော်ရွှင်စရာတွေကိုပဲ ပုံပေးတတ်ကြတယ်။
အဲတာကြောင့်လဲ မိဘဆိုတဲ့ အရိပ်က သိပ်ကို အေးချမ်းတယ် လုံခြုံတယ်။
မိဘ နှစ်ပါးလုံး ရှိသေးတာလောက် ကံကောင်းတာ မရှိနိုင်တော့ဘူး။ (ပိုစ့်ဖတ်ပြီး ဖြစ်သွားတဲ့ စိတ်ခံစားချက်)

ခေါင်းစဉ်လေးကို တော်တော်လေး ကြိုက်တယ်။
ပုံလေးကလည်း ချစ်စရာလေး။
* ကျားယို ဦးမြစ်

မြတ်မွန်

ဖိုးကြယ် said...

အဲလိုခပ်ဆင်ဆင်တူတဲ့ ညနေတွေရှိခဲ့ဖူးတယ်....

ခင်တဲ့(ဖိုးကြယ်)

ကိုခိုင် said...

“ဟာ”..ကနဲဖြစ်သွားချိန်မှာ
စာရေးသူကဖြတ်ချလိုက်တဲ့(သို့)
ကံကြမ္မာ(လို့ပဲဆိုကြပါစို့)ကဖြတ်ချလိုက်တဲ့
ကြိုးပြတ်လေးမှာမျှော်လင့်ခြင်းတွေပါသွားသလို
ကျန်ခဲ့တာက
ဒါဏ်ရာတွေ-နာကျင်မှုတွေလို့
ခံစားရပါတယ်။
အရေးအသားညက်ညက်နဲ့
လှလှပပလေးမိဘမေတ္တာကိုသရုပ်ဖော်တာ
တော်တော်ကောင်းပါတယ်။
(ကဗျာလည်းကောင်းတယ်)
ကျန်းမာပါစေ။

ကိုခိုင်

~ဏီလင်းညို~ said...

ဝတ္တုလေးဖတ်ရင်းးးး.......မတူညီတဲ့ခံစားချက်နှစ်ခုနဲ့....ဖခင်နေရာကရော....ကလေးလေးနေရာကရော ခံစားမိသွားတယ်......။


ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

PhyoPhyo said...

ငါးမျှားတာ မြင်တိုင်းဖတ်ရတိုင်း ငါးတွေဘက်ကတွေးတွေးပြီး သနားတယ်၊ ကြောက်လဲကြောက်တယ်၊ ငါးမျှားတာကို မကြိုက်ဘူး၊
ရေးထားတာကောင်းတော့ ကြောက်ကြောက်နဲ့ ဖတ်လိုက်တာ အဆုံးထိရောက်သွားတယ်။
ကလေးများ တစ်ခုခုဖြစ်မလားလို့၊ တထိတ်ထိတ်နဲ့ ဖတ်ရတာ၊ အရေးကောင်းတဲ့ကိုမြစ်ကျိုးအင်း ခရစ်စမတ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

လေးစားခင်မင်တဲ့

လင်းစင်ယော် said...

ကိုပိုင်...အရမ်းကောင်းတဲ့ ဖခင်မေတ္တာဖွဲ့လေးပါ..
စာဖတ်ပြီး မျက်လုံးထဲမှာ မြင်ယောက်ပြီး သနားနေမိတယ်..သားအဖ နှစ်ယောက်လုံးကို..
အားပေးနေမယ်နော်...ခင်တဲ့...စင်ယော်

လသာည said...

ဖခင်မေတ္တာလေး ဖတ်ရင်း စိတ်မကောင်းဖြစ်ရပါတယ်။
အရမ်းကို ရင်ထဲထိတဲ့ ပိုစ်လေးပါ။

လင်းမြကြည်ဖြူ said...

ကြိုးပြတ်သွားတဲ့ မျှော်လင့်ခြင်းတွေကြောင့် ဖခင်ရဲ့ရင်ထဲမှာ ဘယ်လိုခံစားရမယ်ဆိုတာ တွေးကြည့်မိတယ်..
သားအဖ ၂ယောက်လုံးရဲ့ မေတ္တာလေးက ပေါ်လွင်လှတယ်..
သားသမီးတွေကို အကောင်းဆုံးပေးချင်တဲ့ မိဘမေတ္တာက အနှိုင်းမဲ့ပါဘဲ.. ပြင်ပက ဒဏ်ရာထက် သားသမီးရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့ ရင်ထဲက အနာက ပိုပြီး နာကျင်တဲ့ ခံစားချက်ကို စာနာနားလည်မိပါတယ်..

အုပ်ကြီး said...

မျှားတော့မျှားတာပဲ .....
မျှော်လင့်ချက်တွေ နဲ့ အတွေ့ အကြုံတွေ
လဲလှယ်ရတယ်ဗျာ ...

နန္ဒာ said...

ကိုမြစ် ရေ....
ဒီစာလေး ဖတ်ပြီး..... ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားရပါတယ်... ကျမ ကိုယ်တိုင် ငယ်ငယ်က အဖေသွားရာ တကောက်ကောက်ပါ ခဲ့သူပါ...အဖေ့ အလုပ်ကိစ္စ...လဘက်ရည်ဆိုင်...ယုတ်စွအဆုံးအရက်ဆိုင်က အစ အဖေ့နောက်က တကောက်ကောက်ပါခဲ့တာပါ... ၈၈ အပြီး စီးပွားရေးတွေခက်ခဲ နေချိန်မှာ..... အဖေ့ရင်တဲမှာရော ဘယ်လိုရှိခဲ့ လိမ့်မလဲ... ကျမအဖေက ပန်းချီဆရာပါ... အနုပညာသမား တစ်ယောက် စီးပွားရေးခက်ခဲချိန်မှာ သားသမီးတွေ အတွက် သူဘယ်လိုစိတ်နဲ့ ရုန်းကန်ခဲ့ရ မလဲ ဆိုတာ.....ဒီဝတ္တု ဖတ်ပြီးအရမ်းခံစားရပါတယ်...ကျမအဖေက ကျမ ၉နှစ် သမီးတဲက ဆုံးသွားခဲ့တာ.... ငိုနေတဲ့ကလေး နေရာလေးက ခံစားရင်း....

ဒီဝတ္တုလေးအတွက်ကျေးဇူးပါ ကိုမြစ်ရေ...
နန္ဒာ

Anonymous said...

ကိုမျှစ်ချိုး ရေ

စာလေးဆုံးသွားတော့ စိတ်မကောင်းဖြစ်မိသွားတယ် ငါးအကြီးကြီး မိခိုင်းလိုက်ပြီးတာဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

blackroze said...

ကျမအဖေက..ကျမတို့ငယ်ငယ်ကထဲက
ဆုံးသွားတာလေ..အဖေမေတ္တာဆိုတာ
သေချာမခံစားဖူးဘူး..
အခုဝတ္ထုလေးဖတ်လိုက်ရတော့..
......................
.....................
................

YoungGun said...

သေချာတာက ဒါဖတ်အပြီးမှ အဖေ့မျက်နှာကို ချက်ချင်း မြင်ယောင်မိတယ်။ အဖေ့ကို ကန်တော့မိတယ်။ အဖေ့ကို သတိရမိခြင်းအတွက် အစ်ကို့ကိုလည်း ကျေးဇူးတင်ပါတယ်.. ။

ကွာစေ့လေး said...

ဒီပို့စ်လေး က မိဘနဲ့ သားသမီးရဲ့ အပြန်အလှန် စေတနာ မေတ္တာ အကြင်နာတွေ ပေါ်လွင်စေတယ်. ဒီပို့စ်လေးဖတ်ပြီး ခံစားချက်တစ်ခုရလိုက်တယ်.. ( ဖေဖေ ကို ပိုချစ်တဲ့ သူဖြစ်နေလို့ပဲ )
ကွန်မန့်ပေးလို့မရတာကြာပြီ.. ခုမှပဲရတော့တယ်...
ရေးတဲ့စက်မရှိဘူးပဲပြောပြော .. နောက်ရေးမယ့် အသစ်ကို မျှော်နေပါတယ် ..

အားပေးလျက်

chit palone said...

ပါပါးရေ စာလာမဖတ်နိုင်တာ ကြာပြီ ဒီနေ့တော့ အကြွေးအကုန်ဖတ်သွားမယ်နော်။ ပါပါးက ကြာလေ စာရေးကောင်းလေပဲ။ ဘဲတော့ ကျော်ဖတ်လိုက်တယ်။ ဖတ်ရင်းနဲ့ ဖလောဖလောဖတ်လိုက်တယ် တခုခုဖြစ်ပီလားလို့ ရင်ခုန်တာမခံနိုင်လို့လေ ဟီး။။။။။
သာမီးလေး သံမဏိဘဲ

အင်ကြင်းသန့် said...

အဲဒီလိုဘ၀သရုပ်ဖော်မိဘမေတ္တာဖွဲ့ ဇာတ်လမ်းတွေကိုအရမ်းကြိုက်တယ်။ ဖတ်ပြီးတော့ရင်ထဲမှာတောင် တစ်မျိုးဖြစ်သွားတယ်။ ဖေဖေ့ကိုလည်း သတိရသွားတယ်။

ဒါမျိုးလေးတွေထပ်ရေးပေးပါဦးလို့ တောင်းဆိုပါ၏။

May everybody be happy and healthy! said...

ဘဝထဲက အတွေ့အကြုံ လေးကို ခံစားရေးဖွဲ့ထားတာ
အရမ်းကောင်းတယ်နော်...

ရွှေပြည်သူ said...

အင်မတန်ရသမြောက်ပါတယ် ကိုမြစ်ကျိုးအင်းရေ... မျက်လုံးနဲ့ဖတ်ပေမယ့် ရင်ဘတ်ထဲအထိ ရောက်တဲ့စာမျိုးပါ။ ကိုယ်ကလည်း အဖေချစ်တဲ့သူဆိုတော့ တော်တော်လေး ခံစားလိုက်ရတယ်...

 

Posts Comments

©2006-2010 ·TNB