တစ်ကားပေါင်း မိုးအလင်း

29 November 2010



ရှိရင်းစွဲထက်ပို၍ အိုမင်းနေပုံရသော ညသည် အချိန်မတိုင်ခင် တိတ်ဆိတ်နေခြင်းကြောင့် ဖြစ်မည်။ မြို့ပြတခုအတွက် ည ၁၀ နာရီ အချိန်သည် တိတ်တဆိတ် ဖြစ်နေရမည့် အချိန်မဟုတ်သော်လည်း မှောင်မိုက်ခြင်း လွှမ်းခြုံထားသဖြင့် အရာရာသည် တိတ်ဆိတ်နေခဲ့သည်။ ကျောအောက်က ပူလောင်လာ၍ ဘေးတစ်ဖက်စောင်းကာ လှည့်အိပ်လိုက်သော်လည်း တဒင်္ဂအတွင်း ပြန်ပူလာပြန်သဖြင့် အိပ်ယာထက်တွင် ကျွန်တော် အလူးအလိမ့်ဖြစ်နေ၏။ ညလေအေး ဝင်ရောက်လာဖို့ကို မျှော်လင့်လို့ မရသည့် အတွက် ရေထချိုးလျှင် ကောင်းမလား တွေးနေမိသည်။

မီးပျက်နေသော ဒီလိုနွေညတိုင်းသည် ပူလောင်ခြင်းနှင့် မှောင်မိုက်ခြင်းကို ရောမွှေကာ လူတိုင်းအပေါ်ကို အပြည့်အဝ ဖြန့်ကျက်ထားသည်။ ပန်ကာလေး တစ်လုံးပင် ဖွင့်ခွင့်မရသဖြင့် ပူလောင်မှု၏ အရသာကို မချိမဆန့် ခံနေရသည်။ လောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းက မြို့ပြတမ်းချင်း တစ်ခုဖြစ်သည့် လျှပ်စစ်မီး ပြန်လာဖို့ပင်။ ဒီအချိန် မီး ပြန်လာလျှင်သိပ်ကောင်းမည်။ အနည်းဆုံး ပန်ကာ တစ်လုံး ဖွင့်နိင်လောက်ရုံ ပမာဏလောက် ဖြစ်ဖြစ် ပြန်လာလျှင် အဆင်ပြေပြီ။ အတ္တနှင့်ယှဉ်သော ကိုယ့်အတွေးကိုယ် သဘောကျ သွားသဖြင့် ပြုံးလိုက်မိသည်။

ဒီဘက်ခေတ်တွင် လျှပ်စစ်မီး၏ အခန်းကဏ္ဍသည် ကျွန်တော်တို့ ဘဝနေထိုင်မှု အစိတ်အပိုင်း တော်တော်များများနှင့် တိုက်ရိုက်သက်ဆိုင်နေခဲ့ပြီ။ အမှောင်ဆိုသည်မှာ ရှိသင့်သည့် အချိန်အတိုင်းအတာတခုထိသာ ရှိကောင်းသည်မဟုတ်လား။ အခုဆို မြို့ပြလူထု၏ အနားယူ အပန်းဖြေခြင်းသည် လျှပ်စစ်မီးပေါ်မှာ အများဆုံး မူတည်သည့် ခေတ်ကို ရောက်နေခဲ့ပြီ။ ကျွန်တော်ကိုယ်တိုင်လည်း လျှပ်စစ်မီးလာဖို့ကို ညတိုင်းလိုလို မျှော်လင့်နေရသူ ဖြစ်သည်။ ထွေထွေထူးထူး လုပ်ဖို့ရန် မရှိဘဲနှင့်ကို မီးပြန်လာခြင်းမှာ ကျွန်တော် ပျော်ရွှင်နေ တတ်သည်။



တောင့်တနေချိန်မှာပင် အခန်းထဲတွင် လင်းခနဲ ဖြစ်သွားသည်။ မီးပြန်လာပြီ။ လျှပ်စစ်မီး ပြန်လာပြီးနောက် ဟေး ခနဲ အော်သံတွေကိုပါ တပြိုင်နက်ထဲ ကြားလိုက်ရ၏။ မြန်မာနိင်ငံတွင် ဘာသာမတူသူများ ၊အသားအရောင် မတူညီသူများ ၊ စိတ်အတွေး မတူညီသူများအားလုံးကို တစုတစည်းထဲ တညီတညွတ်ထဲ တစ်သံတည်း ညီညီညာညာ ထွက်စေနိင်သော အချိန်မှာ မြန်မာဘောလုံးအသင်း ဂိုးသွင်းချိန်နှင့် မီးပြန်လာ ချိန်သာရှိသည်။

နာရီကို ကြည့်လိုက်တော့ ၁၀ နာရီခွဲပြီ။ လျှပ်စစ်မီးကို အသုံးချပြီး တခုခု လုပ်ဖို့ရန်တော့ အချိန်နှောင်းနေပြီ။ မနက် ၆ နာရီတိုင်း အိပ်ယာထ ရသော ကျွန်တော့် အတွက် အိပ်သင့်ချိန်ကို ကျော်လွန်နေခဲ့ပြီလေ။ ထို့ကြောင့် အခန်းမီးကို ထပိတ်ကာ ပန်ကာဖွင့်လိုက်ခြင်းဖြင့် အိပ်ဖို့ရန် ပြင်ဆင်ပြီး ဖြစ်သွားတော့သည်။

ထိုအချိန်မှာပင် ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။ နိင်ငံရေးဦးတည်ချက် လေးရပ် ဆိုသည့် ကြားနေကျအသံ ဘေးကပ်ရပ်အခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မီးပြန်လာခိုက် အချိန်ရတုန်းလေး ငှားထားသည့် အခွေ ဖွင့်ကြည့်ကြခြင်း ဖြစ်မည်။ စားသုတ်သုတ် သွားသုတ်သုတ် ခေတ်တွင် အချိန်ကိုလည်း စနစ်တကျ စီမံခန့်ခွဲ ကြရတာပဲ မဟုတ်လား။ နောက်တနေ့ မီးလာဖို့ ဆိုသည်မှာ မသေချာသဖြင့် အချိန်အနည်းငယ် နောက်ကျနေသော်လည်း ယခုလို မီးလာချိန်တွင် ဖွင့်ကြည့်ကြခြင်းကို အပြစ်လို့တော့ ဆို၍မရနိင်ပါ။

သို့သော် အခွေဖွင့်စက်ကို စပီကာနှင့် တွဲထားသည့်အတွက် လိုအပ်သည်ထက် ပိုကျယ်နေသော အသံ ကြောင့် ကျွန်တော် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ အသံတိုးဖို့ လက်မအား ကြတာများလား ဆိုပြီး စောင့်နေပေးသော်လည်း လူမှုရေး ဦးတည်ချက် လေးရပ် ရောက်သည်အထိ အသံက ကျယ်လောင်စွာ ထွက်ပေါ်နေတုန်းပဲ ဖြစ်သည်။

ထို့နောက်... မြန်မာ ဇာတ်လမ်းခွေတို့တွင် ပါဝင်သော အင်္ဂါရပ်များအတိုင်း ဦးတည်ချက် ၃ ရပ် ပြီးသည့်နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ... ထို့နောက် ဇာတ်လမ်းအသစ် ကြော်ငြာများ ဆက်တိုက် ထွက်ပေါ်လာသည်။ အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲပဲ ဖြစ်သည်။ တခုခုတော့ လွဲနေပြီ။ ကျွန်တော် တစ်ခု သတိရလိုက်သဖြင့် ခေါင်းနပန်း ထူပူသွားရသည်။ ညနေက ကျွန်တော် အလုပ်မှ ပြန်လာချိန် ဘေးခန်းတွင် နေသော ကျော်သူရ ပြောတာ သတိရလိုက်သည်။

“ အကိုရေ.. ဦးလေး မနေ့ထဲက ဆေးရုံတင်ထားရတာ အဲဒါ ဒီည ကျွန်တော် လူနာစောင့် သွားအိပ်ပေးရမှာ ဆိုတော့ အိမ်ကို စောင့်ရှောက်ပေးထားပါနော် ” တဲ့။ တူဝရီး နှစ်ယောက်ထဲ နေသော အိမ်တွင် ယခုတော့ တစ်ယောက်မှ မရှိတော့။ ဗီဒီယိုကြည့်နေရင်း မီးပျက်ချိန်တွင် ပိတ်ဖို့ မေ့လျော့ခဲ့သော ဖွင့်လျက်သား စက်များသာ ချန်ထားခဲ့သည်။ သွားပြီ။ ဒီနေ့ညတော့ ကျွန်တော် ဒုက္ခရောက်ရပြီ။ မနက် ၆ နာရီထရမည့် ကျွန်တော်နှင့် ဒီဇာတ်လမ်းခွေ နပန်းလုံးရတော့မည်။

စိတ်ညစ်ညူးမှုကြောင့် အိပ်ယာထက်မှ ငုတ်တုတ်ထထိုင်လိုက်သည်။ အခြေအနေက ဆိုးပါသည်။ ဘဝတွင် တခါတလေ ပြောင်းလဲ၍ မရနိင်သည့် စိတ်ညစ်ညူးဖွယ်ရာ အခြေအနေတွေကို ကြုံဖူးကြမည်။ ဘာမျှ လုပ်မရဘဲ လည်စင်းခံ ပေးနေရသလို ထိုင်စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးဖြစ်သည်။ ယခုလည်း ထိုအခြေအနေမျိုးကို ကြုံနေရပြီ။ ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားသော်လည်း ဘာမျှ လုပ်၍ မရနိင်သည်ကို  သိနေသည်။ အဓိကက ဇာတ်လမ်းအခွေ မဟုတ်။ စပီကာမှ ကျယ်လောင်စွာ ထွက်နေသည့် အသံသာဖြစ်သည်။ အိမ်ခန်းကို ကြည့်ရှုစောင့်ရှောက်ပေးရန် မှာသွားသော်လည်း အိမ်သော့ မပေးခဲ့သဖြင့် စက်တွေကို သွားပိတ်ဖို့ရန်လည်း မဖြစ်နိင်ပါ။

ကျော်သူရ ဖွင့်ကြည့်ချိန်မှာ Remote ဖြင့်အသံတိုးထားနိင်ပေမယ့် မီးပြန်လာသည့်အခါ ဖွင့်ထားလက်စ စက်ကနောက်တကြိမ် ပြန်အပွင့်တွင် မူလတင်ထားသလောက် ပမာဏ အတိုင်း အသံထွက်လာနေမှန်း လွယ်ကူစွာ တွက်လို့ရပါသည်။ ဘာလုပ်ရမှန်း မသိတော့သည့်အတွက် အိပ်ယာထက်က ဆင်းပြီး အခန်းထဲမှာ လမ်းလျှောက်နေမိသည်။ ကျွန်တော် တခုခုသာ မလုပ်နိင်ခဲ့ရင် မနက် ၆ နာရီကို ငုတ်တုတ် ထိုင်စောင့်နေရမည့် ကိန်း ဆိုက်နေပြီ။ ဒါပေမယ့် ကျွန်တော် ဘာမှ မလုပ်နိင်ခဲ့ပါ။ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာပေါ် ပြန်လှဲလိုက်သည်။

“ မင်းနဲ့ငါကြားမှာ ပါတ်သတ်စရာ ရှိသေးလို့လား ”
“ အဲဒီလို ရင့်ရင့်သီးသီးတော့ မပြောပါနဲ့ အကိုရယ် ”
“ ဒါ မင်းကို အညှာတာဆုံး ပြောတာ မင်းလုပ် ခဲ့သမျှတွေ အတွက် ခွင့်လွှတ်ဖို့ရာ ဘာအကြောင်းမှ မရှိဘူးကွ ”
“ မြ ပြောတာကို ဆုံးအောင် နားထောင်ပေးပါ ”

ဇာတ်လမ်းက အဖွင့်မှာထဲက အော်ကြီးဟစ်ကျယ် ဒေါသခန်းဖြင့်စသည်။ စိတ်က သတိထားမိသည့် အရာတွေဆို ပို၍ အနုစိတ်ကျကျ မြင်ယောင် ကြားယောင် တတ်သည့် သဘာဝအတိုင်းပင် ဇာတ်လမ်းထဲမှ အော်သံများက ကျွန်တော့်နားထဲကို ဆူညံစွာ တိုးဝင်လာသည်။ ကျွန်တော် တော်တော်လေး စိတ်ဓါတ်ကျသွားရသည်။ သွားပြီ။ ဒီနေ့ညကတော့ ကြက်ခြေခတ်ထားရမည့် ည ပါပဲ။

နားထဲဝင်လာသည့် အသံတွေကို ဒေါသထွက်နေရင်းနှင့်ပင် မင်းသမီးက ခိုင်သင်းကြည် အသံမှန်း မှတ်မိ လိုက်သည်။ မင်းသားကရော ဘယ်သူပါလိမ့်..။ အို.. ဘာမင်းသားပဲ ဖြစ်ဖြစ်ကွာ။ လွတ်ထွက်သွားသော စိတ်ကို သတိထားမိ၍ စိတ်တိုသွားရသည်။ ဘရတ်ပစ် ပဲဖြစ်ဖြစ်....။ ဒီဇာတ်ကား မြန်မြန်ပြီးရင် ကျေနပ်ပြီ။ ယခုမှ စတင်သည့် ဇာတ်ကားကတော့ ပြီးဖို့ရန် အများကြီး လိုနေအုံးမည်။

မဟုတ်သေးဘူး။ လက်တွေ့ကျကျ တွက်မယ်ကွာ။ အခု ၁၁ နာရီရှိပြီ။ မြန်မာ ဇာတ်ကားများရဲ့ အစအဆုံး အချိန်က ဘယ်လောက်ပါလိမ့်။ လိုလိုမယ်မယ် ၂ နာရီ ခွဲလောက် ကြာနိင်တယ် ထား။ ဒါဆို ည ၁ နာရီ ခွဲလောက်ဆို ပြီးမှာပဲ။ ည ၂ နာရီလောက်မှာ အိပ်ပျော်နိင်ရင် အိပ်ချိန် ၄ နာရီ လောက်ရမယ်။ စိတ်ကလည်းတွက် လက်လည်းလိုက်ချိုးရင်း နှင့် ကျွန်တော် အလုပ်ရှုပ်သွားရသည်။  သေသေချာချာ တွေးမိမှ ထင်သလောက် အခြေအနေ မဆိုးသေးမှန်း သတိထားမိသွားသဖြင့် ကျေနပ်သွား၏။

ဘာပဲ ဖြစ်ဖြစ် တခုခုကြုံတိုင်း မထူပူဖို့ လက်တွေ့ကျကျ တွေးတတ်ဖို့ သတိထားသင့်ကြောင်း ကိုယ့်ကိုကိုယ် သင်ခန်းစာ ပေးထားလိုက်သည်။ သင်ခန်းစာဆိုမှ အဆိုးဆုံး အခြေအနေထဲက အကောင်းဆုံးတွေကို နှုတ်ယူရမည့် သင်ခန်းစာကို သတိရလိုက်သည်။ ဟုတ်ပြီ ။ ဝင်သက်ထွက်သက် မှတ်ရမှာပေါ့။ အရင်ကလည်း အိပ်မပျော်တိုင်း ဝင်သက်ထွက်သက်မှတ်ပြီး အိပ်ပျော်အောင် ကြိုးစားနေကြဆိုတော့ အခုအိပ်ပျော် သွားရင်လည်း အမြတ်ပဲ မဟုတ်လား။

အိပ်ယာပေါ် ပက်လက်လှဲကာ ခြင်မကိုက်အောင် စောင်ပါးလေးကို လွှမ်းခြုံထားလိုက်သည်။ လက် နှစ်ဖက်ကို ဘေးကို ချထား ။ သက်သောင့်သက်သာ ဖြစ်ပစေ။ အကြောတွေ အားလုံးကို လျှော့။ အိုကေပြီ။ နှာသီးဝက ဝင်လေ ထွက်လေကို သတိလေးကပ်ပြီး မှတ်။ အသက်ကို မျှင်းပြီး ရှူ ။ ဝင်တယ် ။ ထွက်တယ်။ ဝင် ။ ထွက် ။ ဝင်..

“ ကျွန်မကို ကယ်ပါအုံး အကို သူတို့ အတင်းအဓမ္မ ..”
“ ဟေ့ကောင် ဒီနေရာ မင်း သူရဲကောင်း လုပ်ရမယ့် နေရာ မဟုတ်ဘူး မြန်မြန် ထွက်သွားစမ်း ”
“ ထွက်သွားရမှာ ငါမဟုတ်ဘူး မင်းတို့ကွ ”
“ ဒီလောက်တောင် ပြောမရ ရင်လည်း ဆုံးမလိုက်ကြစမ်းကွာ ”
“ ဝှစ် ”
“ ဘုန်း ”
“ အီး ”

ချကုန်ကြလေပြီ။ ကန်ကြ ကျောက်ကြ ထိုးကြ ကြိတ်ကြသော အသံတွေ အောက်တွင် ကျွန်တော်မှတ်နေသော ဝင်သက် ထွက်သက် လွင့်ထွက်သွားရ၏။ မြန်မာ့ လက်သီးတွေ ထိုမျှလောက် အသံကျယ်ကျယ် ထွက်စေနိင်သည်ကိုလည်း ကျွန်တော် အခုတော့ သေသေချာချာ သိရပြီ။ ယခုလို ဆူညံနေပုံမျိုးနှင့်ဆို ကိုယ့်ကိုကိုယ် ခြေဖျားမှစ၍ အိပ်မွေ့ချနည်းလည်း အသုံးဝင်မည် မထင်ပေ။ ဝင်သက်ထွက်သက်ကို နံပါတ်စဉ် မှတ်သည့်နည်း ဆိုလျှင်ရော..။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်မည်။

အာရုံကို မလွင့်စေနဲ့ နှာသီးဝမှာ ထား။ ဝင်တယ် ထွက်တယ် .. တစ် ။ ဝင်တယ် ထွက်တယ် .. နှစ် ။ ... သုံး...။ ...လေး...။.... ။ .....၊၊ .... ဆယ့်တစ်.. ။

“ ကျေးဇူးတင်လိုက်တာ အကိုရယ် ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင် ”
“ ဒီလို အချိန်ထိ လမ်းမ ပေါ်မှာ ရှိနေရင် ဒီအဖြစ်မျိုးက ကြုံနေအုံးမှာပဲ”
“ မြ က မိကောင်းဖခင် သားသမီးပါရှင်.. ဒီနေ့ကလည်း ပန်းတွေ တော်တော်နဲ့ မကုန်လို့ စောင့်ရောင်းနေလို့ပါ”

အော်..ခိုင်သင်းကြည်က ပန်း ရောင်းတာကိုး။ ပြန်လာတာနောက်ကျ၍ လူရမ်းကားများနှင့် တွေ့သွားပုံရသည်။ အင်းး... ထိုးနှက်ခန်းနှင့် လူရမ်းကား မပါလျှင် မြန်မာ ဇာတ်လမ်းအင်္ဂါရပ်ဖြင့် ပြည့်စုံပုံမရ။ လူတွေ လူတွေ ဘာကြောင့် ရမ်းကားချင်ကြတာပါလိမ့်။ ဘဝကို အစွန်းအထင်း မရှိ ဖြတ်သန်းဖို့ လိပ်ပြာလုံစွာ ရှင်သန်နေထိုင်ဖို့ ဘာလို့ တန်ဖိုးမထားကြတာပါလိမ့်။ အသံနောက်ကို အာရုံက လိုက်ပါသွားမိသဖြင့် နံပါတ်စဉ် ဘယ်လောက် ရောက်ကုန်မှန်းပင် မသိတော့။ ကိုယ့်ကိုကိုယ် သတိထားမိမှ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း မှုတ်ထုတ်လိုက်မိသည်။ ကဲ..ဘာမှလည်း မှတ်မနေနဲ့တော့။ ဒုက္ခနဲ့ အလိုက်သင့်သာ နေလိုက်တော့။

နားထဲဝင်လာသော အသံတွေကို ပုံဖော်ရင်း ဇာတ်လမ်းထဲ လိုက်ပါနေမိသည်။ ငယ်ငယ်က ရေဒီယိုကလာသည့် ဇာတ်လမ်းပမာနားဆင်စရာ ကဏ္ဍကို မှတ်မိသည်။ ညစာစားပြီး ထမင်းလုံး စီရင်း နားထောင်ခဲ့ကြဖူးသည်။ နောက်တော့ ခေတ်က တဖြည်းဖြည်း တိုးတက်လာသည်။ ကက်ဆက် ၊ တီဗီ ကနေ ဗီဒီယိုတွေ ကာရာအိုကေ တွေအထိ ဖြစ်လာသည်။ ခုဆို 3D စနစ်အထိ တိုးတက်လာပြီ။ ဇာတ်လမ်းထဲ အာရုံ ဝင်စားလိုက်သဖြင့် ယောက်ယက်ခတ်နေသော စိတ် အနည်းငယ် ငြိမ်သက်သွားသည်။

ဇာတ်လမ်းကို ကြားရသလောက်ဆိုရင် ခိုင်သင်းကြည်ကို ကယ်တင်ပေးရင်း နောက်တော့ ချစ်သူတွေ ဖြစ်သွားကြသည်။ ခိုင်းသင်းကြည် အိမ်အထိ သွားလည်ရင်း မိဘတွေနှင့်ပါ အဆင်ပြေ သွားသည်။ ဘဝက အဲဒီလို ရုပ်ရှင်ဆန်ရင် သိပ်ကောင်းမှာပဲ။ ငါ့တုန်းကလည်း အဲဒီလို သူ့မိဘတွေနဲ့ အဆင်ပြေခဲ့ရင် တော်တော် ကောင်းမယ်။ အချစ်ဟောင်း အကြောင်း တွေးမိသဖြင့် စိတ်က ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းသွားသည်။ အင်း.. သူ့ အကြောင်း မတွေးဖြစ်သည်မှာ ကြာပြီ။ သူဘာတွေကို လုပ်နေမလဲ။ ငါ့ကို သတိမှ ရပါအုံးမလား။ အင်းလေ...အချစ်ဆိုတာကလည်း တကယ်တော့..

“အမလေး လက်မဲကြီး လက်မဲကြီး”
“ဒီနေ့မင်းကို ငါသတ်ရလိမ့်မယ်”
“ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ”

စူးစူးဝါးဝါး ထွက်ပေါ်လာသော ကလေးတစ်ယောက် အော်သံကြောင့် ကျွန်တော် လန့်သွားရသည်။ အတွေးထဲ နစ်မျော နေသဖြင့် ရုတ်တရက် ဘာဖြစ်မှန်း မသိလိုက်။ နောက်မှ ဗီဒီယို ထဲက ပညာပေး ကြော်ငြာမှန်း သိလိုက်သည်။ ဖျတ်ခနဲ လန့်သွားသော စိတ်ကြောင့် ရင်တွေ တုန်နေမိသည်။ အချစ်ဟောင်း လည်း ဘယ်ရောက်သွားမှန်း မသိတော့။ စိတ်တိုတိုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အိပ်ယာပေါ် ထုချလိုက်သည်။ လန့်သွားသော စိတ်ကြောင့် တုန်ယင်နေသော နှလုံးခုန်သံကို မနည်းပြန်ထိန်းလိုက်ရသည်။ ကျွန်တော့်မှာရော ဘာအပြစ်ရှိလို့လဲ ဆိုပြီး ဗီဒီယိုထဲကလိုသာ အော်လိုက်ချင်သည်။ နာရီကို ကြည့်မိတော့ ည ၁၂ နာရီ ၄၀ ရှိပြီ။ နောက် တစ်နာရီလောက် ဒုက္ခဆက်ခံရအုံးမည်။

“အဘရေ”
“ဟေ”
“အလှူအတွက် ကုန်ကျစရိတ် စာရင်းရပြီ”

ဤသို့ဖြင့် အသံများ အတွေးများဖြင့် ကျွန်တော် လုံးလည် ချာလည် လိုက်နေခဲ့သည်။ စပီကာမှ ထွက်ပေါ်နေသော အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲ ဖြစ်၏။ တဖြည်းဖြည်း ညဥ့်နက်လာပြီ်။ မကြာခင် ဇာတ်ကား ပြီးတော့မည်။ ထို့နောက် ချကြ နှက်ကြ သံ ထွက်လာပြန်သည်။ ဇာတ်ရည်ဝနေသော အသိကြောင့် ဒီတခါ ချကြ နှက်ကြ ခြင်းသည် နောက်ဆုံးခန်း ရောက်ပြီ ဆိုသည့် သဘောဖြစ်မည်။ ထို့ကြောင့် ချနှက်သံများကို နားထောင်ရင်း ကျွန်တော် ဝမ်းသာနေမိသည်။ ချ.. ချ... မြန်မြန်သာ ချကြ။

“ အကို အနောက်မှာ သတိထား ”
“ အင့်ဟာ ”
“ အား...”

ခိုင်သံကြည်၏ အားခနဲ အော်သံ ထွက်လာသဖြင့် ကျွန်တော် ဝေခွဲမရ ဖြစ်သွားရသည်။ သူက သတိပေးတာ မဟုတ်လား။ ဘယ်လို ဖြစ်တာပါလိမ့်။

“ အိုးးး မြရယ် ဘာလို့ ဝင်ခံလိုက်ရတာလဲကွာ ”

အော်။ သတိပေးရင်းနဲ့ ဓါးချက်ကို ဝင်ခံပေးလိုက်တာကိုး။ သေတော့မယ် ဆိုတော့ ဒါ ပြီးပြီ ဆိုတဲ့သဘောပဲ။ စိတ်ထဲမှာ ပျော်ရွှင်သွားရသည်။ သူများ ဓါးထိုးခံရသည်ကို ပျော်ရွှင်မိသည်မှာ ဘဝတွင် ဤတစ်ကြိမ်သာ ရှိမည်ထင်သည်။
“ တစ်ယောက်မှ မပြေးကြနဲ့ သူတို့ကို ဖမ်းချုပ်လိုက်ကြ ”

ပြည်သူ့ရဲတွေလည်း ရောက်လာပြီ။ ဒီ့ထက်သေချာသော ဇာတ်ကားပြီးခန်း မရှိနိင်တော့။ ဟိုဘက်အခန်းက ပြည်သူ့ရဲတွေကို စိတ်ထဲမှ သောင်းသောင်းဖြဖြ ကြိုဆိုလိုက်မိသည်။ ကျွန်တော့်နေရာမှာ မိတ်ဆွေဆိုလည်း ဒီလိုပဲ ကြိုဆိုမယ်ဆိုတာ သေချာပေါက် လောင်းရဲပါသည်။ ထို့နောက် ငိုရှိုက်ခန်းများ အလွမ်းတီးလုံးသံများ ထွက်ပေါ်လာသည်။ ကဲ.. ဝဋ်ကျွတ်ပြီ။ အိပ်ပေတော့ပဲ။ ထို့နောက် အသံတွေ တိတ် ..ဆိတ်... သွားတော့သည်။

သို့သော် တဒင်္ဂ တိတ်သွားခြင်းသာ ဖြစ်သည်။ နိင်ငံရေး ဦးတည်ချက် လေးရပ် ဆိုပြီး အသံကျယ်လောင်စွာ ပြန်လည် ထွက်ပေါ်လာသဖြင့် ကျွန်တော် အိပ်ယာပေါ်မှ ခုန်ထမိသည်အထိ စိတ်ညစ်သွားရသည်။ ဟာ ဘယ်လိုဖြစ်တာလဲ။ ဇာတ်လမ်းက ပြီးပြီမဟုတ်လား။ သို့သော် ဦးတည်ချက်လေးရပ်က အစီအစဉ်တကျ ဆက်တိုက်ထွက်လာနေ၏။

အဖြစ်နိင်ဆုံးကို တွေးကြည့်မိတော့ အခွေဖွင့်စက်ကို အစအဆုံး ပြန်လည်အောင် လုပ်ထားတာမှန်း တွေးမိသည်။ သီချင်းခွေတွေ နားထောင်ရင်း တပတ်ပြီးတပတ် မနားတမ်း ဖွင့်သည့်အခါမှာ ဒီလိုပဲ လုပ်ထားတတ်ကြောင်း ကျွန်တော် နားလည်လိုက်သည်။ ဒီပုံစံဆို ဒီတစ်ညလုံး နောက်တစ်နေ့လုံး မပိတ်မချင်း ဆက်တိုက် လည်နေတော့မည်။ အိပ်ခွင့်မရသည့် ညသန်းခေါင်တွင် သွားစရာ နေရာမရှိဘဲ ကျွန်တော် ထွက်ပေါက်မဲ့ သွားရ၏။ ဘာကိုအပြစ်တင်ရမှန်း မသိသည့် စိတ်ကြောင့် သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင် ချလိုက်မိသည်။

ဘဝတွင် ကိုယ်မုန်းတီးသော အရာများ မလိုချင်ဆုံးသော အခြေအနေများကို တခါတလေ လိုလိုချင်ချင် တောင့်တ ရတတ်သည် ဆိုသည့်သဘောတရားကို ကြားဖူးသည်။ ယခုတော့ ထိုသဘောတရားအတိုင်း  ကျွန်တော် မလိုချင်သော မဖြစ်ချင်သော အခြေအနေ တခုကို ဆုတောင်းနေရပြီ။

ရှေးလူကြီးများ ထားခဲ့သည့် ဆိုရိုးစကားများမှာ သိပ်မှန်လွန်းပါသည်။ ကျောပူတာနှင့် နားပူတာတွင် ကျောပူတာပဲ ခံချင်သည်ဆိုသည့် ဆိုရိုးအတိုင်းပင် ယခုလည်း ကျောပူချင် ပူပါစေတော့။ လျှပ်စစ်မီး မလာသည်ကို မနှစ်သက်သည့် ကျွန်တော် ယခုတော့ မီး မြန်မြန်ပြန်ပျက်ဖို့ ဆုတောင်းနေရပြီ။

တစ်ဘက်ခန်းတွင်တော့ ဇာတ်လမ်းခွေ တစ်ခွေတွင် ပါဝင်သော အစီအစဉ်များ ကျယ်လောင်စွာ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဒီညတွင် မီးပြန်မပျက်ခဲ့လျှင်တော့ ထိုVCD စက်သည် မိုးလင်းသည်အထိ ထိုနောက် အိမ်ရှင်ပြန်ရောက်လာသည်အထိ တာဝန်ကျေစွာ ဆက်လက် ထပ်ကာထပ်ကာ လည်ပတ်နေအုံးမည်။ ကျွန်တော်သည်လည်း သိပြီးသား ဇာတ်လမ်းကြီးကို နောက်တစ်ကြိမ် ပူလောင်စွာ နားဆင်ရင်း ဒီညကို ဖြတ်သန်းရတော့မည်။ တွေးကြည့်ရုံနှင့်ပင် တော်တော်ကို စိတ်မသက်မသာဖြစ်ရပါသည်။ ကျွန်တော်ဘာမျှ မတတ်နိင်ပါ။ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းမောကြီးကိုသာ မှုတ်ထုတ်နေမိပါတော့သည်။

မီးဘယ်အချိန် ပြန်ပျက်မည် ဆိုသည်ကိုတော့ ကျွန်တော် တကယ်ကို မသိနိင်ပါ။

။.........................................................................။

55 comments:

ကွာစေ့လေး said...

ဟိုင်း
အသစ်ကလေး ဖတ်ရလို့ ၀မ်းသာပါတယ်.. (ကျေးဇူး)
ပို့င်္စဖတ်ပြီးတော့ ပြုံးမိသေးတယ် ... ဘာလို့လဲ ဆိုတော့ မြန်မာက အကျင့်က ခုထိ ပါလာသေးတယ် . တစ်ခါတစ်လေ ဒီနိုင်ငံမှာ မီးပျက်ပြီး မီးပြန်လာရင် *ဟေး*ဆိုပြီး အော် တာ အကျင့်ဖြစ်နေလို့ အဲ့ဒီအကျင့်ဖြတ်နေရတယ်...မဟုတ်ရင် (အချင်းချင်း အဖဲ့ ခံရတယ် ) ...*မိန်း* သွားချလိုက်လေ.... ( စောစော က မပြောဘူး .. လာကူညီပေးတာပေါ့ ...း)


အားပေးလျက် ........

မောင်လေး said...

ကောင်းတယ်ဗျိုး...။ရီလိုက်ရတာ...။

JUSTICE999BURMA said...

မီးဘယ်ချိန်ပြန်ပျက်မည် ဆိုသည်ကိုတော့ ..... အင်း..... “ဘယ်သူပြောနိုင်မှာလဲ” စိုင်းထီးဆိုင်ပဲပေါ့လေ...

သော်ဇင်စိုး said...

တော်တော်ဆိုးတဲ့ညပဲ ကိုမြစ်ရေ.. 'မီးဘယ်အချိန် ပြန်ပျက်မည် ဆိုသည်ကိုတော့ ကျွန်တော် တကယ်ကိုမသိနိုင်ပါလို့ဆိုသွားတယ်နော်..'
တစ်ခုကိုပြောချင်နေတာထင်တယ်.. ရင်ထဲကတော့ ကြားမိသလိုပဲ.. တိုးတိုးလေး..

Mg Mg Zaw Htet said...

ဆရာမြစ်ရေ
ရယ်စရာလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါ။
မြန်မာပြည်မှာ ညဆယ်နာရီက စပြီး ညလုံးပေါက် မီးလာတယ် ဆိုတော့ ဘယ်နှ ခုနှစ်ကလဲဟင်။ ၂၀၅၀ လောက်မှ ဖြစ်မယ့် အခြေအနေကို ရေးထားတာလား ခင်ဗျာ:P ။
ခင်မင်စွာဖြင့်
mmzh

ရွှေရတုမှတ်တမ်း said...

အဟီး..ရီရတယ်...
နားထောင်ချင်လို့ထောင်နေပြီး စက်ကို အပြစ်တင်မနေနဲ့လေ

ချစ်ကြည်အေး said...

မောင်မြစ်ပိုင်...ဖြစ်ရလေ...ဒါမျိုး ဖြစ်တတ်တာပေါ့၊ အနတ္တလို့သာမှတ်၊ မီးဆိုတာက သူ့သဘောနဲ့သူ လာချင်လာ ပျက်ချင်ပျက်...ကိုယ့်သဘောအတိုင်း မဖြစ်ဘူး မဟုတ်လား ဟိဟိ.....:)

နှင်းနဲ့မာယာ said...

ကိုမြစ်
ဖြစ်ရလေတယ်...
မီးမြန်မြန်ပြန်ပျက်ပါစေ....
တိတ်တိတ်လေးဆုတောင်းပေးသွားတယ်....
မြန်မာပြည်က လူတွေမကြားခင်..


နှင်း

လသာည said...

မီးကလည်း ခက်လိုက်တာနော်။

ဖတ်ပြီး သဘောကျလိုက်တာ။ ကိုယ်သာ အဲလိုဖြစ်ရင် ဘယ်လိုနေမလဲလို့လည်း တွေးမိတယ်။

ညီမလေး said...

မီးမြန်မြန်ပျက်ပါစေလို့ ကူပြီး ဆုတောင်းပေးလိုက်ပါတယ် ။

နှင်းဆီသံစဉ် said...

ဒါလေးများ ကိုယ့်ကို ခေါ်လိုက်ပြီးရော ကွာ.....အပြေးလေးလာပြီး မိန်းချပေးလိုက်မှာပေါ့ ။

ဒါမှ မဟုတ်လဲ ၀ရံတာထွက်ပြီး လရောင်တမ်းချင်းအတူတူ ရွတ်ဆိုပေးမှာပေါ့ ။ (ခိ ခိ ခိ)

ငွေလမင်း said...

တကယ်ပါဘဲ ဖတ်ရင်းကို တော်တော် လေး ရီမိပါတယ်
သိပ်အရေးကောင်းတယ် 'အိပ်ရ်ျမပျော်သော ညတည သံသရာလည် ' ပေါ့

Khinmarlaraung said...

ရသတွေ စုံလွန်းတယ် အစ်ကို မြစ်ကျိုးအင်းးးးရေ။
ဟာသနှောထားသလို၊ အသိနဲ့ သတိ မကွာ ရှိနေပြန်တဲ့
စိတ်၊ သီးခံခြင်းတွေ နဲ့ အတူ ပြီးအောင်ကြည့်ခဲ့သေးတဲ့
ဇာတ်ကားလေးပေါ့လေ။ :)
ဒါနဲ့ ခု....အိမ်တော်ပြန်ခရီးမှာလား...:)
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်.:)

sosegado said...

လက်မဲကြီးကို အရမ်းကြောက်တဲ့ တူလေးတစ်ယောက်ရှိတယ်၊ တီဗီရှေ့လာရှုပ်နေရင် လက်မဲကြီးဖွင့်လိုက်မှာဆိုပြေးရော်၊
ဟိုဘက်ခန်းက ခိုင်သင်းကြည်က သနားပါတယ် တညလုံး ဖျော်ဖြေနေရလို့၊

ရဲထွန်းဇော် said...

လာဖတ်သွားတယ်နော် သယ်ရင်း...
မီးပြတ်စေချင်ရင်ဓါတ်တိုင်ကိုသွားပြီးတုတ်နဲ့ထိုးလိုက်တာမဟုတ်ဘူး...ဓါတ်တိုင်ထိမသွားချင်ရင်အိမ်ရှေ့ကဓါတ်ကြိုးကိုဓါးနဲ့ခုတ်လိုက်ပေါ့...ဘယ်အချိန်လောက်ကျမှအိပ်ပျော်သွားလဲ?

မိုးခေတ် said...

ရေးထားတာ အရမ်းကောင်းတယ်အစ်ကိုရေ...သဘောကျတဲ့နေရာလေးတွေ တော်တော်များများပဲ.. လက်မဲကြီး ဆိုတဲ့နေရာမှာ အသံထွက်ပြီးတောင် ရယ်မိတယ်ဗျ..:D..နိုင်ငံရေးဦးတည်ချက်တွေ လာနေကတည်းက လူမရှိမှန်း သိသင့်တယ်...ဘယ်သူမှမကြည့်ဘူးလေ..အဲ့နားကတော့...:P

ဆလူး said...

ခစ်ခစ် သနားလိုက်ထျာာ ဗျာ ဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အဲဒီ ကားနံမည် ဘာတုံးဗျ ခိုင်သင်းကြည်ကား မကြည့်တာ ကြာပေါ့

moe nge said...

ရီလိုက်ရတာ သူမို့တွေးပဲတွေးတက်တယ်

ကိုအောင်(ပျူနိုင်ငံ) said...

ဖေဖ်ါဝါရီလ ၃၀ နေ့ကစပြီး လျှပ်စစ်မီး မှန်မှန်
လာတော့မှာပါ။

မြစ်ကျိုးအင်း said...

>>ဆလူး >>>
စိတ်ကူးနဲ့ ရိုက်လိုက်တဲ့ ကားပေါ့။
အပြင်မှာ တကယ်မရှိဘူး။ ရှာနေမှာ စိုးလို့။

ကိုဇော် said...

မိုးတွေ ပြန်ရွာနေပြီတဲ့ ...
ဒီတော့ ရေအား လျှပ်စစ်က အလွန်ကောင်းနေတယ် ဆိုပဲ။ ကဲပါ အိပ်မနေပါနဲ့တော့ကွာ။ ထပြီး ရပ်ကွက်သာ ပတ်ပြေးလိုက်။ မောသွားရင် အိပ်ပျော်သွားလိမ့်မယ်။ အဲ မီးတော့ လာနေပစေပေါ့။ နို့မို့ မှောင်နဲ့ မည်းမည်းမှာ . . .

အိပ်မက်ရှင် said...

ရယ်ရတယ်အကိုမြစ်၊ ဒါပေမယ့် တွေးစရာတွေ ပိုရလိုက်လို့  ပိုစ့်လေးကို သိပ်သဘောကျနေမိပါတယ်၊ ကိုယ်အတောင်းတ အလိုချင်ဆုံးအရာကို အခြေအနေတစ်ရပ်ကြောင့် မလိုချင်တော့တာလေးကို ဖွဲ့ ထားတာလေး တအားလှတယ်၊ သဘောကျနှစ်သက်မိပါကြောင်း...။

ခင်မင်လေးစားစွာဖြင့်

chindwinthu said...

ဖတ်ရင်းနဲ့ဘဲ မျက်လုံးထဲမှာ မြင်ယောင်လာတယ်။ အဲဒီနေရာမှာ ကိုယ်ဆို ဘယ်လိုနေမလဲတွေးမိတယ်။ တခါတရံမှာ အလိုချင်ဆုံးတွေက မလိုချင်ဆုံးတွေ ဖြစ်လာတတ်တယ်နော်။

ဂျစ်တူး ( မုံရွာ ) said...

ဇတ်ဆရာရေ---
မင်္ဂလာပါခင်ဗျာ-
ကျန်းခန့်သာလို့မာရဲ့ နော်-
တရားမှတ်ကြည့်ပေါ့  နောက်တစ်ခါအဲလိုဖြစ်လာခဲ့ရင်-
ဇတ်ဆရာကိုင်လိုက်ရင်တကယ်အသက်ဝင်တယ်ဗျာ-
အဟုတ်-

အုပ်ကြီး said...

သြော် ..စိတ်ကူးနဲ့ ရိုက်ထားတဲ့ကားကိုးဗျ ..
ဒါပေမယ့် ကျွန်တော်လည်းကြားနေရတယ်...

"..လက်မည်းကြီး ..လက်မည်းကြီး ......

ဆြာမ သမီးဗိုက်ထဲကအောင့်အောင့်နေတယ် ...."

မောင်မိုး said...

အမလေး လက်မဲကြီးလက်မဲကြီး
ဒီနေ့မင်းကိုငါသတ်ရလိမ့်မယ်
ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ

အဟီးးးကျနော်ပျင်းရင် အော်နေကြဟာလေး..။။ လက်မဲကြီး လက်မဲကြီးလို့တော့မအော်ဘူး။။ လမဲကြီးလမဲကြီး လို့အော်တာ။ (လူမဲကြီး)ဟုဖတ်ပါရန်။

သဒ္ဓါလှိုင်း said...

မီးမြန်မြန်ပျက်ပါစေလို့တွေ့တော့ လန့်သွားတယ်။
တချို့တွေမကြားမိစေနဲ့အုံးနော်ကိုမြစ်...
ခင်မင်စွာ
သဒ္ဓါ

kiki said...

လာရင်လာတယ် စိတ်မှာမှတ် ...
ပျက်ရင် ပျက်တယ် စိတ်မှာမှတ်....ဆရာမြစ် ရေ ...

ဒီလို နဲ့ မိုးလင်းခဲ့ရတဲ့ညတွေ အတော်များနေရောပေါ့ နော။း)) ရည်းစားလွမ်းနေတာ တကယ် လား ဗျိုးးးး

ခုတော့ ရွှေပြည်ကြီးမှာ မီးးးးးးး လာတော့ လာသည် ။။ မီးအားတွေ ကျ နေလို့ .. ဘာမှတော့ သုံး မရ ။ မီးးးးး တွေ မှန်မှန်ပေးတော့မည် လို့ ပြောထား တာလည်း ကြာပါရော့လား ။ သူတို့ ဂတိ အတိုင်း ပေးတော့ ပေးပါသည်၊ ဗို့ အား က ၈၀ ပဲ ရှိလို့  ပိုးစုန်းကြူးတောင် ငိုချင်သွားသည် ။

ပုံ
ခိုင်သင်းကိ...
( မတွေ့တာကြာလို့ စ, သွားသည် )

YoungGun said...

ရယ်ရမလို ငိုရမလိုနဲ့ နောက်ဆုံးတော့ တခွီးခွီး မြည်အောင်ကို ရယ်ချလိုက်ပါတယ်။ ..

may16 said...

ဟား ဟား ဒုက္ခပဲ နော် ကိုမြစ် စိတ်ညစ်စရာကြီး .

PhyoPhyo said...

အင်မတန်အရေးကောင်းတဲ့ သူပါလား

မိုးယံ said...

အဲဒီအချိန် သမထ မလုပ်နဲ့ ၀ိပဿနာလုပ် ကြားရင် ကြားတယ်မှတ် ... ဂွီ


ဦးမြစ်ကြီး ဒွတ်ခရောက်တာ ကောင်းတယ်. .. ဒါမှ အသစ်ဖတ်ရတယ်... နို့မို့ဆို အသစ် တင်ဖို့ကြာတယ်

မီးလာအောင် တောင့်တပြီး လာတော့လည်း စိတ်ညစ်တယ်တဲ့... ဦးမြစ်အလို နတ်မလိုက်နိုင်...ဂွီ

Bravo said...

း)
ကျနော်လည်း အခွေ ထဲမှာတဲ့ ပညာပေးတွေရော
ကြော်ငြာတွေရော အကုန်ကျော်ပစ်တယ်ဗျ

မီးအကြောင်းတော့မပြောနဲ့
ဟိုတလောက FB ထဲမှာ
“အမြင့်ဆုံးတက် အချစ်ဆုံးကို ဖက်ပြီး
အားရပါးရ အော်လိုက်မယ် မီးလာပြီ မီးလာပြီ မီးလာပြီ”
ဆိုလားပဲဗျာ
သယ်သူရေးလိုက်သလဲတော့ မသိဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

အပြင်မှာ တကယ်ဆို မီးက မနက်ထိတောင် လာမယ် မထင်ပါဘူးကွာ...
ခုတော့ ၀တ္ထုထဲမှာမို့ စာရေးသူက တစ်ညလုံး မီးလာခိုင်းထားတာ.. မယုံရင် ရန်ကုန်ကလူတွေမေးကြည့် တစ်ညလုံး မီးလာရဲ့လားလို့း) ၄နာရီ ၅နာရီ ဆက်တိုက်လာရင်ဘဲ ကံကောင်း... နောက်ဆိုရင် လျှပ်စစ်မီးဆိုတာ ချိုနဲ့လားလို့မေးရမယ်.. မရှိတော့ဘူး ရောင်းစားလို့ကုန်ပြီလေး)
လူတွေရဲ့ စိတ်သဘောကို ရေးထားပုံကတော့ ပီပြင်တယ်ကွာ.. မလိုတစ်မျိုး လိုတစ်မျိုးလို့ ပြောရမယ်... ခုတော့လည်း မီးလာစေချင်တာ သူမဟုတ်သလိုနဲ့ ..
မီးမလာတုန်းကတော့ လာစေချင်လိုက်တာ မီးလဲလာရော နားပူပြန်တော့ မီးပျက်စေချင်ပြန်ပြီ..
ဖြစ်တတ်တဲ့ လူတွေရဲ့ စိတ်သဘောလေးကို ထင်ဟပ်စေတယ်.. ကောင်းလေစွ ဆရာမြစ်..

သိင်္ဂါကျော် said...

ဖတ်ရတာတောင် စိတ်ညစ်သွားတယ်
ရယ်လည်း ရယ်ရတယ်..
အဲလို မြန်မာဇာတ်လမ်းကို အသံကျယ်ကျယ် ကြားနေရရင် စိတ်ကုန်စရာ တော်တော်ကောင်းတယ်...

~ဏီလင်းညို~ said...

ကိုယ်ဆို....အခုဒီကအိမ်က အခန်းထဲမှာ စာရေးတုန်း သူတို့ရုပ်ရှင်တွေအပြင်မှာကြည့်နေချိန်ဆို.......နားကို...နားကျပ်နဲ့ အုပ်ထားတယ်......ဟိဟိ။
မြန်မာကားတွေ မကြိုက်လို့ရယ်မဟုတ်ဘူး....။ မကြည့်ဖြစ်တာလေ....။ အဲ့ဒီတော့ နားထဲအသံတွေ ၀င်မလာတော့ဘူးပေါ့........ပိုင်တယ်နော်.......း))
ဘိုင်ဒယ်ဝေးးးးးးဝတ္တုလေးဖတ်ကောင်းတယ်သယ်ရင်း....။ ခေတ်ကိုထင်ဟပ်စေပါသည်။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

Anonymous said...

သနားစရာ ပါလား ဒါက မီးပျက် ရာက လာတဲ့ မီးမပျက်တဲ့ ဒုက္ခ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချမ်းလင်းနေ said...

ဖတ်ရင်းနဲ့ပဲ ကိုယ်ဘာသာကိုယ်တောင် မြန်မာကားထဲက ဟိုဟာဒီဟာ အတိုအစ ကြော်ငြာတွေ ပြန်သတိရသွားတယ်။ မြန်မာကားဆို ဒီလိုအတိုအထွာနေရာတွေဆို အမြဲကျော်ကြည့်နေကြဖြစ်နေလို့ မေ့တေ့တေ့ရယ်။ ကိုမြစ်ကျိုးအင်း စာဖတ်တော့မှပဲ အင်း မြန်မာကားတွေထဲ သူတို့လဲ မပါမဖြစ်တွေကိုး။ ကောင်းလိုက်တဲ့ပိုစ်ပဲ။ လူတိုင်းသိပြီး မတွေးမိတဲ့
ခေတ်သရော်စာပဲဗျာ။

လင်းစင်ယော် said...

ကိုပိုင်ရေ......
မိုးလင်းထိ ဇာတ်ကားကြည့်သွားပါတယ်
အတော်လေး အိပ်ရေးပျက်သွားတယ်နော်...:P

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာမြစ်တို့က ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးတတ်တယ်။ တွေးလဲ တွေးတတ်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေက နေရာအတော်များများမှာ ရှိနေပေမဲ့ အခုလို ရေရေလည်လည်တင်ပြဖို့ကျတော့ သိပ်မလွယ်လှဘူးလေ။ ဒါကြောင့် ဒါကြောင့် ဆရာမြစ်ဆိုပြီး နာမည်တစ်လုံးရနေတာကိုး။

ဖတ်ရင်းနဲ့ ရယ်ချင်သလိုဖြစ်မိပေမဲ့ ဇာတ်ကောင်နေရာမှာ ကိုယ်တိုင် ခံစားကြည့်လိုက်တဲ့အခါ တကယ်ကို စိတ်ညစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လဲ very sensative ဖြစ်နေလို့ပါဘဲ။ ဘယ်လောက်အထိ ဖြစ်လဲဆိုတော့ အိပ်ပျော်နေရင်း ကိုယ့်အသက်ရှူသံကိုယ် ပြန်လန့်နိုးတဲ့ အကြိမ်မနည်းတော့ဘူး။ ဒါတောင် အိပ်ဟောက်တတ်တဲ့ အကျင့်မရှိလို့။ ဒါကြောင့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျောက်မှာ အိပ်ရေးဝတဲ့ ည များများစားစားမရှိခဲ့ဘူး။ အခုလို ဇာတ်အိမ်ထဲမှာ ကျနော်သာ ပါဝင်ခဲ့ရင် အခုဇာတ်ကောင်ထက် အဆထောင်ပေါင်းများစွာ စိတ်ညစ်လောက်တယ်။ မီးပျက်ပါစေ၊ မီးပျက်ပါစေ ဆိုပြီး ဆုတောင်းနေမှာလဲ သေချာတယ်။ ဒါမှ မဟုတ် အဲဒီအိမ်ကို သွယ်ထားတဲ့ လျပ်စစ်ကြိုးကို စိတ်ပေါက်ပေါက်နဲ့ သွားဖြတ်ပစ်မိမလားဘဲ။ ပြီးမှ အကျိုးအကြောင်းပြောပြ တောင်းပန်ရုံဘဲပေါ့။

ပျော်ရွှင်ပါစေဆရာမြစ်ရေ.. မရောက်တာလဲ အတော်လေးကြာသွားပြီ။ လက်ကျန်နှစ်ပုဒ်ကိုလဲ ဖတ်ဖြစ်အောင် လာဖတ်ပါဦးမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

tonelay said...

ကောင်းလိုက်တာ

လင်းမြကြည်ဖြူ said...

ဒီလိုစိတ်ဒုက္ခမျိုး ခံစားဖူးတယ်
ညအိပ်ချိန်မှာ တစ်ဖက်အိမ်က သီချင်းတွေအကျယ်ကြီးဖွင့်တာတို့ တီဗီအကျယ်ကြီးဖွင့်တာတို့လေ..
ဟုတ်ပ အဲဒီချိန်များ မီးမြန်မြန်ပျက်စေချင်မိတော့တယ်..
ကျေပူတာခံနိုင်တယ် နားပူတာ မခံနိုင်ဘူးဆိုတာ တယ်လဲမှန်သကိုး..
ခိုင်သင်းကြည်အသံဆိုတော့ တော်သေးတယ်ပြောရမယ်.. ငိုချင်းရှည်ချတဲ့ဇာတ်ကားများသာဆို သွားပြီး)

ုမြတ်မွန် said...

ုဖြစ်ရလေ..
ဒါမျိုးတွေလဲ ဖြစ်တတ်တာပဲ..ဝရန်တာ ထွက်အိပ် ပြီးရော ဦးမြစ်ကလည်း..။
ပန်ကာလဲ မလို
အအိုက်လဲ သက်သာ..လေ..။

ကြံကြံဖန်ဖန်စဉ်းစားတက်ပါ၏လေ..။

အနော် said...

မီးပြန်လာပီဆိုတာနဲ့ အိမ်တိုင်း အိမ်တိုင်း
နိုင်ငံရေးဦးတည်ချက် ၄ ရပ်ဆိုပီး
နိုင်ငံရေး နိုင်ငံရေးတွေ တနေတာ သံကုန်ပဲ ဟိဟိ...
မြန်မာကားတွေကလဲ အရုပ်ရော အသံရောပေါင်းပီး တီဗီရှေ့ထိုင်ကြည့်နေရင်သာ အသံက နည်းနည်းဆူတယ် ထင်ရတာ..အရုပ်မမြင်ရဘဲ အသံချည်းသာကြားရလို့ကတော့ ဟိုဒင်း ကျားဝင်ကိုက်နေသလိုကို အော်နေဟစ်နေလိုက်ကြတာဆိုတာများ.. ကိုယ်ချင်းစာသဗျာ ငါ့အကို... :)))))

ရွေသွေး said...

ကိုမြစ်က စိတ်ကူယဉ်ရုပ်ရှင်ရိုက်တာတောင် ဦတည်ချက်၃ရပ်နဲ လက်မဲကြီးကပါသေးတယ် :P

ခရမ်းပြာကျူးလစ် said...

ဟာ့ ဟာ့ ဟား အရမ်းသဘောကျတာပဲ..
ဒို့ အကိုကြီးမို့ ကြံကြံ ဖန်ဖန် တွေးတတ် ရေးတတ် ပါပေတယ်...
အော်....ရေးတတ်တဲ့ သူများကြတော့လည် ဒီလို အကြောင်းအရာလေးကိုတောင် စိတ်ဝင်စားအောင် စွဲဆောင်မှု ရှိအောင်ရေးနိုင်တယ်နော်...
အရမ်း လေးစားအားကျပါတယ် ....

ခရမ်းပြာကျူးလစ် said...

ဟာ့ ဟာ့ ဟား အရမ်းသဘောကျတာပဲ..
ဒို့ အကိုကြီးမို့ ကြံကြံ ဖန်ဖန် တွေးတတ် ရေးတတ် ပါပေတယ်...
အော်....ရေးတတ်တဲ့ သူများကြတော့လည် ဒီလို အကြောင်းအရာလေးကိုတောင် စိတ်ဝင်စားအောင် စွဲဆောင်မှု ရှိအောင်ရေးနိုင်တယ်နော်...
အရမ်း လေးစားအားကျပါတယ် ....

အရိုင်းပန်း said...

ရီလည်း ရီ ရ တယ် ..စိတ်ဝင်စားစရာ လည်းကောင်းတယ် ...ဆရာမျှစ် တို. လက်ရည် က တော့ ...ဘယ်တော့မှ ကျမသွားတာတော့ အမှန်ပဲ ...ညီမ အရှုပ်တွေ လုပ်နေလို. မရောက်ဖြစ်တာ ကြာပြီ အကို ရေ...နောက်ကျ ပေမဲ့ ဖတ်လိုက် ရ လို...ကျေနပ်ပါတယ်..=)

ဖိုးကြယ် said...

ဟဟဟ အစိုးမရတဲ့အထဲမှာ မီးဆိုတာထိပ်ဆုံးကပါပဲ.. ကဲကဲ ကိုမြစ်ရေ...အိပ်မနေနဲ့တော့ လာဒေါင်ဆိုင်သွားပြီး လေကန်ကြရအောင် :)

ခင်တဲ့(ဖိုးကြယ်)

အဖြူရောင်နတ်သမီး said...

ဖတ်ပြီးတာ ကြာပေါ့..
အခုမှ လာမန့်ဖြစ်တယ်..။
လျှောက်လည်နေလို့...ဟိ

အမှန်တွေသိပ်မရေးနဲ့...
ဟိုမှာ မျက်စောင်းတွေထိုးနေကြပြီ...
:P

lwin said...

လူတွေရဲ့ သဘောကို
တွေးပြီခေတ်နဲ့အညီ
သရော်စာလေးရေးထားတာ ကောင်းလိုက်တာ..။
လူသဘောကတော့ ဒီလိုပါဘဲ ရတာမလို လိုတာမရတဲ့ နောက်တခါ ကိုယ်တိုင်ကြုံရင် တရားဘဲ မှတ်လိုက်ပေါ့ ဖြစ်ပျက် ဖြစ်ပျက်လို့လေ...။
ကဲကဲ...နောက်ဆုံးမန့်တယ်ထင်တာဘဲ အသစ်တင်တော့...။
ခင်တဲ့

ယွန်း said...

ဦးမြစ်ရေ..ဖတ်ပြီးရီလိုက်ရတာ ...
မီးကလည်း အဲဒိနေ့ ကျမှ မပျက်ဘူးဆိုတော့ ..
တစ်ညလုံးတော်တော် အိပ်ရေးပျက်လိုက်မှာပေါ့နော်..

ခင်တဲ့
တူမကြီးးး :))) :D

ညယံ said...

ဟုတ်တယ်။ဇာတ်လမ်းတို့ သီချင်းခွေတို့ မှာ လက်မဲကြီး၊လက်မဲကြီးနဲ့ အော်တာလောက် စိတ်ပျက်တာမရှိ။
စကားမစပ်~~လင့်လေးချိတ်ခွင့်ပြုအုန်းနော် ...

May everybody be happy and healthy! said...

အင်းဖြစ်လဲဖြစ်တက်၊ ကြုံလဲကြုံတက်တဲ့
အဖြစ်အပျက်လေးပဲနော်...မီးပျက်ဖို့ဆုတောင်းမိတဲ့
ညလေးပေါ့နော်...

Anonymous said...

မြစ်ကျိုးအင်းတဲ့ နံမည်းလေးရွေးထာတာလှပ၏ .. တိတ်တိတ်လေးဖတ်ပီးနေမလို့ပဲ့ ဒီ ပို့စ် လေးကိုဖတ်ပီး မန့်ချင်စိတ်ပေါက်မိတယ်....
blogger မဟုတ်ပါ... ဘလော့များကို စွဲစွဲမြဲမြဲ အသဲအမဲ လိုက်ဖတ်နေသူတယောက်ပါ...
လိုအပ်ချိန်မှာ မရပဲ မလိုအပ်ချိန်မှာ လာပီး အကျိုးမရှိတာမျိုးတွေပေါ့.... ဘယ်သူ့ကို အပြစ်တင်ရမှန်းလည်းမသိ ဖြစ်ရပြန်တယ်... ကိုယ်ကိုတိုင်ခံစားပီး အိပ်မပျော် ခေါင်းကိုက်ဝေဒနာ ကို ခံစားသွားပါကြောင်း......
မချိုမာ

 

Posts Comments

©2006-2010 ·TNB