စာပေချစ်သူ

06 May 2011


ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ဆိုင်၏တည်နေရာက လူစည်ကားရာ၊ တက္ကသိုလ်တွေ၏ အနီးအနားက လမ်းသွယ်လေးထဲမှာ ဖြစ်သည်။ ထိုဆိုင်က စာအုပ်အသစ်တွေ ရောင်းခြင်းမဟုတ်။ စာအုပ်အဟောင်းများကိုသာ ပြန်ရောင်းခြင်းဖြစ်သည်။ အသုံးပြုပြီးစာအုပ်များဖြစ်လို့ ဈေးနှုန်းလည်း သက်သာသည်။ စာအုပ်အဟောင်းရောင်းသည့် ဆိုင်များမှာ နိင်ငံတကာတွင် ရှိပါသည်။ ထို့ကြောင့် ယခုဖော်ပြချင်သည့် ဆိုင်ကလေးအကြောင်းက ထူးဆန်းသည်ဟု မဆိုသာ။ သို့သော် ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်း နှင့် ယုံကြည်ချက်ကတော့ ထူးခြားလှပါသည်။


ဆိုင်ဖွင့်ထားသော်လည်း ဆိုင်ရှင်မရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်ထဲတွင် စာအုပ်စင်ပေါင်းများစွာ ၊ စာအုပ်ပေါင်း ထောင်ချီကာ ရှိနေသည်။ သို့သော် ဆိုင်ရှင်က မရှိပါ။ ဆိုင်ရှင်အစား ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားသည်။ ဆိုင်းဘုတ်တွင် ရေးထားသည်က

“ဆိုင်ရှင် ဆိုင်တွင်မရှိပါ။
ကျသင့်ငွေကို မိမိဘာသာ တွက်ချက်ပြီး ရှင်းပါ။

ဒီဆိုင်လေးကို ကိုယ့်အိမ်လို သဘောထားပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက် စကားပြောနိုင်ပါတယ်။ သူငယ်ချင်း အချင်းချင်း ချိန်ဆိုရာမှာလည်း ဒီဆိုင်လေးမှာ ချိန်းဆိုနိုင်ပါတယ်။ တစ်ယောက်တည်းပျင်းတဲ့အခါမှာလည်း ဒီဆိုင်လေးမှာ လာရောက် စာအုပ်ဖတ်ရင်း အပျင်းဖြေနိုင်ပါတယ်။ အထူးသတိပြုရမှာတော့ စာအုပ်ဝယ်ပြီး ဆိုင်ထဲက ထွက်သွားမယ်ဆိုရင် ပိုက်ဆံရှင်းဖို့ မမေ့ပါနဲ့။ ဒါဟာ ဒီဆိုင်လေးကို ကူညီပေးတဲ့ အဓိက အချက်ပါ။”

ထိုဆိုင်းဘုတ်လေး နံဘေးတွင် အိုးတစ်လုံးချထားပေးသည်။ ထိုအိုးထဲတွင် ပိုက်ဆံများရှိနေသည်။ စာအုပ်ရောင်းရသည့် ငွေများဖြစ်သည်။ ထိုအိုးလေး ဘေးမှာတော့ စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း ထားပေးသည်။ စာအုပ်ဝယ်သူတွေက သူတို့ ဘယ်စာအုပ်ဝယ်သွားပါတယ်။ ကျသင့်ငွေ ဘယ်လောက်ထားခဲ့ပါတယ် ဆိုပြီး ထိုစာအုပ်လေးထဲတွင် ရေးထားခဲ့ကြသည်။ ဆိုင်ရှင်မရှိသည့်ဆိုင်ထဲက ငွေသိမ်းသည့် အိုးလေးထဲတွင် စာအုပ်ရောင်းရငွေများ ရှိနေသည်မှာ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တာ သေချာသည်။ ဆိုင်ရှင်မရှိသလို လုံခြုံရေး ကင်မရာများ တပ်ထားခြင်းပင် မရှိ။ အံ့သြဖွယ်ရာပင်။


ထို့ပြင် ဆိုင်ရှင်အတွက် စာအုပ်ဝယ်သူများမှ စာလေးတွေရေးခဲ့ကာ ဆိုင်နံရံတွင် ကပ်ထားခဲ့သည်။ စာလေးတွေက အကြောင်းအရာ စုံလင်သည်။ လိုချင်သည့် စာအုပ်နာမည်တွေ ရေးထားခဲ့ကြသည်။ အများဆုံး ရေးထားခဲ့ကြသည်က ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်းကို လေးစားကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကိုယ့်အိမ်မှာလို စောင့်ကြည့်သူမရှိဘဲ ရွေးချယ် ဖတ်ရှု ဝယ်ယူရလို့ စိတ်ချမ်းသာကြောင်း စသည်ဖြင့် ဆိုင်ရှင်ကို ချီးကျူးထားသည့် စာရွက်ပေါင်းများစွာက ဆိုင်နံရံတွင် အများအပြား ရှိနေသည်။


တစ်ရက်တွင်တော့ ထိုဆိုင်ထဲသို့ ထိုင်ဝမ်နိင်ငံသားဘလော့ဂ်ရေးသူ တစ်ဦး ဝင်လာသည်။ သပ်ရပ်စွာ စီထားသော စာအုပ်များ၊ ဆိုင်အဝင်ဝ ဆိုင်းဘုတ်နှင့် ငွေထည့်သည့် အိုးလေးကို မြင်သွားသောအခါ ပါလာသည့် ဗီဒီယိုကင်မရာဖြင့် ဆိုင်အနှံ့လျှောက်ရိုက်ကာ မှတ်တမ်းတင်သည်။ ထို့နောက် သူ့ဘလော့ဂ်တွင်ထိုဗီဒီယိုဖိုင်ကို ညအိပ်ခါနီး တင်ပြီး အိပ်လိုက်သည်။ မနက်မိုးလင်းတော့ သူ့ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုဗီဒီယိုဖိုင်ကို တစ်ညအတွင်းတွင် လူပေါင်း သုံးသောင်းကျော် ကြည့်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

ထိုဖိုင်ကို စာဖတ်သူများက အချင်းချင်း မျှဝေကြသည်။ ဗီဒီယိုဖိုင်ကို ပြန်ကူးကာ မိမိတို့ဘလော့ဂ်များတွင် တင်ပေးကြသည်။ ထိုသို့ လူသိများသွားသည်ကို စာအုပ်ဆိုင်ရှင်က မသိသေး။ နောက်တစ်ရက် မနက်ခင်း ဆိုင်လာဖွင့်သည့်အခါ သူ့ဆိုင်ရှေ့တွင် လူအများအပြား စောင့်ဆိုင်းနေသည်ကို တွေ့ရတော့ အံ့သြသွားမိသည်။ ထူးဆန်းသည်ဟု ထင်ရုံမှလွဲ၍ မည်သည့်အတွက်ကြောင့် လူတွေများနေသည်ကို သူ မသိခဲ့ပါ။ ထိုနေ့ နေ့လည်ခင်းတွင်တော့ သတင်းဌာနများမှ ဆိုင်ရှင်ကို ဆက်သွယ်ကာ အင်တာဗျူးကြသည်။ ထိုင်ဝမ်ရုပ်သံမှ သတင်းလိုင်းတိုင်းတွင် သူ့ဆိုင်အကြောင်း ပါလာခဲ့သည်။ သူ့ကို အင်တာဗျူးသည့်အခါ ထိုစာအုပ်ဆိုင်လေး ဖြစ်ပေါ်လာပုံကို ပြောပြသည်။

ထိုဆိုင်လေးဖွင့်ဖို့က သူ၏ အိမ်မက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။ ထိုအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘဏ်မှ ငွေသုံးသိန်းချေးငှားခဲ့သည်။ လစဉ်အကြွေး ပြန်ဆပ်နေသည်မှာ ဆိုင်သက်တမ်းနှင့်အတူ တစ်နှစ်ကျော်ကြာနေခဲ့လေပြီ။ မြို့လယ်ဆိုတော့ ဆိုင်ငှားခက ဈေးကြီးလှသည်။ ဆိုင်အကူလည်း မငှားနိင်ခဲ့။ ဆိုင်အတွင်းပိုင်း စာအုပ်စင်တွေကအစ သူကိုယ်တိုင် ရိုက်သည်။ ပစ္စည်းဟောင်းများဝယ်ပြီး ဆိုင်ကို ပြင်ဆင်သည်။ ထို့နောက် စာအုပ်ဟောင်းများ လိုက်စုကာ သူ့ဆိုင်တွင် တင်သည်။ ဆိုင်ဖွင့်ပြီး နောက်ပိုင်း ပို၍ အလုပ်များခဲ့သည်။ ဆိုင်အတွက် လိုအပ်သည့် စာအုပ်များ ထွက်ဝယ်ရတာကြောင့် ဆိုင်ကို လူမရှိဘဲ ဘေးဆိုင်တွေကိုသာ အပ်ထားခဲ့ရသည်။

ကြာလာတော့ ထိုသို့အပ်ထားခဲ့ရသည်ကို အားနာလာသည်။ ထိုအခါ အထက်ပါ ဆိုင်းဘုတ်လေး ရေးပြီး အိုးတစ်လုံးထားကာ သူထွက်သွားလေ့ရှိသည်တဲ့။ ထိုအင်တာဗျူးကို နားထောင်ရင်း ကျွန်တော် သိချင်လာတာ ရှိသည်။ လုံခြုံရေးကင်မရာလည်း တပ်မထားတော့ စာအုပ်တွေ မပျောက်ဘူးလား၊ ရောင်းရသည့် စာအုပ်နှင့် စာအုပ်ဖိုးငွေတွေ ကိုက်မှ ကိုက်ရဲ့လား။ ကျွန်တော် သိချင်လာသည်။ တော်သေးသည်။ အင်တာဗျူးမေးသူ ကိုယ်တိုင်ကလည်း ထိုမေးခွန်းများကို သိချင်ဟန်တူသည်။ စာအုပ်တွေ မပျောက်ဘူးလား၊ ငွေစာရင်းရော ကိုက်ရဲ့လား.. ဟု မေးလိုက်သည်။

“ ကျနော်က မနက်ဆို ဆိုင်လာဖွင့်ပြီး ညရောက်တော့ ဆိုင်ပိတ်ရင်းနဲ့ စာအုပ်စာရင်းတွေ စစ်လေ့ရှိပါတယ်။ ဒါပေမယ့် လျော့သွားတဲ့စာအုပ်နဲ့ စာအုပ်ဖိုးငွေတွေက အမြဲလိုလို ကိုက်တာပါပဲ။ တခါတလေ တစ်ရာ နှစ်ရာ လိုတာမျိုးရှိပါတယ်။ စာအုပ်ဝယ်သူတွေ ရေးခဲ့တဲ့ စာအုပ်ထဲမှာ ငွေ တစ်ရာ လိုလို့ ချန်ခဲ့တယ် နောက်တစ်ခေါက်မှ ပေါင်းပေးမယ်လို့ ရေးထားခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ငွေက ပိုနေလေ့ရှိပါတယ်။ စာအုပ်ဝယ်သူတွေ ပိုငွေ ပြန်မယူဘဲ ထားခဲ့တာနဲ့ တူပါတယ်။”

ထိုနေရာရောက်တော့ နားထောင်နေရင်း ကျွန်တော် ပီတိဖြစ်သွားရသည်။ ဆိုင်ရှင်၏ အသက်က ၂၇ နှစ်တဲ့။
သူ့အသက်အရွယ်နှင့် စာပေချစ်စိတ်က လေးစားလောက်သည်။ စာပေသမားတွေအပေါ် ထားသည့် စေတနာက မြင်သာသည်။  အသက်ကြီးသော်လည်း လူ့ကျင့်ဝတ်နားမလည်၊ စာပေအကြောင်း တတ်ယောင်ကားများနှင့် ယှဉ်လိုက်လျင် လေးစားဖွယ်ရာဖြစ်နေသည်။ ထို့နောက် အင်တာဗျူးသူက ထပ်မေးသည်။ မေးခွန်းလေးက သိပ်ကောင်းသည်။

“အခုလိုမျိုး ဆိုင်မှာ စောင့်ကြည့်သူ မထားဘဲ စာအုပ်ဆိုင် ဖွင့်ထားရဲတဲ့ ခင်ဗျားရဲ့ယုံကြည်မှုက ဘာလဲ”

ဆိုင်ရှင်က ပြန်ဖြေပါသည်။ ထိုအဖြေကို ကျွန်တော် သိပ်သဘောကျပါသည်။ ထပ်ခါထပ်ခါ ကြားယောင်မိနေတာကြောင့် သည်သတင်းလေးကို အဆင်ပြေဆီလျော်အောင် ပြန်ရေးဖြစ်ခြင်း ဖြစ်ပါသည်။ သူ့အဖြေက

“စာအုပ်တွေ သူခိုးခိုးမှာ မကြောက်ပါဘူး။ စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ” တဲ့။

သူ့ယုံကြည်ချက်မှာ ချွင်းချက်ရှိနိင်သော်လည်း ထိုချွင်းချက်မှာ အနည်းငယ်သော စုန်းပြူးလူတန်းစားများ အတွက်သာ ဖြစ်ပါလိမ့်မည်။ သူထင်သလိုမဟုတ်ဘဲ သူခိုးသူဝှက်တွေနှင့် ကြုံခဲ့လျင် သူဆုံးရှုံးရမည့် အရာမှာ ငွေကြေးတစ်ခုထဲသာ မဟုတ်။ သူ့ယုံကြည်ချက်တွေပါ ခိုးယူခံလိုက်ရသလို ဖြစ်မည်။  သို့သော် စာပေချစ်သူတွေက သူထင်သလို မလိမ်မကောက်ကြကြောင်းကို သူယုံကြည်ခွင့်ရလိုက်တာကို ကျွန်တော် ကြားကနေ ဝမ်းသာနေမိသည်။ လူမျိုးမတူ၊ ဘာသာစကားမတူသော်လည်း ထိုဆိုင်ရှင်၏ စာပေသမားတွေအပေါ် ထားသည့်ချစ်ခင်စိတ်ကို လေးစားမိပါသည်။ ယခုတော့ သူ့စေတနာ အကျိုးပြန်ပေးပြီထင်သည်။ ရုပ်သံသတင်းဌာနများက သူ့ဆိုင်လေးအကြောင်း ထုတ်လွှင့်ပေးနေတာကြောင့် သူ့ဆိုင်ရှေ့လျှောက် ပို၍အောင်မြင်ဖို့ပဲ ရှိတော့သည်။
စေတနာမှန်လျင် ကံအကျိုးပေးကောင်းမည်ဟု ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်ပါသည်။

37 comments:

နေ၀ဿန် said...

အင်း.. ဒီလိုလုပ်နိုင်ဖို့က နိုင်ငံကြီးသားပီသတဲ့ စိတ်ဓါတ်ရှိဖို့တော့လိုတာပေါ့နော်.. မဟုတ်ရင်တော့ ဘာမှကျန်ခဲ့မှာမဟုတ်ဘူး.....း))

မိုးယံ said...

ဝါါါါါါါါါါါါါါါါါါါါါါါါးးးးးးးးးးးးးးးး

သာဓု သာဓု သာဓုပါ ဆိုင်ရှင်လေးရေ

လေးလဲ လေးစားလွန်းလှပါတယ်... စာပေချစ်သူများကိုလည်း လေးစားတယ်....

ချွေပီဂျီးမှာတော့ စာပေချစ်သူမဟုတ်ရင်တောင် အလေအလွင့်တွေက ပိုက်ဆံအိုးလေး လာမ သွားမှာ မြင်ယောင်သေး...။

...အလင်းစက်များ said...

စဖတ်တာနဲ့  ကွန်ပလိန့် များတဲ့ ကျနော်က သူတို့  တိုင်ဝမ်မှာ CCTV တွေ ပေါလွန်းလို့  အီးတောင် ခိုးမပေါက်ရဲဘူးလို့  ပြောဦးမလို့ ပါ။ လုံခြုံရေး ကင်မရာ တတ်မထားဘူး ဆိုတော့ ဆက်စဉ်းစားရင်း ဆက်ဖတ်ရပါတယ်။ ကြက်သီးလဲ ထမိပါတယ်။ မြန်မာပြည်ထဲမှာ အသက်ကြီးပိုင်း အချို့တက်တဲ့ သင်တန်းအနည်းငယ်ရှိပါတယ်။ စဖွင့်ခါစမှာ ပြသနာ မရှိပေမယ့် နောက်ပိုင်းကျ အသက် ၄၀ ကျော်တွေချည်း တက်တဲ့ သင်တန်းမှာ ငွေကြေးပျောက်ရှမှုတွေ ဖြစ်ခဲ့လို့  ဒီလိုစနစ်ကို ပိတ်ပစ်ခဲ့ရပါတယ်။ စိတ်မကောင်းစရာပါ။

တိုင်ဝမ်နိုင်ငံသား ဘလော့ဂါက ကိုမြစ်လား??? :P

သဒ္ဓါလှိုင်း said...

စိတ်ကူးကောင်းလိုက်တာ..။ ဆိုင်ရှင်လေးရဲ့ ယုံကြည်ချက်အတိုင်း အောင်မြင်နိုင်ပါစေ.။

လရိပ်အိမ် said...

ဆိုင်ကဘယ်နားမှာလဲ ၊ ထိုင်ပေထဲမှာဘဲလား? သိချင်လို့။ သွားကြည့်ချင်လို့ပါ။

မြစ်ကျိုးအင်း said...

လရိပ်အိမ်ရေ..လိပ်စာက
台北市羅斯福路三段100號之12(台電大樓四號出口)

服務電話:0968520111

အောက်ကလင့်ထဲမှာ တော်တော် စုံစုံလင်လင် ရှိတယ်။ လိပ်စာရော ဆိုင်အကြောင်းရော

http://blog.sina.com.tw/wps6668/article.php?pbgid=78664&entryid=620935


沒有老闆的二手書店 ဒီလိုရိုက်ရှာရင်လည်း တွေ့မယ်။

IDIOT-Ki said...

အဲ့လို နိုင်ငံကြီးသားပီသတဲ့ စိတ်ဓါတ်မျိုးက ငယ်ငယ်လေးတည်းက ပျိုးထောင်လာမှ အရိုးထဲ စွဲနေတတ်တာ လေ...
ဒါ့ကြောင့် လက်ဦးဆရာတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ် လို့ ထင်ပါတယ်။
ဒီဆိုင်ရှင် လည်း သူ့ စေတနာ သူ့ ကိုအကျိုးပေးတယ် ပြောရ မလားပဲ..( ကိုယ့်တိုင်းပြည် နဲ့ တော့ နှိုင်း မပြောလို တော့ ပါဘူး လေ၊ )
လိပ်စာ အတိုင်း သွားကြည့်လိုက် အုံး မယ်.. အိုးထဲ မှာ ဘယ်လောက်ရှိသလည်းဆိုတာ စပ်စု ကြည့်အုံးမှ ပဲ ..း))

( ဒီနေ့ သတင်းတခုထဲ မှာတော့ ၂၀ တန် မုန့်လေးတခု ကို ခိုးသွားတဲ့ အသက်၇၀ ရွယ် အဖွားကြီးကို ဆိုင်ရှင်က ရဲလက် အပ်လိုက်သတဲ့.. ကြိုက်မရှက် ငတ်မရှက်တွေ လည်း ရှိကြတာပါပဲ.. သူ့ နေရာ နဲ့ သု ပေါ့လေ )

YoungGun said...

လှိုက်လှိုက်လှဲလှဲကို ပီတိဖြစ်ရပါတယ် .. ဒီပို့စ်ကို ဖတ်ခွင့်ရတာကိုလည်း ကျေးဇူးတင်ပါတယ် အစ်ကို။ အများသောက်ဖို့ ရေချမ်းစင်လေး တည်ပေးတာတောင် ခွက်တွေ သံကြိုးနဲ့ ချည်ထားရတဲ့၊ ခွက် ခိုးမရလို့ အိုးကို ရိုက်ခွဲသွားတဲ့ မြန်မာပြည်၊ ရန်ကုန်မြို့တော် ဆင်ခြေဖုံးရပ်ကွက်က တစ်ကယ့် အဖြစ်အပျက်မျိုးနဲ့ ယှဉ်ရင် .. မြန်မာဆိုတာ ဘာလဲလို့ မေးရတော့မလိုပဲဗျာ..

ငြိမ်းအေး said...

ဒီဆိုင်မျိုးရှိတယ်ကြားရတာဝမ်းသာမိတယ်.။ စိတ်နှလုံးကောင်းကြသူတွေရှိတာကိုကြားတဲ့အခါပီတိဖြစ်မိတယ်.။

ခနွဲ said...

လေးစားဖို့ကောင်းလိုက်တာ။ စီးပွားရေးထက် စာပေကို မြတ်နိုးတာ လို့ထင်တယ်။

An Asian Tour Operator said...

"စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ"

မောင်မျိုး said...

လေးစားဖို့ကောင်းလိုက်တာ သူ့အဖြေလေးတွေ သဘောကျဖို့ကောင်းတယ်နော့် ။

ညယံ said...

ဟန်ကျလိုက်တာ..ဆိုင်ရှင်စိတ်ကူး တော်တော်ကောင်းတယ်။ အဲဒီလို ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ စိတ်အေးလက်လေး ရှာနိုင်တဲ့ဆိုင်မျိုးလေး သဘောကျတယ်။

flowerpoem said...

ဆိုင်ရှင်ရဲ့ စိတ်ကူး ကတကယ်ကောင်းပါတယ်
ကျွန်မတို့စာကြည့်တိုက်ကို လည်း ကြိုက်ရာ စာအုပ်ကိုရွေးပြီးမှ ဖတ်/ငှားပြုလုပ်နိုင် အောင် စင်ဖွင့် စနစ်နဲ့ ပြုလုပ်ထားပါတယ် စာဖတ်သူတွေက ကိုယ်ကြိုက်ရာ စာအုပ်ကို မြည်းစမ်းဖတ်ပြီးမှာ ငှားနိုင်တာပါ ဒါပေမယ့် စာအုပ်တွေ မပျောက်ဘူး ဆိုတာတော့မရှိပါဘူး ဒီစနစ်ကို လုပ်ပေးတာ ပြည်သူတွေ အဆင်ပြေဖို့ပါ ပဲ ဒါပေမယ့် မြန်မာတွေရဲ့ စိတ်ဓာတ်က မပျောက်တော့ စာအုပ်တွေက အနည်းနဲ့ အများပျောက်တုန်းပါပဲ . တကယ်စာအုပ်စာပေကို မြတ်နိုးသူတွေက ဒီလိုအလုပ်ကို မလုပ်ပါဘူး နော်
ဆိုင်ရှင်ကို လေးစားပါတယ်..

ညိမ်းနိုင် said...

သိပ်ကို လေးစားစရာကြောင်းတဲ့ တိုင်ဝမ်သားတွေပဲနော်..။
ဆိုင်ရှင်ရဲ့ယုံကြည်မှုကို သူတို့အလွဲသုံးစားမလုပ်ကြဘူး...။
တော်ထှာ....။စာကြည့်တိုက်ကို အဲ့လိုမျိုး လူမထားပဲဖွင့်ချင်တယ်...ညန်မာပြည်မှာ...၊ဒါပေမယ့်...၊
ဒါပေမယ့်ပေါ့လေ....:(((

Anonymous said...

သဘောကျတယ်၊
ကိုယ် စိတ်ကူးယဉ်ထားတဲ့ စာအုပ်ဆိုင်မျိုး
အပြင်မှာ တကယ်ရှိနေတာသိရတော့ ၀မ်းသာမိတယ်၊
ဆိုင်ရှင်ရဲ့ စိတ်ကိုလည်း နှစ်သက်တယ်၊

ရေးပေးတဲ့ (ကို) မြစ်ကျိုးအင်းကိုလည်း ကျေးဇူးတင်ပါတယ်။

အပြုံးပန်း

ရွှေစင်ဦး said...

စာအုပ်တွေ သူခိုးခိုးမှာ မကြောက်ပါဘူး။ စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ”

ကျနော်လည်း အဲလို ဆိုင်လေး ဖွင့်ချင်လိုက်တာ ဒါပေမဲ့ မိုးယံပြောသလို အိုးလေး မသွားလို့ အရင်းပြုတ်နေရင် ဒုက္ခ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆိုင်ရှင်ရဲ့ စိတ်ကူးလေးက လေးစားဖို့ကောင်းသလို
စာအုပ်တွေကို ၀ယ်ယူသွားပြီး ကျသင့်ငွေကို အပြည့်အ၀ပေးခဲ့ကြတဲ့ စာပေချစ်သူများကိုလည်း ချီးကျူးမိပါတယ်။
လူတိုင်းသာ မိမိရဲ့ ကိုယ်ကျင့်တရား၊ သူတစ်ပါးရဲ့ ယုံကြည်မှုတွေကို ခုလိုဘဲ တန်ဖိုးထားကြမယ်ဆိုရင် စာပေလောကတင်မက ကမ္ဘာကြီးတစ်ခုလုံး စိုပြေလှပလို့ နေမှာ အမှန်ပါဘဲ။
သတင်းလေးအတွက် ကျေးဇူးပါ။
လောကမှာ ဒီလိုဆိုင်နဲ့ ဒီလိုလူတွေရှိနေတာ သိရတဲ့အတွက် စိတ်ကြည်နူးချမ်းမြေ့ရပါတယ်။

PhyoPhyo said...

အဲဒီ စာအုပ်ဆိုင်မျိုးလေး ပိုင်ချင်လိုက်တာ၊
အဲဒီ စာအုပ်ဆိုင်မျိုးလည်း သွားဖတ်ချင်တယ်။
သတင်းလေးမျှလိုက်တဲ့ ကိုမြစ် ကျေးဇူးအများကြီး။

အလင်းသစ် said...

စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါ

မိုးခါး said...

ဝမ်းသာဖို့လည်းကောင်း ဖတ်ရတာ စိတ်ချမ်းသာဖို့လည်း ကောင်းလိုက်တာနော် ..း)))

Angelhlaing(May everybody be happy and healthy! said...

ပုံပြင်တစ်ပုဒ် လိုပါပဲ.... အံသြဖို့ကောင်းပါတယ်...
စေတနာမှန်လျင် ကံအကျိုးပေးကောင်းမည်...ဆိုတာ တစ်ကယ်မှန်တာပဲနော်....။ ကျေးဇူးပါ..အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Kyaw Hnin Se Lwin said...

ဆိုင်ရှင်ရဲ့နောက်ဆုံးကွန်မန့်လေးသိပ်သဘောကျတာပဲ ဒါပေမဲ့စာအုပ်ဝယ်သူမဟုတ်သူက လာပြီးစုဘူးလေး ခိုးယူသွားမှာတော့ စိတ်ပူမိတယ် :)))

than said...

စာအုပ်ဆိုင်လေးအကောင်းကိုမ၈္ဂဇင်းထဲမှာ ပြန်လည်ဖေါ်ပြချင်ပါတယ်၊ဘယ်မဂ္ဂဇင်းမှာ ထည့်ထားသလဲ၊ စာမူရှင်က ဘယ်သူလဲ။ ဘယ်လိုဆက်သွယ်ရမလဲ။အကြောင်းပြန်ပေးပါ၊ကောင်းတာ တွေကိုပြန်လည်မျှဝေချင်လို့ပါ

than said...

စာအုပ်ဆိုင်လေးအကောင်းကိုမ၈္ဂဇင်းထဲမှာ ပြန်လည်ဖေါ်ပြချင်ပါတယ်၊ဘယ်မဂ္ဂဇင်းမှာ ထည့်ထားသလဲ၊ စာမူရှင်က ဘယ်သူလဲ။ ဘယ်လိုဆက်သွယ်ရမလဲ။အကြောင်းပြန်ပေးပါ၊ကောင်းတာ တွေကိုပြန်လည်မျှဝေချင်လို့ပါ

internationallookmagazine@gmail.com

Skyblue said...

စိတ်ထားမြင့်မြတ်မှု ဆိုတာ အသက်အရွယ်နဲ့ မဆိုင်သလို ၀ါသနာတူတွေကို ယုံကြည်မှုပေးနိုင်ပြီး မိမိနှစ်သက်ယုံကြည်ရာကို အလေးထားတည်ထောင်နီုင်တာကို လေးစားဂုဏ်ယူမိတယ်ဗျာ .... စာရေးသူကိုလည်းကျေးဇူးပါဗျာ .....

မြစ်ကျိုးအင်း said...

than>>
internationallookmagazine@gmail.com
အပေါ်က မေလ်းကို စာပြန်ထားပေးပါတယ်။

တောက်ပကြယ်စင် said...

စာအုပ်ဆိုင်ရယ်၊ ပြီးတော့ ဆိုင်ရှင်ရယ်၊ ပြီးတော့ လာရောက်ဝယ်ယူအားပေးတဲ့ စာဖတ်ချစ်သူတွေရယ်ပါအားလုံး လေးစားအံ့သြထိုက်ပါတယ်။ မြန်မာပြည်မှာ အဲဒီလိုလေး ဖွင့်ကြည့်လိုက်ရင် ဘယ်လိုနေမလဲ မသိဘူးနော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

မြတ်မွန် said...

မထင်မှတ်ပဲ နံမည်ကြီးသွားတယ်.. ဒီဆိုင်လေးက....
တစ်နေ့လောက်တော့ သွားကြည့်အုံးမှ..။
စာအုပ်စာပေ ချစ်မြတ်နိုးတဲ့ သူတွေ ဆုံဆည်းရာ နေရာလေးတစ်ခုပေါ့..။

sosegado said...

အဲဒါခက်တာပဲ။ ဝယ်ပြီးတန်ဘိုးဘယ်လိုဖြတ်ရမလဲ၊ နည်းသွားရင် များသွားရင် စဉ်းစားရတယ်၊
စကာင်္ပူ လန်ပန်ဆတ်မှာလည်း ကုလားဆိုင်တစ်ဆိုင် တန်သလောက်ပေးသွားပါဆိုတော့ ပလာတာနှစ်ချပ်စားပြီး နှစ်ကျပ်ပေးခဲ့တယ် အဲဒီတုန်းက ကျပ်စေ့ကမပါသွားဘူး၊ ပြန်အမ်းခိုင်းရင်လဲ လူပုံအလည်မှာ၊ ခုတော့အဲဒီဆိုင်ရှိမရှိ မသိတော့ပါဘူး၊

Anonymous said...

စစ ဖတ်တုန်းက....တော်တော်ချမ်းသာတဲ့ စာပေချစ်တဲ့သူ တစ်ယောက်က လာဖွင့်ပေးထားတယ်ထင်နေတာ။ ချီးကျူးဖို့ ကောင်းလိုက်တဲ့ ဆိုင်ရှင်နဲ့ စာဖတ်သူ တွေပဲ။ ဒီလိုမျိုးလေး ဖတ်ရတာ ရိုးသားမှုတွေ အတွက် ၀မ်းသာပီတိ ဖြစ်ရတယ်။ .....မျှဝေပေးလို့လဲ ကျေးဇူးတင်ပါတယ်။

မြစ်ကျိုးအင်း said...

ကိုဆိုဆီ...
ကျွန်တော်ရေးတာ ကျန်သွားတာပါ။ စာအုပ်မှာ ရောင်းဈေးတွေ ရေးထားပါတယ်။ ပိုင်ရှင်မရှိတဲ့ဆိုင်မှာ ရောင်းတဲ့ စာအုပ်တွေမှာ ငွေတန်ဖိုးကပ်ထားတာကို သိမယ်ထင်ပြီး ကျွန်တော် သေချာမရေးလိုက်မိတာပါ။
သေသေချာချာ ထောက်ပြပေးလို့ ကျေးဇူးပါ။

metallica said...

အရိုးရှင်းဆုံး ခမ်းနားမှုကို ကျွန်တော့်သက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပါ။ လေးစားတယ်ဆိုတာထက် အားကျလိုက်တာဗျာ.....။

Phyo Maw said...

အားကျလိုက်တာ တာကိုးရေ =)

ကိုကိုမောင်(ပန်းရနံ့) said...

သူ့စိတ်ကူးလေး ကောင်းတယ်။ များသောအားဖြင့်တော့ ဟုတ်တယ်။ စာပေ ချစ်မြတ်နိုးသူတိုင်းက စရိုက် ကောင်းကြတာ များပါတယ်။ ဒါပေမဲ့ ဒီကြားထဲ တစ်ယောက်ယောက်က ဖောက်သွားရင်တော့ ပိုင်ရှင်လေး သနားစရာဖြစ်မှာ။

ခင်မင်လျက်

နှင်းဟေမာ said...

ဆိုင်ရှင်လေးကို လေးစားအားကျလိုက်တာ ... သူ့လိုစာပေချစ်သူမျိုးတွေ ကမ္ဘာလောကကြီးမှာ ရှိနေသရွေ့ စာပေလောကကြီးကလဲ ထာဝရတင့်တယ်လှပနေမှာပါ .....

မေသိမ့်သိမ့်ကျော် said...

အပြန်အလှန်ယုံကြည်မှုရှိနေတယ်ဆိုတာကိုပါ သိမြင်သွားပါတယ် ဆရာရေ။ ဆိုင်ရှင်ကို တကယ်အားကျတယ်။

ခင်မင်လေးစားလျက်

 

Posts Comments

©2006-2010 ·TNB