ပွဲတော်ညသို့သွားရာလမ်း (အပိုင်း၁)

14 May 2011


“ပွဲသွားမော့မော့ ပွဲပြန်ကြော့ကြော့” ဆိုသည့်စကားပုံရှိပါသည်။ ဒီစကားပုံထဲက ပွဲ ဆိုသည့် စာလုံးလေးကို ပွဲတော်ဆိုသည့် စာလုံးလေးအဖြစ် သတ်မှတ်ပြီး ကျွန်တော်ဘဝ၏ အတွေ့အကြုံ တစ်ချို့ကို ပြန်လည်ဝေမျှချင်ပါသည်။

မြို့တိုင်းရွာတိုင်းတွင် ဘုရားစေတီများရှိသကဲ့သို့ ကျွန်တော့်မွေးရပ်မြေ သန်လျင်မြို့တွင်လည်း အထင်ကရ စေတီတွေရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဌာပနာထားသည့် ဆံတော်ရှင် ကျိုက်ခေါက်စေတီကတော့ သန်လျင်မြို့နှင့် အနီးတဝိုက်မြို့များတွင် အထင်ရှားဆုံးစေတီဖြစ်သည်။ ကျိုက်ခေါက်စေတီ ဘုရားပွဲတော်ကလည်း နှစ်စဉ်နှစ်တိုင်း ပြောစမှတ် ပြုရလောက်အောင် စည်ကားလွန်းပါသည်။ ယခုလိုစည်ကားလွန်းသည့် ပွဲတော်ဖြစ်လာဖို့အတွက် မည်သို့လုပ်ဆောင်ခဲ့ရသည်ကို ကျွန်တော်တို့ ပါတ်သတ်ခဲ့သည့် ရှုထောင့်က ရေးမှာဖြစ်ပါသည်။

ကျွန်တော့်ဖေဖေသည် ကျိုက်ခေါက်ဘုရားပွဲတော်တိုင်း နှစ်စဉ်နီးနီး ဇာတ်ပွဲသွင်းသည့် သန်လျင်မြို့၏ ငါးဦးခန့်လောက်သာရှိသည့် ဇာတ်ကန်ထရိုက်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်သည်။ ဖေဖေ့ အလုပ်ဆိုတော့ ကျွန်တော်အပါအဝင် မိသားစုဝင်တွေက လိုက်လုပ်ကြရပါသည်။ သို့သော် ကျွန်တော်တို့ ဇာတ်ပွဲ သွင်းရသည်ကို စိတ်မပါခဲ့ကြပါ။  စိတ်ပျက်ဖွယ်ရာ အလုပ်ဟုတောင် ဖေဖေကလွဲလျှင် တစ်မိသားစုလုံး သတ်မှတ်ထားခဲ့ကြသည်။  ထိုသို့ သတ်မှတ်ထားရသည့် အကြောင်းရင်းမှာ.......

(၁) ပွဲတော်ညသို့သွားရာလမ်း

ကျိုက်ခေါက်ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၁၁ ရက် သို့မဟုတ် ၁၂ ရက်ခန့်မှာ စတင်ကျင်းပလေ့ရှိသည်။ ပွဲတော်ရက်က ကိုးရက်ခန့်ဖြစ်သည်။ ဘုရားပွဲတော် မစမှီ တစ်လကျော်ခန့်ကတည်းက ကျိုက်ခေါက်စေတီ ရင်ပြင်မှာ ဇာတ်ရုံမြေနေရာ လေလံပွဲ ကျင်းပသည်။  မည်သည့်နေ့ကျင်းပဖြစ်သည် ဆိုတာကို ကျွန်တော်တို့ မိသားစု ကြိုတင်ပြီး သိခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ ထိုရက်ပိုင်းမှာ ဖေဖေ့လက်ထဲ စာချုပ်လိပ် တစ်ခုပါလာတာတွေ့မှပဲ ဒီနေ့ လေလံနေ့ပါလား၊ ထုံစံအတိုင်း ဖေဖေ မြေနေရာ လေလံဆွဲလာပါလား သိကြရမြဲဖြစ်သည်။ ထိုအခါမျိုးဆို မေမေ့ရဲ့ မြည်တွန်တောက်တီးသံလည်း အရင်နှစ်ကအတိုင်း ထွက်လာပြန်သည်။
“လုပ်လာပြန်ပြီလား”

မကျေမနပ် စကားမှန်းသိလို့ ဖေဖေကလည်း နှစ်စဉ်ပြောနေကြ စကားတစ်ခွန်းပဲ ပြန်ပြောသည်။
“အေး.. ငါ့အလုပ်ကို ဘယ်သူမှ ဝိုင်းမကူရင်လည်း ရတယ် ငါ့ဟာငါ ဖြစ်အောင်လုပ်မယ်။”

ဒါက ဖေဖေ့ရဲ့ နှစ်စဉ်ကြွေးကြော်သံပါပဲ။ အဲဒီကြွေးကြော်သံကြားပြီးတာနှင့် ကျွန်တော်တို့ မောင်နှမတွေကလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ခေါင်းခါပြကြသည်။ မျက်စပစ်ပြကြ၏။ ထိုနေ့ကစပြီး ဘုရားပွဲ၊ ဇာတ်ပွဲနှင့် ပါတ်သတ်သည့် အကြောင်းများကို ဖေဖေ့အရှေ့မှာ မပြောမိအောင် သတိထားကြတော့သည်။ အသံတိတ် ဆန္ဒပြကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ အနေနှင့် ဇာတ်ပွဲသွင်းရသည့် အလုပ်ကို ငြီးငွေ့လှပါပြီ။

 ကျွန်တော့်အသက် ခုနှစ်နှစ်အရွယ်မှစ၍ ကျွန်တော့်အသက် နှစ်ဆယ်ကျော်ခါစအထိနှစ်စဉ် ဇာတ်ပွဲသွင်းခဲ့သည့် အတွေ့အကြုံတွေအရ မိသားစုတွေက ဇာတ်ပွဲသွင်းရမှာ စိတ်ပျက်နေကြသည်။ မိသားစုက ဇာတ်ပွဲအလုပ်ကို စိတ်မပါမှန်း သိသိသာသာသော်လည်းကောင်း မသိမသာသော်လည်းကောင်း ပြကြသလို ဖေဖေကလည်း လေလံဆွဲလိုက်သည့် နေ့မှစပြီး သူတစ်ယောက်တည်း အားသွန်ခွန်စိုက် ကြိုးပမ်းပါတော့သည်။


လွန်ခဲ့သည့် ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့်က ဇာတ်ရုံမြေနေရာ လေလံကြေးက သုံး ၊ လေးသိန်းလောက် ရှိသည်။ ဇာတ်ရုံမြေနေရာအတွက် စရံသတ်ပြီးသည်နှင့် ဇာတ်အဖွဲ့ငှားဖို့ လုပ်ရပါသည်။ ထိုခေတ်ကတော့

ရွှေမန်းဇာတ်သဘင်၊
မိုးဝင်း ၊မိုးမင်း ၊ဇာတ်သဘင်၊
ပုလင်းစိန်၊ဖန်ခွက်စိန်၊အမြည်းစိန် ညီအကိုဇာတ်သဘင်
(မော်လမြိုင်)ဆန်းဝင်းကြည်  ဇာတ်သဘင်
မြို့တော်ချစ်ဖွယ် ဇာတ်သဘင်
ဘီအီးဒီအောင်သိုက်ဇာတ်သဘင်
တင်မိုးဝင်း ဇာတ်သဘင်
(တစ်ချို့အဖွဲ့တွေလည်း ကျန်ခဲ့နိင်ပါသည်။ )
စသည့်ဇာတ်သဘင်အဖွဲ့များကို တနှစ်တမျိုး ငှားရမ်းသလို။ တစ်ချို့နှစ်တွေမှာလည်း ဦးမောင်မောင်ဆပ်ကပ်၊ ရဲသိန်းအောင်ဆပ်ကပ် စသည့် ဆပ်ကပ်အဖွဲ့များကို ရုံသွင်းဖြစ်ပါသည်။

ဒီဘက်ခေတ်ရောက်လာတော့ ဇာတ်လောကမှာ ယခုနာမည်ကြီးနေသည့် ဖိုးချစ်ဇာတ်လည်း သွင်းခဲ့ဖူးသည်။ သန်လျင်မြို့၏ ရှားရှားပါးပါး ဇာတ်မင်းသားဖြစ်သည့် တင်ကိုဝင်း ဇာတ်အထိ သွင်းခဲ့ဖူးသည်။ ဟိုးယခင်ကဆိုလျှင် မိုးဒီ ၊မော့စ် တို့ပင် ဇာတ်အဖွဲ့ထဲမှာ လူရွှင်တော်အဖြစ်သာ ရှိသေးကတည်းက ဇာတ်ပွဲသွင်းခဲ့ကြသည်။ နှစ်စဉ်လုပ်နေသည့် အလုပ်ဖြစ်တာကြောင့်နှင့်တူသည် ဖေဖေက ဇာတ်ပွဲသွင်းရသည်ကို ဝါသနာထုံလှသည်။ ဇာတ်ရုံမြေနေရာအတွက် လေလံဆွဲပြီးလျှင် ဇာတ်အဖွဲ့တစ်ဖွဲ့ဖွဲ့ကို ငှားဖို့လုပ်ဆောင်ရသည်။

မြေနေရာလေလံမစခင်ထဲက ငှားဖို့ကြိုပြောထားတာမျိုးလည်းရှိသည်။ ရန်ကုန်တွင် အခြေစိုက်သည့် ဇာတ်အဖွဲ့များကို တစုတစည်းထဲ ချုပ်ကိုင်ထားသည့် နေရာတွေရှိသည်။ ဥပမာ..စေတနာပွဲလုပ်ငန်းဆိုလျှင် ဇာတ်အဖွဲ့ပေါင်းများစွာကို ချုပ်ကိုင်ထားသည်။ ဒီတော့ ဇာတ်ပွဲငှားချင်သူတွေက ထိုလုပ်ငန်း တည်နေရာကိုသွားပြီး ဇာတ်အဖွဲ့တစ်ဖွဲ့စီ၏ တစ်ရာသီစာပြက္ခဒိန်ကို ကြည့်ရသည်။ ကိုယ်ငှားချင်သည့်ဇာတ်က ကျိုက်ခေါက်ဘုရားပွဲတော်ရက်မှာ အားမအား ၊ ရက်အားခဲ့လျှင်တောင် နောက်ဆုံးကထားသည့် မြို့က ဘယ်မြို့လဲ ၊ အဲဒီမြို့ကနေဆို သန်လျင်မြို့ကိုလာဖို့ ဇာတ်ကားတွေ လမ်းမှာဘယ်နှစ်ရက် ကြာနိင်မလဲ၊ စသည့် ဇာတ်အကူးအပြောင်း ရက်များပါ တွက်ကြရသည်။

ဖေဖေက ဇာတ်အဖွဲ့တဖွဲ့ဖွဲ့ကို ငှားခဲ့ပြီးပြီဆိုလျှင် ထိုဇာတ်၏ ကြော်ညာပိုစတာ စာရွက်အလိပ်ကြီး သယ်ပြီး ပြန်ချလာကာ အိမ်က စားပွဲပေါ် တင်ထားလိုက်တော့သည်။ ဒီလိုဆိုရင် ကျွန်တော်တို့ မောင်နှမတွေက မနေနိင်တော့။ စိတ်ဝင်စားရပြီ။ ဘယ်အဖွဲ့များ ငှားလာပါလိမ့် သိချင်ကြတော့သည်။ သို့ဖြင့် ဖေဖေ့အလစ်မှာ  ကျွန်တော်တို့ မောင်နှမတွေ ထိုပိုစတာအလိပ်ကြီးကို ဖြည်ကြည့်ကြတော့သည်။

“ဟင်း....ဒီဇာတ်ကြီးလား”တို့ ၊“ဒီဇာတ်ဆိုရင်တော့ တော်ပါသေးရဲ့”တို့တွေ အချင်းချင်းပြောရင်း ကျွန်တော်တို့ အားလုံး ဖေဖေ အလုပ်ထဲ စတင်ပြီး ပါသွားကြတော့သည်။ မတတ်နိင်... မြေနေရာလည်း လေလံဆွဲပြီးပြီ၊ ဇာတ်လည်းငှားခဲ့ပြီဆိုမှတော့ မပါလို့မှ မရတော့တာ။ ဖေဖေ့အလုပ် တို့အလုပ် ဖြစ်သွားရတော့သည်။ ဒါက နှစ်စဉ်ပုံစံတူ လမ်းကြောင်းလေးတွေဖြစ်သည်။ အဲဒီလို ပါတဲ့နေ့ကစပြီး တစ်မိသားစုလုံးလည်း အလုပ်များကြရပါတော့သည်။

ဇာတ်ရုံမြေနေရာလေလံဆွဲပြီး ၊ ဇာတ်အဖွဲ့ငှားပြီးပြီဆိုလျှင် တတိယမြောက် လုပ်ရသည်က ဇာတ်ရုံငှားရခြင်းဖြစ်သည်။ တချို့နှစ်တွေမှာ သူများဆောက်ပြီးသားဇာတ်ရုံ ငှားသလို တစ်ချို့နှစ်တွေမှာ ကိုယ်တိုင်ဆောက်ဖြစ်သည်။ ဇာတ်ရုံဆောက်ဖို့အတွက်က ဝါး ၊ ထရံ ၊ ကျူဖျာ၊ မဒမတိုင် ၊ သစ်သားပြား တွေလိုပါသည်။ ( ဒီဆောင်းပါးရေးရင်းနဲ့ အိမ်ကို လှမ်းမေးကြည့်တော့ အခုနှစ်ရဲ့ ဇာတ်ရုံငှားခက ၁၈သိန်းကနေ သိန်း ၂၀ အတွင်းမှာ ရှိပါတယ်တဲ့။  ဟုတ်ပါတယ်..ဘုရားပွဲ ၉ ရက်စာ ရုံငှားခပါ။ ကိုယ်တိုင်ဆောက်မယ်ဆိုရင် သိန်း ၃၀ လောက် ကုန်ပါတယ်တဲ့။ )

လွန်ခဲ့သည့် ခုနှစ်နှစ် ရှစ်နှစ်မတိုင်ခင်အထိ နှစ်စဉ် ဇာတ်ပွဲသွင်းဖြစ်သည်။ ဇာတ်ရုံငှားပြီး ဇာတ်ပွဲသွင်းဖူးသလို ၊ ကိုယ်တိုင်ပစ္စည်းဝယ် ရုံဆောက်တာမျိုးလည်း  ရှိခဲ့သည်။  တကယ်တော့ လုပ်နိင်ရင် ကိုယ်တိုင်ဆောက်တာ ပိုကောင်းသည်ဟု ထင်သည်။ ထိုအချိန်က ဇာတ်ရုံတစ်ရုံလုံးဆောက်ရန် ဝယ်ရသည့်ပစ္စည်း၊ အလုပ်သမားအဖွဲ့ ငှားရတာတွေက စုစုပေါင်း ဆယ်သိန်း ခန့်ကုန်လျှင် ပွဲတော်ရက်အတွက် ဇာတ်ရုံငှားခက ငါးသိန်းခန့်ဖြစ်သည်။ ကုန်ကျစရိတ်၏ ထက်ဝက်ချိုးလောက်က ရုံငှားခဆိုတော့ ကိုယ်တိုင်ဆောက်နိင်လျှင် ဘုရားပွဲ ပြီးသည့်အခါ ထိုပစ္စည်းများကို အချိန်ယူကာ ပြန်ရောင်းနိင်သည်။

တချို့နှစ်တွေမှာ ကျိုက်ခေါက်ဘုရားပွဲအပြီး အနီးပါတ်ဝန်းကျင် ရွာတစ်ရွာရွာတွင် ဇာတ်ရုံဆောက်ပေးဖို့ အလုပ်အပ်ထားတာနှင့်ကြုံလျှင် ပစ္စည်းတွေ ဝယ်ပြီးကိုယ်တိုင်ဇာတ်ရုံ ဆောက်ဖြစ်သည်။ ဇာတ်ရုံ နှစ်ခါ အသုံးပြုရုံဖြင့် တန်ဖိုးဆယ်သိန်းခန့် ပြန်ရတာကြောင့် ပစ္စည်းတွေက အသားတင် ကျန်ခဲ့တော့သည်။ သို့သော် အဓိကပြဿနာက ဇာတ်ရုံဖျက်ပြီးလျှင် ဝါး၊ထရံတွေ ထားရန် နေရာရှိဖို့လိုသည်။ ဒါကြောင့်လည်း ဇာတ်ကန်ထရိုက် တော်တော်များများက သူများဆောက်ပြီးသားကိုသာ ငှားကြခြင်းဖြစ်သည်။

ကိုယ်တိုင် ဇာတ်ရုံဆောက်သည့် နှစ်မျိုးဆိုလျှင် အလုပ်က ပိုများလေ့ရှိသည်။ ဇာတ်ရုံဆောက်သည့် အလုပ်သမားအဖွဲ့များ သန်လျင်မြို့တွင် ရှိသည်။  ဇာတ်ရုံဆောက်ဖို့အတွက် တင်းဝါးဟုခေါ်သည့် ဝါးလုံးပေါင်း ၂၆၀၀ ၊ ဝယား(ဝါးယား)အရှည်က အလုံး၁၅၀ ခန့် ၊ ထရံအချပ် ၅၀၀ခန့်၊ ထွာဆိုင်ခန့်လုံးပတ်ရှိတဲ့ မဒမတိုင် အလုံး ၅၀ ၊ ၆၀ ၊ ၂ပေခွဲပတ်လည်ကျယ်သည့် ကျူဖျာအချပ် ရာချီပြီး ဧရာဝတီတိုင်းဘက်ကနေ မှာရပါသည်။  ဇာတ်စင်အတွက်လိုသည့် ဝါးနက်တွေ၊ ဝါးဘိုးဝါးတွေကိုတော့ ကျိုက်ခေါက်ဘုရား ပါတ်ဝန်းကျင်မှာ ရှိသည့် ဘုန်းကြီးကျောင်းများတွင်စိုက်ထားတာကို  ဝယ်သည့်သဘောနှင့် အလှူငွေထည့်ပြီး သွားခုတ်ကြသည်။ ဇာတ်စင်ပေါ်တွင် ခင်းသည့် သစ်သားပြားများကတော့ ဝယ်လျှင် ဈေးကြီးတာကြောင့် ငှားရသည်။

မှာထားသည့် ဝါး၊ ထရံ တွေ ရောက်သည်နှင့် နေ့ကောင်းရက်သာရွေးကာ ဇာတ်ရုံမြေနေရာ ပန္နက်စရိုက်သည်။ ဇာတ်ရုံဆောက်လုပ်ပုံကို မရေးခင်  ဘုရားပွဲတော်၏ ဇာတ်ရုံမြေနေရာတွေကို အရင်ပြောမှ သင့်လျော်မည်ထင်သည်။ ဇာတ်ပွဲများအတွက် နှစ်စဉ်မြေနေရာ လေးနေရာရှိသည်။ ဇာတ်ရုံအသေးစားများအဖြစ် မိုးကြိုးငှက်ငယ်လေးများအဖွဲ့ဆိုသည့် မိန်းမလျှာများအတွက် မြေနေရာ တစ်ခုရှိသည်။ ကျိုက်ခေါက်စေတီ တည်ထားသည့် ကုန်းမြေပေါ်ရှိ ဝန်ကြီးပဒေသရာဇာအုတ်ဂူ ရှေ့တည့်တည့်မှာ ဦးမောင်မောင်ဆပ်ကပ် အဖွဲ့အတွက် မြေနေရာ တစ်ခုရှိသည်။ ထို့နောက် မျက်လှည့်ရုံ၊ သရဲအိမ် ၊ တုတ်ထိုးစင် ၊ ထူးထူးဆန်းဆန်း သတ္တဝါများပြသသည့် ရုံအသေးများလည်း သုံးလေးရုံရှိသေးပြန်သည်။

ကျိုက်ခေါက်ဘုရား၏ ဘေးနှစ်ဘက်တွင် ကားလမ်းမနှစ်ခုရှိသည်။ တစ်ဘက်က ကျောက်တန်းမြို့၊ သုံးခွမြို့၊ ခရမ်းမြို့၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ GTC၊ ရေကြောင်းတက္ကသိုလ်တွေဘက် သွားသည့်လမ်းမကြီးဖြစ်ပြီး၊ နောက်တလမ်းကတော့ ဘုရားအနောက်ဘက်လမ်းဟု အလွယ်တကူခေါ်ကြသည့် ကြွေထည်မြေထည်စက်ရုံ၊ ဖန်ချက်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ တပ်ရင်း(၉၀) ဘက်ကိုသွားသည့် လမ်းမကြီးဖြစ်သည်။  ဘုရားအနောက်ဘက် လမ်းကတော့ ကားအသွားအလာ အင်မတန်နည်းပါသည်။

ထိုလမ်းမကြီးနှစ်လမ်း၏ အလယ်နေရာကတော့ ကျိုက်ခေါက်စေတီကြီး တည်ထားသည့် ကုန်းမြေဖြစ်သည်။ ဝန်ကြီးပဒေသရာဇာဂူ ရှိသည့်ကုန်းမြေနှင့် တဆက်ထဲပါပဲ။ ကားလမ်းဘေး တစ်ဘက်စီမှာ ဇာတ်ရုံ နှစ်ရုံနှုန်းဖြင့် စုစုပေါင်း လေးရုံရှိသည်။ ဟိုဘက်လမ်း ဒီဘက်လမ်းကူးမည်ဆိုလျှင် ဝန်ကြီးပဒေသရာဇာ အုတ်ဂူရှိသည့် ကုန်းမြေကို ဖြတ်ပြီးမှ သွား၍ရသည်။ ပွဲတော်ရက်ဆိုလျှင် ထိုကုန်းမြေကြီးတစ်ခုလုံး ဈေးဆိုင်ခန်းများနှင့် ပြည့်သွားတော့သည်။ ဇာတ်ရုံ လေးရုံကိုလည်း အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ဆိုပြီး ခွဲထားသည်။ ဒါမှ ကိုယ့်ဇာတ်ပွဲ ကြော်ငြာစာရွက်မှာ ရုံနံပါတ် ထည့်ရေးလို့ရမည်။

နေ့ကောင်းရက်သာရွေးပြီး ဇာတ်ရုံပဏ္ဍပ်ရိုက်ပြီးလျှင် ဇာတ်ရုံစဆောက်ပါတော့သည်။ မြင်လွယ်အောင် ပြောရလျှင် အလယ်မှာ အမိုးခုံးနှင့် ရုံကြီးပါပဲ။ လူမရှိသေးသည့် ကွင်းလယ်ခေါင်ခေါင်မှာ ပွဲတော်မရောက်မချင်း နေရန်အတွက်  ယာယီတဲတလုံးထိုးသည်။  ဝါး ၊ ထရံတွေ ပျောက်မှာစိုးတာရယ် ၊ မီးဘေးစိုးရိမ်ရတာရယ်ကြောင့် ဖေဖေနှင့် သူ့လက်စွဲတော်တပည့်တို့က ထိုတဲတွင် နေရသည်။

ကျွန်တော်တို့က လူငယ်ဆိုတော့ လေပူတွေတဟူးဟူးတိုက်ပြီး လေထဲလွင့်နေသည့် ကျွတ်ကျွတ်အိတ်ခွံတွေ သာရှိသည့် ထိုကွင်းလယ်ခေါင်ခေါင်မှာ ကြာကြာမနေနိင်။ နေကလည်း နေ့လည်ဆို တော်တော်ပူသည်။ တဲထဲမှာ နေ့လည်ထမင်းစားပြီးလျှင် ကားလမ်းဟိုဘက်ကို ဖြတ်ကူးကာ ဘုရားကုန်းဈေးမှာ ဖရဲသီးတစ်လုံး သွားဝယ်၊ ရေတိုင်စည်ထဲထည့်ထားပြီး နေ့လည် ၃ နာရီလောက်ဆို ခွဲစားကြပေါ့။ မနီးမဝေးမှာရှိသည့် ဘုရားပန်းခြံဘက်မှာ အပျင်းပြေ အတွဲချောင်းရင်းဖြင့် နေ့ခင်းနေ့လည်ကို ဖြတ်သန်းရသည်။

ဇာတ်ရုံကို စဆောက်သည့်အချိန်ကို ယခုချိန် ပြန်တွေးလျှင်တောင် ပျင်းရိငြီးငွေ့ဖွယ်ရာ ခံစားချက်ပဲ ဖြစ်ပေါ်လာလိမ့်မည်။ ကျွန်တော်တို့က များသောအားဖြင့် ဘုရားအနောက်ဘက်လမ်းက ကွင်းပြင်တွေမှာပဲ မြေနေရာ ယူလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုဘက်က ကွင်းပြင် တပြန့်တပြူးနှင့်ကျယ်ကျယ်ပြန့်ပြန့် ရှိလို့ပါပဲ..။ ပြန်တွေးကြည့်တိုင်း ကိုယ့်ဇာတ်ရုံနှင့် ခပ်လှမ်းလှမ်းမှာ နောက်ထပ်ဇာတ်ရုံဆောက်သည့် အဖွဲ့တစ်ဖွဲ့ရှိမည်၊ ကျန်တာက ကွင်းပြင်ကြီး။ လေပူတွေ တဟူးဟူးတိုက်ပြီး တံလျှပ်များထကာ၊ ပလပ်စတစ်အိတ် ရောင်စုံတွေ ဟိုဒီမျောလွင့်နေသည့် ကွင်းလယ်ခေါင်ကြီးပါပဲ။ အတွဲတွေကို ဈေးဗန်းလေးနှင့် ပီကေ၊ စီးကရက် ၊ တစ်ရှူးထုတ်များ လိုက်ရောင်းသည့် ဈေးသည်ကလေးတောင် တနေ့လုံးနေမှ တခေါက်လောက်ပဲ တွေ့ရသည့် နေရာမျိုးဆိုတော့ ဘယ်အချိန်ပြန်တွေးတွေး ခြောက်ကပ်ငြီးငွေ့ ဖွယ်ရာသာဖြစ်သည်။ ဒါက ဘုရားပွဲမစခင် တလအလိုလောက် မြင်ကွင်းဖြစ်သည်။ 

ယခုဆက်ရေးမှာက ဇာတ်ရုံတစ်ရုံလုံး တည်ဆောက်ပုံတွေပါ။ ဇာတ်ရုံပုံစံနှင့် အကျယ်အဝန်းကို ဗဟုသုတအနေနှင့် ရေးမည်ဖြစ်၍ ဇာတ်ရုံကို မြင်ဖူးနေသူများအတွက် အနည်းငယ် ပျင်းရိဖွယ်ရာ ဖြစ်စေနိင်ပါသည်။ ထို့ကြောင့် အပြာရောင် စာသားများကို ကျော်၍ ဖတ်နိင်ပါသည်။

ဇာတ်ရုံတစ်ရုံကို ကျွမ်းကျင် အလုပ်သမား ငါးယောက်နှင့် ဆောက်လျှင် ဆယ်ရက်ခန့်ဆောက်ရသည်။ ဇာတ်ရုံတစ်ရုံ၏ အကျယ်အဝန်းက အရှေ့အနောက် ပေ တစ်ရာ့ရှစ်ဆယ်ရှိပြီး အကျယ်ကတော့ ပေ ကိုးဆယ် ကျယ်ပါသည်။

ဇာတ်ရုံစဆောက်ပြီဆိုလျှင် ဆယ်နှစ်ပေ အမြင့်ရှိပြီး အတော်အသင့်ကြီးမားသည့် မဒမတိုင်ကြီးတွေကို အလယ်မှာ ငါးဆယ့်လေးပေအကျယ်ချန်ပြီး  တစ်ဖက်ကို ဆယ်နှစ်လုံးနှုန်းဖြင့် ဘယ်ညာနှစ်ဖက် ညီညီညာညာ တိုင်ထူရပါသည်။ တူးထားသည့် တွင်းတွေထဲ ထိုမဒမ တိုင်ကြီးများကို ၁၅ ပေခန့်စီခြားပြီး တန်းစီကာ တိုင်ထောင်ကြပါသည်။

 ပေ ၃၀၊ ၄၀ ခန့်အရှည်ရှိသော ဝါးယားဟုခေါ်သည့် ဝါးအကျစ်တမျိုးကို ၄  ပြန်ခန့် အရှည်ရအောင် ဝါးတစ်လုံး၏အရင်းနှင့် နောက်ဝါးတစ်လုံး၏အဖျားဘက်ကို အုန်းဆံကြိုးဖြင့်ချည်ရပါသည်။ ဇာတ်ရုံဆောက်ရန် အုန်းဆံကြိုး ပိသာပေါင်းများစွာ ဝယ်ရသည်။ အိမ်ရိုက်သံ ဆယ်ပိသာ  ၊  နှီး အတို အရှည် ပိသာ နှစ်ရာခန့် ဝယ်ရပါသည်။

ဝါးယားကို ၂ လုံး၊ ၃ လုံးစီပူးပြီး အရှည်၎ ပြန်စာရအောင် ကြိုးတွေနှင့် ချည်ပြီးလျှင်  ဝါးတန်းအရှည်ကြီးကို အသားသေအောင် ကွေးထားရသည်။ ထိုကဲ့သို့ အကွေးပေါင်းများစွာ လုပ်ရသည်။ ထို့နောက်ဘယ်ညာ နှစ်ဖက်မှာထူထားသည့် မဒမတိုင်တွေ၏ မြေပြင်မှ အမြင့်ရှစ်ပေခန့်မှာ ကွေးထားသည့် ဝါး၏ အနားတဖက်တချက်ကို အိမ်ရိုက်သံများဖြင့် ရိုက်ကြရသည်။ အုန်းဆံကြိုးများဖြင့် အထပ်ထပ်ချည်ရသည်။  အခုံးမြင့်ကြီးဖြစ်ဖို့ ဟိုဘက်တိုင်နှင့် ဒီဘက်တိုင်မှာ သံတွေရိုက်၊ ကြိုးတွေချည်ပြီးလျှင် မြေပြင်မှ ထောက်အမြင့်ကြီးများနှင့် ထိုဝါးအခုံးအလယ်ကို ရက်ပေါင်းများစွာ အသားသေပြီး ကွေးသွားအောင် ထောက်ထားရသည်။ ထိုသို့ဖြင့် ဒေါက်များစွာထောက်ထားသည့် ဝါးအခုံးကြီးတွေက အခုံးအမြင့် တညီတညာထဲ တန်းစီနေပါတော့သည်။

ဒီတော့မှ ထိုအခုံးအမြင့်ကြီးပေါ် တစ်ယောက်ကို တစ်ခုံးနှုန်းဖြင့် တက်ကြသည်။ အောက်မှာ ကျန်နေသူက တင်းဝါးဟုခေါ်သည့် ၁၈ ပေ၊ ပေ၂၀  အရှည်ဝါးတွေကို ၁၀လုံးတစ်စည်းခန့် ကြိုးနှင့်ချည်ပေးပြီး အပေါ်တွင်ရှိသည့်လူက ဆွဲတင်ကြသည်။ ဝါးအစည်းလိုက် အပေါ်ရောက်သွားသည်နှင့် ကိုယ့်ဘေးက ဝါးအခုံးကြီးပေါ်မှာ စောင့်နေသူထံကို ဝါးတစ်လုံးချင်းလှမ်းပေးကာ နှီးဖြင့်တုပ်ကြရသည်။ အလွယ်ဆုံးပြောရလျှင် တဲအိမ်တွေ အမိုး မိုးဖို့ တန်းပစ်တာနှင့် အတူတူပဲဖြစ်သည်။ မတူသည်က ဇာတ်ရုံအမိုးက အမိုးခုံးကြီး ဖြစ်နေတာပါပဲ။ ထိုသို့ဖြင့် တပေခန့် ကျယ်သော ဝါးတန်းများနှင့် ဇာတ်ရုံအမိုးကြီး ဖြစ်သွားပါတော့သည်။
(ဒါကတစ်ခုံးပဲ ရှိပါသေးတယ်။ အဲဒီလို အခုံးပေါင်းများစွာနဲ့ တစ်ရုံလုံးကို အုပ်ထားတာပါ။ အခုပုံထဲက လုပ်နေကြတာက ဇာတ်ရုံမျက်နာစာ ဂိတ်ရှိုး အတွက်ပါ။)


ထို့နောက် ၂ပေခွဲပတ်လည်ခန့်ကျယ်သည့် ကျူဖျာတွေကို အမိုးခုံးပေါ်တွင် ဟိုတစ်ချပ် ၊ ဒီတစ်ချပ် လိုက်ချပါသည်။ မြေပြင်မှ မော့ကြည့်လိုက်လျှင် ကျူဖျာအကွက်နှင့် နေရာလပ်ကောင်းကင်က ကျားကွက်ပုံစံ ဖြစ်နေတော့သည်။ ဒါက ဇာတ်ရုံအမိုးဖြစ်သည်။ တပို့တွဲလဆိုတော့ ညအခါ  နှင်းကျပြီး အေးလွန်းသည်။  ထို့ကြောင့် နှင်းကျသည့်ဒဏ် သက်သာစေရန် အမိုးလေးတွေ ကွက်ကျားမိုးထားရသည်။ အမိုးက ကွက်တိကွက်ကျားဆိုတော့ ပွဲကြည့်ပရိတ်သတ်တဝက်က အမိုးအောက်ရောက်ပြီး တဝက်က ကောင်းကင်အောက် ရောက်နေသည်။ နေ့ခင်းနေ့လည်ဘက် ရုံအတွင်းမှာ အလင်းရောင်ရစေရန်  ထိုကဲ့သို့ ကွက်ကျားမိုးထားရခြင်းဖြစ်သည်။ 

ဇာတ်ရုံအလယ်ခွင် ပေ ငါးဆယ်၏ ဘယ်ညာတစ်ဘက်တချက်တွင် ပေနှစ်ဆယ်ထပ်ခွာပြီး တွင်းပေါင်းများစွာ လိုက်တူးရပြန်သည်။ ဒါက ဇာတ်ရုံဘေးပတ်လည် အကာအတွက် ဝါးတိုင်စိုက်ဖို့ဖြစ်သည်။ ထို့ကြောင့် ဇာတ်ရုံတစ်ခုလုံး၏ အကျယ်က ပေ ကိုးဆယ် ဖြစ်သွားသည်။ ဝါးတိုင်တွေစိုက်ပြီးလျှင် အလယ်ခွင် မဒမတိုင်များနှင့် အမြင့် ရှစ်ပေ၊ ကိုးပေခန့်မှာ တန်းတွေပစ်ပြီး လေးထောင့်အမိုး၊ မိုးပါသည်။ ထိုအမိုးကိုတော့ ထရံများဖြင့် အပြည့်အုပ်ထားသည်။  မြေပြင်နှင့်နီးကပ်တာကြောင့် အမိုးအပြည့် အုပ်ထားခြင်း ဖြစ်သည်။ ဒီတော့ ဇာတ်ရုံက ပုံပေါ်လာပါပြီ။ အလယ်မှာ အမိုးခုံးကြီးရှိပြီး ဘယ်ညာ ဘေးတစ်ဖက်ကို ထောင့်မှန်ပုံစံ အမိုးနိမ့်တစ်ဖက်စီ ရှိသည့် ဇာတ်ရုံကြီးဖြစ်သွားပါပြီ။

ဇာတ်စင်ဆောက်ရန်အတွက်က အသားထူလွန်းသည့် ဝါးနက်ကို အမြင့်ညီညီညာညာမှတ်ပြီး လွှနှင့်တိုက်ဖြတ်ရသည်။ တဖက်ကို ခွ ပုံစံထွင်းသည်။ ဇာတ်စင်အတွက် တူးထားသည့် တွင်းပေါင်းများစွာထဲသို့ ဖြတ်ထားသည့် ဝါးနက်အပိုင်းတွေစိုက်၊ မြေဖို့ပြီးလျှင် ခွတွေထဲတွင် တန်းတွေပစ်ပြီး ငှားထားသည့် သစ်သားပြားများခင်းကာ သံရိုက်လိုက်လျှင် ဇာတ်စင်ဖြစ်သွားတော့သည်။

ဇာတ်ရုံ၏ထိပ်ဆုံး အလယ်ကျကျနေရာတွင် ဇာတ်စင်ရှိပါသည်။ ဇာတ်စင် အကျယ်အဝန်းက သုံးဆယ့်ငါးပေကျယ်ပြီး အရှေ့အနောက်အကျယ်က  နှစ်ဆယ့်ခုနှစ်ပေကျယ်သည်။ ဇာတ်စင်၏ ဘယ်ညာနှစ်ဖက်မှာ မဒမတိုင်ကြီးတွေထူပြီး လူကြီးပေါင်လုံးခန့်ရှိသည့် ဝါးဘိုးဝါးကြီးတွေကို ဇာတ်စင်အပေါ်အမြင့် ဆယ့်ငါးပေမှာ ဟိုဘက်ဒီဘက် တန်းထိုးထားရသည်။ ထိုတန်းများတွင် ဇာတ်လိုက်ကာများ ၊ ဇာတ်ဝင်ခန်းများအတွက် နောက်ခံပန်းချီလိုက်ကာများ ချိတ်ဆွဲရန်၊ ဆောင်းဘောက်များချိတ်ဆွဲရန်နှင့် မီးဆလိုက်များ တပ်ဆင်ချိတ်ဆွဲရန်ဖြစ်သည်။
ဇာတ်စင်အနောက်တွင်လည်း ဆယ့်ရှစ်ပေခန့် နေရာချန်ထားပေးရသည်။   ဇာတ်အဖွဲ့သားများနေရန် အခန်းတွေကန့်ပေးရသည်။ ခေါင်းဆောင် ဇာတ်မင်းသားအခန်းကတော့ ဇာတ်စင်ပေါ်မှာဖြစ်သည်။ လိုက်ကာများနှင့် ကွယ်ထားသဖြင့် ပွဲကြည့်ပရိတ်သတ်က ဇာတ်မင်းသားအခန်းကို စင်အောက်ကနေ မမြင်နိင်ပါ။ ဇာတ်စင်၏ အမြင့်က မြေပြင်မှ နှစ်ပေကျော်ကျော် မြင့်သည်။ 

ထိုဇာတ်ရုံကို ဖေဖေဦးဆောင်ဆောက်ခြင်းဖြစ်သည်။ နှစ်စဉ်အတွေ့အကြုံများက ဇာတ်ရုံဆောက်သည့် အတတ်ပညာကိုပါ တတ်ကျွမ်းသွားစေခဲ့ပုံရသည်။ ဖေဖေကိုယ်တိုင် ဝင်လုပ်နေတာကြောင့် ကျွန်တော်တို့ ညီအကိုလည်း ဝင်လုပ်ရတော့သည်။ အမြင့်မတက်ရဘူးဆိုလျှင်တောင် တွင်းတွေ ဝိုင်းတူပေး၊ ဇာတ်ရုံဘေးပါတ်လည်ကို ဝါးတိုင်ထူပြီး ထရံတွေကို နှီးဖြင့်လိုက်တုပ်ရသည်။ တစ်ဖက်က ဇာတ်ရုံဆောက်နေသလို တစ်ဖက်ကလည်း တခြားပြုဖွယ်အလုပ်များ လုပ်ရပါသည်။ ရန်ကုန်ရှိ ပုံနှိပ်တိုက်များတွင် ဖျာနေရာ ၊ ကုလားထိုင်နေရာ၊ ရုံဝင်လူကြီးလက်မှတ် ကလေးလက်မှတ်အုပ်များ  သွားအပ်ရသည်။ လက်မှတ်အုပ်များကလည်း ပွဲစဉ်တစ်ခုနှင့် တစ်ခုမတူအောင် အရောင်စုံဖြစ်သည်။

ဆိုင်းဘုတ်အတွက် ဖေဖေက လေးထောင့်သစ်သားဘောင်တွေ လုပ်ပြီး ထိုဘောင်ကြီးတွေမှာ ပိတ်ဖြူစကို တင်းတင်းရင်းရင်းဖြစ်အောင် ဘေးပါတ်လည်ကို သံတွေနှင့် ရိုက်လိုက်သည့်အခါမှာ ဆိုင်းဘုတ်ကြီးတွေ ဖြစ်လာတော့သည်။ ထို့နောက် ထိုပိတ်ဖြူပေါ်တွင် ရေဆေးအဖြူ ၊ ထုံး စတာတွေသုတ်လိုက်ပြီးလျှင် ဇာတ်အဖွဲ့နာမည်ကို ဆေးရောင်စုံနှင့် သူကိုယ်တိုင်ပဲ ရေးတော့သည်။

ကျွန်တော်တို့က ကော် ကျိုရသည်။  ဖေဖေယူလာသည့် ပိုစတာ စာရွက်တွေကို ရိုင်ပတ်တွေမှာ ကော်သုတ်ပြီး ကပ်ပေးရသည်။ အကျယ်နှစ်ပေ ပတ်လည်ခန့်ရှိသည့် ပိုစတာများဖြစ်သည်။ ရိုင်ပတ်ဆိုသည်မှာ ထရံအပျော့တမျိုးဖြစ်သည်။ (ရေခဲတုံးများကို ဖွဲခွံတွေနှင့် အုပ်ထားသည့်အခါ ဘေးပတ်လည်အကာအဖြစ် သုံးသည့်ထရံမျိုးပါ။) ထိုရိုင်ပတ်များက အကျယ် နှစ်ပေခန့်ရှိပြီး အရှည်ကတော့ အလိပ်လိုက်ဖြစ်သည်။

ဒီတော့ ကျနော်တို့က ပိုစတာ တချပ်စာ အရွယ်လောက်ကို တိုင်းပြီး ရိုင်ပတ်တွေကိုဖြတ် ကော်သုတ်ပြီး ပိုစတာတွေ ကပ်ရပါသည်။ ထိုပိုစတာ၏ အပေါ်ဆုံးတွင်ဖြစ်ဖြစ် အောက်ဆုံးတွင်ဖြစ်ဖြစ် ဖေဖေက ဆော့ပင်ဖြင့် စာတွေရေးသည်။ဘယ်နေ့မှဘယ်နေ့အထိ ရုံအမှတ် ဘယ်လောက်မှာ ဆိုတဲ့ စာတန်းပါ။ “တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၁ ရက်နေ့အထိ ရုံအမှတ် (၁) တွင် ကပြဖျော်ဖြေပါမည်။”  ဖေဖေက လက်ရေးလှလှရေးတတသဖြင့် နှစ်စဉ်နှစ်တိုင်း သူကိုယ်တိုင် ရေးသည်။

ငါးပေ ခြောက်ပေ ပတ်လည်ရှိသည့် ပိတ်ဆိုင်းဘုတ်ကြီး ငါးခုနှင့် ပိုစတာ အချပ် တစ်ရာခန့် ရပြီဆိုလျှင် ကားတစ်စီးငှားပြီး တစ်မြို့လုံး ကြော်ငြာ ဆိုင်းဘုတ် လိုက်ကပ်ရသည်။ စည်ကားသည့် လမ်းဆုံ လမ်းခွများ၏ သစ်ပင်တွင်ဖြစ်ဖြစ်၊ သို့မဟုတ် တိုင်ထူပြီးဖြစ်ဖြစ် ပိတ်ဆိုင်းဘုတ်ကြီးတွေကို ကြော်ငြာထောင်ကြရသည်။ အမြင့်တွင်ထောင်ထားသော်လည်း ပွဲတော်ပြီး၍ ပြန်လိုက်သိမ်းတိုင်း အကောင်းပကတိ ပြန်ရသည်က ရှားပါသည်။  အပျင်းပြေ ခဲဖြင့်အထုခံထားရသည်ကြောင့် အပေါက်အပြဲတွေ ဖြစ်ကုန်တော့သည်။

ရပ်ကွက်တိုင်း၏ထိပ် သစ်ပင် ၊ ဓါတ်တိုင်စသည့်နေရာများတွင် ပိုစတာတွေကို လိုက်ချည်ရသည်။ ထိုသို့ နေ့စဉ်ပြင်ဆင်ရင်းဖြင့် ပွဲတော်ရက်က တဖြေးဖြေးနီးကပ်လာတော့သည်။ ဘုရားပွဲကွင်းပြင်ကြီးကလည်း ယခင်လိုပျင်းစရာမကောင်းတော့ပါ။ ဈေးဆိုင်ခန်းတွေ ဆောက်ကုန်ကြပြီ။ ဇာတ်ရုံကို ကိုယ်တိုင်ဆောက်သည့် နှစ်ဆိုလျှင် ဝါးနှင့်ထရံ ပိုဝယ်ထားပြီး ဈေးဆိုင်တွေကိုပါ လိုက်ဆောက်ပေးဖြစ်သည်။ ပွဲတော်ရက်အတွင်း စရံယူပြီး ထရံလည်း ငှားသည်။ ဈေးဆိုင်ခန်းများက ဝါးနှင့်ထရံတွေကိုအကာအဖြစ်၊ အမိုးအဖြစ် ငှားကြသလို၊   ဝါးထရံတွေငှားသည့် လူတန်းစားတစ်ရပ်လည်း ရှိနေပါသေးသည်။ သူတို့ကတော့....။

။......................................................................................။



19 comments:

တောက်ပကြယ်စင် said...

စုံစုံလင်လင် သိရတဲ့အတွက် ကျေးဇူးအထူးပါ...ဘုရားပွဲဆိုလို့ သွားခဲ့ဖူးတဲ့ မိုးကောင်းဘုရားပွဲကို သတိရမိတယ်...ဒကာတော် ကိုမြစ်က အခုကော...ဖရဲသီးခွဲစားပြီး...အပျင်းပြေ...(............)သေးလား...ခင်လို့စတာပါ...ကျန်းမာပျော်ရွှင်ပါစေ...

မောင်မျိုး said...

ကျနော်တို့ရပ်ကွက် ပွဲလေးတောင် သွားသတိရတယ် ကိုမြစ်ရေ့ မနက် ၄ နာရီကျော်ကျော်ဆို ရုံဖွင့် သွားကြည့်ရတာလေးလည်း သွားအမှတ်ရတယ် လက်မှတ် အလကားရတာမျိုးလည်းရှိတယ် ။ အရင်က ပွဲကားကြီးလာရင် ခလေးပီပီ ကားနောက်လိုက်ပြေး ပျော်လိုက်တဲု့ဖြစ်ချင်း ဇတ်ကားကြီးပြန်ရင်တော့ ကိုယ့်အမျိုးတွေပဲ ပါသွားသလို ၀မ်းနည်းပြန်ကော ။

နောက်တော့ ပွဲမကြည့်ရတာကြာပြီ ဘုန်းကြီးက အိပ်ရေးပျက်လို့ဆိုပြီး သာသနာ့ အဖွဲ့စည်းကိုတိုင်လိုက်တာ မြို့မှာ ဘာပွဲမှတောင်မ၀င်လိုက်ရတော့ဘူး တော်တော်ဆိုးတဲ့ဘုန်းကြီး ဗီဗာဟိန်းကို အကသင်ပေးတဲ့ ဘုန်းကြီးနဲ့များကွာပါ့း)))

မိုးယံ said...

အင်း...အဲဒီပွဲတွေ ကို သိပ်မကြည့်ဖြစ်ဘူး.. ကိုယ်တွေ ဆီမှာ သိပ်မရှိတာတာရော ၀ါသနာ မပါ တာရော...

ဇတ်ဆရာကတော့ ပိုင်ပါပေ့ဗျာ.. ဇတ်ရုံတည်ဆောက်ပုံက အစ အသေးစိတ်သိတယ်..တော်တော် တော်တဲ့ ဇတ်ဆရာပဲ။

ဝါးထရံတွေ ငှားတဲ့ လူတန်းစား တစ်ရပ်ကို မျှော်ပါဦးမည်။

IDIOT-Ki said...

ဆရာကျိုး...
ပြဇာတ်ကန်ထရိုက်တာ လုပ်တာ နဲ့ ပြဇာတ်ထောင်စား တာ ဘယ်ဟာက ပိုတွက်ခြေကိုက်သတုံး...( ရုံတရုံ စရိတ်ကလည်း မနည်းမနောပဲနော် ၊ မီးလန့်တာမျိုးနဲ့ကြုံရင် တော့ ပြသနာ..၊ ငယ်ငယ်ကတော့ ပျော်စရာ တမျိုးပဲနေမှာ ..)

ဇာတ်မင်းသား လုပ်စားရင်တော့ အကိုက်ဆုံးနေမယ်.. ခုခေတ်မှာတော့ ဖိုးချစ် နဲ့ အပြိုင် ပေါ့လေ..
လုပ်မယ်ဆို ဘလော့ဂါ ပရိဿတ်ကြီး ရှိတယ်ဗျိုး..

ပွဲတော်ည အဖြစ်အပျက်တွေ စောင့်မျှော်လျှက်...

မကိ..

flowerpoem said...

ဇာတ်ကန်ထရိုက်ဆွဲရတာလည်း တာဝန်ကြီးလိုက်တာ ကိုမြစ်ရေးတာကို ဖတ်မှ သိရတာ အဲလောက် အသေးစိတ်မသိဘူး ကျွန်မက ဇာတ်မကြိုက်ဘူး စတိတ်ရှိုးဆို လာထား :P

ကွာစေ့လေး said...

ဟိုင်း...

ဆက်ရန်ကို မျှော်လျက်.. တော်တော်စိတ်ဝင်စားဖို့တော့
ကောင်းတယ် ... ဒါပေမယ့် တစ်ခါမှ တော့မရောက် ဖူးသေးဘူး... ဦးမြစ်အဖေ အမွေကို ယူသင့်တယ်နော်.
း)....း)....

Anonymous said...

ကျနော်ဇတ်ရုံတွေဆောက်တာကို ကျောင်းသွားကျောင်းပြန်တိုင်း သေသေချာချာမြင်ဖူးတယ်... အဲ့လောက် အသေးစိတ်မယ်လို့ လဲ မထင်မိဘူး။ ပွဲတော့ မကြိုက်တတ်ဘူး။ ဒါပေမယ့် ပွဲသွင်းတာ ပြင်ဆင်ကြတာတွေတော့ စိတ်ဝင်စားတယ်။

ကျနော်မြင်ဖူးတဲ့ဇတ်ရုံတွေကျ.. ဇတ်ခုံကို သံစည်ပိုင်းနဲ့  အလွယ် တကူခံလိုက်တာတွေ့ ရတယ်။ နောက်.. အမိုးခုံးကြီးတွေလဲ လုပ်မနေကြဘူးဗျ။ ဇတ်ခုံပေါ်ပဲ အမိုးရှိတယ်.။ ဒါကလဲ လေးထောင့်အမိုးပဲ အခုံးမဟုတ်ဘူး အပေါ်မှာ ဖြာတွေ တင်ထားတယ်။ လေပြင်းတိုက်လို့  အကုန်ပါသွားတာ တစ်ခါ ကြုံဖူးတယ်။ လျှပ်စစ်မီးရှော့ဖြစ်လို့  ဇတ်ပွဲပျက်သွားတာလဲ မြင်ဖူးတယ်။

ကိုမြစ်က ကူတာလား၊ အတွဲပဲ သွားချောင်းနေတာလား။ အတွဲချောင်းတာလဲ အသေးစိတ်ရေးပြအုန်းလေဗျာ။ :D

BTW မမကိပြောသလို ကိုမြစ် ဇတ်ကရင်ကျနော်တို့  အားပေးမယ်။ ဒါဘဲ

အမည်မသိ ... (...အလင်းစက်များ):P :P :P

Anonymous said...

ကျနော်ဇတ်ရုံတွေဆောက်တာကို ကျောင်းသွားကျောင်းပြန်တိုင်း သေသေချာချာမြင်ဖူးတယ်... အဲ့လောက် အသေးစိတ်မယ်လို့ လဲ မထင်မိဘူး။ ပွဲတော့ မကြိုက်တတ်ဘူး။ ဒါပေမယ့် ပွဲသွင်းတာ ပြင်ဆင်ကြတာတွေတော့ စိတ်ဝင်စားတယ်။

ကျနော်မြင်ဖူးတဲ့ဇတ်ရုံတွေကျ.. ဇတ်ခုံကို သံစည်ပိုင်းနဲ့  အလွယ် တကူခံလိုက်တာတွေ့ ရတယ်။ နောက်.. အမိုးခုံးကြီးတွေလဲ လုပ်မနေကြဘူးဗျ။ ဇတ်ခုံပေါ်ပဲ အမိုးရှိတယ်.။ ဒါကလဲ လေးထောင့်အမိုးပဲ အခုံးမဟုတ်ဘူး အပေါ်မှာ ဖြာတွေ တင်ထားတယ်။ လေပြင်းတိုက်လို့  အကုန်ပါသွားတာ တစ်ခါ ကြုံဖူးတယ်။ လျှပ်စစ်မီးရှော့ဖြစ်လို့  ဇတ်ပွဲပျက်သွားတာလဲ မြင်ဖူးတယ်။

ကိုမြစ်က ကူတာလား၊ အတွဲပဲ သွားချောင်းနေတာလား။ အတွဲချောင်းတာလဲ အသေးစိတ်ရေးပြအုန်းလေဗျာ။ :D

BTW မမကိပြောသလို ကိုမြစ် ဇတ်ကရင်ကျနော်တို့  အားပေးမယ်။ ဒါဘဲ

အမည်မသိ ... (...အလင်းစက်များ):P :P :P

rose said...

ရို့စ်က ပွဲ မကြိုက်ဘူး။ ဇာတ်မင်းသားတွေ ကနေရင် ပိုဆိုးသေး။ မကြည့်ဖူးဘူး...း)

ကိုယ်တစ်ခါမှ မသိတဲ့၊ မနီးစပ်တဲ့ အကြောင်းအရာလေးတွေ ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်။

ခနွဲ said...

ကျွန်တော်တို့ဆီမှာတော့ ရုံနဲ့ ပြတာတွေ ကြည့်ဖူးပေမယ့် လုပ်တဲ့သူတွေ အဲလို အလုပ်များလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဇတ်ပွဲကိုတော့ လေဟာပြင်ပွဲမှာပဲ ကြည့်ဖူးတယ်။ ဦးမောင်မောင်ဆပ်ကပ်ကိုဆိုရင်တော့ အသည်းစွဲပေါ့။ ဆက်ရန်ကို မျှော်သွားတယ်။ ကိုမြစ်ကျိုးအင်းရေ။

Angelhlaing(May everybody be happy and healthy! said...

ဇတ်ပွဲသာ ကြည်ဖူးတာအကို...ပွဲတစ်ခုဖြစ်မြောက်ဖို့ တာဝန် အရမ်းကြိးမှန်း အကိုကြောင့် ခုတော့ သိသွားပြိ။
ကျေးဇူးပါအကို...
ဆက်ရန်ကို စောင့်မျှော်နေပါတယ်လို့...

SHWE ZIN U said...

ဇာတ်ဆရာ ဒါကြောင့် ဖြစ်တာကိုးဗျ
စုံစုံလင်လင် ဖတ်ရတာ ကျေးဇူးပါ

လရိပ်အိမ် said...

ကိုမြစ်ကျိုးအင်း ဖေဖေက တော်လိုက်တာနော်။ လက်ရေးလဲတော်တော်လှမယ်ထင်တယ်။ ပြောပြနေတာ ကိုမြစ်ကျိုးအင်းလဲ ဆောက်ရတယ်ပေါ့။ အဲဒါကြောင့်အကုန်သိနေတာကိုး။ တော်လိုက်တာ။
ကျနော်ကတော့ ပွဲမကြည့်ဖူးဘူး။ အိမ်ကအငြိမ့်တွေကြည့်ရင်တောင် အိပ်ချင်တာ။

မြတ်မွန် said...

ဇာတ်မကြည့်ဖူးတော့ ဗဟုသုတတော့ ရသား.....။
ဇာတ်တစ်ခု ဖြစ်မြောက်ဖို့ တယ်လည်း မလွယ်ပါဘူး...။
ဇာတ်မြန်မြန်ပြီးမှ တစ်မိသားစုလုံး ရင်ထဲမှာ အလုံးကြီး ကြသွားသလို ခံစားရတော့မယ် ထင်တယ်။
ဦးဆောင်ရတာဆိုတော့ မြတ်လား မမြတ်လားတော့ မသိဘူး။ တော်တော်လေး စိတ်ပင်ပန်း လူပင်ပန်းပြီး အားလုံးရင်မောမှာပဲလို့ ဖတ်ရင်း ခံစားရတယ်။
ဦးမြစ်ဖေဖေကတော့ ဘယ်လောက် ဝါသနာ ကြီးလည်းဆိုတာ ဒီပိုစ့်ဖတ်ပြီး ခန့်မှန်းလို့ရတယ်..။

မိုးခါး said...

ဘုရားပွဲတော့ မရောက်ဘူးဘူးအကိုရေး)) ဘုရားတော့ မကြာခဏဆိုသလို ရောက်တာ.. (ဟိုအရင်ကပေါ့ ..း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ငယ်တုန်းက မိုးကောင်းဘုရားပွဲကြည့်ခဲ့တာကို သတိရတယ်
ပိုက်ဆံကုန်မှာစိုးလို့ နောက်ပိုင်းဇာတ်ထွက်ချိန် ရုံဖွင့်တဲ့အခါမှ သွားချောင်းကြတာ သတိရတယ်း)
အဲဒီတုန်းကတော့ ဇာတ်ပွဲတွေ ကြိုက်ခဲ့တယ်
ခုတော့ မကြည့်ဖြစ်တာ ကြာဘဲကြာလှပေါ့

Iora said...

ဇာတ်ရုံဆောက်တာမိုက်တယ်နော်။
ဒီစာဖတ်တော့ ပွဲဈေးတွေ ကြုံရင်ကြုံသလိုသွားပြီး ပေါက်ကရတွေဝယ်တာသတိရမိတယ်။ စဥ့်အိုးသေးသေးလေးတွေ၊ ၀ါးနဲ့ လုပ်တဲ့ မြွေရုပ်တွေ၊ ဒယ်အိုးတို့ ဒန်အိုးတို့ ၊ ဖျာတို့ ။ ပြီးတော့ ဘူးသီးကြော် နဲ့ ရေမုန့် ။ ဇာတ်တော့မကြိုက်ဘူး။

ငြိမ်းအေး said...

ပွဲဈေးတန်းလျှောက်ရတာ ပျော်စရာကောင်းတာပဲ သိခဲ့တာပါ. အခုမှလုပ်ရတဲ့ကိစ္စတွေတော်တော်များမှန်း သိရတော့တယ်.

မေသိမ့်သိမ့်ကျော် said...

ဖတ်ကောင်းတုန်း ရုံးသွားရတော့မှာမို့လို့ အပိုင်း (၁) ပဲ ဖတ်သွားတယ်ဆရာ။ အပိုင်း (၂) တော့ ညမှပဲ လာဖတ်တော့မယ်။ တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ ဆရာကတော့ စိတ်ပျက်စရာ စိတ်ပျက်စရာနဲ့ စိတ်ထဲက သဘောကျနေတာပဲ...။း)

ခင်မင်လေးစားလျက်

 

Posts Comments

©2006-2010 ·TNB