ပွဲတော်ညသို့သွားရာလမ်း (အပိုင်း၂)

17 May 2011


(အပိုင်း ၁) မှအဆက်

ဈေးဆိုင်သမားများကဲ့သို ဝါးထရံငှားသည့် သူများကတော့ အနီးအနားကျေးရွာမှ ပွဲတော်လာ ပရိတ်သတ်ဖြစ်သည်။ ပွဲတော်မစတင်မှီ သုံး၊လေးရက်ခန့် အလိုကတည်းက အိုး၊ ခွက်၊ ပန်းကန်၊ နှင့် စောင်၊ ခြင်တောင်စသည့် အသုံးအဆောင် ပစ္စည်းများသယ်ကာ လှည်းများဖြင့် ချီတက်လာ ကြသူများဖြစ်သည်။ သူတို့ကိုတော့ ဘုရားပွဲကိုနှစ်နှစ်ခြိုက်ခြိုက် အားပေးသူများဟု ပြောလျှင် မှားမည်မထင်ပေ။ တစ်နှစ်ပတ်လုံး ကောက်စိုက်ပျိုးနုတ်၍ စုဆောင်းထားကြသည့် ငွေများကို ကျိုက်ခေါက်ဘုရားပွဲတော်တွင် သုံးကြတော့သည်။

ဘုရားပွဲ မစတင်မှီရက်ကတည်းက လှည်းတပ်များဖြင့် ရောက်လာကြသည့် သူတို့အတွက် ဘုရားဂေါပကအဖွဲ့မှ သတ်မှတ်ပေးထားသော နေရာတွင် တဲတန်းရှည်ကြီး ထိုးပေးထားသည်။ ထိုတဲတန်းရှည်ကြီးတွင် ထရံများကန့်ကာ အခန်းဖွဲ့၍ နေကြသည်မှာ ပွဲတော်ပြီး၍ တစ်ရက် နှစ်ရက် ကြာမှ ပြန်ကြတော့သည်။ ပြန်သည့်အခါတွင်လည်း တစ်နှစ်တာလုံး သုံးစွဲရန် ဒန်အိုးဒန်ခွက် ၊ ဖျာ၊ ခြင်ထောင်၊ စောင်များ သနပ်ခါးတုံးများ၊ သောက်ရေအိုးများ၊ အဝတ်အထည်များ တပွေ့တပိုက် ဝယ်၍ ပြန်ကြသည်။

ပွဲတော်ရက်နားနီးကပ်လာသည်နှင့်အမျှ ကွင်းပြင်ကြီးက ပို၍စည်ကားလာသည်။ ဈေးဆိုင်များလည်း တစ်ဆိုင်ပြီးတစ်ဆိုင် အလျှိုလျှို ရောက်လာကြ၏။ ပွဲတော်စတင်ဖို့ ရက်ပိုင်းအလိုတွင် ပွဲတော်ကွင်းပြင် တစ်ခုလုံးကို လျှပ်စစ်မီး သွယ်တန်းပေးပါသည်။ တစ်လတာလုံးလုံး မီးခွက်များ၊ ဖယောင်းတိုင် အလင်းရောင်များနှင့်သာနေခဲ့ရသည့် ကျွန်တော်တို့ဇာတ်ရုံများလည်း မီးရောင်တထိန်ထိန်ဖြင့် နေကြရပါပြီ။

ဘုရားပွဲမစခင် သုံးရက်ခန့်အလို၌ ဇာတ်ရုံထဲတွင် အဖိုး (အဘိုး) မြှောက်ကြရသည်။ ကွင်းပိုင်ကြီးကို ပူဇော်ပသည့်သဘောဖြစ်သည်။ ကွင်းပိုင်ကြီး တကယ်ရှိမရှိ မသိသော်လည်း ကျွန်တော်ကတော့ ထိုညရောက်လျှင် ပျော်ရပါသည်။ ကြက်တစ်ကောင်ဝယ်၍ ခြေ၊ ခေါင်း ၊ အတောင်နှင့် အတွင်းကလီစာ အစုံကို ဟင်းချက်ပြီး အရက်နှင့် တင်မြှောက်ရခြင်းဖြစ်သည်။ ဤဇာတ်ရုံအတွက် အနှောင့်အယှက် ကင်းဝေးစေရန်၊ လူဝင်များစေရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် ဆုတောင်းကြသည်။ ပြောတတ်ဆိုတတ် သူက ဦးဆောင်၍ ကွင်းပိုင်ကြီးကို မြေနေရာအပ်ပြီး စောင့်ရှောက်ပေးရန် တိုင်တည်သည်။

အဘိုး... အဘိုး.. အဘိုး
“တင်ပါတယ်၊ မြှောက်ပါတယ်။ ထမင်းဦး ၊ ဟင်းဦးနဲ့ သောက်စရာများလည်း ပါပါတယ်။ တပည့်လက်သားများနဲ့ စားပါသောက်ပါ။ ဤမြေနေရာကိုလည်း စောင့်ရှောက်ပေးပါ။ အတိုက်အခိုက် ၊ အနှောင့်အယှက်များလည်း ဖယ်ရှားပေးပါ။ ရုံပွင့်ရုံလျှံ လူဝင်မစဲအောင်လည်း မှိုင်းမပါ။ ကူညီပါ။ ”



ဤသည်ကနှစ်ပေါင်းများစွာ လုပ်ခဲ့သည့် ဓလေ့ဖြစ်သည်။ ယုံသည်မယုံသည်ထက် ဝတ္တရားမပျက် ဆက်လုပ်ကြသည့် သဘောမျိုးဖြစ်၏။ ဇာတ်ရုံတိုင်းထိုသို့ တင်မြောက်လေ့ရှိကြပါသည်။ ထိုညကို ကျွန်တော်ပျော်သည်မှာ ကွင်းပိုင်ကြီး စားသောက်ရဖို့ မသေချာသော်လည်း ကျွန်တော်တို့မိသားစုများ ဇာတ်ရုံဆောက်သည့် အဖွဲ့သားများနှင့်အတူ ဇာတ်ရုံအလယ်တွင် ဖျာခင်း၍ တစုတစည်း ပျော်ပျော်ရွှင်ရွှင် စားကြ သောက်ကြရ၍ဖြစ်သည်။

လျှပ်စစ်မီးရသည်နှင့် ဇာတ်ရုံ၏ အလယ်ခွင် ပေငါးဆယ်အကျယ်ကို မြေပြင်ညီအောင် ညှိ၍ ထရံများကို အပြည့်ခင်းကြရတော့သည်။ ညနေကတည်းက ထရံတွေကို ခင်း၍ ညဘက်ရောက်သည်နှင့် မီရောင်အောက်တွင် ထရံများပေါ်၌ စည်းဆွဲရပါသည်။ နံဘေးရှိ မဒမတိုင် တစ်တိုင်ချင်းစီတွင်လေးပေမီးချောင်းများ ထွန်းထားသောကြောင့် တစ်ရုံလုံး လင်းချင်းလို့နေ၏။ ခင်းထားသော ထရံများပေါ်တွင် အစိတ်အကျဲညီညီဖြင့်အလျားနှင့်ဒေါင်လိုက်စည်းများကို ဆွဲလိုက်သည့်အခါ သုံးပေကျော် ပတ်လည်အကျယ်ရှိသည့် အကွက်များ ရလာတော့သည်။ 

ထိုအကွက်များကို 'ဖျာ' ဟုခေါ်သည်။ ပရိတ်သတ်များ ဖျာနေရာဝယ်ကြည့်သည်ဆိုသည်မှာ ထိုအကွက်နေရာများကို ဝယ်ရခြင်းဖြစ်သည်။ ဖျာ နှစ်ချပ်ဆိုလျှင် အကွက် နှစ်ကွက်ဖြစ်သည်။ ဇာတ်စင်နှင့်အနီးဆုံး အရှေ့ဆုံးတန်းကို A အဖြစ်သတ်မှတ်ကာ A1, A2 စသည်ဖြင့် အကွက်များတွင် နံပါတ်ရေး၊ ဒုတိယအတန်းကို B အဖြစ်သတ်မှတ်ကာ B1 , B2 နံပါတ်များ လိုက်ရေးရပါသည်။ Aတန်းမှ F တန်းအထိက တစ်တန်းလျှင် ဖျာ ဆယ့်နှစ်ချပ်ခန့်သာရှိသည်။ ဘယ်ညာနှစ်ဖက်၌ တစ်ဖက်တွင် ခေတ်ပေါ်တေးဂီတဝိုင်းနှင့် အခြားတစ်ဖက်တွင် မြန်မာ့ဆိုင်းဝိုင်းကြီး ရှိသောကြောင့်ဖြစ်သည်။ Fတန်း၏ နောက်ပိုင်းတွင်တော့ တစ်တန်းလျှင် ဖျာ ဆယ့်ခြောက်ကွက် ၊ ဆယ့်ခုနှစ်ကွက်ခန့်ရှိသည်။

ဖျာနေရာများမှာ တော်တော်ရှည်ပါသည်။ A , B , C မှ Z အထိပြီးလျှင် က၊ ခ၊ ဂ၊ င ဆိုပြီး မြန်မာ အက္ခရာဖြင့် စီထားသေးသည်။ ဖျာနေရာကို ဇာတ်ရုံ၏ အလယ်ခွင်တွင် ခင်းထားသလို ဘေးတစ်ဘက် တစ်ချက်နှင့် အနောက်ဘက်တွင်လည်း ပက်လက်ကုလားထိုင်များ ရှိသေးသည်။ အင်္ဂလိပ် အက္ခရာ U ပုံစံဖြင့် ဖျာများကို ဝိုင်းရံထားခြင်းဖြစ်သည်။ အလယ်ခွင်၏ ဘေးနှစ်ဘက်တွင် ပက်လက်ကုလားထိုင်များကို တစ်တန်းလျှင် ခုနှစ်လုံးနှုန်းဖြင့် အတန်းပေါင်းများစွာ စီထားသည်။ ဖျာအကွက်များ၏ နောက်ဆုံးတွင်လည်း တစ်တန်းလျှင် သုံးဆယ့်နှစ်လုံးနှုန်းဖြင့် ငါးတန်းခန့် ရှိနေသည်။

ပွဲတော်စရန် တစ်ရက်ခန့်အလိုတွင် ဇာတ်အဖွဲ့ရောက်လာပါတော့သည်။ ဇာတ်အဖွဲ့ ရောက်လာသည်ကိုမြင်မှ ကျွန်တော်တို့မှာ စိတ်ချမ်းသာရသည်။ ကြေညာထားသလို အချိန်မှီဇာတ်ကနိင်ပြီဆိုပြီး စိတ်အေးရသည်။ ဇာတ်အဖွဲ့ အရောက်နောက်ကျ၍ ပွဲဦးည ဇာတ်မကဖြစ်ဘဲ လက်မှတ်ဖိုး ပြန်အမ်းရသည်များ၊ ပွဲကြည့်ပရိတ်သတ်များကို ဖြေရှင်းရသည့် စိတ်ရှုပ်ဖွယ်ရာ အတွေ့အကြုံများ ကြုံတွေခဲ့ရ၍ ဖြစ်သည်။ ဇာတ်အဖွဲ့ အချိန်မှီ ရောက်လာသော်လည်း ဇာတ်မကဖြစ်သည့် ညများလည်း ရှိခဲ့ဖူးသည်။ အကြောင်းမှာ မိုးရွာ၍ဖြစ်သည်။

မိုးလေကင်းလွတ်သည့် တပို့တွဲလတွင် ပွဲတော်ကျင်းပသော်လည်း တစ်ခါတစ်ရံ ဖျက်မိုးက ဆင်တတ်သည်။ မိုးသားတိမ်လိပ်များညို့လာလျှင် ဇာတ်ကန်ထရိုက်တာတိုင်း၏ ရင်ထဲတွင်လည်း ညို့မှိုင်းလာသည်ဟု ဆိုလျှင်မှားမည်မထင်ပေ။ ထိုအခါ ကန်တော့ပွဲတစ်လုံး အလျင်အမြန်ထိုးကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကို မိုးတားပေးရန် တိုင်တည်ကြရတော့သည်။ ရင်တထိတ်ထိတ်ဖြင့်ကောင်းကင်ကိုသာ မကြာမကြာ
မော့ကြည့်နေရတော့သည်။ ရွာမလို မရွာမလိုဖြင့် မိုးသားများ တဖြေးဖြေး ကင်းစင်သွားသော်လည်း ထိုညမျိုးတွင် ဇာတ်ရုံလူဝင်ပရိတ်သတ် နည်းလှသည်။ မိုးရွာနိင်သည် ထင်၍ ပွဲတော်သို့ ထွက်မလာကြခြင်းကြောင့်ဖြစ်သည်။ ထိုညမျိုးကြုံလျှင်တော့ ဇာတ်ကန်ထရိုက်တာများက တစ်ညတာ စရိတ် မည်မျှရှုံးနိင်မည်ကိုသာ တွက်ကြရတော့သည်။ ဒါက ဖျက်မိုးနှင့် ကြုံသည့် အခြေအနေဖြစ်သည်။

ဇာတ်အဖွဲ့ ရောက်လာသည်နှင့် လိုက်ကာများ မီးဆလိုက်များ၊ ဆောင်းဘောက်များ တပ်ဆင်ကြတော့သည်။ ဆိုင်းဆရာကလည်း ဆိုင်းဝိုင်းကြီးကိုဆင်၊ ခေတ်ပေါ်တီးဝိုင်းကလည်း အသံစမ်း၊ ဇာတ်အဖွဲ့သားများ ကလည်း နေ့ခင်းနေ့လည် ပြဇာတ်တိုက်၊ အကတိုက်ဖြင့် ပွဲတော်၏ အနံ့အသက်က ရင်ထဲသို့ တည့်တည့်ဝင်လာတော့သည်။ ထိုအချိန်ရောက်လျှင်တော့ ဇာတ်ပွဲသွင်းရသည်ကို ပျော်ရွှင်သည့်စိတ်သာ
ဖြစ်လာတော့သည်။ ဈေးဆိုင်များလည်း အသီးသီးရောက်လာကြပြီ၊ ကိုယ့်ဆိုင်ကိုယ် ပြင်ကြဆင်ကြဖြင့်
ပွဲတော်ညများကို ငံ့လင့်နေကြပြီ။ အဆင်သင့်စောင့်ကြိုနေကြသည်။

သနပ်ခါးတုံးဆိုင်များ၊ ကြွေအိုးမြေအိုးအမျိုးမျိုး၊ ကျောက်ပြင်ကျောက်ငရုတ်ဆုံ၊ သင်ဖျုးဖျာ၊ ကလေးကစားစရာ အရုပ်ဆိုင်၊ အဝတ်အစားဆိုင်များ၊ ဖွင့်ကြသည်။ ပြင်ဆင်ကြသည်။
လေဘေးတန်းတွင်လည်း အဝတ်အစားများ ချိတ်ဆွဲထားကြပြီ။ ဒန်အိုးဒန်ခွက်စက်ရုံက တိုက်ရိုက်လာရောင်းသည်။ စောင်စက်ရုံမှ တိုက်ရိုက်လာဖွင့်သည့် ဆိုင်ကလည်း တနံတလျား ရှည်လျားလှသည်။ ကြွေထည်မြေထည်စက်ရုံ၊ ဖန်ချက်စက်ရုံများမှလည်း တိုက်ရိုက်လာရောင်းကြသည်။ ကုသိုလ်ဖြစ်ရေချမ်းစင်၊ တိုင်းရင်းဆေးပေးခန်း၊ ပြန်ကြားရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပွဲတော်လုံခြုံရေးတာဝန်ယူထားသူများ ၊ ရောက်လာကြပြီ။ သတ်မှတ်ထားသည့် ဌာနများတွင် အသင့်ရှိနေကြပြီ။ ပွဲတော်ညများတွင် မူးယစ်ရမ်းကားသူများအတွက်လည်း ယာယီအချုပ်ခန်း ဆောက်ပြီးပြီ။

စားသောက်ဆိုင်မျိုးစုံမှလည်း ဒယ်အိုး မီးတိုက်ကာ မီးဖိုစောင့်နတ်ကို ပသကြပြီ။ အချိုရည်အအေးကဒ်များ ထပ်ထားကြပြီ။ ရေခဲတုံးများ ဖွဲအုပ်ထားကြပြီ။ အကြော်အလှော်ဆိုင်များ၊ ဓါတ်ပုံဆိုင်များ၊ ပြင်ကြဆင်ကြပြီ။ မုန့်သိုင်းခြုံ၊ ရေမုန့်၊ မုန့်လင်မယား၊ ကောက်ညှင်းကျည်တောက်၊ ထမနဲ ၊စသည်များမှ ထွက်လာသော အနံ့များကလည်း ပွဲတော်ကွင်းပြင်ကို လွှမ်းခြုံစပြုလာပြီ။

ဘုရားဆောင်းတန်း တစ်လျှောက်တွင်လည်း ကြွေဗေဒင်ဟောသူ ၊ လက္ခဏာဟောသူ၊ ပန်းချီဆွဲ၍ရောင်းချသူများ နေရာယူကြပြီ။ လမ်းမအလယ်တွင် တုံးလုံးလှဲ၍ လက်အုပ်ချီကာ တောင်းစားသူများ၊ ပတ်တီးပရပွစည်းထားသည့် တောင်းစားသူများလည်း တဖွဲဖွဲရောက်လာကြသည်။ ယခင်နှစ်က ဆိုင်နီးချင်းဖြစ်ခဲ့သူများအချင်းချင်း စကြနောက်ကြဖြင့် ပွဲတော်က အသက်ဝင်လာခဲ့ပါပြီ။ လူတိုင်းလူတိုင်း ဆိုင်တိုင်းဆိုင်တိုင်းက မျှော်လင့်ချက်ကိုယ်စီဖြင့် တက်ကြွနေကြသည်။

ထိုသို့ဖြင့် ပွဲတော်နေ့ကို ရောက်လာ၏။ ပွဲတော်နေ့တွင် မနက်မိုးလင်းကတည်းက ကိုယ်စီကိုယ်စီ အလုပ်များနေကြတော့သည်။ မေမေနှင့် အစ်မများက အုန်း ငှက်ပျောနှင့် ကန်တော့ပွဲမျိုးစုံထိုးကြသည်။ ဆိုင်ရာနတ်များကို လက်ဖက်ပွဲများ၊ အအေးပုလင်းများ ဆက်သကြသည်။ ကျွန်တော်တို့ ညီအကိုက ဂျစ်ကားဒါမှမဟုတ် ဟိုင်းလပ်ကား၏ ဘေးတစ်ဖက်စီတွင် ဇာတ်ကြော်ငြာ ဆိုင်းဘုတ်ကြီးကိုချိတ် ၊ အသံချဲ့စက်ကို ကားအမိုးပေါ်တပ်၍ တစ်မြို့လုံးအနှံ့ကြော်ငြာ ထွက်ကြရသည်။

ကားခေါင်မိုးပေါ်ရှိ အသံချဲ့စက်မှ ကျွန်တော်တို့ငှားထားသည့် ဇာတ်အဖွဲ့၏ နှစ်ပါးသွားသီချင်းဖွင့်ကာ မြို့အနှံ့ ကြော်ငြာလှည့်ကြသည်။ ဇာတ်အဖွဲ့တိုင်းတွင် သူတို့ကိုယ်ပိုင် ဇာတ်သီချင်းများ ရှိကြသည်။ ယခုထိ မှတ်မိနေသေးသည့် ဇာတ်သီချင်း တပိုင်းတစ်စလေးတွေရှိသည်။

“ဇာတ်မင်းသားလေး..သိန်းဇော်..သိန်းဇော်...တိုင်းပြည်ကမျှော်” ဒါက ဇာတ်မင်းသား သိန်းဇော်ရဲ့ နာမည်ကျော် ဇာတ်သီချင်း။
“ အဖေရယ်..အမေရယ်..အဖိုးရယ်..အဖွားရယ် မိုးမိုးလေးကို အားပေးကြပါတယ်”
ဒါက မိုးဝင်း ဇာတ်အဖွဲ့သီချင်းလား တင်မိုးဝင်းဇာတ်အဖွဲ့သီချင်းလားမမှတ်မိ။
“ အို....ဒေဝစ္ဆရာ ရွှေနတ်ကညာ လှပုံတို့ ပေါင်းကာစုဝေး ”ထိုသို့တပိုင်းတစ
“ ဒိုင်ဗင်ထိုးလို့ ဆင်းပစ်လိုက်မယ် လူတွေကြားထဲ ပွဲခင်းထဲဝယ် ချောဒေဝီမမဖုရားရယ်”
ရွှေမန်းဇာတ်အဖွဲ့ ငှားဖြစ်လျှင် ရွှေမန်းဦးတင်မောင်၏ ဇာတ်သီချင်းများ ပျံ့လွင့်နေတော့သည်။


ထိုသို့ ငှားထားသည့် ဇာတ်အဖွဲ့၏ ကိုယ်ပိုင်ဇာတ်သီချင်းများဖွင့်ရသည်။ သည်အချိန်မှာ ထိုသီချင်းများ ပြန်တွေးကာရွတ်ကြည့်ရသည်ကို အနည်းငယ် ပြုံးမိသေးသည်။ မြို့အနှံ့ ကြော်ငြာလှည့်လျှင် လက်ကမ်းကြော်ငြာစာရွက်များ အထုပ်လိုက် ထည့်လာရသည်။ လက်တစ်ထွာခန့် အရွယ်  ကြော်ငြာစာရွက်များ ဖြစ်သည်။ ဇာတ်မင်းသားပုံ၊ မင်းသမီး ၊လူရွှင်တော် စသည်ဖြင့် ကိုယ်စီကိုယ်စီ ဂိုက်ပေးကြမ်းထားသော ပုံများရိုက်နှိပ်ထားသည့် ကြော်ငြာစာရွက်များ ဖြစ်သည်။ ကြော်ငြာကားသွားရာ လမ်းတစ်လျှောက် လမ်းကမ်းကြော်ငြာစာရွက်များ ကျဲချလိုက်လျှင် ကလေး ၊ လူကြီး ယောကျာ်း ၊ မိန်းမ အကုန်ပြေး၍လိုက်ကောက်ကြတော့သည်။ လမ်းဆုံ၊ လမ်းခွ၊ သို့မဟုတ် ရပ်ကွက်ထိပ်၊ ရွာထိပ်များ ရောက်သည်နှင့် ကြော်ငြာကား ရပ်လိုက်သည်။ ထိုသို့ ကားရပ်သည်နှင့် ကြော်ငြာမင်းသာ ကိုလှမြင့်၏ အခန်းကဏ္ဍသို့ ရောက်ပါပြီ။

ကိုလှမြင့်က ဖေဖေဇာတ်ပွဲသွင်းတိုင်း ကြော်ငြာ တာဝန်ခံ ဖြစ်သည်။ ယခုခေတ်စကားဖြင့် ပြောရလျှင် သူ့တော်ကီ စကားပြောပုံကလည်း တော်တော်လန်းပါသည်။ ကြော်ငြာကားရပ်၊ ဇာတ်သီချင်းကို တိုးပြီးလျှင် မိုက်ကိုင်ကာ သူ၏တော်ကီများကို စလွှတ်ပါတော့သည်။ မနက်ပိုင်း ကြော်ငြာကား လှည့်တော့မည်ဆိုလျှင် ဇာတ်အဖွဲ့မန်နေဂျာထံ ယနေ့ည က မည့် ဇာတ်အစီအစဉ်စာရွက် သွားတောင်းရပါသည်။ ထိုအစီအစဉ်ကို ဖတ်ပြီး ကိုလှမြင့်က အစုံပြောတော့သည်။

“ယနေ့ည ရုံတော်မင်္ဂလာ အမှတ် ၁ မှာဆိုရင်ဖြင့် စိန်မာဒင်သား နိုင်ငံခြားပြန်မိုးမင်းဇာတ်သဘင်အဖွဲ့ကြီး ကပြဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။ ဒီညမှာ တင်ဆက်မယ့် အစီအစဉ်တွေကို တင်ပြရရင်ဖြင့် ပဏာမဦးစွာ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာမပြတ် ဘုရားကန်တော့ခန်းပဲ ဖြစ်ပါတယ်။ ဘုရားကန်တော့ခန်း ပြီးသွားပြန်တော့ ရေအိုးစင်လို့ အမည်ရတဲ့ အော်ပရာကဏ္ဍကို တင်ဆက်မှာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ချစ်စဖွယ် ဓလေ့စရိုက်တွေကို အပီအပြင် ဖော်ကျူးထားတဲ့ အော်ပရာကဏ္ဍ ဖြစ်ပါတယ်။

“အော်ပရာကဏ္ဍပြီးသွားပြန်တော့ မြန်မာသံ တေးဂီတနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဇာတ်မင်းသား မိုးမင်းရဲ့ နာမည်ကျော် စတိတ်ရှိုးကဏ္ဍဖြစ်ပါတယ်။ ပရိတ်သတ်ကြား ရေပန်းစားတဲ့ ကိုယ်ပျောက်စတိတ်ရှိုး ကိုအားပါးတရ ရှုစားရမှာ ဖြစ်ပါတယ်။ ဇာတ်စင်ပေါ်မှာ သီချင်းဆိုနေရင်း ပရိတ်သတ်ကြားထဲ ရောက်လာမယ့် ကိုယ်ပျောက်စတိတ်ရှိုးပါ။ ဟုတ်ကဲ့.. ရုံတော်မင်္ဂလာ အမှတ် ၁ မှာ ဖြစ်ပါတယ်။ နောက်ကျရင် အပေါက်ဝက လှည့်ပြန်မသွားရစေဖို့ ဖျာနေရာကောင်း၊ ကုလားထိုင် နေရာကောင်းများကို စောစီးစွာ အပြေးအလွှား သွားရောက်ဝယ်ယူထားကြမှ စိတ်ချရမှာပါ။”

ထိုခေတ်တွင် နိုင်ငံခြားမှပြန်လာလျှင် နာမည်အရှေ့တွင် တကူးတက ဂုဏ်ပုဒ်တပ်ကြသည့်
ခေတ်ဖြစ်သည်။ နိုင်ငံခြားပြန်မိုးမင်းဇာတ်အဖွဲ့ ၊ ဆိုဗီယက်ပြန်အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ စသည့် ဂုဏ်ပုဒ် ကိုယ်စီဖြင့် ဖြစ်သည်။ (မိုးမင်း၏ ကိုယ်ပျောက်စတိတ်ရှိုး အကြောင်းကိုတော့ ပွဲတော်ညများပို့စ်တွင် ရေးသားပါမည်။) ကြော်ငြာကား ရပ်လိုက်သည်နှင့် ကြော်ငြာစာရွက်တောင်းသူများ
ရောက်လာကြသည် ကျွန်တော်တို့ကလည်း လက်ကမ်းကြော်ငြာ စာရွက်များ ကမ်းပေးကြရသည်။ ကိုလှမြင့်က အညွှန်းကောင်းကောင်းဖြင့် ဆက်ညွှန်းပြန်သည်။

“မိဘပြည်သူများရဲ့ ဘဝအမောတွေကို အပန်းတော်ပြေစေဖို့ မပြုံးဘဲနဲ့ ဝါးလုံးကွဲရယ်မောကြရမယ့် ဟာသ တခန်းရပ်ကတော့ “ရုက္ခစိုးပေးတဲ့ဖူးစာ” ပါတဲ့ဗျာ။ စလယ်ဆုံး အတောမသတ် အမောကျပ် လျှာလေဖြတ် သွားအအေးပတ်လောက်အောင် ရီကြရမယ့် ဟာသတခန်းရပ်ဖြစ်ပါတယ်။ ဟာသတခန်းရပ် ပြီးသွာပြန်ရင်တော့ နာမည်ကျော် ပြဇာတ်နဲ့ ကပြအသုံးတော်ခံပြန်ပါအုံးမယ်။ ပြဇာတ်နာမည်က (ထိုနေရာမှာ ကိုလှမြင့်က အသံမြှင့်၍ သုံးခါအော်သည်။) “ဒုက္ခပျားရည်” “ဒုက္ခပျားရည်” “ဒုက္ခပျားရည်”

“ဒုက္ခတရားက ပျားရည်လိုချိုတာလား၊ ပျားရည်လိုချိုသကာကပဲ ဒုက္ခဖြစ်စေခဲ့လေသလား.... ဟုတ်ကဲ့ ရုံတော်မင်္ဂလာ အမှတ် ၁ ကို အချိန်မှီသာကြွလှမ်း အကဲဖြတ် လှည့်ပါ။ ဖျာနေရာကောင်း ကုလာထိုင်နေရာကောင်းများ ကျန်ရှိနေပါသေးတယ်။ ဘဝရဲ့ အတက်အကျ လောကဓံကို ပရိတ်သတ်များ ဘဝင်ခိုက်အောင် ဖျော်ဖြေမယ့် ဒုက္ခပျားရည် ပြဇာတ်ကဏ္ဍ ပြီးသွားပြန်တော့ အနုအရွ အကအလှများနဲ့ ဖျော်ဖြေတင်ဆက်အုံးမှာက အများရွှင်မယ့် နှစ်ပါးခွင်ပါ။ ”

“သူနိင်ကိုယ်နိင် အပြိုင်ကျဲရင်း မလိမ်မညာစတမ်း၊ အဖြီးအဖြန်းမပါဘဲ ပရိတ်သတ်ကြီးအတွက် ရင်နှစ်ခြမ်းဗျန်းဗျန်းကွဲသွားပါစေ မမောမပမ်း ကပြအသုံးတော်ခံပေးမှာက အများရွှင်မယ့်
နှစ်ပါးခွင်ဖြစ်ပါတယ်။ ဟေ့...နှစ်ပါးသွားပြီးရင် လိုက်ကာချ မီးပိတ်မှာလား လို့ မေးသူများအတွက် ပြန်ဖြေပါ့မယ်။ (အမှန်က မည်သူမှ မမေးပါ။ သူ့ဘာသာမေး၍ ဖြေခြင်းဖြစ်သည်။)
နှစ်ပါးသွားပြီးရင်လည်း ဇာတ်ပွဲမပြီးသေးပါဘူးခင်ဗျာ။ ကျန်ပါသေးတယ်။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မှာက ရေငံတရိုး အပိုင်စိုးတဲ့ ရေငံပိုင်ဦးရှင်ကြီး ဇာတ်ထုပ်ဖြစ်ပါတယ်။ အပြော အဆို အငို အဖွဲ့ များနဲ့မိုးစင်စင်လင်းတဲ့အထိ ဖျော်ဖြေမယ့် ရေငံပိုင်ဦးရှင်ကြီး ဇာတ်ထုပ်ဖြစ်ပါတယ်။ တစ်ဘဝတာ စိတ်နွမ်းကြေသမျှ တစ်ညတာ အပန်းပြေစေဖို့အတွက် ရုံတော်မင်္ဂလာကြီးကို စောစီးစွာ ကြွရောက်ပြီး ဖျာနေရာကောင်းများ ကုလားထိုင်နေရာကောင်းများကို ကြိုတင်ဝယ်ထားကြဖို့ သတင်းကောင်းပါးအပ်ပါတယ်။”

ထိုသို့ အထွန့်အကွန့်များဖြင့် အာဇ္ဇဝန်း ရွှင်ရွှင် ကြော်ငြာတော့သည်။ ဇာတ်ပွဲ အစီအစဉ်မှာ တစ်ညနှင့်တစ်ည မတူသောကြောင့် ပွဲတော်ရက်တွင် နေ့တိုင်း ကြော်ငြာကား ထွက်ရသည်။ ဇာတ်ရုံ၏ အဝင်ဝတွင်လည်း ဘလက်ဘုတ်ထောင်၍ တစ်ညတာ အစီအစဉ်များကို ရေးထားရသည်။ ပွဲတော်ရက်တွင် ပွဲဈေးတန်း၌ မနက်ခင်း ကတည်းက စည်ကားနေ၏။ ယခုညအတွက် ကြည့်မည့် ဇာတ်အဖွဲ့ကို သူငယ်ချင်းများ၊ မိသားစုများ တိုင်ပင်ကာ ဆုံးဖြတ်ပြီးလျှင် သက်ဆိုင်ရာ ဇာတ်ရုံတွင် ဖျာလက်မှတ်များကို နေ့ခင်းကတည်းက သွားဝယ်ထားကြတော့သည်။

ဖျာလက်မှတ် ကုလားထိုင်လက်မှာများ ရောင်းပုံမှာ ပွဲခင်းထဲမှ ဖျာခင်းထားသကဲ့သို့ A4 စာရွက်တွင် ပုံစံတူအကွက်များကို နံပါတ်တပ်ကာ ရေးဆွဲထားခြင်းဖြစ်သည်။ ရောင်းပြီးသည့် နေရာများကို ကြက်ခြေခတ် အမှတ်ခြစ်ထားရသည်။ တချို့ဇာတ်ပွဲကြိုက်သူများကတော့ ပွဲတော်မစခင် ဆယ်ရက်ခန့် အလိုကတည်းက ဖျာလက်မှတ်များကို ပွဲတော်ညတိုင်းအတွက် ကြိုတင်ဝယ်ထားကြသည်။ ထိုသူများသည် ဇာတ်တစ်ဖွဲ့ထဲကိုသာ အစွဲထား၍ ညစဉ် အားပေးကြခြင်းဖြစ်သည်။

ပွဲတော်ညများရောက်လျှင် ကျွန်တော်က ဈေးဆိုင်သမားများထက် ပို၍ပျော်မည်ထင်သည်။ လွန်ခဲ့သည့် တစ်လခန့်မှစ၍ ဤနေ့ရောက်သည်အထိ သည်ကွင်းပြင်ထဲတွင်သာ အချိန်ကုန်ခဲ့ရသည်။ လူသူမရှိသည့် ကွင်းပြင်အနေအထားမှသည် ဆိုင်ခန်းများ စီစီရီရီ၊ ပွဲတော်လာသူ တရုန်းရုန်း ၊ လျှပ်စစ်မီးရောင်တထိန်ထိန်၊ အသံချဲ့စက်သံ တညံညံဖြစ်လာသည်အထိ ဖြတ်သန်းလာခဲ့ရသောကြောင့် လူငယ်စိတ်ဖြင့် ပျော်မိသည် ထင်ပါသည်။

ဇာတ်ရုံ၏ မျက်နှာစာ အလယ်နေရာတွင် ခြောက်ပေခန့်အကျယ်ရှိသော အပေါက်ကို နှစ်ပေခန့်စီ ဝါးတန်းများစိုက်၍ လူဝင်ပေါက် သုံးပေါက်ဖွင့်ထားရသည်။ ဇာတ်ရုံထဲသို့ ဝင်ထွက်ရန် အသုံးပြုသည့် ရုံဝင်ပေါက်ဖြစ်သည်။ ဇာတ်ရုံ၏ အဝင်ဝ ဘယ်ညာ နှစ်ဖက်တွင် အခန်း နှစ်ခန်းဖွဲ့ထားရသည်။ တစ်ခန်းမှာ ထမင်း ၊ဟင်း ချက်ရန်နှင့် ထမင်းစားခန်းဖြစ်သည်။ တစ်ဘက်အခန်းမှာ ဘုရားစင် ရှိသည့် ရုံဝင်လက်မှတ်ရောင်းသည့် အခန်းဖြစ်သည်။ ထိုအခန်းကို သပ်သပ်ရပ်ရပ်ထား၍ ကန်တော့ပွဲများလည်း အစီအရီထိုးထားသည်။ ရုံအပြင်ရှိပွဲကြည့်မည့်သူများမှ ရုံဝင်လက်မှတ်ဝယ်ရန်အတွက် ထိုအခန်း၏ထရံကို တစ်ထွာပတ်လည် အပေါက်နှစ်ပေါက် ဖောက်ထားရသည်။ ဇာတ်ပွဲကြည့်ရန်အတွက် ဖျာနေရာသို့မဟုတ် ကုလားထိုင်နေရာ ဝယ်ရုံဖြင့် မပြည့်စုံသေးပါ။ ရုံဝင်လက်မှတ် ထပ်ဝယ်ရသေးသည်။ လူကြီးတစ်ဈေးနှုန်း၊ ကလေးတစ်ဈေးနှုန်းဖြစ်သည်။

ကြော်ငြာကားလှည့်ရာက ပြန်ရောက်လျှင် ဖျာလက်မှတ် ကုလားထိုင်လက်မှတ်ရောင်းသည့် နေရာတွင် ထိုင်ရောင်း၊ ရုံပတ်လည်ကို ကာထားသည့် ထရံများ နှီးချက် ပြုတ် မပြုတ်စစ်ဆေး၊ အထွေထွေ ကိစ္စများ လုပ်ဆောင်ရင်း ညနေသို့ ရောက်လာတော့သည်။ ရုံထဲသို့လည်း လူအဝင်အထွက် တဖြေးဖြေးများလာသည်။ ဖုန်မှုန့်များလည်း လေထဲလွင့်လျက်ဖြစ်သည်။ ကြည့်လေရာ မြင်ကွင်းတိုင်းက လှုပ်ရှားတက်ကြွ  
နေတော့သည်။

ဇာတ်ရုံ၏ အဝင်ဝအပေါ်ဘက်တွင် ပေ လေးဆယ်ခန့် အကျယ်ရှိသည့် ဇာတ်အဖွဲ့ ဆိုင်းဘုတ်ကြီးကိုလည်း ချိတ်ထားသည်။ အဝေးက ကြည့်လျှင်တောင် ဇာတ်မင်းသားဝတ်စုံ ၊ ခေတ်ပေါ်ဒီဇိုင်းများဖြင့် ဇာတ်မင်းသား ပုံတူပန်းချီကို မြင်ရမည်။ ယခုခေတ်တွင်တော့ ဗီနိုင်းပိုစတာကြီးများ ဖြစ်ကုန်ပြီ။ ကျွန်တော်တို့ကတော့ ထို ဆိုင်းဘုတ်ကြီးကို ဂိတ်ရှိုး(gate show) ဟုခေါ်သည်။ ညနေ နေစောင်းသည်နှင့် ဂိတ်ရှိုးဘေးတွင် တက်ချိတ်ထားသော အသံချဲ့စက်အော်လံကြီးမှဇာတ်သီချင်းများ ဖွင့်တော့သည်။ ထိုသီချင်းသံများကို ကျွန်တော့်စိတ်ထဲ ထင်မြင်မိသည်မှာ ယနေ့ညကို ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်ခြင်းဟု မှတ်ယူခံစားမိပါသည်။ ရုံတိုင်းမှလည်း အသံချဲ့စက်များဖွင့်ကြ၊ စားသောက်ဆိုင်များမှလည်း သီချင်းများဖွင့်ကြဖြင့် ဆူညံခြင်းနှင့် လှုပ်ရှားမှုများ တစစတိုးလာရင်း ညအချိန်ကို ချဉ်းနင်းဝင်ရောက်သွားပါတော့သည်။

ဤသည်မှာ ပွဲဈေးလျှောက်သူ ပွဲတော်လာသူများ မြင်ကြရသည့် မီးရောင်စုံနှင့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်ညဖြစ်သည်။ ပွဲတော်ညသို့သွားရာလမ်းကို ကျွန်တော် မှတ်မိသမျှ ပြန်လည်ပုံဖော်ခြင်းဖြစ်သည်။ မှတ်တမ်းတစ်ခုလို ကျန်နေစေချင်သည့်စိတ်ဖြင့် အသေးစိတ်ရေးသားဖော်ပြခြင်းဖြစ်သည်။ ပွဲတော်ညသို့သွားရာလမ်း၏ လှုပ်ရှားမှုများကို လှိုင်းကြက်ခွပ်လေးများ လှုပ်သကဲ့ဟု တင်စားလျှင် ပွဲတော်ညများကိုတော့ လှိုင်းလုံးကြီးများဟု တင်စားကာမှ သင့်တော်ပေမည်။ ထိုကဲ့သို့ လှိုင်းလုံးကြီးများအား မည်သို့မည်ပုံဖြတ်ကျော်ရသည်ကို “ပွဲတော်ညများ” ခေါင်းစဉ်ဖြင့် မကြာခင် ထပ်မံရေးသားပါအုံးမည်။

။...........................................................................။

ပွဲတော်ညသို့သွားရာလမ်း အပိုင်း(၁) ဖတ်ရန်

24 comments:

Angelhlaing(May everybody be happy and healthy! said...

ပွဲတော်တစ်ခု ဖြစ်မြောက်ဖို့အတွက် ဘက်စုံထောင့်စုံက စီစဉ်ရတာ မလွယ်ကူပါလားနော်....
ကျေးဇူးပါအကို..ဗဟုသုတလေးတွေ မျှဝေပေးလို့..
ကောင်းသောနေ့လေး ဖြစ်ပါစေအကို။

အနော် said...

ပွဲတော်ကို သွားတဲ့သူအနေနဲ့ကတော့ ပွဲသားကြော့ကြော့ ပွဲပြန်မော့မော့ဆိုပေမဲ့ ပွဲတော်ကိုခင်းကျင်းရတဲ့သူတွေရဲ့ အမောတွေ အခင်းအကျင်းတွေ အစီအစဉ်တွေ ဒါတွေကို သိရတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုမြစ်ကျိုးအင်းရေ.. ပန်းပင်လေးတွေကြားထဲမှာ ရေးထားတဲ့စာမို့လား မသိဘူး.. စာထဲမှာကိုက အားထုတ်မှုတွေ သေချာသပ်ရပ်မှုတွေနဲ့ စေတနာတွေကိုပါ ဖတ်လိုက်ရတယ် .. ကျေးဇူး

ညိမ်းနိုင် said...

ဇာတိမြို့က ဘုရားပွဲကိုလွမ်းသွားတယ်...ဇာတ်ဆရာရေ....။

လရိပ်အိမ် said...

ကိုယ်ပျောက်စတိတ်ရှိုးဆိုတော့ နောက်ကွယ်ကနေပြတဲ့ဇာတ်ထင်တယ်နော်။ ပွဲဈေးလျှောက်တာတော့ဝါသနာပါ၏။

တောက်ပကြယ်စင် said...

ဒကာတော် ကိုမြစ်ရဲ့အရေးအသားတွေက လန်းတယ်ဗျာ...ကိုလှမြင့်တို့ ကြော်ငြာတဲ့အသံတွေကို နားထဲ အဲကိုးသံလေးနဲ့ ကြားယောင်နေသလိုပဲ...ကျန်းမာပျော်ရွှင်ပါစေ...

ညီမလေး said...

မြန်မာပြည်က ပွဲခင်းထဲကို ပြန်ရောက်သွားရသလိုပဲ ... ။
သိစေလိုတဲ့ စေတနာတွေကြောင့် ထင်တယ် ဖတ်လို့သိပ်ကောင်းတယ် ။

PhyoPhyo said...

ပျဉ်းမနားတပေါင်းပွဲခင်း ကိုသတိရသွားတယ်၊ ပွဲခင်းအရသာကို ပေါ်အောင်ရေးတတ်လိုက်တာ။
အဖေက ပွဲဈေးလျှောက်ရတာ ၀ါသနာပါတယ်။

ညယံ said...

ပွဲတော်တစ်ခုဖြစ်မြောက်ဖို့  အစပျိုးရတာလည်း မလွယ်ဘူးနော် ။ ကိုယ်တွေ ငယ်ငယ်တုန်းက ပွဲဈေးတန်းတွေ ၊ ဇာတ်ပွဲတွေ သွားဖူး၊ ကြည့်ဖူးတယ်။ ကိုယ်ကြည့်တာကလည်း အားလုံးပြင်ဆင်ပြီးသား အဆင့်သင့် ကြည့်ရတာဆိုတော့ ခုလိုမျိုး အစပျိုးလှုပ်ရှားမှုတွေ မသိရဘူး။ ဖတ်ရတာ ဗဟုသုတလည်း ရတယ်။ ငယ်ငယ်တုန်းက ပွဲဈေးလျှောက်ရတာတွေကိုလည်း သတိရမိတယ်။

နေ၀ဿန် said...

ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ပြဇာတ်တွေကို နှစ်နှစ်ကာကာ သဘောကျ ကြည့်ရှုကြတယ်..။ အင်္ဂလန်တို့လိုနိုင်ငံမျိုးတွေမှာ ယနေ့ထက်ထိ ဇာတ်ရုံတွေဟာ နာမည်ကြီးနေဆဲပါပဲ..။ မြန်မာပြည်မှာလည်း ဒီလိုမျိုးဖြစ်စေချင်လိုက်တာ..။ အခုတော့ ဇာတ်ဆိုတာနဲ့ ရွာသားတွေပဲ ကြိုက်တာ ဘာညာနဲ့ ပြောဆိုသံတွေကြားရတတ်တယ်..။ တကယ်တော့ ဒီလိုဇာတ်တွေက ပွဲတွေမှာမှမဟုတ်ပဲ အမျိုးသားပြဇာတ်ရုံတွေလို ပုံမှန်တင်ဆက်နိုင်တဲ့ အခြေအနေအထိ ရောက်သင့်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်သန်လျင်မှာ အဆောင်တစ်ခါနေတုန်းကတော့ ကျိုက်ခေါက်ဘုရားပွဲကို ညဘက်လည်ဖူးသေးတယ်..။ နောက်နှစ်တွေတော့ နေ့ဘက်ပိုင်းပဲ လည်ဖူးခဲ့တယ်..။ ကိုမြစ်ကျိုးအင်းပြောသလို အဲဒီ လွင်တီးခေါင်ပြင်နေရာက နေအတော်ပူပါတယ်..။ ဘုရားပွဲကလည်း အတော်ကို ကြီးကျယ်တယ်ဆိုရမယ်..။ နောင်ကြုံရင်တော့ ကိုမြစ်တို့သွင်းတဲ့ ဇာတ်ကို ၀င်ကြည့်ပါဦးမယ်..။း)

ခင်မင်လျက်
နေ၀ဿန်

Anonymous said...

I like www.myitkyoeinn.com , bookmarked for future reference

[url=http://www.buzzfeed.com/bookie/legal-steroids-prohormones-bodybuilding-supple-39dn]legal steroids[/url]

မိုးခါး said...

ကိုယ်တွေ့ မရှိတော့ မြင်ယောင်ရင်းပဲ ဖတ်နေတာ ..း) ဟိုလူကြီး အတော် ကြော်ငြာကောင်းတာပဲ .. :D

...အလင်းစက်များ said...

အုန်းမုတ်စိန်တို့  အုန်းလက်စိန်တို့  ရှိပါသေးသဗျ... အဲ့သည်မင်းသားတွေမှာ သေတ္တာပေါ် တက်ပြီးကတဲ့ အက ဆိုတာ နာမည်ကြီးတယ်ဆိုရမယ်...။ တစ်ရက်တော့ မင်းသားက သေတ္တာပေါ် ခုန်တက်လိုက်တာ အပေါ်က အသံဖမ်းမိုက်နဲ့  ခိုက်မိလို့  မူးဝေသွားရက်က သူ့ အခန်းပြီးအောင် ကြိုးစား အားတင်းပြီး ကသွားတာ အမှတ်ရသေးတယ်...။ သေတ္တာပေါ်က ဆင်းမှ ယိုင်နဲ့  နဲ့  ဖြစ်နေလို့  လူရွှင်တော်တစ်ယောက်က ဖေးမရတယ်။

ရုံဝင်ခ လက်မှတ်မှာ ကလေး လူကြီးခွဲထားတော့၊ ကျနော်က ကလေးပေမယ့် အရပ်ရှည်တဲ့အခါ ကလေးလက်မှတ်ရအောင် ဘောင်းဘီတိုလေး ၀တ်ပြီး ၀င်ခဲ့ဖူးသေး ကိုမြစ်ရေ.....။ ဒါမယ့် အရပ်ရှည်တာကြောင့် ဘယ်သူမှ ကလေးမထင်လို့  လူကြီးလတ်မှတ်ပြောင်းဝယ်လိုက်ရပါသေးဗျာ။ ပုဆိုးလေးကိုတော့ အိတ်နဲ့ ထည့်ပြီး အထဲမှာ ကျမှ ပြန်ဝတ်မယ်ပေါ့။ ဟိဟိ.. တွေးရင်း ပြန်ရယ်ချင်လာတယ်။

ပွဲခင်းထဲမှာစိတ်အ၀င်စားဆုံး အရာပြပါဆိုရင်တော့ ကလေးမျက်စိနဲ့  ကြည့်ပြီး ချား (ရဟတ်) လို့  ပဲ ပြောမိမှာသေချာပါတယ်ဗျား။။။။။။။။။။။။

sosegado said...

၁ ရော ၂ ရော ဖတ်ပြီး သတိရသွားတယ်၊ အဲဒီကပွဲတော် တညကို၊

ခနွဲ said...

အသေးစိတ် ရေးတက်တယ်ဗျာ။ ကွင်းကွင်းကွက်ကွက် ပုံဖော်တက်တယ်။ ကျွန်တော်မသိတာတွေ လည်း သိရတဲ့ အတွက် ကျေးဇူးပါ။ နောက်လာမယ့် ခေါင်းစဉ်ကိုလည်း မျှော်နေကြောင်းပါခင်ဗျ

ချော(အစိမ်းရောင်လွင်ပြင်) said...

ပွဲခင်းထဲ လာလျှောက်ကြည့်သွားတယ်
ပွဲမကသေးလို့ ပြန်သွားပြီ။
နှစ်ပါးသွားနဲ့ နောက်ပိုင်းဇာတ်ပါကြည့်မလို့ မိုးအလင်းကြည့်နိုင်အောင် လက်ဖက်သုပ်ပြီး ယူလာခဲ့တယ်။
ရှေ့ဆုံးက ဖျာလက်မှတ်တစ်စောင်ချန်ထားဟေ့း)

ငြိမ်းအေး said...

ပွဲကြော်ညာကိုတော့သဘောကျတယ်ဗျာ.
ကွင်းကွင်းကွက်ကွက်မို့ပွဲခင်းထဲရောက်သွားသလိုကို မြင်ယောင်မိတယ်. ပွဲညအကြောင်းလေးဆက်ရေးပါအုံး.

မောင်မျိုး said...

ကျနော်ကတော့ ရွာမှာ ဇတ်ပွဲလုပ်ရင် ဌာနဆိုင်ရာ ရပ်ကွက်လူကြီးကနေ မြို့နယ် လူကြီးအထိ ပွဲလတ်မှတ် လက်ဆောင်ပေးရတာတွေကို ဇတ်သွင်းတဲ့သူတွေ ညည်းကြတာပဲ မြင်ယောင်နေမိတော့တယ်း)

ရွှေပြည်သူ said...

ငယ်ငယ်တုန်းက ဘိုးဘွားတွေရဲ့ ဇာတိကို နှစ်စဉ်ပြန်တိုင်း မပျက်မကွက် နှစ်နှစ်ခြိုက်ခြိုက် အမြဲကြည့်ဖြစ်ခဲ့တဲ့ ဇာတ်ပွဲတွေကို ပြန်မြင်ယောင်လာမိတယ်။ ဇာတ်ပွဲတစ်ပွဲ ဖြစ်မြောက်ဖို့ စီစဉ်သူတွေရဲ့ နေရာကို အခုမှပဲ စဉ်းစားမိသလို အသေးစိတ်ဖတ်ရလို့ ကျေးဇူးတကယ်ကို တင်မိပါတယ်။ ဇာတ်ရုံဆောက်ပုံကလည်း တကယ်ကို စိတ်ဝင်စားစရာပါပဲ...။ အတွေ့အကြုံရှိသူတိုင်း ဒီလိုချရေးနိုင်တာ မဟုတ်တော့ သုတအပြည့်ပေးတဲ့ ဒီပို့စ်တွေက သိပ်အဖိုးတန်ပါတယ်။

(စာကောင်းတွေ ရေးထွက်နိုင်တဲ့အားကို အားလည်းကျ အားလည်းရမိပါတယ် ကိုမြစ်ကျိုးအင်းရေ)

စော(အဝါရောင်မြေ) said...

ကျတော် လာဖတ်တာ တော်တော် နောက်ကြနေပြီ။
မြန်မာပြည်က ပွဲးတော် အတိုင်း ကွက်ကွက် ကွင်းကွင်း ရှိလိုက်တာ။ ကလေးတွေ ခြားစီးပြီ၊ လူငယ်တွေ ရဟတ်စီးတာတွေ ပူစီဖောင်သည်တွေ အရုပ်လုပ်ရောင်းတာလေးတွေ ပါရင် ပိုပြည့်စုံသွားပြီ။
ပွဲးထဲမှာ လိမ္မော်သီး ပစ်ပေးတာတွေတောင် မြင်လာပြီ။ ပွဲးကြည့်ရင်း အာလပ်ချိန် အိမ်သာ တက်ရတဲ့ ဒုက္ခကတော့ ပွဲးကြည့်သူတွေရဲ့  အကြီးဆုံး ဒုက္ခပဲ ထင်ပါရဲ့ ။
ဟီး မြင်ရောင်လိုက်မိသေး။ ဝေါ့
:D

ဆွေလေးမွန် said...

ကိုမြစ်ရေ မတွေ့တာကြာပေါ့
ဇာတ်ပွဲသွင်းပုံ ဇာတ်ရုံဆောက်တာ ပြီးတော့ ကြော်ငြာ စကားလုံးတွေ ကို သေးစိတ် ရေးထားတာတွေကိုဖတ်ရတာ ကိုယ်ကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်နေရသလိုပါပဲ။
ဗဟုသုတလဲရ ရသလဲပေးနဲ့.

မေသိမ့်သိမ့်ကျော် said...

ဇာတ်ပွဲထဲမှာ မိုးမင်းပွဲပဲ ကြည့်ဖူးတယ်။ နောက်ဆုံးညမှာ မင်းသားက အသံတောင်ပြာတယ် စတိတ်ရှိုးဆိုတာလေ။ ဇာတ်ထဲလည်း တန်ကြေးနဲ့ ကိုယ်လုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှုနဲ့ အတတ်နိုင်ဆုံးကြိုးစားထားတာလေးတွေတွေ့ရပါတယ်။

ကိုမြစ်ရေးတာလေးဖတ်ပြီး မျက်စေ့ထဲ တရေးရေး ပိုမြင်သွားကြောင်းပါ...

ခင်မင်လေးစားလျက်

Nyi Linn Thit said...

ပွဲကို အပေါ်ယံပဲ ကြည့်ဖူးလို့ အခုလို စီစဉ်ရတာတွေ ဖတ်ရတာ တကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ပြောရရင် ရှားတောင့်ရှားပါး အတွေ့အကြုံမို့ အခုလို အသေးစိတ် မျှဝေပေးတာ ကျေးဇူးပါဗျာ၊ အခုတော့ ပူပြင်းခြောက်သွေ့တဲ့ လွင်တီးခေါင်ကနေ ဖုန်တလုံးလုံး နဲ့ သီချင်းသံတွေ အပြိုင်ဆူညံနေတဲ့ ညခင်းဆီ ရောက်လာခဲ့ပြီ၊ တဖြည်းဖြည့် နက်လာမယ့် ပွဲတော်ညများ ကိုလည်း အချိန်ရရင် ဆက်ပါဦး...။

ချစ်ခြင်းအလင်္ကာ said...

i like this post bro...............

အဖြူရောင်နတ်သမီး said...

ကိုမြစ်ရေ..
ပွဲလာကြည့်ဖို့ မအားလပ်ဘူးဖြစ်နေတယ်ကွယ်...
နောက်ကျစွာရောက်လာပြီး ဗဟုသုတတွေကို ယူသွားပြန်ပြီနော်...

 

Posts Comments

©2006-2010 ·TNB