ကိုယ့်ခေတ်နဲ့ကိုယ်

06 June 2011



လွန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော့်ထံကို စာတိုက်မှ စာတစ်စောင်ရောက်လာခဲ့သည်။ စာရေးသူက ကျွန်တော့်အကို ဖြစ်သည်။ သူ ကျွန်တော့်ကို စာပို့မည်ဟု ပြောတုန်းက ကျွန်တော်မယုံခဲ့ပါ။ နောက်ပြောင်သည်ဟုသာ ထင်မြင်ခဲ့သည်။ သို့သော် တစ်ကယ်ပို့လာခဲ့သည်။ ထိုသို့ပို့ဖြစ်သည့် အကြောင်းရင်းကလည်း ရှိခဲ့သည်။ တစ်ရက် ကျွန်တော့်အကိုနှင့် ဖုန်းပြောဖြစ်ရင်း ကျွန်တော်က အင်တာနက်တွင် ဝါသနာအလျှောက် စာတိုပေစများ ရေးကြောင်း၊ အားပေးသူမိတ်ဆွေများလည်း အသင့်အတင့်ရှိကြောင်း ပြောပြသည့်အခါ သူက

“ ငါလည်း ငယ်ငယ်က ဝါသနာပါတယ်ကွ။ ကျောင်းမှာတုန်းကဆို ကဗျာတွေ စာတွေရေးပြီး ကောင်မလေးတွေကို ပေးနေကျပေါ့ကွာ။ ခုတော့ မရေးဖြစ်တာကြာပါပြီ။ ငါ အားရင် ငါ့အဖြစ်အပျက် တစ်ချို့ကို မင်းဆီ စာရေးပြီးပို့ပေးအုံးမယ်။ မင်းသုံးချင်သုံးလို့ရတာပေါ့။”  

ဝါသနာရှင်တစ်ယောက်နှင့် တိုးပြီဆိုပြီး ကျွန်တော် ပြုံးမိခဲ့သေးသည်။ တကယ်ရောက်လာလိမ့်မည်တော့ မထင်ခဲ့။ ခုတော့ လေယာဉ်တံဆိပ်ပုံ စာအိတ်နှင့်ရောက်လာခဲ့လေပြီ။ သူ့စာအိတ်က မထူမပါး။ စာထဲတွင်ပါသည့် အကြောင်းအရာများကို ဖတ်ကြည့်သည်။ သတိရကြောင်းနှင့် ကျန်းမာရေးဂရုစိုက်ဖို့ နိဒါန်းချီထားကာ သူ၏ အဖြစ်အပျက်ကို တဖွဲ့တနွဲ့ရေးထားသည့် စာဖြစ်သည်။ အဖြစ်အပျက်များက ထူးဆန်းလှသည်မဟုတ်။ လူငယ်တစ်ယောက် တွေ့ကြုံခံစားခဲ့ရသည့် အဖြစ်တစ်ခုမျှသာ။ သို့သော် ထိုအဖြစ်အပျက်တို့က တိမ်မြုပ်သွားသော ခေတ်တစ်ခုကို ကိုယ်စားပြုနိင်မည်ထင်၍ ပြန်လည်ဖော်ပြပါသည်။ 

~~~~~~~~~~~~~~~~~~~
ကြည်လင်သာယာနေသော အပြာရောင် ကောင်းကင်နောက်ခံမှာ ဖြူလွှလွှတိမ်တိုက်များ မျောလွင့်နေသည့် အရိပ်များက ကန်ရေပြင်ထဲတွင် ထင်ဟပ်နေသည်။ ကောင်းကင်ကို မော့ကြည့်ပြီးနောက် လက်ကနာရီကို တစ်ချက်ကြည့်မိ၏။ ၄း၃၅ ။ မကြာခင် “ဖြူ” ရောက်လာတော့မည်။ ပုံမှန်ချိန်းဆိုသည်ထက် ၁၀ မိနစ်ခန့်နောက်ကျ၍ လာတတ်သည်မှာ ဖြူ့၏ သဘာဝဖြစ်မည်ထင်သည်။ ရှိပါစေ။ သူက မိန်းခလေးမဟုတ်လား။ နောက်ကျခွင့်ရှိပါသည်။ 

ကျနော်နှင့်ဖြူ ချစ်သူဖြစ်ကြသည်မှာ တစ်လကျော်ခန့်သာ ရှိသေးသည်။ သူမ၏ အချစ်ကိုရဖို့ မေတ္တာစာလွှာများ အကြိမ်ကြိမ်ပါးခဲ့ရပါသည်။ အရိပ်တစ်ခုလို ဖြူ့ နောက်မှတစ်ကောက်ကောက် လိုက်ခဲ့ရသည်။ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် ဘဝဖြင့် ဂစ်တာသံ တဒင်ဒင် တဒေါင်ဒေါင် ပေးခဲ့ရပါသည်။ ထိုသို့ ကြိုးစားခဲ့ရသည်က တနှစ်ကျော် ကြာမြင့်ခဲ့သည်။ ပြီးခဲ့သည့်လ ကမှ ဖြူ့၏ အချစ်ကို ပြန်ရခဲ့ခြင်းဖြစ်သည်။ 

ထိုနေ့တွင် ပန်းများအားလုံးပွင့်ကာ ထိုညတွင် ကြယ်များအားလုံး ထွန်းလင်းတောက်ပနေကြသည်ဟု ခံစားရသည်။  ရှူရှိုက်မိသော လေညှင်းလေးက လတ်ဆတ်နေခဲ့သည်။ ကြည့်လေရာတိုင်းက ကြည်နူးတက်ကြွဖွယ်ရာ ဖြစ်နေသည်။ ဖြူ့ကိုစောင့်ရင်း အဖြေရခဲ့သောနေ့ကို ပြန်တွေးမိသည်မှာ ရင်ထဲတွင် အနည်းငယ် ဖိုလှိုက်လာမိသည်။ ဖြူက ဖမ်းစားနိင်လွန်းသူဖြစ်သည်။ ဆံပင်ရှည်ရှည်များ ဘေးသို့ကျပြီး ခေါင်းလေးငုံ့ကာ တီးတိုဆိုဟန်သည် အိပ်မပျော်သော ညတိုင်းအတွက် တစ်ခုထဲသော မြင်ယောင်မိသည့် ပုံရိပ်ဖြစ်နေသည်။ 

ဖြူရေ... 
သတိရခြင်းတွေ လောင်မြိုက်
ဒီညက ပိုမှောင်မိုက်လွန်းပါတယ်။
ဖြစ်နိင်မယ်ဆိုရင်
စွဲလမ်းခြင်းကိုတောင်ပံတပ်
အိမ်မက်ကို ဇက်ကြိုးဆွဲပြီး
မင်း နှလုံးသားထဲ ပျံဝဲချင်တယ်။

ဖြူ့ကို သတိရတိုင်း ကဗျာလေးများစွာဖြင့် သတိတရညများကို ထုဆစ်ခဲ့ဖူးသည်။ ကျနော် ဖြူ့ကို မြတ်မြတ်နိုးနိုးချစ်မိသည်။ တစ်သက်တာအတွက် ရည်ရွည်ထားသည်။ အတွေးတစ်စကို ရပ်ပြီး လက်မှ နာရီကို ထပ်ကြည့်မိသည်။ ၄း၄၀ ရှိပြီ။ ဖြူရောက်လာတော့မည်။ သည်နေ့က အရင်အကြိမ်စောင့်စားရသည်များထက် ပိုရင်ခုန်နေမိသည်။ ပြီးခဲ့သည့်အကြိမ် တွေ့ဆုံစဉ်က ဖြူ့ဆီမှ အခွင့်အရေး တစ်ခု တောင်းဆိုခဲ့သည်။ ဖြူက အနည်းငယ် စဉ်းစားပြီး နောက်တစ်ခေါက်တွေ့လျှင် ကျနော် တောင်းသည့်အရာကို ပေးမည်ဟု ကတိပြုခဲ့သည်။ ထို့ကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိခြင်းဖြစ်သည်။ 

ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာသော ဖြူ့ကိုတွေ့လိုက်ရသည်။ လေညင်းများက ပွေ့ဖက်ကျီဆယ်ဟန် တူသည်။ ဖြူ့ဆံနွယ်များ လေထဲသို့ လွင့်နေ၏။ ထိုလေညင်းကို ကျနော်မကျေနပ်မိ။ ကျနော့်ထက်အရင် ဖြူ့ဆံနွယ်များကို ပွေ့ဖက်လိုက်၍ဖြစ်သည်။ ခပ်သွက်သွက်လျှောက်ကာ ဖြူ့ကို သွားကြိုလိုက်သည်။ ဖြူ့လက်နွေးနွေးလေးကို ဆုပ်ကိုင်၍ ကန်ဘောင်ဘေးမှ ခုံတန်းစီ တွဲလျှောက်လာခဲ့၏။ 

ဖြူက သူ့ရုံးမှ စောစောထွက်၍ လာခဲ့ခြင်းဖြစ်သည်။ ကျနော်နှင့် ဖြူ ဤသို့ နီးနီးကပ်ကပ်တွေ့ရသည်က ယခုအကြိမ်ပါမှ သုံးကြိမ်သာရှိသေးသည်။ တင်းကျပ်သော သူ့မိဘများ၏ စည်းကမ်းအောက်တွင် နေရသော ဖြူ့အတွက် ကျနော်နှင့်တွေ့ဆုံရန်မှာ ယခုကဲ့သို့ ရုံးမှအချိန်အနည်းငယ် စောဆင်းသည့် နည်းလမ်းသာ ရှိသည်။ သို့သော်လည်း တွေ့ဆုံချိန်က ခဏလေးသာ ဖြစ်သည်။

“ဖြူ  .. ပင်ပန်းနေပြီလား”
“ မပင်ပန်းပါဘူး.. အကိုစောင့်နေရတာ ကြာပြီလား ”
“ မကြာသေးပါဘူး... ဖြူ့အကြောင်းတွေးရင် စောင့်နေတာလေ ”
“ ဖြူ့အကြောင်းဘာတွေတွေးလဲ ပြောပြ”

ဖြူ့ဆံနွယ်လေးများကို လက်ဖြင့်ပွေ့ယူကာ ပြန်ဖြေသည်။

“ ဖြူ့အချစ်ရဖို့ ကြိုးစားခဲ့တာတွေ၊ ညတိုင်းဖြူ့ကို သတိရတာတွေပေါ့”
ဖြူက ကျနော့်ပုခုံးတွင် ခေါင်းလေးမှီလာသည်။ ဖြူ့ပုခုံးလေးကို အလိုက်သင့်ဖက်ရင်း တီးတိုးစကားများ ဆိုနေမိသည်။ 
“ ဖြူ ”
ခေါ်သံကြောင့် မော့ကြည့်လာသည်။

“ ကိုယ်တောင်းထားတာ ပေးမယ်ဆို။ ပေးမှာလား ”
“ အင်း”

ဖြူက ရှက်ပြုံးလေးပြုံးရင်း ပြန်ဖြေသည်။ ထို့နောက် သူ့အိတ်လေးကို ဖွင့်ကာ ရှာဖွေရင်း မော့ကြည့်သည်။

“ အကိုကလည်း အခုလိုတွေ့နေရတာကို အဲဒါတွေ တောင်းဖို့လိုသေးလို့လား ”
“ မတွေ့ရတဲ့ နေ့တွေ အတွက်ပေါ့ဖြူရယ်။ ဘာလဲ ကိုယ့်ကို မပေးချင်လို့လား”
“ အဲဒီလို မဟုတ်ပါဘူး။ အကိုလိုချင်ရင် ဖြူပေးမှာပေါ့  ”
“ရော့... အကို့အတွက် ”

ဖြူလှမ်းပေးသော ဓါတ်ပုံလေးကို ကြည့်လိုက်သည်။ ဓါတ်ပုံက ခပ်သေးသေးဖြစ်သည်။ ကိုယ်လုံးပြည့်ပုံ မဟုတ်။ ဓါတ်ပုံထဲတွင် အဝါရောင်အင်္ကျီလေးဖြင့်  ဆံနွယ်ရှည်များ ဘေးချထားသော  ဖြူက လှပလွန်းနေသည်။ ပြုံးထားသော အပြုံးလေးက ရင်ကိုချမ်းမြေ့သွားစေသည်။  

“ အကိုတစ်ယောက်ထဲ ကြည့်နော်။ သူငယ်ချင်းတွေကို လျှောက်မပြရဘူး”
“အင်းပါ ဖြူရဲ့ ကိုယ့်ရဲ့ဖြူကို တခြားသူတွေ ကြည့်မှာလည်း ကိုယ်မကြိုက်ပါဘူး။ စိတ်ချနော်”
“ပုံအနောက်မှာ စာရေးထားပေးတယ်”

ဓါတ်ပုံကို တခြားတစ်ဖက်လှန်၍ကြည့်သည့်အခါ

 အကို 
      သတိရတိုင်း ထုတ်ကြည့်နော်
                                        ချစ်တဲ့ဖြူ

ဖြူပေးသည့် အရာသည် ကျနော့်အတွက် ပြီးပြည့်စုံသည့် လက်ဆောင်ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချခြင်း နမိတ်ပုံလည်းဖြစ်မည်။ သတိရသည့်ညတိုင်းအတွက် ဖြေသိမ့်စရာ ဆေးတစ်ခွက်လည်း ဖြစ်မည်။ 
“ ကျေးဇူးတင်တယ်ဖြူ.. ကိုယ်မြတ်မြတ်နိုးနိုး သိမ်းထားပါ့မယ်”

ဓါတ်ပုံလေးကို ကျနော့် ပိုက်ဆံအိတ် အတွင်းအိတ်ထဲ ထည့်လိုက်သည်။ ပိုက်ဆံအိတ်ဖွင့်တိုင်း ဖြူ့မျက်နာလေးကို မြင်နေရတော့မည့် အတွေးကြောင့် ကြည်နူးနေမိသည်။ ဖြူက ပြုံးပြုံးလေး ကြည့်နေလေသည်။ 
ထိုနေ့က အိမ်ပြန်လမ်းတစ်လျှောက်တွင် ယခင်အကြိမ် ခွဲခွာရသည်များနှင့် မတူသော စိတ်ခံစားချက်တို့က ဖွဖွလေး ဖြစ်ပေါ်နေသည်။ လုံခြုံသည်လား ၊ နွေးထွေးသည်လား ၊ ဘေးတွေ လက်တွဲဖော် ရှိနေသည်လား ရေရေရာရာ ခွဲမရသည့် စိတ်ခံစားချက်လေးက ဝင်သက်ထွက်သက်နှင့်အတူ မထင်မရှား ရှိနေခဲ့သည်။  လမ်းလျှောက်ရင်း ပိုက်ဆံအိတ်လေးကို ဖိစမ်းလိုက်သည်။ နွေးထွေးသော ခံစားချက်ဖြင့် ကျနော် ကြည်နူးမိလေသည်။

~~~~~~~~~~~~~~~~~~~~

(ညီရေ ... ဒီအကြောင်းအရာလေးက မင်းဆီကို ငါ့အဖြစ်အပျက်တစ်ချို့ ရေးမယ်ဆိုပြီး စဉ်းစားကြည့်တော့ သတိရမိတဲ့ အဖြစ်လေး တစ်ခုပေါ့။ ကြာခဲ့ပါပြီကွာ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အဖြစ်လေးပါ။ ဒါပေမယ့် ငါတော့ တခါတလေ သတိရမိနေသေးတယ်ဟေ့။ မင်းသုံးချင်လည်းသုံးပေါ့ညီရာ။ မင်းနဲ့ဆုံမှပဲ ငါ့လို ခံစားချက်မျိုး မင်းရော ဖြစ်ဖူးလား မေးကြည့်အုံးမယ်ကွာ။ နောက်များမှ စာထပ်ပို့မယ်။ ကျန်းမာရေးဂရုစိုက်ပါညီ။ )

ကျွန်တော့် အကိုဖြစ်သူ၏ စာကို ဖတ်ပြီးသွားတော့ သနားရမလို ကြည်နူးရမလို ဖြစ်မိသည်။ ဘာမျှမဟုတ်သည့် အကြောင်းအရာလေးကို တဖွဲ့တနွဲ့ ရေးဖွဲ့ထားရသည့် သူ့စိတ်ခံစားချက်ကို ကျွန်တော် နားလည်မိသည် ထင်သည်။ နယ်မြို့လေးတွင် နေထိုင်ကာ ပုံမှန်ဘဝဖြင့်သာ ဖြတ်သန်းနေသော ကျွန်တော့်အကို ကို ရိုးအလွန်းသူ ခေတ်မမှီသူဟူ၍ မစွပ်စွဲရက်တော့ပါ။ 

ချစ်သူဖြစ်ပြီးတာတောင် ဓါတ်ပုံရဖို့ တကူးတက စိတ်လှုပ်ရှား တောင်းခံနေရသူ အကို့အတွက် ယခုခေတ် အင်တာနက်ကမ္ဘာတွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့် မိမိချစ်သူ ၊ ဒါမှမဟုတ် တိတ်တခိုးစွဲလမ်းရသူ၏ ဓါတ်ပုံပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ရယူနိင်ကြောင်း၊ တစ်ခါတရံ ကော့ ၊ ကန် ၊ လန် ၊ ကား ပုံများပင် ရနိင်ကြောင်းကို ကျွန်တော် သူ့ကို ပြောပြဖြစ်မည်မဟုတ်ပါ။ ခေတ်၏ လှိုင်းတံပိုးများ ဖုံးလွှမ်းမှုမှ လွတ်ကင်းနေသေးသည့် ကျွန်တော့်အကိုကဲ့သို့ပင် ခံစားချက်ကို အလေးထားသူများလည်း ရှိပေလိမ့်ဦးမည်။ ကျွန်တော်တို့ကတော့ ကိုယ့်ခေတ်နဲ့ကိုယ် ဆက်လက်စီးမျောနေဦးမည်သာ။

။............................................................။ 

(အတွေးတစ်ခုကို ဇာတ်ကောင်များ ထည့်သွင်း၍ ဇာတ်လမ်းဖွဲ့တည်ထားခြင်းဖြစ်ပါသည်။)

39 comments:

Anonymous said...

အဲ့လို.....ခေတ်ကိုတောင် ပြန်ရောက်ချင်ပါတယ်။ :)



Naunt

မောင်မျိုး said...

ကိုမြစ်....အစ်ကိုလည်းစာရေးကောင်းတာပဲ ကဗျာတိုလေးနဲ့ ကြိုက်တယ် ။

တစ်ခါခါတော့လည်း အွန်လိုင်းနဲ့ နီးနေတဲ့ အားသားချက်တွေမှာ ပျော်မွေ့မိသလို တစ်ခ်ါခါတော့လည်း အဲ့လို စာရွက်ကလေးနဲ့ချရေး ကိုယ့်ပါသာ ပြန်ပြန်ဖတ်ရတဲ့ အရသာကလည်း တစ်မျိုးကောင်းမယ်လို့ ကျနော်တော့တွေးနေမိတယ် ။

ဒါနဲ့ ကာ့ ၊ ကန် ၊ လန် ၊ ကား ပုံများ ဆိုတာ ဘာကိုပြောတာပါလိမ့်း)

သဒ္ဓါလှိုင်း said...

လွယ်လွယ်ကူကူနဲ့ ရနေတဲ့ခေတ်ကြီးထဲမှာ ခက်ခက်ခဲခဲ တန်ဖိုးထားတတ်တဲ့သူတွေ ရှိနေသေးရဲ့လား။ လွယ်လွယ်ကူကူရလို့များ တန်ဖိုးမထားကြတော့တာလား။

ခင်မင်လျက်
သဒ္ဓါ

IDIOT-Ki said...

ဒကာမြစ်ကြီးလည်း..
ကော့ ၊ ကန် ၊ လန် ၊ ကား ဘယ်နှစ်ပုံများ ဒေါင်းလုတ် ထား ပြီး ပြီ လည်း နော်...

ဒိုင်မလျှို ထား ရ...

မိုးယံ said...

အင်း....ချစ်သူ ဓါတ်ပုံကိုတောင်းတယ်.. မြတ်မြတ်နိုးနိုး သိမ်းထားပါတယ်ဆိုပြီးလိမ်တယ်။

ပိုက်ဆံအိတ်ထဲထည့်မှတော့ မတ်တပ်ဆို ဖင်မှာကပ် ထိုင်လိုက်ရင် ဖင်ခုထိုင်ဖြစ်မယ်.. မသကာ ပုဆိုးနဲ့ ခါးကြားထိုးတယ် ဆိုတောင် ဖင်ပေါ်ထင်ထားတာပဲဖြစ်မယ်... :P

ရင်ဘတ်ရှေ့က အင်္ကျီအိတ်ထဲ ထည့်တာတော့ မြင်ဖူးသေးပေါင်တော်။

ကိုဇော် said...

အင်း . .သူ့လို အစ်ကို ဝမ်းကွဲ တစ်ယောက်တော့ ရှိခဲ့ဖူးပါတယ်။ သူ့အတိုင်းပါပဲလေ။ ဒီလိုပဲ ကဗျာတွေ စာတွေ ပိုးရှိခဲ့ဖူးတယ်ပေါ့။ ဒါပေမဲ့ အသိုင်းအဝိုင်းအရ နောက်ဆုံးတော့လည်း စီးပွားရေး နယ်ထဲကိုပဲ ပစ်ဝင်သွားကြတာပါပဲ။ အခု နောက်ပိုင်း စာတွေ ကဗျာတွေ အကြောင်းပြောရင် သူ့ အလုပ်က စာရင်းတွေလောက် စိတ်ဝင်စားပုံ မပေါ်တော့ဘူး။

အခုတော့လည်း ကိုယ်တစ်ယောက်တည်းပါပဲ။

...အလင်းစက်များ said...

ပထမဆုံးရည်းစားစာပေးတာ သတိရတယ်..။ ဟီး။ ရင်ဒွေခုန်လိုက်ထှာမှ။ အင်တာနက်ခေတ်တော့ ရောက်နေပါပီ။ ဒါပေမယ့် ကိုယ်က နယ်မှာဆိုတော့ ကလစ်ခေါက်တိုင်းလဲ ဓါတ်ပုံမရနိုင်ပါဘူး။ ဓါတ်ပုံကတော့ ခုထိရှိသေးတယ်။ အမှတ်တရ စုရိုက်ထားတာ မို့ လို့ ပါ။

ခုတော့လည်း .... အင်း.. ကလေး ၂ ယောက် မိခင်ဖြစ်နေရှာပေါ့ဗျာ။

မောင်မျိုးမေးတဲ့ဟာ ကျနော်လည်း သိချင်တယ် အဲ့ဒါဘာတုန်းကိုမြစ်ရေ။

Anonymous said...

ငယ်ငယ်က ဦးလေးအငယ်အိတ်ကို ဖွဖူးတယ်။ သူ့ကောင်မလေး ဓါတ်ပုံတွေ့တော့ ငိုလိုက်ရတာ

အခုများတော့လည်း :PPPP

ခေတ်ကြောင့်လို့သာ လွယ်လွယ်ဆိုရတော့မလိုပါပဲ

နေ၀ဿန် said...

ဘယ်လိုစီးမျောမလဲ ကိုမြစ်ကျိုးအင်းရဲ့..း))... တိုတိုလေးပေမယ့် ဖတ်ရတာ ကြည်နူးစရာလေး..


ခင်မင်လျက်
နေ၀ဿန်

sosegado said...

ခုတော့ အလွယ်တစ်ကူရပေမဲ့၊ ခံစားချက်ချင်းတူညီမည်မဟုတ်ပါ။

အင်ကြင်းသန့် said...

ခက်ခက်ခဲခဲနဲ့ရထားတဲ့ အရာလေးတစ်ခုအတွက် သူ့ခံစားချက်လေးကို နားလည်မိတယ်။ ကြည်နူးစရာပါပဲ။ အခုခေတ်နဲ့တော့ တော်တော်ကွာတယ်နော်။

blackcoffee said...

ဒါကတော့ စိတ်ခံစားချက်နဲ့ ဆိုင်တယ်ထင်တယ်အစ်ကို။ ကျွန်တော်လဲ မြန်မာပြည်ကို တစ်ခေါက်ပြန်တိုင်း သူ့  ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပြီး ဓာတ်ပုံ တစ်ပုံတော့ ရှာပြီး ယူစမြဲဘဲ။ ဒါပေမယ့် အွန်လိုင်း ပို့ ပေးတဲ့ပုံတွေကိုတော့ တခါမှ ကူမကြည့်ဘူးသေးဘူး။

flowerpoem said...

ခုခေတ်က အားလုံးလွယ်လွယ်ရနေပေမယ့် ပိုပြီးတန်ဖိုးမရှိသလိုပဲ . . လွယ်တိုင်းမကောင်းဘူးပေါ့လေ. . ဒါပေမယ့် စိတ်ဓာတ်နဲ့လည်းဆိုင်တာပေါ့နော်...

jr said...

ဖြူဖြူစင်စင် ချစ်စရာဇာတ်လမ်းလေး ..

SHWE ZIN U said...

ကိုမျှစ်ချိုး ရေ

မကိမေးတဲ့ မေးခွန်းကို တော့ မမေးတော့ပါဘူး အရင်ခေတ်က လူတွေ ကိုတော့ သနားမိသား ဒါပေမဲ့ တမျိုးစီပေါ့နော်

ချစ်ကြည်အေး said...

ဟိုးတုန်းက ချစ်သူချင်း ဓါတ်ပုံပေးတာ လေ့တယ်နော်...။ တွေ့ဖို့လည်း ပိုခက်ကြတယ်၊ ချောင်းကြည့်ပြုံးပြန်ခေတ်ကိုး....။ တမျိုးစီပါပဲလေ ၃နှစ် ၃မိုးစောင့်ရတာကိုတော့ သိတ် စိတ်မရှည်ချင်ဘူးရယ်။ တချို့ ၁၀နှစ်လောက် ရည်းစားဘဝနဲ့ ညားပြီးမှ ကွဲသွားကြတာလဲ ရှိတာပဲ။ အမတို့ဆို တနှစ်မပြည့်ခင် ယူလိုက်ကြတာ။ အတူရှိနေရမဲ့အချိန်တွေ နှမျောစရာ ဆိုပြီးလေ....ဟားဟား....

မိုးခါး said...

အဲ့ဒါကြောင့်မို့ အရင်တုန်းကလူတွေ ဓါတ်ပုံတွေ တွေ့ပြီး အ၇စ်ခံရတာနေမယ် .. ဖြဲပစ် လွှင့်ပစ်ဖို့ကလည်း နှမြောနဲ့လေ .. :D

ညီမတော့ မသိမ်းဘူးဗျ .. သက်သေဖြစ်မယ့်ဟာဆို သိမ်းကိုမထားဘူး တောင်းလည်း မတောင်းဘူး .. :P

ညိမ်းနိုင် said...

အင်း....ဆြာဘုန်းနိုင်တို့၊ဆြာငြိမ်းကျော်တို့၊ဆြာမောင်စိန်
ဝင်းတို့ခေတ်က လူတွေကအဲ့တိုင်းပဲ...သိပ်ချစ်တတ်ကြ၊
တန်ဖိုးထားတတ်ကြတယ်...။ကျွန်တော်တော့သဘောကျ
တယ်ဗျ....။(ဒါနဲ့စကားမစပ် ကော့ကန်လန်ကားလေးများ
ရှိရင်ပို့ပေးပါလား.....:D)

မြတ်မွန် said...

မမကိ ပြောသလိုပဲ ဦးမြစ် ...
ဘယ်နှပုံလောက် ကလစ်ထားပြီးပြီးလဲဗျို့..။
ရည်စားစာ ခေတ်ရောရှိသေးရဲ့လားမသိဝူးနော်..။
ကီးဘုတ်လေးမှာ နှိပ်လိုက်တာနဲ့ ရည်စားစကားပြောလို့ရနေတာကိုး..။
သူတိုခေတ် သူ့တို့အရွယ်ပေါ့နော်..။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ပို့စ်လေးဖတ်ရင်းနဲ့ ကွန်မန့်လေးတွေကြောင့် ပြုံးရတယ် ..ဒို့အကိုများ ဘယ်နှစ်ပုံလောက် ကလစ်လုပ်ပြီး ယူထားလဲ မသိပါဘူးနော်...:):)

ဝက်ဆလူး said...

မေးပါအူးမယ် ပါးပါး အကိုက အဲဒီဖြူနဲ့ရော ယူဖြစ်လား .. ခုထိ တကိုယ်တည်းပဲလား .. သိချင်တယ် .. အဲဒါပါ ဆက်ရေးလေ .... (ကွန်မန့်မ put ခင်လဲ စာသေချာဖတ်ရသေးတယ် မဟုတ်ရင် ဝက်ဆလူး စာလဲ သေချာမဖတ်ဘူးလို့ပြောမှာစိုးလို့) အဟိ ...

ပြည်ကောင်းအောင် said...

ဇာတ်လမ်းလေးထဲက ခင်ဗျားအကို နဲ့ ဖြူတို့ရဲ့ အချစ်ဟာ genuine, pure ဖြစ်မှန်း သိပ် သိသာ တယ်ဗျာ။ ကျနော်ကတော့ ရည်းစားစာပေးပြီးတော့ပဲ ချစ်ချစ်၊ online ပေါ်က ခပ်မိုက်မိုက်ပဲ ချစ်ချစ် လူတွေကို genuine ဖြစ်တဲ့ အချစ်မျိုးနဲ့တော့ တွေ့ စေချင်တယ်။ အတုမိခံရတာလောက် အခံရခက်တာ မရှိ ဘူး။

An Asian Tour Operator said...

ဒါက.. ကိုယ့်ခေတ်နဲ့ ကိုယ် ကိုး..။

ရွှေပြည်သူ said...

စာရေးသူက ကိုမြစ်ကျိုးအင်း အစ်ကိုပီပီ တော်တော် စာရေးကောင်းပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အကြောင်းအရာ သေးသေးလို့ ထင်ရပေမယ့် တကယ်တမ်း ခံစားမိခဲ့သူအတွက်တော့ တသက်လုံး (စာထဲမှာ ဖွဲ့ထားသလို) တသက်လုံး အမှတ်ရစရာ လှပတဲ့ အခိုက်အတန့်လေး ဖြစ်မှာပါ။ အင်တာနက်ထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက် မရိုးမသား အလွယ်တကူ လှည့်ဖျားလို့ရတဲ့ ဒီခေတ်ကြီးထက် အဲဒီခေတ်ကို ကျွန်မက ပို Prefer ဖြစ်မိပါတယ်...

လရိပ်အိမ် said...

သူ့ခေတ်နှင့်သူ ၊ ကိုယ့်ခေတ်နှင့်ကိုရ်ပါကွယ်။

မေသိမ့်သိမ့်ကျော် said...

တကယ်တမ်းကျတော့ အဲလိုရိုးရိုးလေး ချစ်ရတာ တစ်မျိုးဆန်းတယ်နော်။ အဲလိုပုံစံမျိုး အခုထိ အများကြီး ရှိနေပါသေးတယ် မယုံမရှိနဲ့။


ခင်မင်လေးစားလျက်

ကြည်ဖြူပိုင် said...

ရေးထားတာကောင်းတယ် :)

ငြိမ်းအေး said...

အတိတ်ခေတ်ကိုသတိရစရာပေါ့လေ.
ခက်ခဲတော့လည်းတန်ဖိုးပိုထားမိတာနေမှာ.

ချော(အစိမ်းရောင်လွင်ပြင်) said...

သူ့ခေတ်နဲ့ ကိုယ့်ခေတ်ဆိုသလို
သူ့စိတ်နဲ့ ကိုယ့်စိတ် လို့ပြောလည်းမှန်ပါတယ်
မေတ္တာတရားကို အလေးထားသူလည်း ရှိသလို ပေါ့ပေါ့တန်တန်ထားတဲ့သူမျိုးလည်း ဘယ်ခေတ်မဆို ရှိတတ်တာပါဘဲ။ လူတစ်ကိုယ်စိတ်တစ်မျိုးလို့ ဆိုသကိုးလေ။
ညီအစ်ကို နှစ်ယောက်လုံး စာရေးကောင်းကြသား.. ရည်းစားစာရေးလည်း အတော်ကောင်းမဲ့ ပုံး)

ညီမလေး said...

အရေးအသားက ပေါ့ပေါ့ပါးပါးလေးနဲ့ ပြောချင်တာကို ပေါ်လွင်စေတယ် ။

ခတ်ရေစီးကြောင်းကတော့ အစဉ်အမြဲ ပြောင်းလဲစီးဆင်းနေမှာပဲလေ..ပြောင်းလဲနေတဲ့ အဲ့ဒီရေစီးကြီးထဲမှာ ကိုယ်တို့တွေကိုယ်တိုင် ကိုယ့်ကိုကိုယ် တန်ဖိုးထားနေထိုင်တတ်ဖို့ လိုတယ်လို့ ခံစားမိတယ် ကိုမြစ်ကျိုးအင်းရယ်...

ပန်းချီ said...

အစ်ကိုမြစ်ကျိုးအင်းရဲ့ အစ်ကိုကလည်း စာရေးအင်မတန်ကောင်းသူပါပဲ..။ ရိုးစင်းတဲ့ဖြစ်ရပ်လေးထဲမှာတောင် နူးညံ့တဲ့ခံစားချက်တွေကိုပေါ်လွင်အောင်ရေးနိုင်စွမ်းတယ်..။ ကျွန်မကတော့ အဲဒီလိုခေတ်ကို အမြဲတသသလွမ်းနေသူရယ်လေ..း)

မြစ်ကျိုးအင်း said...

label ကိုဝတ္ထုတိုလို့ တပ်ထားပြီး အောက်ဆုံးမှာ အတွေးတစ်ခုကို ဇာတ်လမ်းဖွဲ့ပါသည်လို့ ဝန်ခံထားပေမယ့် တကယ့်ဖြစ်ရပ်မှန်လို့ တစ်ချို့က ထင်ကြပါတယ်။ တကယ်က ဇာတ်လမ်းဆင်ရေးထားတဲ့ ဝတ္ထုတိုပါခင်ဗျာ။

တောက်ပကြယ်စင် said...

ဒကာတော် ကိုမြစ်ရေ မင်္ဂလာပါ။ ရေးဖွဲ့ပုံ ကောင်းလိုက်တာ။ ကလစ်တစ်ချက်နှိပ်ရုံနဲ့ မရသေးတာက ဘယ်နေရာမှာလည်း သိလား။ ဘုန်းဘုန်းတို့ .........လေ။ နော်။ ကိုမြစ်ရေးသားပုံနဲ့ဆို ဘယ်နှစ်ယောက်တောင် ရှိခဲ့ဖူးပြီလဲ မသိဘူး။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ။

လသာည said...

ဓါတ်ပုံလေးအတွက် ခံစားချက်လေး ရေးဖွဲထားလေး သဘောကျမိတယ်။ ဒါအရင်ခေတ်ပေါ့နော်း)))

တစ်ခုလည်း တွေးမိတယ်။ အခုခေတ် အင်တာနက်ထဲမှာ ဓါတ်ပုံတွေကို ကလစ်တစ်ချက်နဲ့ ရနိုင်တယ်ပြောလည်း ကိုယ့်ချစ်သူရဲ့ ဓါတ်ပုံလေးတစ်ပုံ ရဖို့အတွက်ဆို.. အဲဒီဓါတ်ပုံကို အသည်းအသန်ရှာဖွေနေချိန် (သို့) ဒေါင်းလော့လုပ်နေချိန် ခံစားရတဲ့ ရင်ခုန်ခံစားချက်ကတော့ ချစ်တတ်သူမှန်ရင် အတူတူပဲ ဖြစ်မလားလို့ပါ။

ဟန်ကြည် said...

ခေတ်တွေပြောင်း၊ စနစ်တွေ ပုံစံတွေ ပြောင်းသွားပေမယ့် နှလုံးသားအစစ်နဲ့ တကယ်ချစ်ရသူအပေါ်ထားတဲ့ ခံစားချက်နဲ့ မေတ္တာ၊ သစ္စာတရားကတော့ ဘယ်ခေတ်ရောက်ရောက် မပြောင်းလဲပဲ ရှိနေမယ်ထင်ပါရဲ့...

ချစ်ခြင်းအလင်္ကာ said...

ကိုယ့်ကိုကိုယ်တန်ဖိုးမထားကြတော့တဲ့ခေတ်ကြီးမှာ
အရာရာကိုအလွယ်ရအလွယ်ပေးနေကြလေတော့..
အရမ်းကြောက်ဖို့ကောင်းလာတယ်...
စစ်မှန်တဲ့အရာလေးတွေကပဲပိုတန်ဖိုးရှိလာတယ်အကိုရေ.........


ခင်မင်လေးစားစွာဖြင့်
ချစ်ခြင်းအလကာင်္

မေဓာဝီ said...

ငြိမ်းကျော်ရဲ့ အချစ်ဝတ္ထုလေးဖတ်ရသလိုပဲ။
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး ... ။
ခုခေတ်မှာတော့ သိပ်လွယ်လွန်းနေလို့ တန်ဖိုးမထားကြတော့တာ ထင်ပါရဲ့။ စာတိုက်က စာပို့တဲ့စနစ် မတိမ်ကောသေးတာကိုပဲ ၀မ်းသာနေရသေးတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

အင်း... ရေးတတ်တဲ့ သူတွေများကျတော့..
ချွဲစက်ကျရာ နံစော်နေတာဘဲ။း))
အဲလေ။ ဆေးစက်ကျရာ အရုပ်ထင်တော့တာပါဘဲ။ ချီးကျူးပါတယ်။
ဆရာမြစ်လဲ အကိုတူ ညီဖြစ်ရမယ်။

ခင်မင်လျက်

Anonymous said...

Hi i,m new in blog posts and i will to know the newinfo postated in this posts .I know your web fromgoogle blog and i have tryed to register some days a go but this security code was hard ro see but i manage it =)) This was my introduction in this blog
byby
And this is my web site you can send to my mail



[url=http://www.austrodach.ro/acoperisuri-si-fatade/tigle-tondach-ceramica-metalice.html]tigla metalica[/url]
tigla metalica


sigilii
sigilii
sigilii
sigilii
sigilii
sigilii
sigilii

 

Posts Comments

©2006-2010 ·TNB