ကိုယ့်တရားနဲ့ကိုယ်

26 June 2011



လှေကားထစ်များကို တက်လာရ၍ အနည်းငယ် မောဟိုက်နေသော မင်းခန့် အတွက် အိမ်တံခါး ဆွဲအဖွင့်မှာ အနံ့တစ်ခုက ဆီးကြိုနေသည်။ ချဉ်စုတ်စုတ် ပုပ်အက်အက်အနံ့က တံခါးအဖွင့်မှာ အသက်ရှူလမ်းကြောင်းထဲ ပြေးဝင်လာ၏။ ထိုအနံ့ဆိုးကြောင့် ပို၍မောဟိုက်သွားရသလိုခံစားရသည်။ မကြာခဏ ရနေသော အနံ့ဖြစ်တာကြောင့် ထိုအနံ့ဆိုးမှာ မီးဖိုခန်းအတွင်းရှိ အမှိုက်ပုံးမှ ထွက်လာသည့် အနံ့ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ ထိုအခါ ငုပ်လျှိုနေသော ဒေါသစိတ်က အလိပ်လိုက်လှိုက်တက်လာတော့သည်။ မင်းခန့် အိမ်မပြန်လာဖြစ်တာ နှစ်ရက်ရှိပြီ။  သောကြာနေ့ ရုံးဆင်းချိန်ကတည်းက သူငယ်ချင်းတစ်ယောက်အိမ်တွင် အလည်အပတ် သဘောမျိုး သွားနေခဲ့သည်။

ယခုတနင်္ဂနွေနေ့ပြန်လာတော့ အမှိုက်ပုံးမှ အနံ့ဆိုးက ဆီးကြိုနေခဲ့ခြင်း ဖြစ်၏။ နှာခေါင်းပိတ် အသက်အောင့်ကာ အိပ်ခန်းထဲသို့ ခပ်မြန်မြန် ပြေးဝင်လိုက်ရသည်။ အခန်းထဲမှ မြင်ကွင်းကလည်း မင်းခန့် ကို နွေးထွေးစွာ ဆီးကြိုနေပြန်သည်။ သူ့အိပ်ယာမှ လွဲ၍ တခန်းလုံး နီးနီး ဖရိုဖရဲဖြစ်နေသည့် မြင်ကွင်းသည် သူ့သွေးတို့ကို ပို၍ ဆူပွက်စေပြန်သည်။

သည်အခန်းက မင်းခန့် တစ်ယောက်ထဲ နေသည့်အခန်းမဟုတ်။ အခန်းဖော် တစ်ယောက်နှင့် စပ်တူ ငှားထားသည့် အခန်းဖြစ်သည်။ အခန်းထဲမှ ဖရိုဖရဲ ရှုပ်ပွေနေသမျှသည်လည်း သူ့အခန်းဖော်၏ စွမ်းဆောင်ချက်များသာ ဖြစ်သည်။ အခန်းထဲရှိ နှစ်ဦးပိုင် စားပွဲပေါ်တွင် ဖတ်လက်စ မဂ္ဂဇင်းတစ်အုပ်နှင့် ဂျာနယ် နှစ်စောင်က စားပွဲနေရာ ပြည့်လုမတတ် နေရာယူထား၏။ သောက်ပြီးမဆေးရသေးသည့် ကော်ဖီခွက်တွင် ပုရွက်ဆိတ်များက ပျော်ပွဲစားထွက်နေကြ၏။


စာအုပ်များကို ဖတ်ပြီးလျှင် စင်ပေါ်တွင် ပြန်တင်ထားဖို့နှင့် သပ်ရပ်စွာထားရန် စံနမူနာအနေဖြင့် အကြိမ်ကြိမ်လုပ်ပြဖူးသည်။ သို့သော် အခန်းဖော်က မသိခဲ့ မမြင်ခဲ့။ ထိုအခါ အပြုဖြင့်မရလျှင် အပြောဖြင့်ရအံ့ဟု နောက်တဖန်ကြိုးစားပြန်သည်။ ကော်ဖီအတူသောက်ရင်း တီဗီအတူကြည့်ရင်း အခါအခွင့်သင့်သလို ပစ္စည်းများကို နေသားတကျ သပ်ရပ်စွာ ထားရန် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ ပြောပြဖြစ်သည်။ သူ့စကားတို့သည် နေရောင်မလာခင် တွဲခိုခွင့်ရသည့် နှင်းများပမာ ခဏသာ တည်မြဲခဲ့သည်။ အချိန်ကြာလာတော့ ထုံးစံအတိုင်း ရှုပ်မြဲ ပွမြဲသာဖြစ်သည်။

မင်းခန့် ၏စရိုက်က တစ်ခါမှ နှစ်ခါ ပြောရမှာ အင်မတန်ဝန်လေးသူဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် အလိုက်တသိဖြင့် နေထိုင်လိုသည့် စရိုက်ရှိသူဖြစ်သည်။ နှုတ်မှထုတ်ပြောနေရသည်မှာ ပိုပင်ပန်းသည်ဟု ခံစားမိကာ သူ့ဘာသူသာ အမြင်မတော်သည်များကို ကောက်သိမ်း ရှင်းလင်းခဲ့သည်။ အလုပ်တစ်ခုကို လူတစ်ယောက်ထဲမှ ဆက်တိုက်လုပ်ရလျှင် ထိုအလုပ်များသည် ထိုသူ၏ကိုယ်ပိုင်တာဝန် ဝတ္တရားများ ဖြစ်လာတတ်သည့် သဘောအတိုင်းပင် အိမ်၏ဝေယျာဝစ္စများ အားလုံးနီးနီးသည် မင်းခန့် ကိစ္စများသာဖြစ်လာတော့သည်။

ထိုသို့ဖြင့် မင်းခန့်သည် ယခင်ကထက် နားပိုပါးလာ၏။ အာရုံခံစားမှု ပိုအားကောင်းလာ၏။ တစ်ခန်းထဲတွင် နှစ်ယောက်အတူတူရှိလျက်နှင့်ပင် အမှိုက်ကားလာသည့် အသံကို မင်းခန့် သာ ကြားရသည်။ အခန်းဖော်က မကြား။ သောက်ရေဗူးထဲ ရေကုန်နေလျှင် မင်းခန့် သာသိသည်။ အခန်းဖော်က မသိ။ အမှိုက်ပုံးထဲမှ အနံ့အသက်များ ထွက်လာလျှင်လည်း မင်းခန့် သာ အနံ့ရသည်။ အခန်းဖော်က အနံ့မရ။ ထိုသို့ဖြင့် အာရုံခံစားမှုများ ပို၍ ဝေးကွာလာတော့သည်။ အခန်းတစ်ခုထဲတွင် စိတ်တည်ငြိမ်အေးဆေးစွာရှိသူနှင့် အာရုံကြောများထောင်ထနေကာ ဖြစ်လာသမျှ ဖြေရှင်းဖို့ ပြင်ဆင်ထားသူ ဟူ၍ လူနှစ်ယောက်အတူတကွ ရှိနေခဲ့ကြသည်။

အခန်းထဲမှ မြင်ကွင်းများကြောင့် စိတ်မောစွာဖြင့် ရေသောက်ရန် ရေခဲသေတ္တာဖွင့်လိုက်သည်။ ငပိစိမ်းစားအနံ့က ထောင်းခနဲထွက်လာပြန်သည်။ ငပိသုပ်ပန်းကန်ကို ပလပ်စတစ်မအုပ်ဘဲ ထည့်ထားသည်ကို မြင်လိုက်ရ၏။ ဟင်းပန်းကန်များအုပ်ရန် ပလပ်စတစ်အလိပ်များ ဝယ်ထားသော်လည်း အချည်းနှီးသာ။ ရေဗူးဆွဲထုတ်ပြီး ရေခဲသေတ္တာ တံခါးကိုသာ ဆောင့်ပိတ်ခြင်းဖြင့် ဒေါသစိတ်များ ဖြေဖျောက်လိုက်ရပြန်သည်။ မလွယ်သည်မှာ တကယ့်ကို မလွယ်ဟု မင်းခန့် တွေးနေမိသည်။

မချစ်မနှစ်သက် သူနှင့် ပေါင်းဖက်ရခြင်းသည် လောကငရဲဟုဆိုလျှင် အလိုက်မသိတတ်သူနှင့် တစ်သက်တာ နေထိုင်ရခြင်းသည်လည်း ငရဲကြီးရှစ်ထပ်ထဲမှ အသက်သာဆုံးငရဲတစ်ခုသာ ဖြစ်မည်ဟုထင်မိသည်။ ယခုဆိုလျှင်  အတူနေရသည်မှာ  ခြောက်လခန့်သာ ရှိသေးသော်လည်း မင်းခန့် စိတ်မောလှပါပြီ။ တကယ်တော့ လုပ်ရသည့် အလုပ်များက ပင်ပန်းလှသည်မဟုတ်။ တစ်ခုခြင်းအနေဖြင့်တွက်လျှင် မလေးမပင်သော ကိစ္စများသာ ဖြစ်သည်။ သို့သော် နှစ်ယောက်အတူတကွ ခံစားကြသော ကိစ္စများအတွက် တစ်ယောက်ထဲမှ ဒိုင်ခံလုပ်နေရလျှင် သွားကြားထိုးတံမျှပင် အလေးချိန်ရှိသည့် ကိစ္စဖြစ်လျှင်တောင် ကြာလာတော့ စိတ်ထဲက ငြိုငြင်လာမိသည့် သဘောမျိုးဖြစ်သည်။ လူအားဖြင့်မပင်ပန်း စိတ်ပင်ပန်းရခြင်းသာဖြစ်သည်။

ထိုသို့စိတ်ပင်ပန်းသည့်ဒဏ်ကို မခံနိင်တာကြောင့် ထမင်းပင်အတူမစားဖြစ်တော့။ ယခင်ကတော့ ထမင်းတစ်အိုးထဲအတူချက်ကာ စားဖြစ်ကြသည်။ အိမ်အရင်ရောက်နှင့်သူ ထမင်းချက်သည့် စနစ်ဖြစ်၍ မင်းခန့် အိမ်ပြန် နောက်ကျလျှင်တောင် ချက်ပြီးသား ထမင်းက အဆင်သင့်ရှိခဲ့သည်။ သို့သော်ခက်သည်က ချန်ထားသော ထမင်းသည် မင်းခန့် အတွက် လောက်ငှသည်မှာ ရှားသည်။ မလောက်မငှဖြင့် အသစ်ထပ်ချက်ရပြန်သည်။ မင်းခန့် အရင်စားဖြစ်၍ ကျန်သောထမင်းနည်းသွားသည့်အခါမျိုးတွင် အခန်းဖော် စားရန် နောက်တစ်အိုး ထပ်ချက်ထားပေးသော်လည်း မင်းခန့် အလှည့်တွင် ကိုယ်တိုင်သာ ထပ်ချက်ရပြန်သည်။ ကြာလာတော့ မင်းခန့် စိတ်ထဲတစ်မျိုးဖြစ်လာရတော့သည်။ 

“တောင်ကမိုဟာမက်ဆီမလာလျှင် မိုဟာမက်ကတောင်ဆီကိုသွားမည်” ဆိုသည့် စကားပုံအတိုင်း အခန်းဖော်ထံမှ အလိုက်သိတတ်မှုကို မရလာသည့်အခါ မင်းခန့် သူလုပ်နိင်တာကိုသာ လုပ်လိုက်တော့သည်။ ထိုအရာက ထမင်းဆိုင်တွင်ထွက်စားခြင်း၊ တစ်ခါတရံ ထမင်းထုပ်ဆွဲ၍ အိမ်ပြန်လာခြင်းဖြင့် စားရေးကိစ္စကို ဖြေရှင်းလိုက်သည်။ စားရေးကိစ္စမှာ အပြင်တွင် သီးသန့်ဖြေရှင်းနိင်သော်လည်း အိမ်တွင်းကိစ္စများကတော့ ယခင်အတိုင်း မကြာမကြာ တွေ့နေရမြဲသာဖြစ်သည်။ ယခုလည်း သူငယ်ချင်းအိမ်တွင် သွားအိပ်သည့် နှစ်ရက်အတွင်းတွင် မပစ်ထားခဲ့သည့် အမှိုက်ပုံးမှ အနံ့ဆိုးများ တလှိုင်လှိုင်ပေး၍ သတိပေးနေပြန်သည်။ 

တနင်္ဂနွေနေ့ဖြစ်၍ အခန်းဖော်က အခန်းထဲတွင်မရှိ။ အပြင်သွားနေသည်။ မင်းခန့် အဝတ်အစား လဲပြီးနောက် အမှိုက်ပုံး သိမ်းရန် မီးဖိုချောင်သွားရပြန်သည်။ အမှိုက်ပုံး အဖုံးကို ဆွဲအဖွင့်တွင် ဖြုတ်ကောင်များနှင့် အနံ့ဆိုးက ဝုန်းခနဲ ထပျံလာသည်။ အမှိုက်အိတ် နှုတ်ခမ်းတွင် ပိုးလောက်တို့က တွယ်စပြုနေ၏။ ပျို့တက်လာသော အော့အန်ချင်စိတ်ကို အသက်အောင့်ကာ ထိန်းရင်း အမှိုက်အိတ်ကိုင်းနှစ်ဖက်ကို စုချည်လိုက်ပြီး နောက်ထပ် အိတ်အသစ်တစ်လုံး ထပ်စွပ်ကာ လုံအောင် ချည်နှောင်လိုက်သည်။ အနံ့အသက်ဆိုးအနည်းငယ် သက်သာသွား၏။  အမှိုက်သိမ်းကား မလာသေး၍ အခန်းပြင်တွင် အမှိုက်အိတ်သွားထားပြီး ပိုးလောက်တစ်ချို့နှင့် အနံ့ဆိုးများ ဆွဲကပ်နေသော အမှိုက်ပုံးကို ရေလောင်းချကာ နေရောင်အောက်တွင် ပစ်ထားလိုက်ရသည်။ ထိုသို့ အမှိုက်ပုံးကို ရေဆေးရသည်အထိ ဖြစ်ရသည်မှာလည်း မကြာခဏ ကြုံတွေ့နေရသော ကိစ္စတစ်ခုဖြစ်သည်။

မင်းခန့်၏ အခန်းဖော်က အနေအေးသူဖြစ်သည်။ သို့သော်သူ၏ အေးဆေးပုံက အခြားသူများနှင့်မတူ။ ပူပန်ခြင်းမှ လွတ်ကင်းနေသည့် အေးဆေးပုံမျိုးမဟုတ်။ ပူပန်မှုဆိုသည်ကို မသိသော  အေးဆေးပုံမျိုးသာဖြစ်သည်။ အနံ့ဆိုးအတွက်ပူပန်ခြင်း ၊ အမြင်မတော်ရှုပ်ပွပေရေ မှုများအတွက် ပူပန်ခြင်း၊ သဲ ဖုန် အမှိုက်များဖြင့် နေရမည်ကိုပူပန်ခြင်း စသည့် ပူပန်မှုများကို မသိသော အေးဆေးပုံမျိုးဖြစ်၏။ လာမထိမချင်း ထမပေါက်သော မြွေတစ်ကောင်၏ အေးဆေးပုံမျိုးဟု ဆိုလျှင်လည်း ထိုမြွေသည် အာရုံခံစားမှု အတော်အားနည်းသော မြွေမျိုးဖြစ်မည်။ အနေအေးသော မင်းခန့်၏ အခန်းဖော်သည် ဘုရား တရား ကိစ္စများကိုတော့ အာရုံစိုက်သူဖြစ်သည်။ နားနားနေနေ ရှိသည့်အချိန်တိုင်း တရားခွေတစ်ခွေကို ဖွင့်၍ ငြိမ်သက်စွာ နာယူနေလေ့ရှိသူလည်း ဖြစ်သည်။ ထိုအရာကိုတော့ ကောင်းကွက်ဟု သတ်မှတ်နိင်မည်ထင်သည်။

အမှိုက်ပုံးဆေးပြီးနောက် သူ့လက်ကို မင်းခန့် ဆပ်ပြာဖြင့်အထပ်ထပ်ဆေးသည်။ ယခင်အကြိမ်များအတိုင်း ထုတ်ပြောလိုက်ချင်သည့် စကားလုံးများကို ပြန်မျိုချကာ သက်ပြင်းကိုသာ မှုတ်ထုတ်နေမိတော့သည်။ အခါအခါ မျိုချထားရသော စကားလုံးများက နှလုံးသားပေါ် တအိအိဖြင့် ဖိကျလာနေခဲ့သည်။ စိတ်၏ညှိုးနွမ်းခြင်းဖြင့် နေ၍မပျော်တော့။ ရေချိုး အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့တော့သည်။ ထိုနေ့က အပြင်တွင်ထမင်းစားပြီး မင်းခန့် အိမ်ပြန်ရောက်လာချိန်က ညကိုးနာရီကျော်နေခဲ့ပြီ။

အခန်းတံခါးနားရောက်တော့ အခန်းထဲမှ တရားသံ တိုးတိုးလေးက ပျံ့လွင့်လာသည်။ မီးရောင်မှိန်မှိန် ထွန်းထားသော အခန်းထဲတွင် မင်းခန့်၏ အခန်းဖော်က နံရံဘက် လှည့်ကာအိပ်ရင်း ဖွင့်ထားသည့် တရားသံတွင် အာရုံဝင်စားကာ တရားနာနေသည်။ အခန်းဖော်ကို မြင်တော့ ငြိမ်းသတ်လာသော ဒေါသမီးများက အငွေ့တလူလူ ပြန်ထွက်လာသည်။ ထုံးစံအတိုင်း သက်ပြင်းချပြီး အိပ်ယာပေါ် ပက်လက်လှဲကာ မျက်နာကျက်ကိုသာ မော့ကြည့်နေမိတော့သည်။

ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသော တရားသံနှင့် အတူ မင်းခန့်တွေးမိသည်။ ပုထုဇဉ်လူသားတစ်ယောက်အတွက် ပူလောင်ဖွယ် လောကီလူ့ဘုံမှ လွတ်မြောက်ရာဖြစ်သော လောကုတ္တရာတရားမှာ အရေးကြီးသလို နိဗ္ဗာန်မရောက်မှီစပ်ကြား လူအဖြစ်နှင့် နေရလျှင်လည်း လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေ နေထိုင်တတ်သည့် လောကီတရားကို တတ်ကျွမ်းနားလည်ဖို့မှာ အရေးကြီးကြောင်း တွေးနေမိသည်။ ပူလောင်မှုနှင့် အကုသိုလ်ဆိုသည့်အပင်သည် ကိုယ်တိုင်မစိုက်ပျိုးလျှက်နှင့်ပင် သူ့ရင်တွင်း၌ အညွှန့်တလူလူ အသီးတဝေဝေ ဖြစ်တတ်ကြောင်းလည်း မင်းခန့်သဘောပေါက်မိတော့သည်။

******

တရားသံ ခပ်တိုးတိုးပျံ့လွင့်နေသော အခန်းတစ်ခုထဲတွင် အတူနေ လူနှစ်ယောက် ကိုယ်စီကိုယ်စီ တရားပွားများနေကြသည်။ တစ်ယောက်က ပျံ့လွင့်နေသော တရားသံတွင် အာရုံဝင်စားကာ ငြိမ်းချမ်းစွာ လဲလျောင်းရင်း စိတ်၏ချမ်းသာခြင်း ကျေနပ်ဝမ်းမြောက်ခြင်းတည်းဟူသော ပီတိသောမနဿတရား ဆင်ခြင်ပွားများနေ၏။ နောက်တစ်ယောက်ကတော့ ပျံ့လွင့်နေသော တရားသံတို့သည် နားစည်သို့ပင် ရိုက်ခတ်ခွင့်မရနိင်ဘဲ စိတ်၏ဆင်းရဲခြင်း နှလုံးမသာယာတည်းဟူသော ဒေါမနဿ တရားကို ပွားများအားထုတ်နေသူဖြစ်သည်။

 သြော်...နေတတ်သူသာ ငြိမ်းချမ်းလေစွပါတကား။

 ။..............................................................................................။

(ဝန်ခံချက်။........။ ဝတ္ထုတိုဖြစ်ပါသည်။ ဝတ္ထုဇာတ်လမ်းအရ ထည့်သွင်းရေးသားထားသည့် တရားသဘောများသည် လွဲချော်မှု၊ မှားယွင်းမှုရှိပါက ရေးသူကျွန်တော့်၏ အားနည်းချက်သာ ဖြစ်ပါသည်။)

46 comments:

လရိပ်အိမ် said...

ဒါဆိုတစ်ယောက်ထဲနေပါလား။ ကိုယ့်ဟာကိုရ်လုပ်ရမဲ့တူတူတော့ တစ်ယောက်ထဲပဲနေပေါ့။

အနော် said...

လွယ်တော့မလွယ်ဘူးပဲ..
လက်တောင် အတိုအရှည်မညီဘူး ဆိုပေမဲ့ အခန်းဖော်ဆိုတာမျိုးကလဲ စရိုက်တူ အကျင့်တူ နေထိုင်မှုအဆင့်အတန်းတူညီမှုရှိမှပဲ ဖြစ်မှာပဲ...
လူပျိုကြီးရေ တကယ်လို့များ အိမ်ထောင်ပြုဖြစ်လို့ ဒီလိုအကျင့်မျိုး စရိုက်မျိုးနဲ့သာ တွေ့ဖြစ်ရင်တော့ :)))))
တရားပဲ အားထုတ်တော့ အကိုမြစ်ရာ :P
(အကိုမြစ်ကို ချစ်စနိုး စတာ ဟီးဟီး :D )

ညိမ်းနိုင် said...

ဟောဗျာ...ကျွန်တော်တို့အခန်းများလာကြည့်ပြီးရေးထား
သလားဗျ ကိုမြစ်....:) မနေတတ်တဲ့သူက စိတ်ရောကိုယ်
ပါပိုပင်ပန်းတာကတော့ လက်တွေ့...၊နောက်ဆုံး
စာကြောင်းလေးဖတ်ပြီး တရားရသွားတယ်ဗျိုး...။

ချစ်ခြင်းအလင်္ကာ said...

တရားနဲ့သာဖြေလော့အကိုကြီးကျိုး...အဲလေ..အကိုကြီးမြစ်..တရာနဲ့ဖြေမရရင် ၂၀၀ ထပ်တိုးပေးလိုက်ပါလေ...း)
ခင်တဲ့
ချစ်ခြင်းအလကာင်္

january4 said...

ဟုတ်တယ် အစ်ကို တစ်ချို့ တစ်ချို့တွေက တကယ် နေစိမ့်တာဗျာ...ကိုယ်လိုဘ၀တူတွေလည်း၇ှိသားပဲ..

ပြည်ကောင်းအောင် said...

ဒါကြောင့် ယန်းပေါလ်ဆတ်က သူ့ရဲ့ No Exit ဆိုတဲ့ ပြဇာတ်မှာ "Hell is other people" လို့ ပြောခဲ့တာ ဖြစ်မယ်ဗျး))
ကျနော်ကတော့ အဲဒီလို တရားသမားတွေရဲ့ ကျေးဇူးကြောင့် ( မြင်ဖန်များလွန်းလို့ ) အခုတော့ free thinker လုံးလုံး ဖြစ်နေပါပြီ။

နေ၀ဿန် said...

လူသားတွေနဲ့ နှောထွေးနေထိုင်တတ်ခြင်းဟာ အတတ်ပညာတစ်ပါးပါပဲဗျာ...


ခင်မင်လျက်
နေ၀ဿန်

sosegado said...

တရားရဲ့ငြိမ်းချမ်းခြင်းကို တွေ့လိုက်ရတာ မင်းခန့်အတွက် ကုသိုယ်ပါပဲ။

ဟန်ကြည် said...

ကိုမြစ်ဝထ္ထုထဲကလို ဘာသာရေးသမားတွေ တွေ့ဖူးပါတယ်...တကယ်တော့ ဘာသာရေးလုပ်တယ်ဆိုတာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအေးမြမှုရအောင် ကူညီစောင့်ရှောက်ခြင်းဆိုတဲ့ အခြေခံမူပေါ်မှာ သွားရတာဖြစ်လို့ အဲဒီလိုလူတွေကို ဘာသာရေးသမားလို့ မခေါ်ချင်ပါ...၀ထ္ထုလေး ကောင်းပါတယ်...ဒီထက်ပို အားစိုက်ပြီး ရေးလို့ရနိုင်သေးတယ်လို့ ထင်မိပါသေးတယ်...

တောက်ပကြယ်စင် said...

ဖတ်လို့ကောင်းလိုက်တာ ဒကာတော် ကိုမြစ်ရေ...အနေအေးပေမယ့် တခြားလူအတွက်တော့ ဘေးဖြစ်နေမယ်ဆိုရင်...(တကယ်တော့ နှစ်ယောက်အတူနေလျှင် ငြှိလို့မရတာ အခက်ဆုံးပဲ ကိုမြစ်ရေ...)"လူတစ်ကိုယ် အကြိုက်တစ်မျိုး" အဲဒါမှန်တယ်...သို့ပေမင့်...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

Anonymous said...

တစ်ချို့ တစ်ချို့ တွေ ရှိတတ်ပါတယ် ..
ဒီလိုပါပဲ ..
ဒီဘက်နားက ၀င်
ဟိုဘက်နားက ထွက် ဆိုသလိုမျိုး .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဆွေလေးမွန် said...

ဖတ်ပြီးတော့ ပို့(စ်)လေးထဲက မင်းခန့်အစား စိတ်ပင်ပန်းလိုက်တာ ကိုမြစ်ရယ်..
အဲဒါ တော်တော်ကြီးတဲ့ ဒုက္ခ..

kyal sin said...

ဆင်ဆင်တူတဲ့အဖြစ်မျိုးကြုံဖူးတယ်...။။ မနေတတ်တဲ့သူစိတ်မောရတာ သိပ်မှန်တာပဲ။

ကိုကိုမောင်(ပန်းရနံ့) said...

common sense လေး ကိုယ်စီရှိကြရင်တော့ အချင်းချင်း အတူနေရတာ ပျော်စရာပါ။ အခုလိုမျိုးကျတော့ မနေတတ်တဲ့သူက အကုသိုလ်ပွါးရော။ ပြီးတော့ ပင်ပန်းလိုက်တာ။ စိတ်။

ခင်မင်လျက်

မေဓာဝီ said...

ပါးစပ်က တရားတွေ တွင်တွင် ပြောနေပြီး လက်တွေ့မှာ မတရားသဖြင့် လုပ်နေတာတွေ ခဏခဏ ကြုံဖူးတယ် ဆရာမြစ်ရေ ... တကယ်တော့ အဲဒီလိုလုပ်နေတာ ဘုရားကြိုက်တဲ့ အပြုအမူမှ မဟုတ်ဘဲ။

rose of sharon said...

အခန်းဖော်ပြောင်းလို့ရရင်ရ...မရရင်အခန်းပြောင်းနေသင့်တယ်... စိတ်ညစ်စရာကြီးနော်...

သဒ္ဓါလှိုင်း said...

နေထိုင်နေကြတဲ့ လောကလေးထဲမှာ တခြားသူအပေါ် အပြုအမူအမျိုးမျိုးလုပ်ပြီး အနိုင်ယူနေကြတဲ့ သူတွေရှိပါတယ်။ တဘက်လူက စိတ်နဲ့ပက်သက်တဲ့ ဆင်းရဲခြင်းဒုက္ခကိုခံစားရတော့တာပါပဲ။ တဖြည်းဖြည်း စိတ်ထဲမှာ စိတ်ညစ်ငြူးမှုတွေ စုပုံလာတဲ့အခါမှာ စိတ်အမှိုက်ပုံကြီးဖြစ်ပြီး ကိုယ့်ရဲ့စိတ်တွေကို ညှင်းဆဲသလို ဖြစ်နေတတ်တယ်။
ငြိမ်းချမ်းစွာ နေတတ်ဖို့ ကြိုးစားကြရတာပေါ့။
ခင်တဲ့
သဒ္ဓါ

seesein said...

ခန္တီစ တရားကို စမ်းနေတာ ဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲလို့တဲ့

ခင်မင်တဲ့
seesein

ပန်းချီ said...

အစ်ကိုရေ..
အဲသလိုအခန်းဖော်မျိုးနဲ့ တရားကျင့်ကြံအားထုတ်ရင် မြန်မြန်တရားရနိုင်သနော့.း)
ကိုယ့်ရဲ့ ခန္ဓီပါရမီ ရင့်သန်လာအောင်လေ့ကျင့်ပေးနေတယ် ဆိုတော့ကာ..းD

SHWE ZIN U said...

ကိုမျစ်ချိုး ရေ

အဲလိုလူတွေ အပြင်မှာ တွေ့ဘူးတယ် တချို့ကြတော့လည်း တကယ်ကို မသိတတ်တာ မသိတာ နေတတ်တာ ပေါ့

တချို့ကြတော့လည်း စိတ်ရင်းမကောင်းတာ သိရဲ့သားနဲ့ မလုပ်တာ

An Asian Tour Operator said...

ဟုတ်တယ်ဗျာ။ အဲဒီလို အထူအပါး နားမလည်တဲ့ အခန်းဖော် နဲ့ နေရတာ ဒုက္ခတစ်မျိုးပဲ။ တချို့က ပြော မှ သိတာ မျိုးဗျ။

Nyi Linn Thit said...

စရိုက်မတူတဲ့ လူတွေနဲ့ အတူနေဖို့က သိပ်တော့ မလွယ်လှပါဘူး၊ ပြောမှသိတဲ့ လူတွေတောင် စိတ်ပျက်စရာ ကောင်းတယ်ဆိုရင် ပြောတာတောင် မသိတဲ့သူကတော့ ဆိုဖွယ်ရာ မရှိပါပဲ...။

မအိမ်သူ said...

နေတတ်တဲ့လူကအေးချမ်းပြီး မနေတတ်တဲ့လူက ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်နေရတာပေါ့လေ။ စရိုက်မတူတော့လည်း ညှိဖို့ခက်တာ သဘာဝပါဘဲ။ ဥပေက္ခာမလုပ်နိုင်ရင်တော့ ကိုယ့်ဒုက္ခကိုယ် ရှာနေမဲ့အစား လမ်းခွဲရုံရှိတာပေါ့။

(မအိမ်သူဆီ လာလည်သွားတဲ့အတွက်ကော ကွန်မန့်နဲ့ အားပေးသွားတဲ့အတွက်ကော ကျေးဇူးအထူးပါရှင်)

မေသိမ့်သိမ့်ကျော် said...

ကျွန်မကတော့စည်းတားထားတယ် လာမထိနဲ့ လာမကိုင်နဲ့ ကိုယ့်အပိုင်းကိုယ်ရှင်း။ ဒီလိုပဲလုပ်တော့ တော်တော် အဆင်ပြေသွားတယ်။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကို မမေသိမ့်ပြောသလို နေလိုက်ပါလား အဲဒါဆို ယခုထက် ပိုအဆင်ပြေမယ်...အကိုလဲ စိတ်ချမ်းသာမယ်ထင်တယ်....
ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေအကို...

ငြိမ်းအေး said...

ဇာတ်ကောင်၂ယောက်ရဲ့ပုံစံလေးကို မြင်ရပါတယ်.. ကိုမလုပ်ပဲနဲ့ စိတ်ပူလောင်ရတာကို ဖော်ကျုးထားတာလေးကိုလည်း မြင်လိုက်ရတယ်.
လူ့လောကရဲ့အဖြစ်လေးတွေပေါ့.။

ရွှေညာသားလေး said...

သရုပ်ပေါ်လွင်တယ်ဗျာ။ ဇာတ်ကောင် မင်းခန့်ကို ကိုယ်ချင်းစာမိပါတယ်။ ကျောင်းတက်စဉ်ကတည်းက အခုအချိန်ထိ အတူနေရသမျှ အလိုက်သိသူ ဆိုတာကို မတွေ့သေးဘူးဗျာ။ မကြာခင်တော့ ဒီဒုက္ခတွေက လွတ်တော့မှာမို့ ပျော်နေမိတယ်။ တကယ်ကောင်းတယ် ကိုမြစ်ကျိုးအင်းရေ...။

အိမ့်ချမ်းမြေ့ said...

(တစ်ခါတစ်လေမှာ) ဘာသာတရားတွေကို လက်ကိုင်ထားပြီး လူအချို့ဟာ အတ္တရဲ့ပုံဆောင်ခဲကို ပိုမိုပီပြင်အောင် ထုဆစ်တတ်ကြတယ်။

mstint said...

အတိတ်ရဲ့ ကံကြမ္မာပေါ်မူတည်ပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်ကာ အနာဂါတ်အတွက် ကြိုတင်ပြီး ခိုင်ခန့်တဲ့ အုတ်မြစ်ချနိုင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

....အလင်းစက်များ said...

ကိုမြစ်ဘာကို ခံစားထားလဲ မသိဘူး...... ဒါပေမယ့် နားလည်တယ်..... (အင်မတန်ကိုနားလည်မိတယ်)

ကျနော့အယူအဆ အရ .. “လောကုတ္တရာ အလုပ်တွေ အောင်မြင်ဖို့  ရာ လောကီရေးမှာ ဖြည့်ကျင့်ဖို့  သိပ်လိုပါတယ်...... မြတ်စွာဘုရား ဟာ အတုမရှိ ဆရာမရှိပဲ အသိဥာဏ်ပညာ ရဖို့  အတွက် လေးသင်္ချေနဲ့  ကမ္ဘာ တစ်သိန်း ဖြည့်ကျင့်ခဲ့ရပါတယ်။ ဒါတွေဟာ လောကီရေးမှာ ဖြည့်ကျင့်ခြင်းပါပဲ....။ ကျနော်တို့ လို သာမန်လူပိန်း တစ်ယောက် ငြိမ်းချမ်းရာ အမှန်ကို ရောက်နိုင်ဖို့ အတွက် အဲ့သည်လောက် မဟုတ်တောင် အနည်းနဲ့  အများတော့ ပါရမီ ဖြည့်လေ့ကျင့်ရမှာ လို့  ထင်ပါတယ်။”

ကိုမြစ်ပြောသလို သွားကြားထိုးတံလေး တစ်ချောင်း နေ့ စဉ် ကိုယ်က ပစ်ပေးသိမ်းပေးနေရတာဟာ အလုပ်ကြီး အခွင်ကျယ် မဟုတ်ပေမယ့်...။ ဂရုမစိုက်တတ်သူ အဖို့  ကိုယ့် အတွက် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အတွက် ကိုယ်နဲ့  အတူနေသူတွေကို ထိခိုက်စေတဲ့အတွက် ဒါဟာ မိမိရဲ့ ကိုယ်ပိုင် လောကီရေး ကိုတောင် မဖြည့်ရှင်းနိုင်သေးကြောင်း ပြသနေပါတယ်။

ကဲ ဂရုစိုက်တတ်သူ အတွက်တော့ ဒေါသထွက်ရသလိုပါပဲ....။ ဘေးလူအနေနဲ့  အဲ့ဒီကနေ ကုသိုလ်ရတာပေါ့ကွာ.... ဒေါသကို ထိန်းပေါ့ကွာလို့  လွယ်လွယ်ပြောနိုင်နေပေမယ့်.. ခံစားရတဲ့သူ မသက်သာလှပါဘူး...။

ဘာပဲပြောပြော အရှုပ်ထဲမှာ ရှင်းအောင်နေဆိုတာ အမှိုက်ပုံးထဲမှာ နှာခေါင်းပိတ်ပြီး ထိုင်နေခိုင်းတာ မဟုတ်တာတော့ သေချာပါတယ်။

တစ်ကိုယ်ရည်သန့် ရှင်းမှု မကောင်းခြင်းဟာ ။ အရင်ဆုံးကိုယ့်ရဲ့ Personality ကို ထိခိုက်ပါတယ်။ နောက် ဘေးပတ်ဝန်းကျင်ကို ထိခိုက်ပါတယ်။ နောက်ဆုံးတွက်ကြည့်ရင် လူမျိုးကိုပါ ထိခိုက်စေပါတယ်။ အဲ့ဒါ မြန်မာတွေပေါ့ ညစ်ပတ်လိုက်တာ ဆိုတာမျိုးပါ။

ကျနော် အစွန်းများရောက်နေသလားပဲ.... ကိုမြစ်နဲ့  နောက်မှ ပိုစ့်တစ်ခု ရေးပြီး ပို့ ပေးချင်ပါသေးတယ်... ကိုမြစ်ရေ..

စိတ်ချမ်းသာမှု ရှာဖွေနိုင်ပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတစ်ကိုယ် အကျင့်တစ်မျိုးလို့ ပြောရမယ်ထင်ပါတယ်လေ.
တစ်ချို့လူတွေက မနေတတ်ပေမဲ့ တစ်ချို့ကျတော့လည်း ဒီလိုဘဲ နေနိုင်တာပါဘဲ။
အပေါင်းအဖော်နဲ့နေတဲ့အခါ ခုလိုအဖြစ်မျိုးတွေက အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ အဆောင်နေလာဖူးတော့ ခုလိုမျိုးတွေ ကြုံခဲ့ဖူးလို့ ကိုယ်ချင်းစာနိုင်ပါတယ်။
ဘယ်သူမှတော့ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိဘူးဆိုတော့လည်း ...........

Anonymous said...

ကိစ္စအားလုံး ကိုယ်လုပ်ပြီးဖြေရှင်းနေတာထက်စာရင် ကိစ္စတစ်ခုတည်း (အခန်းပြောင်း သို့ လူပြောင်း) ဖြေရှင်းလိုက်ရင် စိတ်ချမ်းသာမယ်ထင်တယ်။
အိုင်အိုရာ

မြစ်ကျိုးအင်း said...

ကျွန်တော့်ရဲ့ ဝတ္ထုတိုလေးဖတ်ပြီးတော့ မှတ်ချက်လေးများ ရေးသွားကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ စိတ်ဝင်တစားနဲ့ ဆွေးနွေးပေးကြတာလည်း ပီတိဖြစ်မိပါတယ်။ ဒီဝတ္ထုလေးကို ရေးဖြစ်ဖို့ လှုံ့ဆော်တဲ့အချက်၂ချက် ရှိပါတယ်။ တစ်ချက်က ဘာကိုမှ သေချာမတွေးဘဲ နေသာသလိုနေသူရဲ့ ဘေးကလူအတွက် မဖန်တီးရဘဲနဲ့ အကုသိုလ်တွေ ၊ ဒေါသတရားတွေ ပွားနေရတာကို ရေးချင်တာရယ်၊ နောက်တစ်ချက်က တရားအလုပ်ကို ဦးစားပေးတာ မှန်ပေမယ့် လူ့ပါတ်ဝန်းကျင်မှာနေရင် အလိုက်သင့်နေတတ်ဖို့လည်း အရေးကြီးကြောင်းဆိုတဲ့ အချက် နှစ်ချက်ကို ရေးချင်ခဲ့တာပါ။ ဒါပေမယ့် သိပ်မပေါ်လွင်ဘူးလို့ ခံစားမိပါတယ်။ ဒီ့ထက်ပိုလွင်အောင်လည်း မရေးချင်တာ ပါပါတယ်။ ဒါပေမယ့် ဂရုတစိုက်ဖတ်ပြီး ခံစားနားလည်ပေးကြလို့ ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ။

လသာည said...

ပိုစ်ကိုဖတ်ပြီး တော်တော် သဘောကျမိတယ်။ အဲလိုလူတွေ ရှိပါတယ်လို့လည်း အထပ်ထပ်ထောက်ခံမိပါကြောင်း..

ဇနပုဒ်ရွာသား said...

အင်းးတကယ်ပဲအဲ့လိုမျိုးအလိုက်မသိတဲ့သူတွေနဲ့
ကျွန်တော်လည်းကြုံဖူးပါတယ်....တော်တော်လေးသည်းခံရတယ်ဗျာ..ကိုယ့်ရေမြေမဟုတ်တော့
ကိုယ့်လူမျိုးအချင်းချင်းဘာမှစောဒကတက်တာတွေမဖြစ်ချင်တော့တော်တော်လေးပင်ပန်းပါတယ်
အဓိကအားဖြင့်စိတ်ဒုက္ခရောက်တာပေါ့နော်...
အင်းတရားသဘောနဲ့ပဲဖြေရတော့မှာပဲဗျာ...

Anonymous said...

သူတိုနဲ့နေရတာ ဆူးလှည်းကို စီးနေရသလိုပဲ။ ကိုယ့်တရားနဲ့ကိုယ် နေနေတယ်ဆိုပေမယ့်လည်း ထိတာ၊ ခိုက်တာများလာတော့ သည်းခံစိတ်က တယ်မရှိတော့ဘူး။

မြတ်မွန် said...

အားလုံးကတော့ကိုယ်တရားနဲ့ကိုယ်တရားတယ်လို့ထင်နေကြပုံပါပဲ။ဦးမြစ်ပိုစ့်ဖတ်ပြီးအိမ်ကိုလာလာနေတဲ့အဒေါ်ကြီးတစ်ယောက်ကိုသွားသတိရမိတယ်။မြင်ရတွေ့ရသူက ဒေါသဖြစ်ရတယ် ဦးမြစ်ရေ ----။

ညယံ said...

အဲ့လို ရှုပ်ချင်တာတွေ ရှုပ်ယှတ်ခပ်အောင် လုပ်ထားပြီး မသိချင်ယောင် ဆောင်တာလောက် ဒေါသထိပ်ရောက်တာ မရှိဘူးရယ်။ ပြီးတော့ ပြောလိုက်ရင် မဆိုင်သလိုက လုပ်တက်တာ။
အလိုက်မသိသောသူနှင့် တခန်းတည်း အတူနေရတာလည်း တစ်ဒုက္ခရယ် ...

ROCK GUNNER said...

တကယ်ကို ကောင်းတဲ့ အရေးသားပါပဲ ..
ကိုယ်တွေ့ နဲ့ ဆင်နေလို့  အရမ်းသဘောကျမိပါတယ်..
ဆက်လက်အောင်မြင်မှုတွေနဲ့  အေးချမ်းပျော်ရွှင်နိုင်ပါစေ..

san htun said...

ကိုမြစ်တို့ က တခန်းထဲ အတူမနေလို့  တော်သေးတယ်။ စင်္ကာပူမှာတော့ အတူနေ အခန်းဖော် ဒုက္ခတွေက စာဖွဲ့ လို့ တောင် မကုန်နိုင်။ အခန်းပြင် မထွက်ဘဲ အိပ်ရင်း ဖုန်းပြောတာ ညတနာရီကျော်။ ဟင်းချက်ပြီးရင် ပေပွနေတာတွေ။ ကိုမြစ်ပို့ စ်က ခုခေတ်ကို ထင်ဟပ်နေတာပဲ ကွက်တိ။

ဇေယျာမိုး said...

ကျွန်တော်လည်းလက်ရှိကိုအဲဒီလိုအခန်းဖော်နဲ့
နှစ်ပါးသွားနေရတယ်ဗျာ....ခပ်ဆင်ဆင်လေးပေါ့ဗျာ...ကောင်းပါတယ်..
ဖတ်ရှုအားပေးသွားပါတယ်ဗျာ...ခင်မင်စွာဖြင့်
ဇေယျာ

ကြယ်စင်အလင်း said...

အဲလို အခန်းဖော်တွေနဲ့နေခဲ့ဖူးပါတယ်.. အ၇င်နောက်ဆုံးနေခဲ့တဲ့အိမ်ကတော့ အဆိုးဆုံးပါပဲ။ အခုတော့ တကိုယ်တည်းငှါးနေတော့တယ်။အေးချမ်းဆုံးပဲ။ နောက်ထပ် အခန်းဖော်နဲ့အတူနေ၇မှာတောင် မတွေးရဲတော့ဘူး။

zin myo said...

ကြိုက်လို့ share လိုက်မိပါတယ်။ ကိုယ်ချင်းလည်းစာမိပါတယ် :)

Moe Tain Nyo said...

ကြိုက်လို့ ကျွန်တော်ထပ်ပြီး လင့်ထားပါတယ် ကိုမြစ်ကျိုးအင်းရေ။

8Yar said...

အစ်ကို့ ဝတ္ထုတိုထဲကလို ခံစားရဖူးပါတယ်။ တော်တော် စိတ်ညစ်ဖို့ကောင်းတဲ့ ခံစားချက်ပါ။
ကျွန်တော် 8Yar ပါအစ်ကို။ အစ်ကိုနာမည်ကိုကြားဖူးပေမဲ့ အခုမှရောက်ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော့ blog လေးကိုလာလည်ဖို့ဖိတ်ခေါ်ပါရစေ ခင်ဗျာ။

ဘာနေ said...

ပါရမီ ဖြည့်နေရတယ်လို့
မှတ်လိုက်ပါဗျာ ..
ဘာပဲ ဖြစ်ဖြစ် ကိုယ်ကနေ
ပိုလုပ်လိုက်ရတယ်ဆိုတာတွေဟာ
တကယ်တွေးကြည့်ရင်
သံသရာထဲမှာ ကျင်လည်နေတဲ့
ကိုယ့်အတွက် ကောင်းမှုမှန်သမျှဟာ
ပါရမီပြည့်ဖို့အတွက်လို့ မှတ်ထားတာ
ပိုပြီး သင့်တော်ကောင်းမွန်ပါလိမ့်မယ်ဗျာ ..။

 

Posts Comments

©2006-2010 ·TNB