နာကျင်လိပ်ပြာ

23 July 2011


(၁)

စိတ်အလိုမကျစွာဖြင့်  အခန်းထဲတွင် သူ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ အလိုမကျစိတ်ကြောင့် သက်ပြင်းမောများလည်း အခါခါချမိ၏။ သူ့စိတ်နှလုံးသားများ တည်ငြိမ်ရန် ကြိုးစားသော်လည်း မရနိင်တော့။ သတိရတမ်းတခြင်းသည် သူ့ကို ပြင်းစွာလောင်မြိုက်နေစေသည်။ အခန်းတွင်းရှိ ဆိုဖာပေါ်သို့ မွန်းကျပ်စွာထိုင်ချလိုက်၏။ အစွန့်ပစ်ခံထားရသည်မှာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။ ငါးရက်လား။ ဒါမှမဟုတ် တပါတ်လား။ သူသေသေချာချာ မသိတော့။ သေချာသည်က သူအထီးကျန်စွာဖြင့် ကုန်ခဲလှသော အချိန်များစွာကို ဖြတ်သန်းနေရသည်။

အချိန်တိုင်းတွင်လည်း သူမွတ်မွတ်သိပ်သိပ် တောင့်တနေမိသည်မှာ သူ့ချစ်သူ ဟန်နီ ကိုသာ ဖြစ်သည်။ အမြဲတမ်း တွေ့ဆုံဖြစ်ခဲ့သော သူတို့နှစ်ယောက် မတွေ့ရသည်မှာ တော်တော် ကြာသွားပြီ။ ဒီရက်ပိုင်းအတွင်းမှာ သူအပြင်ကိုလည်း မထွက်ဖြစ်။   ဟန်နီ ရောက်လာချိန်ကို ယခင်အတိုင်း သူ့အခန်းအတွင်းမှ စောင့်နေခဲ့သည်။ ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်တို့သည် အရောင်အနုအရင့်များသာ ပြောင်းလဲသွားသော်လည်း သူ့ချစ်သူက ရောက်မလာခဲ့။ မှီတွယ်ရာမရှိသူလို ဒါမှဟုတ် တခုခုလုပ်ရန် စဉ်းစားစိတ်ကူး၍ မရနိင်သူလို သူ့ရင်ထဲတွင် ဟာတာတာ ဖြစ်နေခဲ့ရသည်။

သူ့အခန်းတွင်းသို့  အမှောင်များ ချဉ်းနင်းဝင်ရောက်စအချိန်သည် သူ့မျှော်လင့်ချက်များ တောက်ပလွန်းသည့် အချိန်ဖြစ်၏။ သည်အချိန်က ဟန်နီ ရုံးဆင်းချိန်ဖြစ်ပြီး သူတို့နှစ်ဦး၏ ဆုံတွေ့နေကျအချိန်လည်းဖြစ်သည်။  သို့သော် သူ့အခန်းထဲသို့ အမှောင်မှလွဲ၍ မည်သည့်အရာမှ ရောက်မလာခဲ့ပါ။ ယခင်နေ့များအတိုင်း အမှောင်သည် အထီးကျန်ခြင်းကိုသာ သယ်ဆောင်လာခဲ့သည်။ ရုံးဆင်းချိန်ကျော်လွန်လာတိုင်း အိမ်တံခါးဖွင့်သံကို ပို၍ နားစိုက်ထောင်မိသည်။

သို့သော် တိတ်ဆိတ် အေးစက် မွန်းကျပ်နေသော သူ့အိမ်လေးကတော့ အရင်အတိုင်းငြိမ်သက် မှုန်မှိုင်းနေမြဲပင်ဖြစ်သည်။  အိမ်တံခါးသော့ဖွင့်သံ ၊ ဧည့်ခန်းကို ဖြတ်လျှောက်လာမည့်ခြေသံ ထို့နောက် သူ့အခန်းတံခါးကို ညင်သာစွာ သော့ဖွင့်သံတွေကို တောင့်တငတ်မွတ်နေသော်လည်း ကြားခွင့်မရ။ သူရရှိနေသည်က အခန်းထဲတွင် အချိန်ပြည့် ရှိနေသော မွန်းကျပ်ပိတ်လှောင်မှုနှင့်  ချစ်သူကိုလွမ်းဆွတ် နာကျင်မှုများသာ ဖြစ်သည်။ ထိုအငွေ့အသက်များဖြင့် ဘဝက  အမှောင်ကျနေသလို သူ၏ပျော်ရွှင်ချိန်များ ပြတ်တောက်ရပ်တန့်နေခဲ့သည်။ တမ်းတလွမ်းဆွတ်စိတ်ဖြင့် နေရသည်မှာ ဆိုးရွားလွန်းလှသည်။


“ဘာလို့ အခုချိန်အထိ မရောက်လာနိင်သေးတာလဲ ဟန်နီရယ်။ ငါသိပ်လွမ်းနေမှာကို မင်း မသိတော့ဘူးလား။”

အလွမ်းဒဏ်မှ သက်သာရာ ရလိုရငြား သူ့အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်သည်။  သို့သော် တရံမလပ်လွမ်းဆွတ်ခြင်းက လျော့မသွားခဲ့။ နေ့ရက်ပေါင်းများစွာ မတွေ့ဆုံခဲ့ရသည့် နာကျင်ဝမ်းနည်းစိတ်ကြောင့် သူ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရသည်။ “မင်းရောက်လာသင့်ပြီ ဟန်နီ။ ငါတို့ ဘယ်တုန်းက ဒီလောက်အထိ ဝေးခဲ့ကြဖူးလို့လဲ။ မင်းဘာတွေ လုပ်နေလဲကွာ။ ဘာလို့ငါတို့တွေ့ဆုံခြင်းကို ငြင်းပယ်နေတာလဲ။” သူအသံထွက်၍ သို့မဟုတ် အသံမဲ့ အကြိမ်ကြိမ်ရေရွတ်မိသော်လည်း သူ့အခန်းထဲကို မည်သည့်အရာမျှ ရောက်မလာခဲ့။ မကြာခင်ဆို ရုံးဆင်းချိန် ရောက်တော့မည်။ ဒီနေ့ရော ငါ့မျှော်လင့်ချက်တွေ အချည်းနှီး ဖြစ်ရအုံးမှာလား

~~~~~~~~~~~~~~~~~~~~~~~~



(၂)

သည်နေ့က မောင်နှင့် ခွဲနေရသည်မှာ တပါတ်ပြည့်သည့်နေ့ဖြစ်သည်။  ခွဲခွာရသည့် အချိန်တိုင်းမှာ တရံမလပ် သတိရလွမ်းဆွတ်စိတ်ကြောင့် သည်နေ့မှာတော့ သူမဘဝတွင် မည်သည့်အခါကမျှ မရှိခဲ့ဖူးသော ရဲဝံ့မှုဖြင့် မောင့်အခန်းလေးဆီသွားဖို့ ဆုံးဖြတ် လိုက်တော့သည်။ ဓါတ်လှေကားထဲဝင်၍ အထပ် ၁၂ ကို နှိပ်ပြီးချိန်အထိ သူမ၏ လုပ်ရပ်မှားသွားပြီလားဟု တွေးနေမိသေးသည်။ သို့သော် အားကောင်းလွန်းသော လွမ်းဆွတ်နာကျင်စိတ် တစ်ခုထဲဖြင့် မမှားဘူးဟု တွေးကာ အားတင်းထားလိုက်သည်။

သူမ လိုချင်သည်မှာ မောင်ပေးမည့် နွေးထွေးသည့် အငွေ့အသက်လေးဖြစ်သည်။  အခန်းထဲရှိ နှစ်ယောက်အတူ သုံးစွဲခဲ့ဖူးသည့် အရာဝတ္ထုများကို ပြန်မြင်ခွင့်ရချင်သည်။ ဖြစ်နိင်လျှင် မောင်တီးပြမည့် ဂစ်တာသံလေးကို ကြားခွင့်ရချင်သည်။ ဘာမျှ မရနိင်ဘူးဆိုလျှင်တောင် အနည်းဆုံးတော့ မောင် ဆွတ်နေကျ ရေမွှေးနံ့လေးဖြစ်ဖြစ် ရချင်သည်။  စောင့်ကြိုနေမည့် မနက်ဖြန်တိုင်းကို ရင်ဆိုင်နိင်ရန်  ခွန်အားတစ်ခုခု ရချင်သည်။ သို့မဟုတ်ပါက သူမအတွက် ရပ်တည်ရန် ခက်ခဲနေတော့မည်။

သည်နေ့ရက်တွေက သူမအတွက် ငရဲကျသည့် အချိန်တွေသာ ဖြစ်သည်။ သည်ရက်ပိုင်းတွေမှာ ဝမ်းနည်းနာကျင်စိတ်ဖြင့် ဘာမျှမလုပ်နိင်ခဲ့။ ရုံးမှ ခွင့်ရက်ရှည်ယူကာ အခန်းပိတ်ပြီး ငိုနေခဲ့ရသည်။  နေ့နှင့်ညကို မသိတော့လောက်အောင် အသိတရားတွေ လွတ်ကင်းမတတ်ဖြစ်ခဲ့ရသည်။ အမှန်တရားတစ်ခုကို လက်ခံနိင်ရန် သူမ အသိစိတ်က သည်တစ်ပါတ်လုံးလုံး ငြင်းဆန်ချင်နေခဲ့သည်။ အခုချိန်ထိလည်း လက်ခံနိင်ရန် ခက်ခဲနေဆဲပင်ဖြစ်သည်။ ဟင်အင်း.. မောင်နဲ့ ဘယ်တော့မှ မဝေးဘူး။ ခွဲမထားခဲ့ပါနဲ့မောင်။ မောင်မပါဝင်သည့်  တစ်ယောက်ထဲ အနာဂတ်ကမ္ဘာကို သူမတစ်ခါမျှ တွေးမထားခဲ့ဖူးပါ။ အခုတော့ ရင်ဆိုင်ရတော့မည်။

ဓါတ်လှေကားထဲမှထွက်ပြီး မောင့်အခန်းနား နီးလာလေ ရင်တွေ ခုန်လာရလေဖြစ်သည်။ ဟန်နီလာပြီ မောင်ရေ။ ဘယ်လိုပုံစံနဲ့ ကြိုဆိုနေမလဲ။ အချိန်တွေက သိပ်နည်းနေပြီ မောင်ရယ်။ အရင်လို မစနောက်ပါနဲ့တော့။ နွေးထွေးမှု တစ်ခုခုကို ပေးပါနော်။

~~~~~~~~~~~~~~~~~~~~

(၃)

အိမ်တံခါးဖွင့်သံ သဲ့သဲ့လေး ကြားလိုက်ရသဖြင့် လဲလျောင်းနေရာမှ သူ ခေါင်းထောင်လိုက်မိသည်။

တံခါးဖွင့်သံ ..။
အိုး....ဒါဆို ဟန်နီ ရောက်လာပြီပေါ့။

သူပျော်ရွှင်လွန်းသဖြင့်ထခုန်လိုက်မိသည်။ နောက်ဆုံးတော့လည်း သူ့ရဲ့ လွမ်းဆွတ်နာကျင်မှုတွေကို အဆုံးသတ်ပေးမည့် အချိန်တစ်ခု ရောက်လာရတာပဲ မဟုတ်လား။ စမ်းရေအးအေးလေးတစ်ခွက် သောက်လိုက်ရသလို သူ့စိတ်နှလုံးသားတစ်ခုလုံး အေးချမ်းကြည်လင်သွားရသည်။  သိပ်နေနိင်သည့် ချစ်သူကို ဒီလိုအချိန်ရောက်ဖို့ နာကျင်စွာ အကြာကြီး စောင့်နေခဲ့ရတာကိုတော့ သိအောင်ပြောပြရမည်။ ဒီလိုသာ ရက်တွေအကြာကြီး ခွဲနေနိင်တယ်ဆိုလျှင် သူ့ဘဝ၏ မရှိမဖြစ်ဖြစ်အောင် ဘာအတွက်များ နှောင်တွယ်ခဲ့တာလဲ ဆိုပြီး အပြစ်တင်ရအုံးမည်။

ဧည့်ခန်းကို ဖြတ်လျှောက်လာသည့် ခြေသံတိုးတိုးဖွဖွလေးကို ကြားလိုက်ရသဖြင့် သူငြိမ်သက်စွာ စောင့်ဆိုင်းနားစွင့်နေလိုက်သည်။ သေချာပါသည်။ ထိုခြေသံက ချစ်သူ၏ ခြေသံဖြစ်သည်။ ထို့နောက် သူ့အခန်းဝတွင် ခြေသံ ရပ်သွား၏။ မည်သည့်အသံမှ ထွက်မလာဘဲ ခေတ္တငြိမ်သက်နေသည်။  သူစိတ်မရှည်နိင်တော့။ ဘာလုပ်နေတာလဲ။ တံခါးဖွင့် ဝင်ခဲ့တော့လေ။ အခန်းထဲမှာ မင်းကို လွမ်းဆွတ်နေတဲ့သူ တစ်ယောက် ရှိနေတယ်လေ။  သူ တောင့်တနေချိန်မှာပင် အခန်းသော့ဖွင့်သံ ကြားလိုက်ရတော့သည်။

ချက် ခနဲမြည်သွားသော သော့ဖွင်သံ တစ်ခုသည် သူ့ရင်တစ်ခုလုံးကိုပါ ဆွဲဖွင့်လိုက်သလို ပွင့်ထွက် သွားစေသည်။ ထို့နောက် တံခါးချပ်လေး ဖြေးညင်းစွာ ပွင့်လာပြီးနောက် အခန်းဝတွင် သူသိပ်ချစ်ရသော ဟန်နီ၏ ခန္ဓာကိုယ်လေး ပေါ်လာသည်။  မင်း ပိန်သွားတယ်နော်။ သူ ခပ်တိုးတိုးလှမ်းပြောလိုက်သည်။ သူမကတော့ မဝင်လာသေးဘဲ အခန်းထဲကို ခဏဝေ့ကြည့်နေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ အခန်းထဲသို့ လှမ်းဝင်ပြီးနောက် တံခါးကို ပြန်ပိတ်လိုက်၏။ မီးဖွင့်ရန် ခလုတ်ဆီသို့ လက်အလှမ်းမှာပဲ

“မဖွင့်နဲ့”

သူကမန်းကတမ်း လှမ်းတားလိုက်သည်။ မီးခလုတ်ပေါ် ရောက်သွားသော သူမ၏ လက်ကလေး ရပ်တန့်ကာ စဉ်းစားဟန်ပြုသည်။ ထို့နောက် သက်ပြင်းတစ်ချက်ရှိုက်ပြီး မီးမဖွင့်တော့ဘဲ အခန်းထဲ လျှောက်လာကာ သူ့ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် အခန်းအတွင်းရှိ ပစ္စည်းလေးများကို ငေမောကြည့်နေသည်။ ထို့နောက်မျက်နာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကာ သည်းသည်းထန်ထန် ငိုကြွေးနေတော့သည်။ ဘာလို့ငိုနေတာလဲ ဟန်နီ။ ငါ့ကိုဘာလို့ အကြာကြီးပစ်ထားရတာလဲ။  သိပ်လွမ်းနေမယ်ဆိုတာ မသိဘူးလား။ သူမ၏ ပုခုံးလေးကို ပွေ့ဖက်ကာ တတွတ်တွတ်ပြောပြီး နှစ်သိမ့်နေသော်လည်း သူမကတော့ ခေါင်းငုံ့ကာ ရှိုက်ကြီးတငင်ငိုကြွေးနေဆဲပဲ ဖြစ်သည်။

~~~~~~~~~~~~~~~~~~
(၄)

အခန်းထဲတွင် သူမ မျှော်လင့်ထားသလို နွေးထွေးမှုကို အကြာကြီး မရရှိလိုက်ပါ။ မောင့် အငွေ့အသက်တစ်ချို့ကို ခံစားမိသော်လည်း မြင်တွေ့လေရာ အရာဝတ္ထုတိုင်းက သူမကို ဝမ်းနည်းနာကျင်စေပါသည်။ အတူတူကစားခဲ့ကြသည့် ဂိမ်းစက်လေးကလည်း နောက်ဆုံးအကြိမ်ကစားခဲ့စဉ်ကအတိုင်း အရာမယွင်း။ အခန်းထောင့်ရှိ ထောင်ထားသော ဂစ်တာလေးက ဘယ်တော့မှ သံစဉ်တွေ ထပ်မထွက်လာနိင်တော့ဘူးဟု ပြောနေသယောင်ယောင်။ နှစ်ယောက်အတူ သောက်ခဲ့ဖူးသည့် ပုံစံတူကော်ဖီခွက်လေး နှစ်ခွက်က စင်ပေါ်တွင် ငြိမ်သက်နေ၏။

မြင်လေရာတိုင်းက နာကျင်မှုကိုသာ ဖြစ်ပေါ်စေသည်။  အရာဝတ္ထုတိုင်း၏ နောက်ခံသမိုင်းကြောင်းထဲတွင် သူမတို့နှစ်ယောက် ပျော်ရွှင်ခဲ့ရသော ပုံရိပ်များသာ ရှိနေသည်။ ယခုတော့ အရာရာက ငြိမ်သက်နေခဲ့ပြီ။ နောက်ထပ် ပျော်ရွှင်မှုများကို မဖန်းတီပေးနိင်တော့ကြောင်း ဝန်ခံနေကြသလို ငြိမ်သက်နေကြ၏။ မောင်နှင့်အတူ အနာဂတ်မှာ အေးချမ်းပျော်ရွှင်ခြင်းများ ထပ်မရနိင်တော့သည်ကို လက်ခံလိုက်ရသဖြင့်  နှလုံးသားထဲမှ စူးအောင့်သွားမိသည်။ ယခုအချိန်တွင် သူမလုပ်နိင်သည်မှာ သည်းသည်းထန်ထန် ငိုကြွေးခြင်းတစ်ခုသာ ဖြစ်သည်။

မောင့်အခန်းဆီသို့ တဒင်္ဂလေး ရောက်လာရုံနှင့် အတိတ်၏ အရိပ်များစွာက စုပြုံကာ သူမရင်ကို တိုးဝှေ့ဝင်လာကြသည်။ ထိုပုံရိပ်တွေသည် ညပေါင်းများစွာ လပေါင်းများစွာ သူမကို ဝမ်းနည်း နာကျင်နေအောင် နှိပ်စက်နေကြအုံးမည်။ သူမ ကြာကြာ ရပ်တည်နိင်စွမ်း မရှိတော့။ ဝမ်းနည်းလွန်းသဖြင့်  ပြန်ရန် ထရပ်လိုက်သည်။ အခန်းတံခါးဆီ လျှောက်သွားရင်း နောက်ဆုံးအကြိမ်အဖြစ် အခန်းထဲကို တစ်ချက် ကြည့်လိုက်သည်။ အရာရာ ရှင်းလင်း တိတ်ဆိတ်နေသော အခန်းသည် အထီးကျန်စွာ တည်ရှိနေသည်။ ဒီအခန်းကို သူမ နောက်ထပ် ထပ်ရောက်လာဖြစ်မည် မဟုတ်တော့။
“နှုတ်ဆက်ပါတယ် မောင်ရယ်။ မောင်လည်း ရောက်တဲ့နေရာမှာ ငြိမ်းချမ်းအေးမြပါစေ။”

“ဘုတ်”

အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာပင် ဆိုဖာပေါ်တွင် တင်ထာသည့် ဝက်ဝံမွှေးပွရုပ်ကလေးက အောက်သို့ပြုတ်ကျလာသည်။ အခန်းပြတင်းပေါက်များ ပိတ်ထားပြီး မည်သူမျှ မရှိသည့် အခန်းထဲတွင် ထိုအရုပ်လေး ပြုတ်ကျလာနိင်သည့် အကြောင်းရင်းကို သူမ မစဉ်းစားချင်တော့။ အခန်းထဲ ပြန်ဝင်ကာ မွှေးပွရုပ်လေးကို ကောက်ယူလိုက်သည်။ ထိုအရုပ်လေးသည် သူမ ပွေ့ဖက်ရန် မောင်ဝယ်ပေးထားသည့် အရုပ်လေး ဖြစ်သည်။ မောင်ဘာဖြစ်စေချင်သည်ကို သူမ နှလုံးသားထဲက သိပါသည်။

“ဟုတ်ကဲ့ပါမောင်... ဟန်နီ ယူသွားပါ့မယ်”

ရှိုက်ငိုသံကြားမှ တိုးတိုးလေး ပြောလိုက်သော်လည်း မောင်ကြားနိင်မည် ထင်ပါသည်။ မွှေးပွရုပ်လေးကို ပွေ့ဖက်ကာ အခန်းတံခါးဆီ ပြန်လျှောက်သွားသည်။ အခန်းတံခါး မပိတ်မှီ သူမ ပြောလိုက်သော စကားလေးကတော့ ထိုအခန်းထဲတွင် အချိန်ပေါင်းများစွာ တည်ရှိနေအုံးမည်။

“ ဟန်နီ့ရင်ထဲမှာ မောင် အမြဲ ရှင်သန်နေမှာပါ ”


ချစ်သူကိုတားဆီးဖို့ ကြိုးစားသော်လည်း  မရနိင်မှန်း သိသွားသောကြောင့် သူ ဝမ်းနည်းနာကျင်စွာ  အခန်းနံရံတွင် မှီထိုင်လိုက်ရသည်။ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မလာနိင်သည်ကို သိလိုက်ရသည့် အသိက ရင်တစ်ခုလုံးကွဲကြေသွားစေသည်။ ကယ်တင်ရာ မရှိသူလို လက်ဝါးနှစ်ဖက်ထဲ မျက်နာအုပ်ကာ သည်းသည်းထန်ထန် ငိုကြွေးနေမိတော့သည်။

ထွက်ခွာသွားသော ခြေသံက တစ်ဖြေးဖြေး ဝေးကွာ ပျောက်ဆုံးသွားတော့သည်။

~~~~~~~~~~~~~~~~~~~~

 (၅)

အလွမ်းများဖြင့် လှောင်ပိတ်နေသော အခန်းတစ်ခုထဲတွင် ဆို့နှစ်ကြေကွဲနေသော တစ်စုံတစ်ရာရှိနေခဲ့သည်။ ထိုအရာသည် နောက်တကြိမ် ပြန်မလာနိင်တော့မည့် ချစ်သူကို ဆို့နစ်စွာ လွမ်းဆွတ်နေမည့် ဒြပ်မဲ့တစ်ခုသာဖြစ်သည်။

။......................................................................။

38 comments:

ဟန်ကြည် said...

အရေးအသား သိမ်မွေ့နူးညံ့မှုကတော့ အပြစ်ဆိုစရာကို မရှိဘူး ကိုမြစ်ရေ...ဒါပေမယ့် ဇာတ်လမ်းပိုင်းမှာ အားနည်းနေတယ်လို့ ထင်မိတယ်...ကိုမြစ်ရဲ့ စကားပြေ အင်အားနဲ့ဆိုရင် ဒီ့ထက်ကို အဆများစွာအရသာရှိတဲ့ ၀ထ္ထုတွေကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေမိတယ်...

ညိမ်းနိုင် said...

နှစ်ယောက်စလုံးသနားစရာပဲနော်....၊အင်းလေ..နာမည်ကို
က နာကျင်လိပ်ပြာဆိုတော့......

ညီလင်းသစ် said...

နာကျင် ကြေကွဲစရာ ကောင်းတဲ့ ဇတ်လမ်းလေးပါပဲ၊ ဖတ်ပြီးတော့ Ghost ကားထဲက ဝူပီဂိုလ်းဘတ် ကိုတောင် ဖြတ်ကနဲ သတိရလိုက် သေးတယ်၊ သူဆို ကူညီချင် ကူညီနိုင်မှာ...၊ ပြေပြစ်တဲ့ အရေးအသား ကြောင့် အခန်းထဲမှာ ရောက်နေသလို မွန်းကျပ် နေခဲ့ တယ်...။

မြစ်ကျိုးအင်း said...

ကိုဟန်ကြည်>>ဒီဝတ္ထုတိုလေးက ဇာတ်အိမ်ကို အဓိကမထားဘဲ စိတ်ခံစားချက် အခြေအနေကိုပဲ ရေးထားလို့ ကျနော်ကိုယ်တိုင်လည်း သိပ်အားမရတဲ့ ပို့စ်လေးပါ။ ပို့စ်အသစ်မတင်ဖြစ်တာ ကြာနေလို့ ရေးထားတာ ၁ နှစ်လောက်ရှိနေတဲ့ ဒီပို့စ်လေး တင်ဖြစ်သွားတာပါ။ သိပ်အားမရတဲ့ ပို့စ်ဖြစ်လို့ တင်ရင်ကောင်းမကောင်း စဉ်းစားတာတောင် ၂ ရက်ကြာသွားသေးတယ်။း)
နောက်ထပ် ရသစာကောင်းကောင်းလေးတွေ ထပ်ရေးဖို့ အားစိုက်ပါ့မယ်။

ညိမ်းနိင် >>>ဖတ်ရှုခံစားပေးလို့ ကျေးဇူးပါ။

ကိုညီလင်းသစ်>>> စာဖတ်သူတွေတော့ Ghost ဇာတ်ကားလေးကို သတိရကြမှာလို့ ကျနော်လည်း တွေးမိသေးတယ်။း)

ညီမလေး said...

တမ်းတလွမ်းဆွတ်စိတ်ဖြင့် နေရသည်မှာ ဆိုးရွားလှသည် တဲ့လား ....မှန်ကန်လွန်းလှသော်လည်း
မထောက်ခံချင်ပါ ။။။

+++++++++++++++++

ဝတ္ထုတိုရဲ့ ဇာတ်အိမ်ဖွဲ့မှုကို ဇာတ်လမ်းသိပ်ရှည်ပြီး ရှုပ်ထွေးနေတာမျိုးထက် ခုလိုလေးတွေကို ညီမလေးကတော့ ပိုသဘောကျမိတယ်း)))

San San Htun said...

ဝထ္ထုကောင်းလေးကို လာရောက်ဖတ်သွားပါတယ်။ နှစ်ယောက်စလုံးကို သနားမိပါတယ်။

mstint said...

အတူယူစရာကောင်းတဲ့ အရေးအသားလေးတွေ ဖတ်သွားပါတယ်ကွယ်။
ကလောင်သွားလေးတွေက စာရေးသူတွေအတွက်တော့ ထက်ပါ့နော်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

ဒါမျိုးတွေ မဖတ်တာကြာလို့ မရေးတာကြာလို့.. အခုတော့ ကိုမြစ်ရဲ့စာလေးကိုဖတ်ပြီး သက်ပြင်းတိုးတိုးလေး ချသွားမိတယ်...


ခင်မင်လျက်
နေ၀သန်

ဆွေလေးမွန် said...

ကိုမြစ်မရေးတာ ကြာလို့ ပို့ (စ်) အသစ် မျှော်နေတာ..
ရေးတော့ လဲ အရေးအသားက နူးညံ့နေတာပဲ.
အားကျတယ်...

အနော် said...

သေခြင်းတရားကြောင့် ပြန်မဆုံနိုင်လောက်အောင် နာကျင်စွာ ကွဲကွာသွားရပီဆိုမှတော့ အခန်းကလေးထဲက စောင့်မျှော်နေတဲ့ အဲ့ဒီလိပ်ပြာလေးကို လွတ်လပ်စွာ ပျံထွက်သွားစေချင်မိတယ်..

may16 said...

ပို့စ်အသစ်လာဖတ်ပါတယ်....

သာမီးဆလူး said...

ဖတ်ပြီး ရင်ထဲ ဆို့သွားပါတယ် ပပါပါး ရယ် ...

Angelhlaing(May everybody be happy and healthy! said...

အကိုလဲ ပျောက်တယ်နော် ..:) ဇတ်လမ်းလေးထဲ မျှောသွားတယ်အကိုရေ ..ညီမလေးအကြိုက်ပဲ ..:P

SHWE ZIN U said...

ကိုမြစ်ကျိုး ရေ

ဖတ်သွားတယ်နော် ရိုးရှင်းပေမဲ့ ဘယ်အချိန်ဖတ်ဖတ် နာကျင်ခံစားရတဲ့ ဇာတ်လမ်းမျိုးဘဲ

ဖိုးကြယ် said...

ဝတ္တုရဲ့အစလေးရော အဆုံးထိပါ ကြိုက်တယ် ကိုကြီးမြစ်ရေ..... မွန်းကြပ်မှုတွေ ဝမ်းနည်းခံစားစရာတွေအပြည့်ရှိတဲ့ ဝတ္တုတိုလေး တစ်ခုပါပဲ......

ခင်တဲ့(ဖိုးကြယ်)

စော(အဝါရောင်မြေ) said...

တချိန်ချိန်တော့ ခွဲးရမဲ့ လူတွေကြည့်ပါပဲ။
ရှင်ကွဲး နှင့် သေခွဲး တစ်ခုခုတော့ ကြုံရမှာပါပဲ။
စွဲးလန်းပြီး မကျွတ်တာမျိုးတော့ မဖြစ်စေခြင်ဘူး။

သိင်္ဂါကျော် said...

လွမ်းစရာလေးပါလား..

အင်ကြင်းသန့် said...

ဖတ်ပြီးတော့ ရင်ထဲမကောင်းဘူး....

ပန်းချီ said...

ခံစားမှုပိုင်းကို အသားပေးရေးထားတဲ့ ဇာတ်လမ်းမို့လားမသိ ဒီကစာဖတ်သူမှာတော့ အသက်ရှုဖို့တောင်မေ့သွားတယ် အစ်ကိုရေ..။ အလွမ်းတွေနဲ့ မွန်းကြပ်မွတ်သိပ်နေတဲ့ ချစ်သူနှစ်ယောက်အတွက် တကယ်ကို နာကျင်ခံစားမိတယ်း(

...အလင်းစက်များ said...

ဘာသဘောလဲကိုမြစ်....... အသက်ရှုရပ်ပြီး ဖတ်နေတာ ဘာလို့  ဖျက်ချပစ်လိုက်တာလဲ......

တစ်ခုခု ဆက်မဖြစ်တော့ဘူးလား :(((((

မေဓာဝီ said...

စွဲလမ်းစိတ်က ကြောက်ဖို့ကောင်းတယ်နော်။
နာကျင်ရတယ် ပူလောင်ရတယ် ... ကြေကွဲရတယ်။
ကိုယ့်အလှည့်ကျရင်တော့ အစွဲအလမ်းကင်းကင်းနဲ့ လွတ်လပ်စွာပဲ ဘ၀တခုကို အဆုံးသတ် ချင်ပါတယ်။

မဒမ်ကိုး said...

ကိုကြီးကျိုးဆီအလည်လာလိုက်ပါတယ်..
နာကျင်လိပ်ပြာနဲ့တိုးသွားတယ်..
မျက်ရည်သုတ်ပေးမယ့်သူကအဝေးမှာပါဆိုမှ..
ရေးပါလားဟာသလို့...

...........း)
လာရောက်အားပေးသွားပါတယ်..

မဒမ်ကိုး

sosegado said...

အဲလိုမဖြစ်အောင်ကြိုးစားပါ၊ ဒီလိုမဖြစ်အောင်ကြိုးစားပါ။ အပယ်ဘုံသားတစ်ယောက်ရဲ့ ခံစားချက်ပါလား

ငြိမ်းအေး said...

ဖတ်ပြီးတမျိုးပဲ။ စိတ်မကောင်းစရာလေးပါ။ ချစ်သူတိုင်းဆုံဆည်းကြစေချင်တယ်။

မြတ်မွန် said...

အဟမ်း..ဟန်နီတဲ့..တယ်နုနေပါလား..။

ရင်နင့်စရာဇာတ်လမ်းတစ်ပုဒ်ပါပဲ ဦးမြစ်ရေ..။
ချစ်သူတိုင်း ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းပြုရင်း
အစဉ်လေးစားလျှက်..။

လသာည said...

ဒီတခါ ပိုစ်က စတိုင်တမျိုးနော။ ဖတ်..ကောင်းတယ်။
ရင်ထဲမှာ တစ်စုံတစ်ခု ရသွားစေပါတယ်။

တောက်ပကြယ်စင် said...

ဟုတ်တယ် ကိုမြစ် ဖတ်ရင်းနဲ့ Ghost ကားတွေ သတိရလာတယ်။ ဟိုး ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရန်အောင်၊ မေသန်းနုတို့ကားကို ပြန်သတိရမိတယ်။ ရန်အောင်က ဆိုဖာပေါ်မှာ ထိုင်နေတုန်းက တံခါးပေါက်ဝမှာ(သေသွားပြီဖြစ်တဲ့) မေသန်းနုက ဖြတ်လျှောက်သွားပြီး လက်ပြကာ ပြုံးပြသွားတယ်။ ပြီးတော့ ရန်အောင့်နားက ကက်ဆက်ကြီးတစ်လုံးလည်း အော်တော်မိတစ် မြည်လာတယ်။ ကိုမြစ်က သေသေချာချာ စေ့စေ့စပ်စပ် ရေးထားတယ်နော်။ ကျန်းမာပျော်ရွှင်ပါစေ

အလင်းသစ် said...

နာကျင်လိပ်ပြာတဲ့ ဆို့နင့်တဲ့ ခံစားမှုတွေပေးပါလား။။။
အရေးအသားကိုတော့ အားကျတယ်အကိုတော်။။။

ဇနပုဒ်ရွာသား said...

အရေးအသားတွေတော်တော်ပြေပြစ်တယ်ဗျာ..
အိုဗာတွေမပါဘူး..အားပေးသွားပါတယ်ဗျာ.

Anonymous said...

radio online

Anonymous said...

ဟမ် ..
စာက ရုတ်တရက် ကြီး ပြီးသွားတယ် ..
ဆက်ဖတ် ပါမယ် ဆိုမှ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

သူကြီးမင်း (တုံးဖလား) said...

အင်းးးးး
အစွဲအလန်းကလဲ မလွယ်ပါလားနော်။ ဘာမဆို မစွဲလန်းအောင် ကြိုးစားထားမှ တော်ကာကျမယ်။

ခင်မင်လျက်

မအိမ်သူ said...

ဇာတ်လမ်းထဲမျောသွားတာ ပြီးသွားတာတောင် ဟုတ်ရဲ့လားလို့ သေချာပြန်ကြည့်ရသေးတယ်။ စာဖတ်ရင် ငိုတတ်လို့ ဒီလိုဇာတ်လမ်းမျိုးတွေဆို လူရှေ့ မဖတ်ရဲဘူး..

မေသိမ့်သိမ့်ကျော် said...

တကယ်ကို ရင်ထဲ ထိသွားတယ် ဆရာရယ်။ မျက်ရည်ဝဲမိပါတယ်ဆရာရယ်။ ခွဲခွာရတာ ဘာကြောင့်လို့ လုံးဝမပြောဘဲ အလိုလိုသိအောင်ဖော်ပြပေးတာ အရမ်းကို လှပလွန်းပါတယ်။


ခင်တဲ့

မိုးယံ said...

ဒါ အရင်တုန်းက အနော့်ကိုပေးဖတ်ဖူးတဲ့ ကိုရီးယားစတိုင်တစ်ပုဒ်မဟုတ်လား.. ဒါကို နည်းနည်းဖြည့်ပြီးပြင်လိုက်တာကိုး....

ဒီလိုကျတော့လဲ မိုက်သွားပါတယ်ဗျ.... ဇတ်လမ်းက တော့ ဟိုတစ်ခါ အိမ်ပြန်သွားတဲ့သားလောက်တော့ မကြိုက်မိဘူး... အမျှ အမျှ အမျှ လေ... အဲဒါ လွှတ်မိုက်တာဗျ.

အဖြူရောင်နတ်သမီး said...

ဟောဗျာ...
အစောကြီးကတည်းက ဖတ်ပြီး ကောမန့်ပေးခဲ့တယ်ထင်တာ..
ခုမှ ကိုယ့်ကောမန့် ကိုယ်ရှာမတွေ့ဘူး..း(
နက်ကျလို့ တက်မသွားဘူးထင်တယ်..
ဆွေးဆွေးမြေ့မြေ့ဇာတ်လမ်းလေးတွေ သဘောကျတယ် ကိုမြစ်ရေ...
အစကတည်းက အလွမ်းဓာတ်ခံရှိလို့..
အစဉ်အားပေးလျှက်..

ုမြသွေးနီ said...

ုမြစ်ရေ...

ကွန်မန့်ပေးလို့ ရတုန်းလေး ဖတ်ရင်း ခံစားသွား ရတယ်..။ အဲ့ဒီလို ခံစားချက်မျိုး မခံစားနိုင်ဘူး၊ မခံစားချင်ဘူး..။ အသည်းက အဲ့သည်လောက် မမာဘူး မြစ်ရေ...။

Witt Hmone said...

သနားစရာလေးနော်..အားပေးသွားပါတယ်....

 

Posts Comments

©2006-2010 ·TNB