ဘလော့ဂ်ဂါပွဲဈေးတန်း (၂)

30 August 2011



ဤပို့စ်လေးသည် ခင်မင်ရသော ဘလော့ဂ်ဂါများစွာကို ကိုယ်စီကိုယ်စီ ဈေးရောင်းခိုင်းကာ ပွဲဈေးတန်း တစ်ခုအဖြစ် ဖန်တီးထားသည့် ပို့စ်ဖြစ်ပါသည်။ ဈေးရောင်းခိုင်းသည် ဆိုရာတွင်လည်း ဘလော့ဂ်နာမည်ကို အခြေခံ၍သော်လည်းကောင်း ၊ တင်ထားဖူးသည့် ပို့စ်တစ်ပုဒ်ပုဒ်ကို အခြေခံ၍သော်လည်းကောင်း ၊ နေထိုင်သည့် နိင်ငံကို အခြေခံ၍သော်လည်းကောင်း ဇာတ်ကွက်များ ဖွဲ့၍ ရေးထားခြင်းဖြစ်ပါသည်။ ခင်မင်မှုဖြင့် ရေးထားခြင်းဖြစ်၍ မိမိမနှစ်သက်သည့် ဇာတ်ကွက်များ ဖြစ်နေခဲ့လျှင် ပြန်လည်ပြင်ဆင်ပေးပါမည်။ များပြားလှသည့် ခင်မင်ရသော ဘလော့ဂ်ဂါများထဲမှ နာမည်ကျန်ရစ်ခဲ့သူ ရှိပါက နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။ 
ကဲ.. ကျွန်တော်နှင့်အတူ ပွဲဈေးတန်းလေး လျှောက်ကြည့်လိုက်ကြရအောင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘလော့ဂ်ဂါ ပွဲဈေးတန်းကို ကွင်းပြင်ကျယ်ကြီးထဲတွင် ကျင်းပသော်လည်း  ပွဲဈေးတန်း တည်ဆောက်ထားပုံက စနစ်တကျ ရှိသည်။ အဓိက လမ်းမကျယ်ကြီး၏ ဘေးနှစ်ဖက်တွင် ဈေးဆိုင်များ စီတန်းထားသလို လမ်းသွယ်လေးများတွင်လည်း ဆိုင်ခန်းများ ရှိနေသေးသည်။ လမ်းမကျယ်တစ်လျှောက်တွင်တော့ ပွဲဈေးလာသူများဖြင့် စည်ကားလွန်းနေ၏။ ဤပွဲဈေးတန်းရှိ ဈေးဆိုင်များအားလုံးကို ဘလော့ဂ်ဂါများမှ တည်ခင်းဖွင့်လှစ်ရောင်းချခြင်းဖြစ်သည်။

ဘလော့ဂ်ဂါ ပွဲဈေးတန်းဟု အလွယ်ခေါ်သော်လည်း ဘလော့ဂ်ဂါတိုင်း ဈေးရောင်းကြသည်မဟုတ်။ အများစုက ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချသော်လည်း  တစ်ချို့ကတော့ အမှတ်တရ ပြခန်းများလုပ်ကြ၏။ တစ်ချို့ကတော့ မိမိရရှိထားသော ဆိုင်နေရာကို ဈေးမရောင်းဘဲ တခြားနည်းဖြင့် အသုံးချသူများကိုလည်း တွေ့ရသည်။ စားသောက်ဆိုင်များ လ္ဘက်ရည်ဆိုင်၊ ဓါတ်ပုံဆိုင်၊ ရှိသလို တခြားထူးထူးဆန်းဆန်း အစီအစဉ်များလည်း ရှိနေသည်။


*****
စိတ်ကူးကောင်းကောင်းဖြင့် ဆိုင်ဖွင့်သူများထဲတွင် မိုးယံ နှင့် ငွေလမင်း ပါဝင်သည်။ သူတို့က ပွဲဈေးလာသူများ၏ စိတ်နှလုံးကို မျှော်လင့်ချက်များဖြင့် တောက်ပစေသူများဖြစ်သည်။ သူတို့ရောင်းသည်က ထီဆိုင် ဖြစ်၏။ ဆိုင်နာမည်က ရိုးရိုးရှင်းရှင်းပါပဲ။ “မိုးယံငွေလမင်း” တဲ့။ မြန်မာပြည်၏ နာမည်ကျော် ထီအရောင်းဌာန မိုးယံရွှေလမင်း ကို ပုံတူကူးချခြင်း မဟုတ်သော်လည်း ပွဲတော်လာသူတွေက မိုးယံငွေလမင်း ဆိုသည်နှင့် ထီဆိုင်မှန်း တန်းသိနေကြသဖြင့် အဆင်ပြေသွားသော ဆိုင်နာမည် ပေးပုံဖြစ်သည်။ မြန်မာလူမျိုးတို့သည် အထိမ်းအမှတ် ပွဲလမ်းတစ်ခုခုနှင့် ကံကောင်းခြင်းကို တွဲမြင်တတ်ကြသော လူမျိုး ဖြစ်သဖြင့် ထူးထူးခြားခြား ဘလော့ဂ်ဂါများ ရောင်းသည့် ထီဆိုင် ဖြစ်တာကြောင့် ဒါမျိုးက ပေါက်တတ်သည်ဟု ဆိုပြီး ဝိုင်းဝန်းအားပေးကြသည်။ ထို့ကြောင့် မိုးယံငွေလမင်း ထီဆိုင် အောင်မြင်နေသည်ဟု ပြောရမည်။


*****

ဘလော့ဂ်ဂါပွဲဈေးတန်း လုပ်မည်ဟု သတင်းကြားကတည်းက မည်သည့်ပစ္စည်းရောင်းလျှင် ကောင်းမလဲဟု ကိုယ်စီကိုယ်စီ တွေးထားကြသည်။ တစ်ချို့က စောစောစီးစီး အကြံဥာဏ်ရသော်လည်း တစ်ချို့ကတော့ သွားရင်း လာရင်း စကားပြောရင်းမှ စိတ်ကူးရသူများလည်း ရှိသည်။ 

ထိုသူများထဲတွင်တော့ ကဗျာဆရာအုပ်ကြီး ပါဝင်သည်။ ကဗျာစပ်ရာတွင် စိတ်ကူးကောင်းသော်လည်း ဈေးဆိုင်ဖွင့်ဖို့ရာတော့ အခက်တွေ့နေချိန် သူ့အတွက် စိတ်ကူးကောင်းရစေသော အဖြစ်တစ်ခု ဖြစ်ပွါးသွားခဲ့သည်။ အုပ်ကြီး မြို့ထဲသွားရင်း လမ်းမှာတွေ့သည့် အမျိုးသမီး တစ်ယောက်က မေးခွန်းတစ်ခုမေးသည်။ “မောင်လေး LV  BAG အတုတွေ ဘယ်နားမှာရောင်းသလဲဟင်” တဲ့။ ထိုမေးခွန်းကြားတော့ အုပ်ကြီး အကြံရသွားခဲ့သည်။ ထို့နောက် တရုတ်နယ်စပ်မှ အိတ်အတုများ ဝယ်ကာ ဈေးပေါပေါဖြင့် ရောင်းချတော့သည်။

*****

မိမိဝါသနာပါရာ ရောင်းသူများထဲတွင် ဏီလင်းညို လည်း ပါဝင်သည်။ သူကတော့ ခရေပန်းလေးများကို သီကုံးပြီး ရောင်းသည်။ သူက ခရေပန်းတွေကို စိတ်ဝင်စားသူ ဆိုတော့ မရောင်းရလည်း ကျေနပ်နေသူဖြစ်သည်။ ထို့ပြင် ခရေပန်းကုံးများမှ ဝင်ငွေကို စိတ်မဝင်စားရခြင်း အကြောင်းရင်းကလည်း ရှိနေသေးသည်။ ထိုအရာကတော့ ပွဲတော်စတင်ပြီး နောက်တစ်နေ့တွင် ကမ္ဘာကျော် ရေမွှေးကုမ္မဏီများက ဆက်သွယ်လာကြသည်။ ခရေရနံ့ရေမွှေးထုတ်ဖို့ ဏီလင်းညိုကို အပြိုင်အဆိုင် ကမ်းလှမ်း လာကြသည်။ D&G ကုမ္မဏီ၏ ကမ်းလှမ်းချက်က မက်မောဖွယ်ရာ ဖြစ်သော်လည်း CHANEL ရေမွှေးကုမ္မဏီကိုသာ သူရွေးချယ်လိုက်သည်။ အကြောင်းရင်းက ခရေရနံ့ဖြင့် ထုတ်မည့် ရေမွှေးများကို ချန်နယ်ဏီ ဟု နာမည်ပေးမည် ဆိုသောကြောင့် ဖြစ်သည်။

*****

မိမိဆိုင်နေရာကို ဈေးမရောင်းဘဲ အသုံးချသူကတော့ ဒီကိုလာ ဖြစ်သည်။ သူ့ဆိုင်နေရာကို သေသေချာချာ ပြင်ဆင်သည်။ ပူဖောင်းများချိတ်ဆွဲသည်။ ဖဲကြိုးများ သွယ်တန်းသည်။ ထို့နောက် ဖိတ်ခေါ်ထားသော ဘလော့ဂါများ စုံလင်ချိန်တွင် ကိတ်မုန့်ကြီး ထုတ်လာကာ မွေးနေ့ပွဲကို ကျင်းပသည်။ သူ့မွေးနေ့က ကျော်သွားသည်မှာ ကြာပြီဖြစ်သော်လည်း မွေးနေ့အချိန်တုန်းက ပို့စ် ၃ ခု ခွဲကာ တင်လိုက်ရသည်ကို အားမရသောကြောင့် အခုလို ဘလော့ဂ်များတစ်စုတစည်းတည်း ရှိချိန် မွေးနေ့ပွဲကို ပြန်ကျင်းပခြင်းဖြစ်သည်။

*****

မချစ်ကြည်အေး ကတော့ ပွဲတော်မစခင် နှစ်ပါတ်ခန့် အလိုကတည်းက မည်သည့်ဆိုင်ဖွင့်လျှင် ကောင်းမလဲဆိုသည်ကို စဉ်းစားသော်လည်း မရခဲ့။ ဘေးလူများကို အကြံဥာဏ်တောင်းသည့်အခါ မစည်းစိမ် က အကြံကောင်းပေးသည်။ အစ်မတစ်ခါပို့စ်တင်ဖူးတဲ့ ခါးပတ် တွေကို ဆိုင်ဖွင့်ပါလားဆိုသည့် အကြံကို သဘောကျသွားသဖြင့် ခါးပတ်ဆိုင် ဖွင့်သည်။ အရင်းအနှီးကို သူ့အမျိုးသား ထုတ်ပေးသောကြောင့် မရောင်းရမှာကို ပူပန်ခြင်း မဖြစ်ပေ။ အကယ်၍ မရောင်းရလျင်တောင် သူပတ်လို့ရသည် မဟုတ်လား။

*****
လသာည ကတော့ ဈေးမရောင်းပါ။ သူရရှိသော နေရာတွင် ဇာတ်ရုံအသေးစား ဆောက်၏။ ဘေးပါတ်လည်ကို ပိတ်စအနက်ရောင်များ ကာထား၏။ ရုံအတွင်းပိုင်းကို အနည်းငယ် အမှောင်ချထား၏။ ရုံ နဖူးစည်းကြီးမှာ ထင်းခနဲမြင်သာအောင် နာမည်ထိုးထားသည်။ “လသာည မျက်လှည့်ရုံ”။ မျက်လှည့်အကြောင်းကို ပို့စ်တင်ဖူးကတည်း သူ၏ မျက်လှည့်စွမ်းကို ကြည့်ချင်နေကြသော ပရိတ်သတ်အတွက် ဆန္ဒပြည့်သွားရလေပြီ။ အကူကောင်လေးများ မှားထည့်ထားသဖြင့် သေတ္တာလေး ထဲမှ ယုန်ထွက်လာရမည့်အစား ကြွက် ထွက်လာ၍ လန့်သွားမိသည်မှလွဲလျှင် မျက်လှည့်ပွဲက အောင်အောင်မြင်မြင် ဖြစ်သည်။

*****

ပွဲဈေးတန်း လုပ်မည်ဆိုကတည်းက သူဖွင့်မည့်ဆိုင်ကို အဖြူလေးက ဆုံးဖြတ်ထားပြီး ဖြစ်သည်။ “တမ်းတတောင်တန်း ကော်ဖီဆိုင်” ဆိုင်လေးက အေးဆေးသည်။ တိတ်ဆိတ်သည်။ ထို့ပြင် သူနှစ်သက်သော မြူခိုးများအဖြစ် ဆိုင်ထဲတွင် မီးခိုးခပ်ပါးပါး မှုတ်ထုတ်ပေးထားသလို နံရံတွင်လည်း မြူခိုးများဆိုင်းနေသော တောင်တန်းများကို ပန်းချီဆွဲထားသည်။ တစ်ချက် တစ်ချက် တရားခွေ ထထဖွင့်သည်မှ လွဲလျှင်  “တမ်းတတောင်တန်း” က အေးအေးဆေးဆေး ကော်ဖီသောက်သူများဖြင့်  လွမ်းမောဖွယ်ရာ တိတ်တဆိတ်ပဲ ရှိနေသည်။ 

*****

တန်ဖိုးကြီးကြီး ဆိုင်ဖွင့်သူက မချော နှင့် မမြသွေးနီ တို့ဖြစ်သည်။ မချောက ကချင်ပြည်နယ်မှ ကျောက်မျက်ရတနာများကို မှာယူကာ ဆိုင်ဖွင့်၏။ ထိုဆိုင်ဖွင့်ရသည့် အကြောင်းရင်းကလည်း ရှိသည်။ တစ်ခါက တင်ဖူးသည့် ပို့စ်ထဲတွင် မည်သည့်လဖွား ၊ မည်သည့်နေ့ဖွား ဆိုလျှင် မည်သည့် ရတနာ ဆောင်ထားရမည်ဆိုပြီး ပို့စ်တင်ဖူးသည်။ ထိုပို့စ်ကို အားပေးသူများသောကြောင့် ဆိုင်ဖွင့်လျင် ရောင်းရမည်ထင်ပြီး အဆောင်ကျောက် အရောင်းဆိုင် ဖွင့်ခြင်းဖြစ်သည်။ 

ပို့စ်တင်စဉ်က ကွန်မန့်ပေးသည့်အခါ ဝယ်ချင်သည်ဟု ကွန်မန့်များအလွယ်ပေးကြသော်လည်း တကယ်ရောင်းသည့် အခါမှာတော့ စီးပွားရေးကျပ်တည်းကြသဖြင့် ထင်သလောက် မဝယ်ကြ။ ကြာလျှင် ခွက်ခွက်လန်အရှုံးပေါ်တော့မှာ မြင်သဖြင့် ကျောက်များကို ပြန်ပို့ပြီး နောက်တစ်မျိုး ပြန်ရောင်းရသည်။ မမြသွေးနီနှင့် ပေါင်းကာ ထမင်းဆိုင် ဖွင့်ခြင်းဖြစ်သည်။  ဆိုင်နာမည်က “ဒေသအစားအစာများ” တဲ့။ ဒေသအစားအစာ ဟင်း အရသာ လက်ရာဆန်းများကို လူတိုင်းအားပေးကြသဖြင့် ဆိုင်ငှားခ အရင်းကျေသွားတော့မှ သူတို့ခမျာ သက်ပြင်းချနိင်တော့သည်။ မမြသွေးနီ ၏ ငါးပတ်မွှေကိုလည်း လူကြိုက်များသဖြင့် မမြသွေးနီမှာ ပွဲတော် ပြီးသည်အထိ တမွှေထဲမွှေနေရတော့သည်။

*****

အစုအဖွဲ့ဖြင့် ဈေးရောင်းသူများထဲတွင် ထိုင်ဝမ်အုပ်စု ပါဝင်သည်။ သူတို့က မကီ pauk မြတ်မွန် နှင့် blackroze တို့ဖြစ်သည်။ ထိုင်ဝမ် အမှတ်တရပစ္စည်း အရောင်းဆိုင် ဖွင့်ကြခြင်းဖြစ်သည်။ ယခင်က ကမ္ဘာအမြင့်ဆုံးဖြစ်ခဲ့သော ၁၀၁ ထပ်တိုက်ပုံ ပို့စကတ်များ၊ သော့ချိတ်များ၊ ဘုရင်မခေါင်းဟု နာမည်ကျော်သော ကျောက်တုံးပုံ သော့ချိတ်များ စသည်ဖြင့် ထိုင်ဝမ်မှ နာမည်ကျော် နေရာများ၏ အထိမ်းအမှတ် ပစ္စည်းများကို ရောင်းချခြင်းဖြစ်သည်။ သို့သော် ပွဲဈေးလျှောက်သူများမှာ မြန်မာလူမျိုးများဖြစ်၍ ကိုယ့်နိင်ငံမဟုတ်သည်ကို စိတ်မဝင်စားကြသဖြင့် သူတို့ အရောင်းဆိုင် အရောင်းထိုင်းနေရသည်။ ထို့ကြောင့် ထိုင်ဝမ် ဘလော့ဂ်ဂါ မြစ်ကျိုးအင်း ထံသွား၍ အကြံဥာဏ် သွားတောင်းကြသည်။(အဟမ်းး)

“ အမှတ်တရပစ္စည်းတွေက ရောင်းလို့လည်း မကောင်းဘူးဦးမြစ်”
“ ဒါဆိုလည်း တစ်ခြားတစ်ခုခု ပြောင်းရောင်းပေါ့”
“ လောလောဆယ် ထိုင်ဝမ်မှာနေတာဆိုတော့ အမှတ်တရ ဖြစ်ချင်လို့လေ ”
“ ထိုင်ဝမ်နဲ့ သက်ဆိုင်တာလည်း ရောင်းချင်တယ် ရောင်းလည်းရောင်းကောင်းချင်တယ်ပေါ့ .. ဟုတ်လား”
“ အင်း.. အဲဒီလို ဖြစ်ရင်တော့ အကောင်းဆုံးပဲ ”

“ ကဲ..ဒါဆို ........... အဲဒါရောင်း”
“ဟင်”
“ အဲဒါကြီးတော့...”
“ အဲဒါကြီးတော့ လုပ်မနေနဲ့ ဒါမှ ရောင်းကောင်းမှာ ထိုင်ဝမ်အမှတ်တရလည်း ဖြစ်မှာ ”

ထို့နောက်တွင်တော့ ထိုင်ဝမ်အုပ်စု အမျိုးအစား ပြောင်း၍ရောင်းကြ၏။ သည်အခါတော့ ပွဲဈေးလျှောက်သူများ သူတို့ဆိုင်ကို အားပေးကြသည်။ သူတို့ရောင်းသည်က မြေပဲပြုတ် ဖြစ်သည်။ ထိုင်ဝမ်မှထွက်သည့် မြေပဲ မဟုတ်ပါ။ ထိုင်ဝမ်ကျွန်းပုံစံကိုက အခွံမချွတ်ရသေးသော မြေပဲတောင့် နှင့် တူသောကြောင့် ဖြစ်သည်။ ခုတော့လည်း ထိုင်ဝမ်အဖွဲ့၏ မြေပဲပြုတ်ဆိုင် ကြိတ်ကြိတ်တိုး ရောင်းကောင်းနေတော့သည်။

*****


ကြည်ဖြူပိုင်က ဒန်ပေါက်ဆိုင် ဖွင့်၏။ သူအမေထံမှလက်ပူတိုက်ပြီး သင်ထားသည့် ဒန်ပေါက်ချက်နည်း ဖြစ်သည်။ အတတ်နိင်ဆုံး လက်ရာကောင်းအောင် ကြိုးစားထားသလို လိုလိုမယ်မယ် အနေဖြင့် ဆိုင်ထဲတွင်လည်း အပြစ်မမြင်ပါဘူး ဆိုသည့် သီချင်းကို မနားတမ်း ဖွင့်ထားပေးသည်။ 

*****

ဒန်ပေါက်ဆိုင်နှင့် ကပ်လျှက် ဆာရီဆိုင် ဖွင့်သူက မသိင်္ဂါကျော် ဖြစ်၏။ သူ အိန္ဒိယသွားလည်ရင်း အပြန်တွင် ဝယ်လာသည့် ဆာရီများကို ဆိုင်ဖွင့်ရောင်းချသည်။ ပို၍ရောင်းရစေရန် သူကိုယ်တိုင် ဆာရီဝတ်ပြီး မော်ဒယ် လုပ်သဖြင့် အရောင်းသွက် နေတော့သည်။

*****

မိမိရောင်းရမည့် ပစ္စည်းအမျိုးအစားကို ကြာကြာမစဉ်းစားဘဲ အကြံရသူကတော့ ဘလော့ဂ်ဂါ 8yar(အိပ်ယာ) ဖြစ်သည်။ မိမိဘလော့ဂ်နာမည်နှင့်လည်း လိုက်ဖက်ပြီး ပွဲဈေးတန်းတွင် ရောင်းလေ့ရှိသော သင်ဖျူးဖျာဆိုင် ဖွင့်ခြင်းဖြစ်သည်။ 

*****

မြန်မာအမျိုးသမီးတိုင်း၏ သည်းခြေကြိုက် သနပ်ခါးတုံးများ ရောင်းသူက စော(အဝါရောင်မြေ) ဖြစ်သည်။ သနပ်ခါးတုံး ရောင်းသောကြောင့် ပွဲဈေးလျှောက်သူ ကောင်လေးများက မထိတထိ စနောက် ကြသည်။ “သနပ်ခါးတုံးတွေက တကယ်မွှေးလို့လား” “စမ်းကြည့်ရမှာလား” စသည်ဖြင့် ခဏခဏ နောက်ကြသဖြင့် စိတ်တိုကာ အဘွားကြီးတစ်ယောက်ကို သနပ်ခါးလူးပေးပြီး ဆိုင်ရှေ့တွင် ထိုင်ခိုင်းထား၏။ “သည်တစ်ခါ လာနောက်လို့ကတော့ မွှေးမမွှေးသိချင်ရင် အဘွားကြီး ပါးကိုသာ နမ်းကြည့်” ဟု ဘုတော့လွှတ်မည်ဟုပါ တွေးထားလိုက်သည်။

*****

ပထမအကြိမ် ပွဲဈေးတန်းကျင်းပခဲ့စဉ်က အတိုင်းပင် ယခုအကြိမ်တွင်လည်း ဧရာဝတီစာကြည့်တိုက် ဖွင့်လှစ်ထားသည်။ စာဖတ်သူများ ၊ ဘလော့ဂ်ဂါ အစုအဖွဲ့များ၏ ဆွေးနွေးပွဲများဖြင့် စာကြည့်တိုက်ထဲတွင် စည်စည်ကားကား ရှိနေသည်။ လတ်တလော လူစိတ်ဝင်စားနေကြသော အကြောင်းအရာများကို ဆွေးနွေးကြသည်။ ဆွေးနွေးပွဲများထဲတွင် မအိမ့်ချမ်းမြေ့မငိုပါနဲ့ဧရာဝတီ  ဟု ခေါင်းစဉ်ပေးထားသည့်  ဆွေးနွေးပွဲက အထူးအောင်မြင်ခဲ့သည်။

*****
ပွဲတော်တွင် မရှိမဖြစ်လိုအပ်သည်က ဆေးပေးခန်းဖြစ်၏။ ဆရာဝန်များ တိုင်းရင်းဆေးဆရာများကို ပွဲဈေးတန်းတွင်နေရာတစ်ခုပေးထားရသည်။ ဆေးပေးခန်း၏ တာဝန်ခံများဖြစ်သော မကီ နှင့် ကိုဟန်ကြည် တို့က သူတို့၏ ဝက်သားတုတ်ထိုးနှင့် မြေပဲပြုတ် စီးပွားရေးလုပ်ငန်းကြီးကို အဓိက အာရုံစိုက်နေရသဖြင့် ဆေးပေးခန်းတွင် အမြဲရှိနေရသူက ဆရာမနှင်းနုလွင် ဖြစ်သည်။ စေတနာနှင့် စိတ်ဝင်စားသော အလုပ်ဖြစ်သဖြင့် ပွဲတော် ဆေးပေးခန်းတွင် အမြဲရှိနေရသော်လည်း ဆရာမနှင်းနုလွင်ကတော့ ကျေနပ်နေသည်။
*****

အမြတ်များသလို လူတိုင်းအကြိုက်တွေ့ကြသည့် ဝက်သားတုတ်ထိုးဆိုင် ဖွင့်သူက ဆရာဟန် ခေါ် ကိုဟန်ကြည် ဖြစ်သည်။ သူဝက်သားတုတ်ထိုးဆိုင်ဖွင့်ဖို့ အကြံရပုံကလည်း ဆန်းပါသည်။ ကိုဟန်ကြည်နှင့် သူ့မဟေသီတို့ စကားထိုင်ပြောကြရင်း သူ့မဟေသီမှ ကိုဟန်ကြည်၏ ပါးဝဝကြီးကိုဆွဲလိမ်ပြီး တုတ်ထိုးလုပ်စားရင် သိပ်ကောင်းမှာပဲဟု ကြည်စယ်ရာမှာ တုတ်ထိုးဆိုင်ဖွင့်ဖို့ အကြံရသွားခြင်းဖြစ်သည်။

*****


ကိုဟန်ကြည်ကဲ့သို့ တစ်ကိုယ်တော်ဖွင့်သော ဝက်သားတုတ်ထိုးဆိုင် ရှိသလို အစုအဖွဲဖြင့် ခမ်းခမ်းနားနားဖွင့်သော ဆိုင်များလည်းရှိသည်။ ထိုဆိုင်များထဲတွင် ဆင်တဲကဖေး လည်းပါဝင်သည်။ အပေါင်းအသင်း စုံလင်စွာဖြင့် ဖွင့်ကြခြင်းဖြစ်သည်။ ဆင်တူအင်္ကျီများဝတ်ထားပြီး ရင်ဘတ်တွင် ကိုယ်စီနာမည်များကို ချိတ်ဆွဲထားသည်။ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ရေနွေးကြမ်း၊ ဘလက်ကော်ဖီ၊ iceကော်ဖီ စသည်ဖြင့် ကိုယ်စီ နာမည်တံဆိပ်များတပ်ကာ ကိုယ့်အပိုင်းနှင့်ကိုယ်တာဝန်ယူကြခြင်းဖြစ်သည်။ ဆက်ဆံရေးလည်း ပြေပြစ်ကြသဖြင့် ဆင်တဲကဖေးက လ္ဘက်ရည်ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်သည်။

ထိုအချိန်တွင် ကိုငြိမ်းနိင် ဆင်တဲကဖေးထဲ ဝင်လာသည်။ စားသုံးသူ ဝင်လာသဖြင့် ပေါ့ဆိမ့်တို့ ဝန်ထမ်းများ ရောက်လာကြသည်။

“ဘာသောက်မလဲအကို”
“လ္ဘက်ရည်တစ်ခွက်ပေးဗျာ ”

လ္ဘက်ရည် မှာသံကြောင့် ပေါ့ဆိမ့် ၊ ကျဆိမ့် ၊ ပုံမှန် ၊ တို့က မိမိတို့ ကိုယ်စားပြု နာမည်များအတိုင်း တပြိုင်တည်း မေးကြတော့သည်။

“ ပေါ့ဆိမ့်လား”
“ ကျဆိမ့်ပဲ မဟုတ်လား ”
“ ပုံမှန်ပဲ ဖျော်လိုက်မယ်နော်”

မိမိတို နာမည်များအတိုင်း မှာစေချင်သည်ကို အခြေအနေကို ရိပ်မိသဖြင့် ငြိမ်းနိင်လည်း ဘာမှာရမှန်း မသိတော့ပေ။ တစ်မျိုးကို မှာလျှင်လည်း တခြားသူများကို အားနာဖို့ ကောင်းနေရဦးမည်။ စိတ်အိုက်အိုက်ဖြင့် ဘေးဘီကို ကြည့်ရင် ကြော်ငြာ တစ်ခုကို တွေ့သွားသဖြင့် အားရဝမ်းသာ မှာလိုက်တော့သည်။

“လန်ဒန် တစ်ပွဲ”

ထိုသို့ဖြင့် ဆင်တဲကဖေးတွင် လ္ဘက်ရည် ကော်ဖီထက် ဆေးလိပ်များသာ အရောင်းသွက်နေ တော့သည်။

*****

အကြံကြီးကြီး ကြံစည်ထားသော်လည်း မလုပ်ဖြစ်သူက မရွှေစင်ဖြစ်သည်။ သူက ပွဲဈေးတန်းတွင် အင်တာနက်ကဖေးနှင့် စာစီစာရိုက်ဆိုင် ဖွင့်ရန် ရည်ရွယ်ထားသော်လည်း ကရိကထ များလွန်းတာကြောင့် နောက်ဆုံးတွင် ဗန်ဒါပင်အောက်၌ အေးရာအေးကြောင်း မုန့်ပေါင်းဆိုင်ပဲ ဖွင့်လိုက်တော့သည်။

*****

ဘလော့ဂ်ဂါ ပွဲဈေးတန်း ကျင်းပမည်ဟု သတင်းကြားကတည်းက ကိုဇော်က နယ်စပ်အထိ သွား၍ ပစ္စည်းတက်ဝယ်သည်။ သူဝယ်သည်က ဈေးသက်သာပြီး အသုံးဝင်သည့် တရုတ်ပစ္စည်းများဖြစ်၏။ ကိုဇော် အဓိက ရောင်းသည်က ဒလက်မဲ့ပန်ကာ များဖြစ်သည်။ ကလေးများအတွက် အန္တရာယ် ကင်းကြောင်း လက်တွေ့ပြသည့်အနေဖြင့် ဒလက်မဲ့ ပန်ကာကို လည်ပင်းတွင် စွပ်၍ အာဘောင်အာရင်းသန်သန်ဖြင့် ရောင်းနေတော့သည်။

*****

မ လသာည ၏ မျက်လှည့်ရုံဘေးတွင် မဖြိုးဖြိုး၏ ပြပွဲရုံ ကပ်လျှက် တည်ဆောက်ထားသည်။ မဖြိုး က သူမွေးထားသော ခိုလေး pg နှင့် ခွေးလေးများကို တုတ်တံလေးတစ်ချောင်းဖြင့် အမျိုးမျိုးစေခိုင်းကာ ပြပွဲပြခြင်းဖြစ်သည်။ 

*****

မဖြိုးကဲ့သို့ ပြပွဲရုံ နောက်တစ်ခုလည်း ရှိသေးသည်။ ထိုရုံက ကိုပီတာ နှင့် သက်တန့်ချို တို့ နှစ်ယောက် ပေါင်းကာ ထူးဆန်းအံ့ဖွယ်များကို ရုံသွင်းပြခြင်းဖြစ်သည်။ ကမ္ဘာအနှံ့မှ ထူးဆန်းသော သတ္တဝါများကို ဝင်ကြေးနှင့် ပြသထားခြင်းဖြစ်သည်။

*****

ကိုပီတာတို့လို ပြပွဲရုံ လုပ်ချင်သူများထဲတွင် မမေဓါဝီ ပါသည်။ သူက ပြဇာတ်ရုံအဖြစ် ခမ်းခမ်းနားနား ကပြချင်သည်။ မမေဓါဝီ စင်တင်ချင်သည့် ပြဇာတ်က ဆန္ဒန်ဆင်မင်း ဇာတ်တော်ဖြစ်သည်။ တခြားဇာတ်ကောင်များကို ရှာ၍ရသော်လည်း သောနုတ္တရ မုဆိုးအဖြစ် သရုပ်ဆောင်ပေးမည့် ဘလော့ဂ်ဂါ ရှာမရသောကြောင့် ပြဇာတ်ကမည့် အစီအစဉ်ကို စွန့်လွှတ်ကာ နောက်ဆုံးတွင် ဝတ်ရွတ်အသင်းဖွဲ့ပြီး ဝတ်ရွတ် နေရတော့သည်။

*****

ဝတ်ရွတ်အဖွဲ့ ဘေးကပ်လျှက်တွင် ကုသိုလ်ဖြစ် ရေချမ်းစင် ရှိသည်။ မိမိရရှိသောနေရာတွင် ဈေးဆိုင်မဖွင့်ဘဲ ကုသိုလ်ယူကာ ရေချမ်းစင် ဆောက်သူများက  ကိုဧရာနှင့် မသီတာ တို့ဖြစ်သည်။  ရေချမ်းစင် ပေါ်ရှိ သဲမြေပေါ်တွင် မြေအိုးလေးများ စီတန်းထားကာ ရိုးရာမပျက် ကုသိုလ်ယူကြခြင်းဖြစ်သည်။

*****


ဝတ်ရွတ်အဖွဲ့များ ရေချမ်းစင်များ ရှိသကဲ့သို့ ပွဲဈေးတန်း၏ အင်္ဂါရပ် တစ်ခုဖြစ်သော လောင်းကစားရုံလည်း ရှိသေးသည်။ ပွဲဈေးတန်းအတွက် ရည်ရွယ်ပြီး ဆွေလေးမွန်က မကာအို အထိသွားရောက်ကာ လောင်းကစားဝိုင်းများကို သေသေချာချာ လေ့လာသည်။ ထို့နောက် မှတ်သားခဲ့သော နည်းများကို အသုံးချကာ ပူပေါင်းမြှားပစ် နှင့် နို့ဆီခွက် ဘော်လုံးထု ကစားနည်းများဖြင့် ပွဲတော်လာ ပရိတ်သတ်ကို ဖမ်းစားထားတော့သည်။ 

*****

စားသောက်ဆိုင်များနည်းတူ အသီးနှံဆိုင်များလည်း ရှိသည်။ မချက်မပြုတ် မကြော် မလှော်ရဘဲ သက်သောင့်သက်သာ အသီးအနှံဆိုင်ဖွင့်သူများထဲတွင် သူကြီးမင်း ကိုကိုမောင် နှင့် rose တို့ပါဝင်သည်။ ကိုကိုမောင်က ခြံထွက်ပန်းသီးများရောင်းသကဲ့သို့ Roseက ဘယ်ရီသီးများကို ရောင်း၏။ ခြံထွက်သီးနှံများဖြစ်၍ သူတို့က အမြတ်ငွေကျန်သူများလည်း ဖြစ်ကြသည်။ 

*****

ကိုကိုမောင်တို့နည်းတူ လရိပ်အိမ်ကလည်း သစ်သီးဆိုင်ဖွင့်ထားသည်။ သစ်သီးတစ်မျိုးခြင်းစီ၏ ကျန်းမာရေး အသုံးဝင်ပုံများကိုပါ ရှင်းပြပေးသဖြင့် လရိပ်အိမ်၏ သစ်သီးဆိုင်လည်း ရောင်းကောင်းသူများ စာရင်းတွင် ပါဝင်နေသည်။

*****

ထိုင်ဝမ်အဖွဲ့ ကဲ့သို့ လက်ရှိရောက်နေသည့် နိင်ငံ၏ ရိုးရာအစားအစာများကို ဖွင့်လှစ်ရောင်းချသည့် ဆိုင်များလည်း ရှိသည်။ ထိုထဲတွင် မသဒ္ဒါလှိုင်း၏ ယိုးဒယား သင်္ဘောသီးထောင်း ၊ ကောက်ညှင်းပေါင်း နှင့် ငါးခူကြော် ဆိုင်ကလည်း လူကြိတ်ကြိတ် တိုးနေသည်။ ရောင်းရလွန်းသဖြင့် မောင်ဖြစ်သူ သော်ဇင်စိုးကိုပါ ဆိုင်တွင် ဝိုင်းကူခိုင်းထားရသည်။ သော်ဇင်စိုးခမျာ ပွဲဈေးတန်း မလျှောက်ရသောကြောင့် မကျေနပ်သော်လည်း ဝိုင်းကူပေးနေရတော့သည်။ 

*****

မသဒ္ဒါကဲ့သို့ပင် မ Rose of Sharon နှင့် မအိမ်သူတို့လည်း ဒေသအစားအစာ ဆိုင်ဖွင့်သူများ ဖွင့်ထားကြသည်။ ဗီယက်နမ် ရိုးရာ အစားအစာနှင့် ကမ္ဘောဒီးယား ဒေသ အစားအစားများကလည်း ပွဲဈေးတန်း  လျှောက်သူများ၏ နှစ်သက်ဖွယ် ဆိုင်များ ဖြစ်နေခဲ့သည်။ 

*****

စားသောက်ဆိုင်တန်းတွင် မြန်မာဟင်းလက်ရာကောင်းသော ထမင်းဆိုင်ရှိသေးသည်။ ဖွင့်ထားသူက အိုင်အိုရာ ဖြစ်သည်။ သူ့ဆိုင်မှ ဒန့်ဒလွန်သီးငါးဟင်းမှာ နာမည်ကျော် လူကြိုက်များသော ဟင်းဖြစ်သည်။ 

*****
ကလေးများအတွက် အရုပ်များရောင်းသည့် ဈေးတန်း တစ်ခုလည်း သီးသန့်ရှိသေးသည်။ ထိုဈေးတန်း၏ ထိပ်ဆုံးဆိုင်က ကိုညီလင်းသစ် ၏ ကလေးကစားစရာ အရုပ်ဆိုင်ဖြစ်သည်။ သူအဓိကရောင်းသည့် အရုပ်က နာနို ရုပ်ကလေးများဖြစ်သည်။ ထိုအရုပ်များ အကြောင်းကို ဘလော့ဂ်တွင်  ပို့စ် တင်ကတည်း စိတ်ဝင်စားကြသူများသောကြောင့် ကလေးရှိသည့် မိဘများက အစုံလိုက်ဝယ်ယူအားပေးကြသည်။

*****

ကိုညီလင်းသစ် နည်းတူ အရုပ်ကလေးများ ရောင်းသည်က  ညီမလေး ဖြစ်သည်။ ပွဲဈေးတန်း မကျင်းပခင်ကတည်းက ကြိုတင် ပြုလုပ်ထားသည့် စက္ကူကြိုးကြာအရုပ်ရောင်စုံလေးများကို ဆိုင်ဖွင့်ရောင်းချခြင်းဖြစ်သည်။ ကြိုးကြာအရုပ်ကလေးများနှင့်အတူ အရုပ်ခေါက်ပုံ နည်းလမ်းများ ရေးထားသည့် စာရွက်လေးများပါ ဝေငှသဖြင့် ပရိတ်သတ် စိတ်ဝင်စားသော ဆိုင်လည်းဖြစ်၏။ တနိင်တပိုင် လုပ်ငန်းဖြစ်ပြီး အရင်းအနှီး နည်းသဖြင့် ဒုတိယည ရောင်းပြီးချိန်တွင် ဆိုင်ငှားခ အရင်းရသွားလေပြီ။

*****

ပွဲဈေးတန်းတွင် မီးရောင်စုံဖြင့် စားသောက်ဆိုင်ကြီးကြီးဖွင့်သူက အဖြူရောင် နတ်သမီး ဖြစ်သည်။  လူသိများသူဖြစ်သလို ဆန်းပြားသော လက်ရာနှင့် ခမ်းနားစွာ တည်ခင်းမှုများကြောင့် နတ်သမီး၏ စားသောက်ဆိုင် နာမည်ကျော်လေသည်။ ထို့ပြင် ဆိုင်နာမည်က ဟင်းလျာများထက်ပင် ဆန်းပြားသေးသည်။ သူ့ဆိုင်နာမည်က
Hi… wanna laugh ? တဲ့။

*****

နတ်သမီး၏ စားသောက်ဆိုင် ရောင်းကောင်းသဖြင့် ဝိုင်းကူပေးရန် မောင်မျိုး နှင့် ကိုလတ် ကို မရမက အကူအညီတောင်းထားသည်။ ထို့ကြောင့် ကောင်တာထိုင်ပေးရင်း ၊ စားပွဲထိုးပေးရင်းဖြင့် မောင်မျိုးနှင့်ကိုလတ်တို့ နှစ်ယောက်သား ကိုယ်ပိုင်အစီအစဉ် မလုပ်လိုက်ရ။ တကယ်ဆိုလျှင် မောင်မျိုးနှင့် ကိုလတ်တို့ ရည်ရွယ်ထားသည့် လုပ်ငန်းတစ်ခုရှိနေသည်။ ထိုလုပ်ငန်းကို နိင်ငံတကာ စံချိန်စံညွှန်းများအတိုင်း သပ်သပ်ရပ်ရပ်လုပ်ဖို့အထိ တွေးထားခဲ့ကြသည်။ ခုတော့ မလုပ်ဖြစ်လိုက်။ သူတို့ လုပ်ချင်သည့် လုပ်ငန်းက “ကြောင်အမွှေးညှပ်နှင့် ကြောင်ရေချိုးသန့်စင်” လုပ်ငန်းဖြစ်လေသည်။

*****

အနော်ပါးလုံး(ဘဲ) ၊ အိန်ဂျယ်(ဆိတ်) နှင့် ဝက်ဆလူးကလေးတို့ သရဲအိမ်ဆောက်၍ ဝင်ကြေးဖြင့် ပြသည်။ သူတို့က ပထမအကြိမ် ပွဲဈေးတန်း ကတည်းက ဤလုပ်ငန်းကို လုပ်ခဲ့ကြခြင်းဖြစ်သည်။ ယခုအကြိမ်တွင်တော့ သရဲ အမျိုးအစားအသစ်များ ထပ်တိုးထားသည်။ ပရိတ်သတ် အထူးနှစ်သက်သော ပြကွက်များက ဝက်သရဲ ၊ ဆိတ်သရဲ နှင့် ဘဲ သရဲတို့၏ ခြောက်လန့်မှု ပြကွက်များဖြစ်လေသည်။ 

*****

နေဝသန် နှင့် ကြယ်လွမ်းသူ တို့က သူတို့နာမည်များအတိုင်း ကောင်းကင်ပေါ်က လုပ်ငန်းကို လုပ်ကြသည်။ ချားရဟတ် ထောင်ခြင်းဖြစ်သည်။ ပထမအကြိမ် ပွဲဈေးတန်း၏ ချားရဟတ် လုပ်ငန်းအကြောင်း သေသေချာချာ လေ့လာထား၍ သူတို့ အဆင်ပြေပြေ လုပ်နိင်ကြသည်။ ပထမအကြိမ်ပွဲဈေးတန်းတွင် ချားရဟတ် ထောင်သူများက လောကွတ်ချော်၍ ချားစီးကြပါအုံးလားဟု ပွဲဈေးလျှောက်သူများကို ဖိတ်ခေါ်မိသဖြင့် စီးသူ မရှိဘဲ ဖြစ်ခဲ့ရသေးသည်။ ထိုအဖြစ်ကို သင်ခန်းစာယူ၍ နေဝသန်တို့ ယခုအကြိမ်တွင် အောင်အောင်မြင်မြင် လုပ်နိင်ခဲ့လေသည်။ 

*****


ဘလော့ဂ်ဂါ ပွဲဈေးတန်းတွင် ဈေးမရောင်းကြသည့် ဘလော့ဂ်ဂါများလည်း ရှိသည်။ အန်တီတင့် မှ သူပို့စ်တင်ခဲ့ဖူးသည့် ဘုရားစေတီများ၏ ရာဇဝင်သမိုင်းများကို ပေါင်းချုပ်စာအုပ်ထုတ်ပြီး ရောင်းသည်။ ထိုလုပ်ငန်းက ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် လုပ်ငန်းဖြစ်သည်။ ထို့ပြင် အန်တီတင့်ကိုယ်တိုင် လက်မှတ်ထိုးပေးသဖြင့် ဝယ်သူများလည်း စိတ်ကျေနပ်ကြရသည်။ 

*****

အန်တီတင့်ကဲ့သို့ အိန်ဂျယ်လှိုင် ကလည်း သူ့ကဗျာလေးများကို စာအုပ်ထုတ်ပြီးရောင်းချသည်။ ချစ်စရာ ကဗျာလေးများဖြစ်သလို အိန်ဂျယ်လှိုင်က ဘလော့ဂ်ပေါ်တွင် ပြုံးပြုံးချိုချို နှုတ်ဆက်တတ်သူဖြစ်၍ လူချစ်လူခင် ပေါသူဖြစ်တာကြောင့် သူ့ကဗျာစာအုပ် ထင်ထားသည်ထက် အောင်မြင်လေသည်။ 

*****
အိန်ဂျယ်လှိုင် နည်းတူ  စာအုပ်ထုတ်သူက လင်းသစ်။ သူကတော့ ကဗျာချည်းပဲ မဟုတ်။ ရေးအားကောင်းကောင်းဖြင့် ရေးထားသည့် ဝတ္ထုတိုနှင့်ကဗျာ လေးများကို စုပေါင်း၍ စာအုပ်ထုတ်သည်။ စာအုပ်အမည်က “အလင်းသစ်၏ နေ့စွဲများ ”  ဖြစ်သည်။ 

*****

အကြံပိုင်သူက မေသိမ့်သိမ့်ကျော် ဖြစ်သည်။ သူက ဈေးမရောင်း ၊ စာအုပ်မထုတ်။ သို့သော် သူ့လုပ်ငန်း အမြတ်ငွေများစွာ ဝင်သည်။ သူရွေးချယ်ထားသည့် လုပ်ငန်းက “ စက်ဘီး ဆိုင်ကယ် ၊ ကား ရပ်နားစခန်း” 
ထိုလုပ်ငန်းမှာ မီးခိုးမထွက်ဘဲ အမြတ်ထွက်သည့် လုပ်ငန်းဖြစ်သည်။ 

*****

ဘလော့ဂ်ဂါများစွာ စုံညီသည့် ပွဲဖြစ်၍ မိမိတို့ လုပ်ငန်းများကို ကြော်ငြာကြသူများလည်း ရှိသည်။ မမိုးပန်းချီ နှင့် အင်ကြင်းသန့် တို့မှ သူတို့ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်းကျောင်း အတွက် ကြော်ငြာစာရွက်များကို ပွဲတော်လာသူများကို ကမ်းကြသည်။ 

*****


ကို AATO က သူ၏ ခရီးသွားလုပ်ငန်းအတွက် မော်ဒယ်များ ငှားကာ ကြော်ငြာသည်။ အဆို ၊ အကအဖွဲ့များကိုပါ ငှားရမ်း ကြော်ငြာသဖြင့် စိတ်ဝင်စားသူများပြားကာ ပရိတ်သတ်များ ကြိတ်ကြိတ်တိုး နေကြတော့သည်။

*****

စတိတ်ရှိုးရှေ့တွင် လူများ အုံနေသကဲ့သို့ ဘုန်းဘုန်းတောက်ပကြယ်စင်၏ တရားပွဲမှာလည်း တရားနာသူ အများအပြားရှိနေသည်။ ထိုတရားပွဲကိုတော့ ဂျစ်တူး(မုံရွာ) မှ ဦးဆောင် စီစဉ်ပေးခြင်းဖြစ်သည်။


*****

ကိုဆိုဆီဂါဒို ကတော့ ဈေးမရောင်း။ သူက အေးအေးလူလူ ပွဲဈေးလျှောက်ချင်သူဖြစ်သည်။ ပွဲဈေးတစ်လျှောက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် နှုတ်ဆက်ရင်း မုန့်စားရင်း ပွဲဈေးတန်းထဲတွင် လမ်းသလားနေသည်။ လမ်းတွင် ကိုဆိုဆီနှင့် ဆုံသည့် မဒမ်ကိုး အပါအဝင် အခြားဇနီးမောင်နှံများကလည်း လောလောလတ်လတ် နာမည်ကြီးထားသည့် “ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျာ်း မဟုတ်ဘူး” ဆိုသည့် ဝတ္ထုကို သတိရသဖြင့်  သူတို့အမျိုးသားဖြင့် ချက်ချင်း မိတ်ဆက်ပေးကြရှာသည်။

“ ဒါ ကျမ အမျိုးသားပါ ” တဲ့။

*****


အများသူငှာကဲ့သို ပွဲဈေးတန်းတွင် ဈေးမရောင်းရ ၊ ပွဲဈေး လွတ်လွတ်လပ်လပ် မလျှောက်ရသူကတော့ ကိုသတိုး ဖြစ်သည်။ တကယ်ဆိုလျှင် ဒီပွဲက လူပျိုကြီးအတွက် အစွံထုတ်မည့် ပွဲဖြစ်သင့်သော်လည်း ပုဆိုးစဆွဲ၍ နောက်က တကောက်ကောက် လိုက်နေကြသော သူ့ကျောင်းမှ တပည့်လေးများကြောင့် လူပျိုကြီးခမျာ ဘာမျှ မတတ်နိင်ရှာတော့ပေ။

*****

ပွဲဈေးတန်း၏ အစွန်ဆုံးတွင် ဓါတ်ပုံပြခန်းများရှိသည်။ ထိုဘက်ကနေရာ ပိုကျယ်ဝန်းသဖြင့် ဓါတ်ပုံပြခန်းများကို အစွန်ဘက်တွင် တည်ဆောက်ထားခြင်းဖြစ်၏။ ဘလော့ဂ်ဂါများက မိမိတို့ လက်စွမ်းပြထားသည့် ဓါတ်ပုံလက်ရာများကို ပြပွဲလုပ်ကြသည်။ ထိုသို့ ပြပွဲလုပ်သူများထဲတွင် ပါဝင်သူများကတော့....

ဂျစ်တူး(မုံရွာ) နှင့် Sky'blue တို့က စားသောက်ဆိုင်မဖွင့်ကြ။ သူတို့က ဓါတ်ပုံပြခန်းဖွင့်ကြသည်။ သဘာဝရှုခင်းပုံများကို ပြပွဲအနေဖြင့် တင်ထားကြခြင်းဖြစ်သည်။ ဝယ်သူရှိပါက ဓါတ်ပုံများကိုလည်း ရောင်းချပေးသည်။ ကာလာစိုပြီးရိုက်ချက်ဆန်းသဖြင့် သူတို့ဆိုင်လည်း အတော်အသင့် အလုပ်ဖြစ်ကြသည်။  ရောင်းရသည်။ သို့သော် မခင်ဦးမေကိုတော့ မမှီနိင်ကြပေ။

*****

ဟုတ်သည်။ ဤပွဲဈေးတန်းတွင် မခင်ဦးမေ ကလည်း ဓါတ်ပုံပြခန်းဆိုင် ဖွင့်ထားခြင်းဖြစ်သည်။ သူရိုက်ထားခဲ့သော ဓါတ်ပုံများကို ပြလည်းပြ ရောင်းလည်းရောင်းခြင်းဖြစ်သည်။ ပွဲတော်၏ ဒုတိယ ညမှာပဲ မခင်ဦးမေ၏ လက်ရာဓါတ်ပုံများ ကုန်သလောက်ရှိသွားခဲ့ပြီ။ ဝက်ဝက်ကွဲ ရောင်းချရသဖြင့် အောင်မြင်သော ပြပွဲတစ်ခုဖြစ်ခဲ့သည်။

မခင်ဦးမေ၏ လက်ရာများကို မျက်စိစမ်းသပ်ခန်းများမှ အပြိုင်အဆိုင် ဝယ်ယူကြခြင်းဖြစ်သည်။ ထိုဓါတ်ပုံများကိုတော့ မျက်စိစမ်းသပ်ရာတွင် အနီးမှုန် ၊ အဝေးမှုန်သမားများအတွက် အသုံးပြုမည်ဟု သတင်းရရှိလေသည်။

*****

ဤသို့ဖြင့် ဘလော့ဂ်ဂါပွဲဈေးတန်းကြီးမှာ ရောင်းသူ ဝယ်သူများ ကြိတ်ကြိတ်တိုးကာ မီးရောင်စုံဖြင့် ဆူညံ  လှုပ်ရှား သက်ဝင်နေလေတော့သည်။

။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~။

လက်လှမ်းမီသမျှ မိတ်ဆွေများကို နာမည်သုံးရန် ခွင့်တောင်းဖြစ်ပေမယ့် တစ်ချို့ကိုတော့ ခွင့်မတောင်းနိင်ခဲ့ပါ။ ထို့ကြောင့်  ခွင့်မတောင်းရသေးသူများ၏ နာမည်အသုံးပြုထားခြင်းကို ပို့စ်တင်ရင်းနှင့် တခါတည်း ခွင့်တောင်းပါရစေ။ မနှစ်သက်သူများရှိပါကလည်း ပြောသွားနိင်ပါသည်။

နစ်နာစေလိုသည့် သဘောမရှိဘဲ ပြုံးပျော်စေရန် ရည်ရွယ်ရေးသားထားခြင်းကြောင့် မိမိတို့၏ ဇာတ်ကွက်များအပေါ် နားလည်ပေးစေချင်ပါသည်။

ယခုပို့စ်သည် ဘလော့ဂ်ဂါ ပွဲဈေးတန်း (၂) ဖြစ်ပါသည်။ အရင်တစ်ကြိမ်တင်ဖူးသည့် ပွဲဈေးတန်း (၁) နှင့် ဘလော့ဂ်ဂါများကို ဇာတ်ကောင်ဖန်တီးထားသော ပို့စ်များကို ဖတ်လိုလျှင် အောက်တွင် ကလစ်နှိပ်၍ ဖတ်ရှု နိင်ပါသည်။

ဘလော့ဂ်ဂါပွဲဈေးတန်း (၁)

 ဘလော့ဂ်ဂါနှင့် အဏ္ဏဝါ  အပိုင်း (၁)
 ဘလော့ဂ်ဂါနှင့် အဏ္ဏဝါ အပိုင်း (၂)
 ဘလော့ဂ်ဂါနှင့် အဏ္ဏဝါ ဇာတ်သိမ်း

61 comments:

sosegado said...

တကယ်ပွဲဈေးတန်းကို ရောက်သွားရသလိုပါပဲ၊ လေးစားမိပါသည်၊
လိုအပ်လျှင် အကြံဥာဏ်များ တောင်းနိုင်သော သူတစ်ယောက်တော့ ရှာတွေ့သွားပါပြီ၊
မြေပဲပြုတ်တော့ မရောင်းပါရစေနဲ့။
ကျန်းမာပျော်ရွှင်ပါစေ။

ညိမ်းနိုင် said...

ဟားဟား...တကယ်ရီရတယ်...ကိုမြစ်ရာ...၊အစ်မကွန်ရဲ့
ဓာတ်ပုံဆိုင်ကို သဘောအကျဆုံးပဲ...၊ကြောင်နှစ်ကောင်
လည်း သနားပါတယ်...သူရို့ခမြာ ကြောင်မွေးညှပ်ချင်ကြ
တာ...ခုတော့ Hi...wanna laugh မှာ စားပွဲထိုးရရှာတယ်...
ဟိ....:)))

rose of sharon said...

မမခင်ဦးမေရဲ့ဓာတ်ပုံပြခန်းလေးကို သဘောအကျဆုံးဘဲ... အိုင်ဒီယာအရမ်းကောင်းတယ်...

ကြည်ဖြူပိုင် said...

ပို့စ်လေးက သိုသိုသိပ်သိပ် အရေးအသားညက်ညက်လေးနဲ့ စာဖတ်သူကိုစွဲဆောင်သွားတယ်။ တကယ့်အပြင်ဖက် မီးရောင်တွေအောက်က အသံမျိုးစုံ နဲ့ ပျော်စရာသိပ်ကောင်းတဲ့ (တန်ဆောင်တိုင်ပွဲဈေးတန်းလိုမျိုး) ပွဲဈေးတန်းကို ပြန်ရောက်သွားခဲ့တယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ပို့စ်လေးတစ်ပုဒ်ပါပဲ။ ပျော်ရွှင်မှုကိုခံစားလိုက်ရတယ်။ တော်တယ်ဦးမြစ်... :)

sonata-cantata said...

ရေချမ်းအိုးကတော့ ရိုးရာမပျက် ၂၄လုံးတိတိကို ကုသိုလ်ယူထားပါတယ်။
တနေ့ ၂၄နာရီ သောက်သုံးနိုင်အောင်ပါ ကိုမြစ်ကျိုးအင်းရေ့...း)

Nyi Linn Thit said...

အစတစ်ကြောင်းကနေ အဆုံးရောက်တဲ့အထိ တပြုံးပြုံးနဲ့ကို ဖတ်သွားရတယ်ဗျာ..၊း) အရမ်းကောင်းတယ် ကိုမြစ်ကျိုး..၊ တစ်ဦးချင်းစီရဲ့ ဝိသေသ လက္ခဏာတွေကို လိုက်ရှာပြီး အဲဒီအပေါ်မှာ ဇဝနဥာဏ် ရွှင်ရွှင်နဲ့မို့ တကယ့်ပွဲဈေးတန်းကို ရောက်သွားရ သလိုပဲ၊ နှာဝမှာ ဖုန်မှုန့်တွေနဲ့ မီးခိုးနံ့တွေ တောင် ရလာခဲ့တယ်၊ တကယ့်ကို Thumbs up ပါပဲ..။

သတိုး said...

ပွဲဈေးတန်းထဲ စ၀င်ကတည်းက ပြုံးနေမိတော့တာ။ မျက်မှန်းတန်းမိနေတဲ့ဆိုင်၊ ခင်မင်ရသူတွေရဲ့ဆိုင်...။ ဈေးတန်းဆုံးခါနီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့လိုက်ရတော့...ဟား...ဟား။ တတ်လည်း တတ်နိုင်တဲ့ ကိုမြစ်။း))

SHWE ZIN U said...

အမယ်လေးဗျာ ရောင်းခိုင်း ပြန်ပြီ မုန့်ပေါင်း ကောင်းတာ ကောင်းတာ အော်တဲ့ လူတော့ နာပြီမှတ်

သဒ္ဓါလှိုင်း said...

ယိုးဒယား သင်္ဘောသီးထောင်း ၊ ကောက်ညှင်းပေါင်း နှင့် ငါးခူကြော်တွေနော်..။(လက်ရာကကောင်းပြီးသား)။
ဈေးရောင်းနေရင်းနဲ့ ဘယ်ရမလဲ ပွဲဈေးတန်းကိုရအောင် လျှောက်သွားလိုက်တာပေါ့။
ကိုမြစ်ရဲ့ပင်ပင်ပန်းပန်းအလေးထားရေးသားမှုကို အရမ်းချီးကျူးလေးစားမိပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ဖိုးကြယ် said...

ဟားဟားဟား....ဂွတ်တယ်ဗျို့...ကိုကြီးမြစ် ပြောတဲ့လုပ်ငန်းမဆိုးဘူး...ပြောတတ်ဖို့တော့လိုတာအမှန်ပဲ :P

ခင်တဲ့(ဖိုးကြယ်)

ကိုဇော် said...

မင်းကွာ . . . .
ငါ့မှာ ပန်ကာကြီး လည်ပင်းစွပ်ပြီး အနေရခက်ထှာ . . .
မကျေနပ်ဘူးကွာ။ ပွဲခင်းကျင်းပတဲ့ အတွက် ပွဲခင်းခ မပေးဘူးကွာ။ အကုန် ရောင်းကုန်မှ ပေးမယ် ဒါဘဲ။ အခုတော့ အကြွေးမှတ်ထား . . .။

အဖြူရောင်နတ်သမီး said...

ဟဲ့.. ဘယ်မတုန်း ကြောင်နှစ်ကောင်...
စားပွဲထိုးပါဆိုမှယယ ဘလော့ဂ်ဂင်းနေကြတယ်..
ဟွင်းးးးးးးးးးး



ဟားဟား..ရီရတယ်ကိုမြစ်..
ဒီတခါတော့ “စ” “ဆုံး” ပါပစေနော်..ဒါပဲ..သိတယ်မလား..း)

Angelhlaing(May everybody be happy and healthy! said...

အဟီး ပျော်စရာကြိးပဲ အကိုရေ ဆင်နွဲပါဝင်ခွင့်ရလို့ ကျေးဇူးပါအကို...:):)
ဟောဒီမှာ ..ဗျို့ ...ကဗျာစာအုပ်တွေ ရမယ်လို့ :P:P

အနော် said...

တရဲ တရဲ.. အမရေး ဒီတခါလဲ ဝတ်ရုံနက်ကြီးခြုံပြီး သရဲခြောက်ရဦးမှာပါလား.. ဟိဟိ
ဝက်ဆလူး၊ ဘဲနဲ့ ဆိတ် ဆိုတော့ မီးက ဘာကောင်လုပ်ရပါ့ :)))

ညီရဲ said...

စိတ်ကူးလေး ကောင်းတယ် အစ်ကို...
ရေးတတ်လိုက်တာ။ အစ်ကို ကျွန်တော်က ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ခု ညီရဲသစ်နာမည်နဲ့ ဘလော့ဂ်တစ်ခုလုပ်ထားတယ်။ အစ်ကို့ လင့်လေးကိုလဲ ယူသွားပါတယ်။ အစ်ကိုလဲအားရင် လာပြီး ကျွန်တော့်ကို ဆုံးမ လမ်းညွှန်ပေးပါဦး။

blackroze said...
This comment has been removed by the author.
blackroze said...

ဦးမြစ်ေ၇..တကယ့်ပွဲဈေးတန်းထဲ
ရောက်သွားသလိုပါဘဲလေ
ဦးမြစ်ရေးထားသလိုဘဲ
တချိန်မှာဘလော့ဂါတွေစုပြီး
ဈေးရောင်းပွဲလေးလုပ်စေချင်စမ်းပါရဲ့လေ

ခင်တဲ့...blackroze

mstint said...

ပျော်ရွှင်ဖွယ်ကောင်းသော ဘလော့ဂ်ဂါများရဲ့ ပွဲဈေးတန်းလေးကို ရောက်ခဲ့ပါတယ်ကွယ်။
အိုင်ဒီယာတွေက ကောင်းလိုက်တာနော်။
ဒီဘလော့ဂ်ဂါပွဲပြီးသွားရင် သမိုင်းစာအုပ်ထုတ် ရောင်းဖို့အကြံရသွားပြီး)))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေသိမ့်သိမ့်ကျော် said...

ပွဲတော်လာ ကိုကို မမများရှင်.. စက်ဘီး များအပ်နှံနိုင်ပါတယ်။ ဆိုင်ကယ်နှင့်ကားများလည်း အပ်နှံနိုင်ပါတယ်။ စိတ်ချလက်ချသွားပါ။ ပျောက်လျှင်တာဝန်မယူ။း)


ခင်တဲ့

khin oo may said...

ရယ်ရတယ် အဟိ။

တောက်ပကြယ်စင် said...

ဟာ ကိုမြစ်ရေ ဆောရီးနော် ပွဲဈေးတန်းထဲ ရောက်လာတာ နောက်ကျသွားတယ်။ကျောင်းက မထွက်ခင်တုန်းက ကားဆရာကို သေသေချာချာပြောထားပါတယ်။ ကားကို သေချာစစ်နော်လို့။ ခုသွားရမှာ နည်းတဲ့ခရီးမဟုတ်ဘူးလို့ ပြောထားရက်သားနဲ့။ တင်ပါ့ဘုရားဆိုပြီး လွယ်လွယ်နဲ့ပြန်လျှောက်တယ်။ လမ်းခုလတ် ဆိုင်မရှိ၊ လူမနေတဲ့ လယ်ကွင်းတွေဘေးမှာ ဓာတ်ဆီက ပြတ်ပါလေရော။ အဲဒါနဲ့ သွားလာနေတဲ့ကားကို အကူအညီတောင်းပြီး မြို့ထဲ ပြန်သွားပြီး ဓာတ်ဆီပြန်သွားယူနေရလို့ နောက်ကျသွားတာပါ။ ပင့်ထားတဲ့တရားပွဲကို တန်းတန်းမတ်မတ် သွားလိုက်ပါတယ်။ ပရိသတ်တွေကို အားလည်းနာ ကေျးဇူးလည်းတင်ပါတယ်။ သူတို့ခင်ဗျာ စောင့်နေရှာတယ်။ တရားပွဲပြီးမှပဲ ပွဲဈေးတန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာများ မှာကြားသွားပါတယ် လေးစားအပ်ပါသော ဒကာတော် ကိုမြစ်ရေ။ ပွဲစီစဉ်သူ ဥက္ကဌကိုမြစ်လည်း ကျန်းမာပျော်ရွှင်ပါစေ...

အလင်းသစ် said...

ကိုမြစ်ရေ...ကျွန်တော့်ရဲ့ စာအုပ်တွေ ရောင်းကောင်းလွန်းလို့..ဟီးးး... ဆိုင်ခန်းခကို နောက်တစ်ခေါက် ပွဲဈေးတန်းကျမှ ပေါင်းပေးပါရစေတော့... နောက်နှစ် ပွဲဈေးတန်းမှာ "အလင်းသစ်၏ ရောင်းမကုန် ဝတ္ထုတိုများ" ဆိုပြီး ဆိုင်ခန်းထပ်ဖွင့်မယ်လေ။။။ ဟီးးး။။။ အစ၊အဆုံး တပြုံးပြုံးနဲ့ (တချို့နေရာတွေမှာ ဝါးလုံးကွဲ ရယ်ပြီး အားပေးသွားပါတယ်။။) ပါဝင်ဆင်နွှဲခွင့် ရတာကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။။။

မိုးယံ said...

“မိုးယံငွေလမင်း ”ထီဆိုင်ကသာ အောင်မြင်တာပါ... အဲဒီဆိုင်ရှင်တွေထဲဟိုလူ မိုးယံက မနေ့ကထိ ထီကို မပေါက်ဖူးသေးတာ..။

မချစ်ကြည်ကတော့ အကြံပိုင်ပါ့ဗျာ..မရောင်းရလည်းသူပတ်ပေါ့..ရေင်းရအောင်လည်း သူပဲ မယ်ဒေါ်အဖြစ် ပတ်ပြပေါ့။

ဒေသအစားအစာ မအောင်မြင်ရင် မချောတို့က သဘာဝ ဖန်တုံးလေးတွေကိုပဲ ကမ်းခြေကနေ ကောက်ရောင်းမလို့ကြံနေလေရဲ့။

အော်...မကိက ဆေးလဲကု ဓါတ်စာအဖြစ် အသားဓါတ်များတဲ့ မြေပဲပြုတ်လေးလဲရောင်းပေါ့လေ..ကောင်းလိုက်တဲ့အကြံ။

မသိင်္ဂါကျော် ကို ဟိုတစ်လောက မြင်မိတော့ ဆာရီနဲ့ အတ်ရှဝါရိုင်းမှတ်တာ...:P

အဝေါရောင်မြေ မစောတော့ ဘုတော့ဖို့ ကြံနေလေရဲ့...ဟီးဟီး...ရယ်ရတယ်။

ဆရာဟန်က မင်းသားပါ ဒီဇတ်ကားမှာတော့ ဇတ်ရုပ်က ၀တ်သားဒုတ်ထိုးသည်ပေါ့လေ...ဟာဟ။

ဆင်တဲကဖေး တစ်ခေါက်ရောက်တုန်းက ကျဆိမ့်သောက်နေကြမို့..ပေါ့ဆိမ့်လေး ပြောင်းသောက်ကြည့်တာ ကောင်းမှကောင်း။တစ်ခါတစ်ရံပိုက်ဆံမရှိရင် ရေသန့်သောက်ပြီး ပြန်ပေမယ့်..များသွားတဲ့ ညတွေရှိခဲ့ရင်တော့ မနက်ဖက် ဘလက်ကော်ဖီလေးကို သံပုရာညှစ်ပြီး ပြန်ဖြေ ရတာပဲ၊အဲဒီတော့မှ ပုံမှန်ပြန်ဖြစ်တော့တယ်.။ ဟီးဟီး။

ဟင် မရွှေစင်ရဲ့ မုန့်ပေါင်းဆိုင်နားမှာကိုဇော့် ဒလက်မဲ့ ပန်ကာတွေ ဖွင့်ပြီး စွတ်အော်နေ မုန့်ဖတ်လေးတွေ လွင့်ကုန်တော့မှာပေါ့...ဟဲဟဲ။

ကိုပီတာတို့ ကိုသက်တန့်တို့ ရုံကြီးကတော့ လူအရမ်းစီတာပဲ...ထူးထူးဆန်းဆန်းတွေ ဗျ..မိုက်ဒယ်ဗျာ...။

ဟာဟ မမေဓါဝီတော့....ကုသိုလ်တွေ လွှတ်ရပြီ...သာဓု သာဓု သာဓု.....။

မအိမ်သူတို့ ဆီက ကမ္ဘောဒီးယား အစားအစာတွေကလည်း လွှတ်ကောင်းဗျာ.။

နတ်သမီးဆိုင်က ဟင်းတွေက ကောင်းသလောက် လူတွေက ဆိုင်နံမည်ကို ခပ်လန့်လန့်ရယ်..။

ဟားဟား ဟိုကြောင်နှစ်ကောင်ကလည်း လာဘ်မြင်တတ်လိုက်ကြတာ။

ဝက်သရဲနဲ့ ဆိတ်သရဲကိုတော့ တစ်ကယ်လန့်ပါသည်။

နေ၀သန် တော်တော်ဆိုးတဲ့လူ...ဘယ်နှယ်လူတွေကို ချားစီးဦးမလား လိုက်ခေါ်တယ်...တော်သေးတာပေါ့ နောက်တစ်ခေါက်မှ နှစ်ယောက်ပေါင်းပြီး “ ရဟတ်စီး ကြဦးမလားဗျိုးးး” လို့ အော်ကြလို့။ :P

ကိုအေအေတူက မော်ဒယ်တွေနဲ့ သိပ်ပိုင်သကိုး.... မမခင်ကို သတိထားခိုင်းရမှာပဲ။

ကိုဆိုဆီ လုပ်တာနဲ့ မဒမ်းကိုးတို့ မောင်နှံ .....ဟီးဟီးးးးးးးးး

နောက်ဆုံးမတော့ မကွန်လက်ရာတွေက မျက်လုံးသမားတွေအတွက် အထောက်အကူ ဖြစ်လို့ ပိုအကျိုးရှိသဗျာ...ဟားဟား

ကိုမြစ်ကြည့်တော့ရုပ်တည်နဲ့ အတော်နောက်တဲ့လူ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်
တို့ကိုများ ခွက်ခွက်လန်အောင် ရှုံးမလေး ဘာလေးနဲ့
ရှုံးစရာလား မရောင်းရရင် လက်ဆောင်ပေးပစ်မှာပေါ့
ဘလော်ဂါတွေကို ။
တော်သေးတာပေါ့ ဒေသအစားအစာနဲ့ ဆိုင်ခန်းခလေး ကျေသွားတာ မဟုတ်ရင် ဘလော်ဂါတွေ့ရဲ့ ပွဲဈေးကနေ အရှက်ကွဲပြီး ထွက်ပြေးရမဲ့ အပေါက်။
စကားမစပ် မမြသွေးက ငါးပတ်မွှေ ခုထိ မွှေနေတုန်းလား
မလုပ်ပါနဲ့အေ လက်ညောင်းရှာပါဦးမယ် ဟိဟိ
ပျော်စရာဘလော့်ဒေးပါလား
ဒီနေ့မှာမှာ ဈေးလာရောင်းရတယ်လို့ ဖြစ်ရလေနော်

ကိုကိုမောင်(ပန်းရနံ့) said...

အားရပါးရ ချက်မလား
အားရပါးရ ထောင်းမလား
အားရပါးရ သုပ်မလား
အားရပါးရ တို့မလား

ပန်းသီးတွေရမယ်။ ပန်းသီး ချဉ်ချဉ်လေးတွေ ရမယ်။း))
....

နာမည်တွေနဲ့ ဆိုင်နာမည်တွေ လိုက်ဖက်အောင် စီမံထားတာက တကယ့်ကို ကွက်တိကျပါတယ်။ တကယ့်ကို အုတ်တစောင့်ရွာထဲ.. အဲလေ.. ပွဲဈေးတန်းထဲ ရောက်သွားလိုက်ရသလိုပါဘဲ။

ပျော်ရွှင်ကျန်းမာချမ်းသာပါစေ။

ခင်မင်လျှက်

အိမ့်ချမ်းမြေ့ said...

သေချာပရင့်ထုတ်ဖတ်မှ ဖြစ်မယ်..
မနိုင်လို့။

ပျော်ရွှင်ဖွယ်သော ဘလောဂ်နေ့ ဖြစ်ပါစေရှင်။

ခင်တဲ့...
မလေး

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ဇတ်ဆရာ-
ပွဲဈေးတန်းကို ခြေကျိုးနေပေမဲ့အရောက်လာခဲ့ပါတယ်။
ပွဲဈေးတန်းမှာဓါတ်ပုံတွေရိုက်ရင်း ဇတ်ဆရာ ရဲ့ ဇတ်ထဲ
မှာ လူရွှင်တော်လုပ်ခဲ့ရတာတွေကိုသွားသတိရနေတယ်ဗျာ-

Anonymous said...

ဘကြီးမြစ် ဗေဒင်ဟောတဲ့အခန်းကျန်နေသေးတယ် ထပ်ဖြည့်ချင်ဖြည့်ဦး။ ရှယ်နဲ သုံးနေကျဆိုတော့ ...ချန်နယ်ဏီ ရေမွေးတပုလင်းမှာချင်တယ်။ ခရေပန်းအနံလေးပါရင်ကောင်းမှာပါ။ တို့မောင်လေး ကိုသတိုးကိုတော့ လူပျိုကြီးဖြစ်ပစေတဲ့။ ညဏ်များတဲ့ ဘကြီးမြစ်လဲ မိန်းမတသက်လုံးမရပါစေနဲ့... ရီရပ။ ဒီလောက်ဆိုလျှင်သိ။

8Yar said...

ဖျာရမယ်ဗျိုး။ ဖျာရမယ်... တစ်ယောက်အိပ်၊ နှစ်ယောက်အိပ်၊ မိသားစုအိပ် အားလုံးရှိတယ်ဗျိုး။ ခစ်ခစ် အခုမှပဲ 8Yar တို့ဆိုင်ပိုင်၊ ကန္နားပိုင် ဖြစ်တော့တယ်။ ဖတ်လို့အရမ်းကောင်းတယ်။ ကျေးဇူးပါ အစ်ကိုမြစ်ရေ.....

မောင်မျိုး said...

ကိုမြစ်တဲ့ ပို့စ်လေးဖတ်ပြီး အဲ့လုပ်ငန်းတကယ် လုပ်ရင်ကောင်းမလားလို့ ။း)

အင်ကြင်းသန့် said...

ဖတ်ရတာ သွက်လည်းသွက်၊ ရီလည်းရီရ...တယ်လည်းတော်တဲ့ ဘကြီးမြစ်ပါလား....ဘလော့ဂါတွေထဲက အပျိုကြီးလူပျိုကြီးများ (ဘကြီးမြစ်အပါအ၀င်) အိမ်ထောင်မြန်မြန်ပြုကြပါ။ ဒါမှ နေ့ကလေးထိန်းကျောင်းက အလုပ်ဖြစ်မှာပါ။ ဘလော့လောကမှာ အပျိုကြီးလူပျိုကြီးတွေများနေတဲ့ အတွက် နေ့ကလေးထိန်းကျောင်းက လောလောဆယ် အရှုံးပေါ်နေပါတယ်။ ဘကြီးမြစ် ဖြစ်နိုင်မယ်ဆိုရင် ဖူးစာဖက်ရှာပေးတဲ့ လုပ်ငန်းလေးပါ လုပ်တဲ့သူရှိရင်ကောင်းမယ်ထင်တယ်နော်။ :D :D

မြသွေးနီ said...

Blog Day မှာ ဈေးဆိုင်ဖွင့်ပြီး ဈေးရောင်းခိုင်းတဲ့ လူပျိုကြီးမြစ်..။ ညည်းက ရောင်းခိုင်းစရာရှားလို့အေ..
ငါးပတ်မွှေတဲ့... ဟွန်း..။ တိုင်ဆိုင်တာက ငါးပတ်မွှေဟင်းက အစ်မအကြိုက်ဆုံး၊ ကောင်းကောင်းချက်တတ်တဲ့ ဟင်းလျာပါ မြစ်ရေ...။ ပျော်စရာ ပွဲဈေးတန်းကြီးမှာ တကယ်သာ အခုလို ဘလော့ဂါတွေ ဆိုင်ဖွင့်ရင် ပျော်စရာကြီးနေမှာနော်..။ အခုပဲ ဘလော့ဂါအငြိမ့်နဲ့ ဘလော့ဂါနဲ့အဏ္ဏ၀ါတောင် အလွမ်းပြေ ပြန်ဖတ်လိုက်သေးတယ်...။ ဘလော့ဂါများကို ပျော်ရွှင်ကြည်နူးစေတဲ့ အခုလို ပို့စ်လေးတွေ ရေးပေးတဲ့ မြစ်ရဲ့ အားထုတ်မှုကို လေးစားလျှက်ပါ မြစ်ရေ...။
(အစ်မက ငါးပတ်ဟင်းသာ မွှေတတ်တာပါကွယ် - ဤကားစာကြွင်း :))

နေ၀သန် said...

ကိုမြစ်ရေ.. ဟက်ပီးဘလော့ခ်ဒေးလေးပါဗျ.. ရေးလည်းရေးတတ်ပါ့..း))... ဟောဒီမှာ နေ၀သန်ထောင်ထားတဲ့ ချားစီးကြမလား ချားစီးကြမလား.. ဟားဟား.. :D

ခင်မင်လျက်
နေ၀သန်

kiki said...

“ဟောဒီက ဝက်သားတုတ်ထိုးနဲ့ မြေပဲပြုတ် ပူပူလေ.. .. လာကြနော် လာကြ .. ဘိုင်ဝမ်းးး ဂက် တူး ဖရီး.... ရပ်ကြည့်လို့ အမြတ်မရှိ ၊ စားကြည့်မှ တကယ်သွား၏ ။ ( ဝမ်းဒလဟော)..”
အဲလေ.. ဖတ်နေရင်းနဲ့ ရောင်းအားမြှင့်တင်ရေး အတွက် အော်ရောင်းဖို့ လေ့ကျင့်နေတာ ..
ဟားဟား.. လန်းတယ် ဆရာမြစ်ရေ..ရေးလည်း ရေးတတ်ပါပေရဲ့..

ပုံ/
တုတ်ထိုးဝိဇ္ဇာ ဆရာ ကိ..

စော(အဝါရောင်မြေ) said...

Happy Blogger Day ပါရှင်
ကျတော် သနပ်ခါးကြိုက်တာ ဘယ်လို သိပါလိမ့်လို့ တောင် တွေးမိသွားသေးတယ်။
အင်း တော်ပါသေးတယ် အဘွားကြီးတစ်ယောက်က ကယ်လိုက်လို့ ။
ဟ ဟား။

မေဓာဝီ said...

သောနုတ္ထိုရ် မုဆိုးနေရာမှာ သရုပ်ဆောင်ဖို့ ဆရာမြစ်ကို လာငှါးပါတယ်။ :))

ငွေလမင်း said...

မိုးယံငွေလမင်း ထီဆိုင် နာမည်ပေးတတ်တယ် ကိုမိုးယံနဲ့ တိုင်ပင်ပြီး ထီဆိုင်ဖွင့်အုန်းမှ
ငွေလမင်း ဘလော့လေး စလုပ်တုန်းက ကိုကြီးကျောက်က စီဘောက်မှာ လာမေးဖူးတယ် မိုးယံနဲ့ ငွေလမင်း ဘာတော်လဲ ထီဆိုင်လာဆိုပြီး မေးဖူးတာလေး ပြန်သတိရသွားမှိတယ်
အစအဆုံး ဖတ်ပြီး ရီလိုက်ပြုံးလိုက်နဲ့ သဘောကျသွားပါတယ်

မြတ်မွန် said...

မြေပဲနဲ့ ဘယ်တော့များ ကင်းကင်းရှင်းရှင်းနေရပါ့မလဲမသိပါဘူးတော်..။ ဟော့ဒီက မြေပဲပြုတ်..။

အကြိုက်ဆုံးက ကိုဆိုဆီကိုရေးထားတာ ဂွတ်တယ်။ ဟက်ဟက်။

ဟက်ပီဘလော့ဒေးပါ ဦးမြစ်ရေ..။
အကြံကောင်းလို့ တော်သေးတယ် အရင်းမပြုတ်တာ..။:P

seesein said...

မပြုံးဘဲ မနေနိုင် ဖတ်ရင်းနဲ့ လန်းသွားတယ်
စိတ်ပျော်သွားတယ် ဂျင်းတို့အရှုံးပေါ်နေဆိုဘဲ
ကူညီပေးလိုက်ပါအုံး
အမချစ်ရေ အကြံပေးခ ခါးပတ် ဆိုက်လွန် ငါးချောင်း ဖရီးပေးပါ

ခင်မင်တဲ့
စစ

Anonymous said...

ဟောသည်က..
မြေပဲပြုပ်...



ပေါက်

ဟန်ကြည် said...

လုပ်ရက်ပါ့ ကိုမြစ်ရယ်...
ဒိပို့စ်ကို မဒမ်ဟန်ကြည်ကို ပြလိုက်တော့ သူက ဦးဟန်ကြည်ရဲ့ ပါးဖောင်းဖောင်းကို မျက်စောင်းထိုးသဗျ...စိတ်ထဲမှာများ တုတ်ထိုးလုပ်စားနေသလား မသိတော့ပါဘူး...ကြံကြံဖန်ဖန် ရေးလည်းရေးတတ်တဲ့ ကိုမြစ်ပေပဲ...

ဆွေလေးမွန် said...

ပျော်စရာကြီး ကိုမြစ်..

အဟုတ်တစ်ကယ်ပစ်ကြမယ်နော်
ဟောဒီက မြှားပစ်....

ပန်းချီ said...

(((ဟင်)))...((((ဟမ်)))..အို...ဘယ်လိုအာမေဋိတ်ရမှန်းတောင်မသိတော့ပါဘူးရှင်..း)))) ဟောဒီက နေ့ကလေးထိန်းကျောင်းလို့ အော်လိုက်ရမလား...

ပျော်လို့ပါနောက်တာပါဗျာ..တကယ်နောက်လည်းနောက်တဲ့ ကိုမြစ် ကိုကျိုး ကိုအင်းရယ်..းD

ပျော်ရွှင်စရာဘလော့ဂ်နေ့ပါ အစ်ကိုရေ..စာတွေဒိထက်အများကြီးမှ အများကြီး ဆက်လက်ရေးသားနိုင်ပါစေနော်။ တလက်စတည်း ကျေးဇူးတွေတစ်လှေကြီးလည်းတင်ပါတယ်ရှင်း)

ခရမ်းပြာကျူးလစ် said...

အဟီးးး
ပွဲဈေးတန်း အနောက်ဘက်မှာ စွန့်ပစ်ထားတဲ့
စွန့်ပစ် ပစ္စည်းတွေ လိုက်ကောက်နေတာက ဘယ်သူများပါလိမ့်...းP
ဒို့အကိုကြီးရဲ့စာတွေ မဖတ်ရတာကြာပေါ့..
ဖတ်ပြီး အားရပါးရရယ်မောသွားတယ်ဗျို့

Anonymous said...

ဒီနံပါတ် ၂ ကို ဖတ်ရင်း
ဟိုလင့်ခ် ရောက်လိုက်
ဒီလင့်ခ် ရောက်လိုက်
ကိုမျှစ် ဟာ လာပြန်ဖတ်လိုက်နဲ့ .. :D
ဟက်ပီး ဘလော့ဒေးပါ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Myo Aung said...

Blog ပွဲဈေးတန်းဖြစ်မြောက်ရေးကော်မတိ ဥက္ကဌကြီး ဥိးမြစ်ကျိုးအင်း ခင်ဗျာ။ ကလေးတယောက် လက်ခံရရှိထားပါတယ် သက်ဆိုင်ရာကိုအကြောင်းကြားပေးပါခင်ဗျာ။

An Asian Tour Operator said...

ဇာတ်ဆရာ ကိုမြစ် ကြောင့် ပွဲဈေးတန်းကို ခြေအေးဝမ်းယောင် တ၀ ကြီး လျှောက် မိသွားတယ် :))

AATO က မော်ဒယ်တွေ နဲ့ ကြော်ငြာ တာ အားမရ လို့ ကိုယ်တိုင် မော်ဒယ် လုပ်ပြီး ကြော်ငြာရတယ်ဗျာ.. ရောင်းတဲ့ ခရီးစဉ် က သူကြီးမင်း တို့ တုန်းဖလား အသစ်စက်စက် လူတကာ သွားချင်လွန်းအားကြီး တဲ့ နေရာမလို့..။ :)

PhyoPhyo said...

ရှုံးဒယ် ရှုံးဒယ်။
ဘေးမှာ မလသာညမျက်လှည့်ရုံရယ်၊ ဆရာလေး သက်တန့်ချို့နဲ့ ကိုပီတာတို့ရဲ့ အထူးအဆန်းတွေပြနေမှတော့ အစ်မဆပ်ကပ်ဘယ်သူက လာကြည့်တော့မှာလဲလို့။ ကလေးတွေတောင် ယောင်ပြီးလာမကြည့်ဘူး။
ပီဂျီကလည်း ပွဲခင်းထဲအလည်လွန် ခွေးတွေကလည်းပြောမကောင်း။
ဒါကြောင့် အစ်မလည်းပွဲခင်းထဲပဲလှည့်နေရတော့တယ်။
မမြတ်တဲ့အပြင် ခြေထောက်တွေတောင်ညောင်းပါပေါ့။

အမြတ်ကျန်တဲ့သူတွေအားကျလိုက်တာနော် ဟီးဟီး။
ကိုမြစ်ရယ် ရေးလည်းရေးတတ်တယ်။
ရယ်လိုက်ရတာ။ တကယ့်ပွဲဈေးထဲလျှောက်ရသလိုပဲ။ ပျော်စရာကြီးရယ်။

ကိုမြစ်လည်း အမြတ်ကျန်ပါစေရှင်။

မြစ်ကျိုးအင်း said...

တစ်ဦးချင်းစီကို စာမပြန်ဖြစ်ပေမယ့် ဒီပို့စ်ဖတ်ရသူမိတ်ဆွေများ ပျော်ရွှင် ရယ်ပြုံး ကြရတယ်ဆိုလို့ ဝမ်းသာမိပါတယ်။
အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

Anonymous said...

အားလုံးကို စုစုစည်းစည်းနဲ့ ဖတ်ရတာ ပျော်စရာလေး။ ရေးတဲ့ အကြံလေး ကောင်းလိုက်တာ။ blueberries သီးတွေ လာရောင်းတယ်း)1 kg ကို 20 နဲ့း)
rose

သော်ဇင်စိုး said...

ငယ်ငယ်ကတည်းက ပွဲတော်တွေဆို ဘယ်ကိုမှ မလွှတ်ကြဘူး.. အခုလည်း ဆိုင်မှာ ဝိုင်းကူနေရပြန်ပြီ.. အဟင့်.. :D

သတိတရရှိလို့ ကျေးဇူးပါ ကိုမြစ်.. ခင်ဗျား..

TZA said...

အင်ကြင်းပြောသလိုပဲ ဒီလူ အိမ်ထောင်မြန်မြန်ကျမှအေးမယ်.. :p

(ကျော်သွားပေမယ့်) နေ့စဉ်နေ့တိုင်း ပျော်ရွှင်ဖွယ်ဘလော့ဂ်ဒေးဖြစ်ပါစေဗျား...

lwannaung said...

ကောင်းပါ့ဗျာ..။တကယ့်ပွဲဈေးတန်းရောက်ခဲ့သလိုပါပဲ.။
ရေးထားတဲ့ဘလော့လေးတွေနဲ့ သင့်တင့်တဲ့ ဆိုင်ဖွင့်ပေးတာကိုက လေးစားစရာပါဗျာ.။

...အလင်းစက်များ said...

အောင်မငေးဇတ်ဆာရယ်...... နတ်သမီး လက်မှ အပ်ရတယ်လို့  ဘ၀တော့ ပျက်ပါဘီ..... :(

ညယံ said...

ဖတ်ပြီးတော့ ရီလိုက်ရတာ။ မျက်စိထဲ ပေါ်အောင်ကို ရေးတက်တယ်။

ကိုကိုးအိမ်(မန္တလေး) said...

ပွဲဈေးတန်းကအပြန် မမကွန်ရဲ့ ပုရွက်ဆိတ်တွေ ၀ိုင်းအုံနေတဲ့ မနု့်ပုံလေးကို ၀ယ်တွားဒယ်.. နတ်သမီးရဲ့ wanna laught ကတော့ သူကျွေးတာစားဖူးလို့ အီဆိမ့်နေတာနဲ့ ထပ်မ၀င်ခဲ့တော့ဘူးဗျာ... ဟဲဟဲ... မအိပ်ချမ်းမြေရဲ့ မငိုပါနဲ့ ဧရာဝတီမှာ ကျွန်တော်တော့ ငိုချင်မိတယ်ဗျာ...

ခင်မင်စွာဖြင့်

Anonymous said...

ဒီနေ့တော့ ...ပွဲဈေးကို တစ်ဝကြီးကို ပတ်ပစ်လိုက်တယ်..... :P

အဖြူရောင်နတ်သမီး said...

ကိုမြစ်..
ထပ်ရောက်..ထပ်ဖတ်သွားတယ်..
ဟီးဟီး..ရီရတယ်..
ကြောင်မျိုးနဲ့ ကြောင်လတ်ကို အကွက်ကြုံတုန်း ခိုင်းထားအုံးမှ..ဟိ

flowerpoem said...

ပွဲဈေးလာလျှောက်ပါတယ် . . ကိုမြစ် မအားလို့ခုမှ စာလာဖတ်ဖြစ်ပါတယ်ရှင်..

ဆင်တဲကဖေး said...

ဦးမြစ်ရေ ကျွန်တော်တို့ ဆင်တဲကဖေး ဘလော့လေးကိုလည်း အမှတ်တရ ထည့်ပေးထားတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်ကို လာပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုပဲ ဆေးလိပ်ပဲ မှာသောက်ရင်တော့ ချိတ်ချိုးမှာပဲနော်..ခင်မင်စွာဖြင့်..

ကိုဒဲရစ် said...

very nice Ko Myit...

 

Posts Comments

©2006-2010 ·TNB