နွံအိုင်ထဲတွင် ကြာဖြူတစ်ပွင့် ရှိသည်

04 July 2009

အခန်း(၁)

“ နွံ ”
 
ဒီနိင်ငံရောက်မှ ရင်းရင်းနှီးနှီး ပေါင်းဖြစ်တဲ့ သူငယ်ချင်း တယောက်ရှိပါတယ်။ လေးစားရတာ မဟုတ်ဘဲ အားကျရတဲ့ သူငယ်ချင်း လို့ပြောရင် ပိုမှန်လိမ့်မယ်...။အမြဲတမ်းအားကျရတာတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ အပူအပင်တွေ များ၊စိတ်ညစ်စရာတွေ ကြုံတိုင်း သူနေပုံနေနည်းလေးကို မြင်ပြီး အားကျလိုက်တာကွာလို့တောင် ထုတ်ပြော ယူရတဲ့ အထိသူရဲ့နေပုံနေနည်း ဘ၀ကို ဖြတ်သန်းနည်းက ပေါ့ပေါ့ပါးပါးရှိလွန်းတယ်...။

သူနဲ့တွေ့ဖြစ်တဲ့အချိန် တော်တော်များများမှာ သူ့ကိုကြည့်လိုက်တိုင်း ဖြစ်သလိုပဲ ၀တ်ထားတတ်တယ်။ သူကိုယ်တိုင်တောင် ဘာဝတ်လို့ ၀တ်ထားမှန်း သတိထားမိပုံ မရတော့ သူ့ကိုယ်သူတော့ ဟာမိုနီကျတယ် ပြောရမှာပဲ။ သူ့စိတ်ထဲမှာလည်း ဘယ်သူ့ကိုမှ ပြိုင်ချင်စိတ်မထားဘူး ၊အလုပ်နဲ့ပါတ်သတ်လို့ ဘယ်သူတွေ ဘယ်အဆင့်ရောက်ရောက်သူ့စိတ်ထဲမှာ ဘာမှမရှိဘူး မနာလိုတာ မရှိဘူး ကဲ့ရဲ့တာမရှိဘူး ချီးကျူးတာမရှိဘူး။

မနက်ဖြန် ကမ္ဘာပျက်မယ်ဆိုရင်တောင် အေး ပျက်တော့လည်း ပျက်ပေါ့ကွာ လို့ပဲ ပြန်ပြောမယ်ဆိုတာ ယုံကြည်မိတယ်။ ပေပေရေရေနဲ့ ဆိုင်ကယ်ဦးထုပ် မပါဘဲ မြို့ထဲ သွားဘို့လည်း ၀န်မလေးဘူး။ တခါက သူနဲ့ ကျွန်တော် အလုပ်ကနေ နေ့တ၀က်ပြန်လာကြတယ်။ ဒီကောင့်ရဲ့ပေပေရေရေ ပုံစံကို ကြည့်ပြီး ကျန်တဲ့လုပ်ဖော် ကိုင်ဖက်တွေက တက္ကစီ စီးဘို့အကြံပေးကြပေမယ့် တက္ကစီနဲ့ဆို အချိန်ပိုကြာနိင်သလို ငွေလည်း အများကြီး ပိုကုန် မှာနဲ့ MRT စီးပြီးပြန်လာကြတယ်.။

MRT ပေါ်ရောက်တော့ ထိုင်စရာနေရာမရဘူး မတ်တပ်ရပ်ပြီး ရောက်တတ်ရာရာ ပြောနေပေမဲ့ အမှန်ကို ၀န်ခံရရင် ကျွန်တော့်စိတ်က စကားပြောတဲ့ဆီမှာ ရှိမနေဘူး။ ဒီကောင်ပေပေရေရေ ၀တ်ထားပုံနဲ့ ဘယ်သူများ ငါတို့ကို ကြည့်နေမလဲဆိုပြီး စိတ်မလုံဘူး ဖြစ်နေတယ်။ မပြည့်တဲ့အိုးတွေရဲ့ သဘောများလာမသိဘူး စိတ်တွေကဘောင်ဘင်ခတ်နေတယ်။ 

ဒါပေမဲ့ဒီကောင်ကတော့ ဘာမှကို ဂရုမစိုက်ဘူး စကားပြောမပျက်သလို စကပ်အတို ၀တ်ထားတဲ့ ကောင်မလေးတွေကိုကျွန်တော်မြင်အောင် ပြောပြနေသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကတော့ နဲနဲစိတ်ညစ်နေမိပြီ။ စိတ်ညစ်ပေမယ့်ဒီကောင်နဲ့ တယောက်နေရာစီ ခွဲရပ်နေရလောက်အောင် သူငယ်ချင်း စိတ် မခေါင်းပါးတော့ ဘယ်နေရာမှာ ထိုင်စရာမြန်မြန်ရမလဲဘဲ မသိမသာ ကြည့်နေရတယ်..။


ခဏနေတော့ နှစ်ယောက်ထိုင်ခုံ ရတာနဲ့ ခပ်သွက်သွက် နေရာယူလိုက်တယ်။ နေရာရပြီး ခဏနေတော့ ဒီကောင်စပြီး အိပ်ပါလေရော MRT ထဲက လေအေးစက်နဲ့ဆိုတော့ ခဏလေးနဲ့ အိပ်ပျော်သွားပေမယ့် ကျွန်တော်ကတော့မအိပ်နိင်ဘဲ ဒုက္ခတွေနဲ့ ကျန်နေခဲ့တယ်။ ဘယ်သူများနှာခေါင်းရှုံ့မလဲ ဂိတ်တဂိတ် ရောက်တိုင်း တာဝန်ကျတဲ့သူ တယောက်ယောက် တက်လာပြီးမေးမလား တွေးမိပြီး လျှောက်ကြည့်နေမိတယ်။ ကိုယ်တော်ကတော့ ပါးစပ်လေးဟ ပြီး အသက်ရှုသံ ပြင်းပြင်းလား ဟောက်သံတိုးတိုးလား တော့မသိဘူး လေးလေးနဲ့မှန်မှန် ထွက်နေတယ်..။


ကျွန်တော်ဟိုတွေးဒီတွေး ဖြစ်တာလဲ အကြောင်းရှိတယ်ဗျ။ တချို့ဆေးသမားတွေက ရထားပေါ်က မဆင်းဘဲ အိပ်နေလေ့ရှိတယ်လေ။ အဲဒါမျိုးဆို တာဝန်ရှိတဲ့သူတွေက စစ်ဆေးမေးမြန်းလေ့ရှိတယ်လေ။ အမေးခံရရင် ဖြေရှင်းရတဲ့ အလုပ်တစ်လုပ်အပြင် ဟိုစစ်ဒီစစ်နဲ့ အလုပ်များပြီး ရှက်စရာလေ။ အဲဒါကြောင့် စိတ်ထဲမှာ ဆင်းရမယ့်ဘူတာ မြန်မြန်ရောက်စေချင်နေပြီ။


နောက်ဆုံးတော့ ဘာပြဿနာမှ ထူးထူးခြားခြားမဖြစ်ဘဲ ဆင်းရမယ့် ဂိတ်ရောက်တာနဲ့ သူ့ကိုနိုးပြီးဆင်းလာ ခဲ့တော့တယ်။ သူ့ကြောင့်ဘယ်သူတွေ ပူပန်မလဲ ဆိုတာလည်း သူ မတွေးသလို သူ့ကိုသူလည်း ပူပန်တဲ့စိတ် မရှိဘူး။ အခုအဖြစ်ပျက်က ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ သူ့ရဲ့ပေါ့ပေါ့ပါးပါး အဖြစ်တခုပါပဲ။ အခုအဖြစ်အပျက် ထက် ပိုပြီး ဘာမှဂရုမစိုက်ဘဲ နေတဲ့ အဖြစ်အပျက်တွေ လည်း အများကြီးရှိပါသေးတယ် ။


ဒီနိင်ငံမှာ သူနေတာဟာ အပျော်သက်သက်နေတယ်လို့ တော်တော်များများက မှတ်ချက် ချကြတယ်။ အဲဒီလို မှတ်ချက်ချရတဲ့ အကြောင်းကလည်း ရှိတယ်လေ။ လခထုတ်ပြီးလို့ လက်ထဲမှာ ငွေရှိနေရင် အဲဒီငွေ မကုန်မချင်း အလုပ်မတက်ဘူး။ လစဉ်လတိုင်း တယောက်မဟုတ်တယောက်ကို ပေးစရာအကြွေးရှိနေတတ်တယ်။ မိသားစုကို ငွေပြန်ပို့ဘို့ဝေးလို့ဖုန်းမဆက်သလို စာလည်း မရေးဘူး...။ ရလိုက်သုံးလိုက်နဲ့ ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေခဲ့တယ်..။

။.......................................................................................။

အခန်း(၂)

“ ကြာဖြူ ”


သူရဲ့အသက် ၁၈ နှစ်အရွယ်မှာ မျက်နာချင်းဆိုင်အိမ်က ကောင်မလေးကို တိတ်တဆိတ် ချစ်ခဲ့မိတယ်။ ဘာကိုမှ အလေးအနက် မထားတတ်တဲ့သူ့ရဲ့ ရင်ထဲမှာကောင်မလေးကို ချစ်တဲ့စိတ်ကတစတစနဲ့ အမြစ်တွယ်နေ ခဲ့တယ်။အချိန်တွေကြာလာသလို သူ့အချစ်တွေက ခိုင်မြဲလာပေမယ့် ကောင်မလေးကတော့ သူ့ကို ရှိတယ်လို့ တောင် ထင်ခဲ့ပါ့မလား။


သူ့ကိုတွေ့တိုင်း သာမန်ထက်ပိုတင်းသွားတတ်တဲ့ မျက်နာထားကို ကောင်မလေးရဲ့နှလုံးသားကများ ခိုင်းစေ ခဲ့သလား သူမတွေးရဲခဲ့ဘူး။ သူ့ကိုတွေ့တိုင်း ခပ်သွက်သွက်လှမ်းသွားတတ်တဲ့ ခြေလှမ်းတွေရဲ့ အဓိပ္ပါယ်ကို သူနာနာကျင်ကျင်ပဲ ဘာသာပြန်လို့ ရခဲ့တယ်။ သူ့ရဲ့နှစ်နှစ်ကာကာအပြုံးအတွက် ပြန်ရခဲ့တဲ့ စိမ်းကားတဲ့ မျက်ဝန်းတွေကိုပဲ သူမက်မက်မောမော သိမ်းထားခဲ့တယ်။ ကောင်မလေးကို သူသိပ်ချစ်တယ်လေ။ ဒါကြောင့် သူချစ်တဲ့သူ ဘာပဲပေးပေး ယူမယ်လို့ သူမသိလိုက်ဘဲ သူ့နှလုံးသားက ကတိပေးပြီးသား ဖြစ်နေခဲ့တာ အချိန်တွေကြာလာမှ သတိထားမိလာတယ်။


ကောင်မလေး သူ့ကိုမချစ်နိင်မှန်း ခန့်မှန်းလို့ ရပေမယ့် အချစ်ကို သူက ဒီလိုအဓိပ္ပါယ်ဖွင့်ထားတယ်။ ချစ်သူဖြစ်ဖို့ လူနှစ်ယောက်လိုအပ်ပေမယ့် အချစ်ဆိုတာကတော့ တယောက်ထဲနဲ့လည်း ရတယ်လို့ သူခံယူထားတယ်..။ ကောင်မလေးရဲ့ဘက်အခြမ်းကို သူစိတ်လျှော့ထားပေမဲ့ သူ့ဘက်အခြမ်းကိုတော့ စိတ်တင်းထားတာ ဒီနေ့ထက်ထိပဲ...။


ဘွဲ့ရတဲ့အထိ သူပညာမသင်ခဲ့ပါဘူး ပလေတိုးနပ် အချစ်ကိုလည်း သူမကြားဖူးဘူး သူသိတာ ချစ်သူက ပြန်မချစ်လည်း မပြောင်းမလဲ ဆက်ချစ်သွားမယ်...။ ချစ်သူမဖြစ်ရရင်တောင် တိတ်တိတ်လေးပဲဖြစ်ဖြစ် သူက ချစ်ခွင့်ရချင်တာလေ။ သူ့ရဲ့အသက် ၂၁ အရွယ်မှာ ချစ်သူမျက်နာကို ငေးဘို့အခွင့်အရေး ထပ်မရတော့ဘူး။ သူနိင်ငံခြားထွက်လာရတယ်။ ကောင်မလေးအတွက် သမဏိပြားပေါ်မှာ ပုဝါပါးနဲ့ ပွတ်တိုက်သွားသလို ဘာအရာမှ မထင်ခဲ့ပေမယ့် သူ့အတွက်တော့ ထပ်မရတော့တဲ့ တိတ်တခိုးငေးကြည့်ခွင့်လေးအတွက် ထိထိရှရှ ဖြစ်နေခဲ့တယ်...။


ချစ်သူမျက်နာကို ငေးခွင့်မရပေမဲ့ သူလုပ်နိင်တာ လုပ်ခဲ့တယ်.. အဲဒါက လစဉ်လတိုင်း သူချစ်တဲ့ ကောင်မလေးစီ ကို စာတစ်စောင်ထည့်နေခဲ့တာပါပဲ။ သူနိင်ငံခြားရောက်နေတဲ့ ၇ နှစ်မှာ တလမှ မပျက်ကွက်ခဲ့ဘူး။ အချိန်တွေကြာလာတော့ ချစ်တယ်ဆိုတဲ့ အဖွဲ့အနွဲ့ စာလုံးပေါင်းတွေ ထပ်လာတယ်။ ချစ်တယ်ပြောရတာ ဘော်ပင်တွေလည်း အံတိုလာတယ်။ ချစ်တဲ့အကြောင်း အရေးခံရတဲ့ စာရွက်တွေကလည်း ငြီးငွေ့လှပြီ။ လေယာဉ်ပျံပုံနဲ့ စာအိတ်လေး တွေကလည်း ပျံရတာမောနေပြီ။ (၃၀) တန် တံဆိပ်ခေါင်းတွေကလည်း သွားရလွန်းလို့ မျက်နာပူလှပြီတဲ့လေ။


ဒါပေမယ့် သူကတော့ မမောနိင်သေးဘူး။ အချိန်ရောက်ရင် အိပ်ယာပေါ် မှောက်အိပ်ပြီ စာရွက်ပေါ် ခံစားချက်တွေ အန်ချနေတုန်းပါပဲ။ ချစ်တဲ့အကြောင်းကို ဘယ်လိုစကားလုံးနဲ့ စာလုံးထပ်ပေါင်းရင် ကောင်းမလဲ တွေးနေဆဲပါပဲ။ သူ့စာကို ချစ်သူဖတ်မဖတ် မသေချာပေမယ့် သူကတော့ လတိုင်းပို့နေမြဲပါပဲ...။


ချစ်သူကြောင့်မဟုတ်ပေမယ့် သူအလွဲလွဲ အချော်ချော်နဲ့ မျက်နာပူစရာ ရယ်စရာ အဖြစ်တွေလည်း ရှိခဲ့ဖူးတယ်။ တခါကသူ လုပ်နေကြအတိုင်း ချစ်သူဆီစာရေးတယ် စာရေးပြီးလို့ စာအိတ်ပေါ်မှာ လိပ်စာရေးတော့ ဘီယာ မူးနေတဲ့အရှိန်နဲ့ သေသေချာချာမကြည့်ဘဲ ရေးလိုက်တဲ့ လိပ်စာက သူ့အိမ်လိပ်စာ ဖြစ်နေတယ်။ ကောင်မလေး နေတာက သူ့အိမ်နဲ့မျက်နာချင်းဆိုင်ဆိုတော့ အိမ်နံပါတ်ရဲ့နောက်ဆုံးနံပါတ်မှားသွားတာ သတိမထားမိဘဲ ထည့်လိုက်တာ သူ့အိမ်ဆီ တန်းတန်းမတ်မတ် ရောက်သွားတော့တယ်။

စာကိုကြည့်တာနဲ့ သူထည့်တဲ့စာမှန်း သိတော့သူ့အမေက အိမ်ရှေ့က ကောင်မလေးအိမ် သွားပို့ပေးလိုက်ရတယ်ဆိုတာ နောက်မှ ပြန်သိရတယ်။
အဲဒီတုန်းကတော့ နောက်မှ ပြန်သိရတာ ဆိုတော့ သူမျက်နာသိပ်မပူလိုက်ရပေမယ့် နောက်တခါ အလွဲမှာ တော့ သူခေါင်းနားပန်း ကြီးသွားခဲ့ဖူးတယ်..။


သူတို့အိမ်နားမှာ စတိုးဆိုင် တစ်ဆိုင်ရှိတယ်။ အနီအနားက လူတွေကို ဆက်သွယ်ချင်ရင် အဲဒီစတိုးဆိုင်ကနေ တဆင့်ဆက်သွယ်ကြရတယ်။ သူကတော့ စိတ်ထဲမှာ ခံစားချက်တွေ ပြင်းထန်ပြီး ချုပ်ထိန်းလို့ မရတဲ့နေ့ တချို့မှာအဲဒီဆိုင်ရဲ့ ဖုန်းကို ဆက်ပြီး ကောင်မလေးကို ခေါ်ခိုင်းလေ့ရှိတယ်။ ကောင်မလေးဆီက ဟယ်လို လောက်ပဲဖြစ်ဖြစ် နင်ငါ့ကို နောက်မဆက်နဲ့တော့ ဆိုပြီးတော့ပဲ ပြောပြော အသံလေးကြားရုံနဲ့ သူအမြဲကျေနပ် သွားလေ့ရှိတယ်...။


တခါတုန်းကလည်း သူအဲဒီလိုပဲ စတိုးဆိုင်ကို ဖုန်းခေါ်ပြီး ကောင်မလေးကို တွေ့ချင်လို့ပါ ခေါ်ခိုင်းမိတယ်။ ဆိုင်ကလည်း ထုံးစံအတိုင်း ဘယ်ကဆက်တာလဲ ပြန်မေးပါတယ်...။ သူက ထိုင်ဝမ်းကဆက်တာပါလို့ ပြောခိုင်း လိုက်တယ်။ ဆိုင်ရှင်က အကူကောင်မလေးကို (.......) သွားခေါ်ပေးပါ ထိုင်ဝမ်းကဆက်တာပါလို့ မှာနေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်သူ့အမေက အဲဒီဆိုင်မှာ ဈေးလာဝယ်တာနဲ့တိုးတယ်။ ထိုင်ဝမ်းကဆက်တယ် ဆိုတော့ သူမှန်းသိတာနဲ့ သူ့အမေကဖုန်းလာကိုင်တယ် အမေ့အသံကြားကြားချင်း သူထူပူသွားပြီး ရှက်ရွံ့ သွားခဲ့ရတယ်..။


အမေဆီတော့ ဖုန်းမဆက်တတ်ဘူး ကောင်မလေးဆီ ဆက်ဘို့ကျတော့ သတိတရ ရှိတယ်ဆိုပြီး အမေပြောတော့ သူငြိမ်နေလိုက်ရတယ်။ မှန်တာတွေ ပြောနေတော့လည်း သူနေရထိုင်ရ တော်တော်ခက်သွားခဲ့တာပါပဲ။ အမေနေကောင်းလား အဆင်ပြေလားမေးပြီးချိန် အမေက သူ့ကိုနားလည်စွာနဲ့ ကောင်မလေးလာလိမ့်မယ် စောင့်နေအုံးဆိုပြီး ဖုန်းပြန်ချသွားခဲ့တယ်...။


ဒါတွေကို သူနာနာကျင်ကျင်နဲ့ပဲ ရယ်မောနိင်ခဲ့ပေမယ့် ကောင်မလေးကိုတော့ သူဘယ်တော့မှ မမေ့ခဲ့ဘူး...။ လစဉ်လတိုင်း စာတစောင် မှန်မှန်ထည့်နေခဲ့တာ အခုထိပါပဲ...။ သူကသာ ၇ နှစ်လုံးလုံး စာမပျက်မကွက် ထည့်နေခဲ့ပေမဲကောင်မလေးဆီက ပြန်စာတစောင်ပဲ ရခဲ့ဖူးတယ်။ သူဒီကိုရောက်ပြီး ၂ နှစ်လောက်နေတော့ ပြန်စာရခဲ့ဖူးတယ်။ အဲဒီတုန်းက သူ့မွေးနေ့ရောက်ခါနီးတစ်လ အလို ကောင်မလေးဆီ ပို့တဲ့စာထဲမှာ ဒီလိုလေး တောင်းဆိုခဲ့ဖူးတယ်...။

“ရှေ့လဆိုရင် ငါ့မွေးနေ့ရောက်တော့မယ်။ နင်သတိမရနိင်ပေမဲ့ ငါနင့်ဆီက လက်ဆောင်တခုလောက် လိုချင်မိတယ်။ နင့်အတွက် အပန်းမကြီးတဲ့ လက်ဆောင်မျိုးပါ။ နင်ငါ့ကို မွေးနေ့လက်ဆောင် ပေးတဲ့အနေနဲ့ စာတစောင်လောက်ပို့ပေးပါလား။ နောက်ဆုံးဟာ ငါ့အတွက် စာတလုံးမှ မရေးချင်ပါဘူး ဆိုရင်တောင် စာရွက်အလွတ်တရွက်လောက်စာအိတ်ထဲထည့်ပြီး ထည့်ပေးစေချင်ပါတယ်။ ဘာမှမရေးထားရင်လည်း နင်ပို့ပေးဖူးတဲ့ စာတစောင်အနေနဲ့ ငါတသက်လုံး သိမ်းထားချင်လို့ပါ”


အဲဒီလိုရေးပြီး သူကောင်မလေးဆီ စာထည့်လိုက်တော့ သူ့မွေးနေ့အမှီ ကောင်မလေးဆီက ပထမဆုံးပြန်စာ ရောက်လာပါတယ်။ သူအရမ်းပျော်သွားခဲ့တယ်။ စာအိတ်ကိုဖွင့်ဖောက်ဘို့တောင် နှမျောနေမိတယ်။ စာအိတ်လေးမြင်ရုံနဲ့တင် သူအတွက်ပြီးပြည့်စုံသွားပြီမဟုတ်လား။ ပြန်စာထဲက အကြောင်းအရာကိုသာ မေ့ထားနိင်မယ်ဆို သူ့ရဲ့အဲဒီနှစ်အတွက် မွေးနေ့ပွဲလေးက ပြီးပြည့်စုံခဲ့ပါတယ်..။

ပြန်စာက တိုတိုနဲ့နဲ့ ရှင်းရှင်းလင်းလင်း ပါပဲ..။စာထဲမှာတော့....

“နင်ငါ့ဆီ စာမထည့်ပါနဲ့တော့ နင့်စာလာတိုင်း ငါတစ်စောင် တစ်ရာနဲ့ ရွေးနေရတယ်”

အနည်းငယ် ကဗျာမဆန်ပေမယ့် စာရွက်အလွတ်ထက်တော့ အများကြီးသာတဲ့ လက်ဆောင် တခုအနေနဲ့ သူအခုထိ သိမ်းထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ နောက်ထပ် ဘာစာမှ မလာတော့ပါဘူး.။ သူကတော့ အခုထိ တလတစောင် ထည့်နေပါသေးတယ်။

စကားလုံးတွေ အများကြီးပြောဘို့ မလိုပါဘူး အချစ်ဆိုတာ ကိုယ်တကယ် ချစ်နေဘို့ပဲ လိုတာမဟုတ်လား။

။..........................................................................။


အခန်း(၃)

“နွံ” အိုင်ထဲတွင် “ကြာဖြူ” တပွင့် ရှိသည်....။
 

။.................................................။


44 comments:

ဂျစ် said...

1111111111111111111

ဂျစ် said...

နံပါတ် “၁”လာဦးတာ....ဟဲဟဲဟဲ

ပြီးမှအေးဆေးလာဖတ်ပါမယ်.....ကိုအင်းကြီးရေ


ချစ်ခင်စွာဖြင့်
ဂျစ်တူးလေး

အဖြူလေး said...

2222222222222222222222

ahphyulay said...

ဟေ့ ရောင်ရေ... ဒါမျိုးက ဇွဲဆု ရတတ်တယ်ကွ
ငါသာအဲဒီကောင်မလေးနေရာမှာဆိုယင်
အဲဒီလောက်အချိန်ရောက်လာယင် သူ့ ကိုနား
လည်ပေးလိုက်မှာပဲ။လူပဲကွာ.. ကျောက်တုံးတွေတောင်
တိုက်စားပါများယင်ကြေကွဲသေးတာပဲလို့ ။
ဒါမှနားလည်မူမပေးနိုင်ယင်သူ့ ကိုပဲ အဲဒီဇွဲဆုပေး
ရတော့ မယ်။

Anonymous said...

သူတို့ ပဲ ဦးနေကြတယ်
ခေါ်လိုက်အုံး ဖွားကိအတွက် ၃၃၃၃၃၃၃၃၃၃
လို့ ဟွန့် 

ခင်တဲ့
မြူးလေး

မယ့်ကိုး said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ ။ ထူးခြားတဲ့ ယောက်ျားလေး တစ်ယောက်ပဲ ....ဒါပေမယ့် ကျွန်မ သူငယ်ချင်းထဲမှာလည်း အဲလို တစ်ယောက်ရှိတယ် ...

Sein Lyan Tun said...

စကားလုံးတွေ အများကြီး သိပ်မလိုဘူး...


ချစ်နေဖို့ပဲလိုတယ်လားးးး



ဒါဆိုမပြောတော့ဘူးလေ....

သိနေမယ်လို့ ယုံကြည်လိုက်ပြီးနော်...


နွံထဲမှာ ကြာဖြူတစ်ပွင့်

ထိုကြာဖြူပွင့်ဖို့တော့ နွံကအစွမ်းကုန်ဖြည့်ဆည်းပေးရတယ်နော်...

ထင်တာစဉ်းစားမိတာပါ...

စာရေးကောင်း၏

စာဖတ်သူကို ဆွဲခေါ်သွားသည် နွံထဲထိး)

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကောင်းကင်ပြာ said...

အဲလို လူတွေလဲ တကယ် ရှိတာကိုး၊ ချစ်နိုင်ကြတယ်နော်၊ ပြန်ဆုံကြရင် ကောင်းမှာပဲ၊ ဆုတောင်းပေးလိုက်ပါတယ်၊ ဆုံကြပါစေ

Yu Ya said...

ချစ်တဲ့သူတိုင်း ပေါင်းရပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်ဗျာ...

yu ya

သုဒြေ္န said...

အဲဒီနွံထဲကရုံးထွက်ဘို့ .....ခုမကြာမီပြည်တော်ပြန်မယ်..ခရီးသွားနေခိုက်...အချိန်များအတွက်...တစ်နေရာကို....ယခုထဲကကြိုဦးထားပါတယ်....ဆိုလိုတာက....နောက်...အသစ်တင်တိုင်းမှာ....ကိုကြီးက..တစ်နေရာမှာရှိနေပါတယ်.....ကြာဖြူလေးတပွင့် မှစပြီး...ပြန်မေ၇ာက်မချင်း၎င်းနေရာလေးကိုကြီးဦးထားတယ်..လို့ နားလည်ပေးစေချင်ပါတယ်.....အားလုံးကိုခင်တဲ့ ....ကိုင်္ကြီး....သုဒြေ္န

နဒီမိုးညို said...

အချစ်ဆိုတာ.ချစ်နေဖို့ ပဲ လိုတယ် ဆိုတာ
အရမ်းမှန်ပါတယ် အချစ်က..အမှန်တော့..
သူ့ ဟာသူ နေတာပါ..ဖြူစင်ပါတယ်
လူတွေက..တပ်မက်မူတွေ အရောင်ဆိုးလိုက်တော့
အချစ်က..ဘေးရောက်သွားတတ်တယ် ရှင့်
အရမ်းကောင်းတဲ့..ဇတ်လမ်းလေးပါ
ဆက်လက်အားပေးနေမယ်နော်..

Anonymous said...

ဟုတ်တာပဲဟာ တစောင်၁၀၀ ဆိုတာနဲလား ..။ အမှန်ဆို စာအိတ်ရွေးဖို့ ပိုက်ဆံပါ ပေးထားသင့်တာပေါ့ဗျ။ ဟားဟား....။
အဲဒါပဲဗျ အနေဝေးတော့ မီးဝေးတဲ့ချိတ်လိုပဲ ဖြစ်တတ်ပါတယ်ဗျာ....။

မေဇင် said...

၁၊ နွံ ထဲမှာပါတဲ့ လူရဲ့ နေထိုင်တဲ့ စတိုင် ကိုသဘောကြ တယ်..။ ၂၊ ကြာဖြူ ထဲမှာပါတဲ့ လူရဲ့ စိတ်ကို ကြိုက်တယ်..။

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
လာဖတ်သွားတယ်နော်
ခင်မင်လျက်

အိုက်ခီလောက် said...

ဖတ်ပြီး ထပ်ဖတ်ပါတယ်
ဆိုလိုရင်းလေးကို ထပ်ရှာကြည့်တယ်
ဘာများပါသေးလည်းလို့ 
ှနှစ်ပုဒ်လုံးကို သေချာပြန်ဖတ်ပါတယ်

ကြည်ဖြူပိုင် said...

့မြစ်ကျိုးအင်းရေ...မီးဝေးတဲ့ချိပ်မဖြစ်တာချီးကျူးစရာပါ။ စာအရေးသားလေးတွေကောင်းပါ့

အားကြီးချစ်လေး said...

ချစ်သူဖြစ်ဘို့ လူနှစ်ယောက်လိုအပ်ပေမယ့် အချစ်ဆိုတာကတော့ တယောက်ထဲနဲ့လည်း ရတယ်လို့ သူခံယူထားတယ်..။


ချစ်တဲ့မောင်....
ဒီစကားလေးက သိပ်မှန်နေပါတယ်....
ဘာတွေဘယ်လို ဖြစ်နေဖြစ်နေ မောင့်ဘေးမှာ
နားလည်မှုအပြည့် ပေးခဲ့တာလည်း အချစ်ကြောင့်ပါ ။
ဒီလိုနားလည်မှု သည်းခံအနွံတာ ခံနိုင်ဘို့ကလည်း
တစ်ယောက်ထဲနဲ့ ရပါတယ်....။


ဒီပို့စ်လေးကို တော်တော်နှစ်သက်ရတယ်.....
သူကချစ်သူကို ခုလက်ရှိအချိန်အထိ လစဉ်စာတွေ
ပို့ပေးနေလို့......၊ ချစ်သူမဖြစ်ရရင်တောင် တိတ်တိတ်လေးပဲဖြစ်ဖြစ် သူက ချစ်ခွင့်ရချင်တဲ့စိတ် ၊
ဘာရယူမှုမှမပါပဲ ချစ်နေနိုင်တဲ့သူမို့ လေးစားမိပါတယ် ...............။

ဘ၀မှာ ချစ်တဲ့သူတိုင်း ပေါင်းကြရပါစေ....။
တစ်ဖက်သက် ချစ်နေရသူများလဲ ချစ်ရသူရဲ့ ချစ်ခြင်းကို ပြန်လည်ရရှိပါစေနော်.....။

ချစ်တဲ့
အားကြီးချစ်လေး

သားကြီး said...

လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူငယ်ချင်းတစ်ယောက်ရယ်
နှစ်နှစ်ကာကာချစ်တတ်တဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို သေသေချာချာဖတ်ရှုသွားပါတယ်
နေတတ်ရင်ကျေနပ်စရာပဲပေါ့လေ
အသွားအပြန်ရှိတတ်တဲ့မေတ္တာရဲ့သဘောအရ
ကောင်လေးနဲ့ကောင်မလေး happy endingဖြစ်ပါစေလို့ ။

Dream said...

နွံထဲမှာကြာဖြူရှိမရှိတော့မသိဘူး ... မက်မက်ကတော့ နွံထဲစာဖတ်ရင်းတောင် ရောက်သွားတယ်...

စာအရေးအသားကောင်းတော့ စာဖတ်ရင်းနဲ့မျှောသွားတာ ...

း)

ပျော်ရွှင်ပါစေ ဦးဦးမြစ်ရေ

flowerpoem said...

စကားလုံးတွေ အများကြီးပြောဘို့ မလိုပါဘူး အချစ်ဆိုတာ ကိုယ်တကယ် ချစ်နေဘို့ပဲ လိုတာမဟုတ်လား....။ မှန်တယ်ကိုမြစ်ကျိုးအင်း

Phyo Maw said...

နောက်လကျရင် ငွေ တစ်ရာပါ ထည့်ပို့ဖို့ အဲ သူငယ်ချင်းကို အကြံပေးလိုက်ပါ၏။
အချစ်ဆိုတာ ခွင့်လွှတ်ထိုက်တဲ့ ရူးသွပ်ခြင်းပါပဲတဲ့ ဆရာကောင်းသန့်ကတော့ ပြောခဲ့တာပဲ။

khin oo may said...

တစ် နဲ့နစ် နဲ့ကို ဘယ်လိုဆက်စပ်ရမလဲတော့မစဉ်းစားတတ်ဘူး။
တစ် အတွက်..ကောင်းပါတယ် သူစိတ်ချမ်းသာသလိုနေတယ။် ဒါပေမဲ့သူ့ကိုမှီရတဲ့မိသားစုအတွက်စိတ်မကောင်းမိဘူး။

စကားမစပ် ရထားပေါ်မှာ ဒီနေ့ လူတစ်ယောက်ဘေးမှာရပ်မိတယ်။ အဲဒီလူက ထိုင်နေတယ။် ချွေးနံလား ဘာလား တော်တော်လေးရနေတယ်။ ရထားကလည်းချောင်ပါတယ် .ကိုယ်အားနာနာနဲ့ဘဲ နေရာရွေ့ယုလိုက်တယ်။

နစ်
ကတော့ ကောင်လေးအတွက်ခံစားရပါတယ်။ ချစ်တတ်တဲ့ကောင်လေး ကံမကောင်းရှာဘူး.

ကိုညီမင်း said...

လူတယောက်ထဲကို ပုံစံမတူတာ ၂ယောက်ခွဲပြပြီးမှ
နောက်ဆုံးတယောက်ထဲဖြစ်အောင် ပြန်ပေါင်းသွားတာ
လေးကို သဘောကျတယ် ။စာဖတ်အားကောင်းသလို
စာရေးကောင်းမှန်း အခါခါမြင်ရပါတယ်။
အမြဲလိုလိုဝင်ဖတ်ဖြစ်တယ် ရသပါတဲ့စာတွေရေးပါအုံး

ဝလုံးဝိုင်းဝိုင်း said...

နွံ အိုင်ထဲမှာ ကြာဖြူလေး အမြဲ လန်းဆန်းစွာ ပွင့်လန်းနေသမျှ နွံအိုင်ရဲ့ ကျက်သရေလည်း အမြဲ လှနေမယ် တွေးတောမိရင်း..။ လွတ်လပ်မှုနဲ့ ချစ်ခြင်း သဘောတွေကို ဆက်တွေးမိတယ်။ ဖတ်လို့ တော်တော် ကောင်းတယ်။ လေးစားအားပေးလျက်ပါ။

chitpalone said...

ပုန်းပုန်းတော့ ဘာပြောရမလည်းမသိတော့ဘူး သိတာကတော့ စာဖတ်ရင်းနဲ့ ပြီးမှာကိုကြောက်နေတာ။ အခန်း (၂)ဆိုတော့ ပျော်သွားတယ်။ နောက်အခန်း (၃)ဆိုတော့ ပိုပျော်မယ်လုပ်တုန်း ပြီးသွားတယ်။ အရမ်းကိုလေးစားဖို့ကောင်းတဲ့ ချစ်ခြင်းပါ။ အရေးအသားကလည်း အားကျဖို့တော်တော်ကောင်းပါတယ်။
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပုန်းပုန်း

thawzin said...

အရေးအသား အရမ်းမိုက်တယ်ဗျာ

“နင်ငါ့ဆီ စာမထည့်ပါနဲ့တော့ နင့်စာလာတိုင်း ငါတစ်စောင် တစ်ရာနဲ့ ရွေးနေရတယ်”
အဲဒီစာသား အကြိုက်ဆုံးပဲ...

မျက်မှန်လေး said...

ကိုမြစ်ရေ...၀မ်းနည်းဖို့ကောင်းလိုက်တာ
နောက်ဘယ်လိုဖြစ်သွားလည်း
ညားသွားလား၊၊

ဘာတွေဘယ်လောက်ညစ်ပတ် ညစ်ပတ် စိတ်ဓါတ်ဖြူရင်ပြီးတာဘဲ။
နော်။

ဆည်းဆာသံစဉ် said...

အခန်း(၃)..စာသားလေးတော်တော်ကြိုက်တယ်။ နွံအိုင်ထဲတွင်ကြာဖြူတပွင့်ရှိသည်တဲ့...သူတလတစ်စောင် စာပုံမှန်ထည့်တော့ရော ကောင်မလေးက ရွေးပါ့မလား။ ဖြူစင်တဲ့ မေတ္တာရှင်တစ်ယောက်ပါပဲဗျာ။ အားပေးခင်မင်လျှက်....

တလနွန် said...

အပေါ်ယံ ကြည့်ရင် နွံ ဆိုတာ တန်ဖိုးမရှိသလိုဖြစ်နေပေမဲ့ ကြာဖြူ တစ်ပွင့်ကြောင့် ကျက်သရေရှိသွားတယ်လို့  ဆိုရမလားပဲ..ထင်ဆင့်ပွားပြီး တွေးမိတာပါ

ခင်မင်ခြင်းနှင့်
တလနွန်

စန္ဒီမိုးမြင့် said...

၁။ သူ့ ဘ၀ကို သူ့စိတ်ကြိုက် ကျေနပ်သလို လွတ်လပ်စွာဖြတ်သန်းမှုက သူ့ခံယူထားတဲ့ဘ၀ကိုပုံစံ ဘဲဖြစ်နေတယ်ဆိုရင်တော့ သူ့ အတွက် ကျေနပ်စရာကောင်းပါတယ်
၂။မိဘ နဲ့ မိသားစုအစား စိတ်မကောင်းဖြစ်မိတယ်
၃။ မိန်းကလေး ကို တော့ အပြစ်မဆိုချင်ပါဘူး။ သူ့ဘက်ကလည်းမှန်နေတာဘဲလေ စာတစ်စောင်ကို ၁၀၀ ပေးရတယ် ၇နှစ်ဆိုတော့ နည်းမှမနည်းဘဲ :P
၎။ သူ့ ဘ၀ကို ပေါ့ပေါ့တန်တန် ဖြတ်သန်းပေမယ့် အချစ်ကို တော့ လေးလေးနက်နက်ခံစားရှာသားဘဲ
နွံ့အိုင်ထဲမှာ ကြာဖြူ ဆိုတာ ရှိစမြဲပါဘဲလေ:)
စာရေးကောင်းတဲ့ ကိုကြီးမြစ်ကျိုးအင်း ရေ လေးစားမြဲလေးစားဆဲပါဘဲ
ခင်မင်လျက်
စန္ဒီမိုးမြင့်
မန္တလေး

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ်ဆက်တွေးမိတယ်...
ဘဝကိုဖြစ်သလို အချိန်တန်သေလွန်ကြ လို့ သီချင်းတစ်ပုဒ်မှာ ကြားဖူးတယ်...
အခုလည်း နွံက အဲလိုနေနေရင်း
ကြာပွင့်လေးကိုတော့ ချစ်နေပုံ...။
ကြာပွင့်လေးကလည်း နွံအိုင်ထဲမှာ ဘယ်နေချင်မလဲ....။

ဝက်ဝံလေး said...

ဘယ်သူတွေ ဘယ်လိုပဲ ၁ ယူယူ များကတော့ ဘိတ်ပဲ ယူတော့မယ် ကိုမြစ်ကျိုးအင်းရေ ဟဟဟ

ဖတ်သွားတယ်နော် အရေးကလဲ ကောင်းပါ့ကွယ် များတို့တောင် ဘလော့ဂ်ပိတ်ရမလား ပဲ ငှဲငှဲ

တာ့တာ ဘိုင်

မငုံ said...

စာလာဖတ်သွားတယ်။ မငုံ ပြောင်းလဲ ရမဲ့ အတွေးတွေ ရသွားတယ်။ ကျေးဇူးပါ။

ဇော် said...

အခန်း(၄)

နောက်ဆုံးမှ ကျနော်ရောက်ဖြစ်ခဲ့ပေမယ့်
" ကျနော့်" ရင်ထဲတွင် " ကိုကျိုးရဲ့ စာတွေ" ရှိသည်။ =)

Unknown said...

ခံစားမိတာ(1)ခုရှိတယ်။
ထိုသူသည် ထိုသို့ ခံစားထိုက်သည်။

ဝတ်ထုတိုလေးအား သေသေချာချာ
ဖက်သွားပါတယ်။

နေဒေးသစ် said...

" စကားလုံးတွေ အများကြီးပြောဘို့ မလိုပါဘူး အချစ်ဆိုတာ ကိုယ်တကယ် ချစ်နေဘို့ပဲ လိုတာမဟုတ်လား...."

ထိထိရှရှ ခံစားရတယ်ဗျာ ..
အသိအမှတ်ပြု မခံရတဲ့ နှလုံးသားတစ်စုံအတွက် နာကျင်မှုလား ....
မြတ်နိုးဖြည့်ဆည်းတတ်တဲ့ ရင်ဘတ်တစ်ခုအတွက် ကြည်နူးမှုလား ....
သူတို့ ၂ ခုလုံးရောထွေးထားတဲ့ နက်ရှိုင်းမှုလား ...
ကျွန်တော် တကယ်ပဲ ဝေခွဲလို့ မရခဲ့ဘူး ..

တစ်ခုတော့ သိလိုက်တယ် ..
ရင်ဘတ်ထဲမှာ နေရာတစ်ခု လစ်ဟာသွားခဲ့သလိုပါပဲ ..

နေဒေးသစ်။

mgnge said...

သူ့ ရဲ့အချစ်ဆိုတဲ့အပေါ်ခံယူထားတာလေး သဘောကျမိတယ်..။

မိုးခါး said...

အဲလိုချစ်တတ်လွန်းတာကို ချီးကျူးရမလားမသိဘူးနော်
တော်တော် ခဲယဉ်းတဲ့ အလုပ်ပဲ
း)
အပြင်မှာ တကယ်ရှိခဲ့တာဆိုရင် မျှော်လင့်ချက်လေး ပြည့်စုံနိုင်ဖို့ ဆုတောင်းပေးပါတယ် ..
ကောင်မလေး ဘာလို့ ပြန်မကြိုက်လဲ ပြန်ကြိုက်အောင် ဘယ်လိုကြိုးစားသင့်လဲ ဒါလေးတော့ စဉ်းစားသင့်တယ်ထင်တယ်း)

march.pisces88 said...

ဘာကြီးတုန်း... စာတော်တော်ရေနိုင်တယ်နော်...email မပို့ ဟူးလား

မိုးမောင်(HappyCloud) said...

အင်း.. ကျုပ်ပတ်ဝန်းကျင်မလည်း.. အဲသလို ကာရိုက်တာရှိတဲ့ လူနှစ်မျိုးစလုံးနဲ့ ကြုံဖူးသဗျာ။

Melody said...

kaung ma lae ko a naunt a shat pay nae del loet myar ma htin bu lar... ma kyite naing loet bel ma kyite dar pot.

မြတ်မွန် said...

ဟားဟား..မိုက်တယ်ကွာ ရေးထားတာ..
အဲတာကြောင့် ဆရာဖြစ်နေတာ..
နွံထဲတွင် ကြာဖြူရှိသည်..
အရမ်းမိုက်..
ဦးမြစ်အိုင်ဒီယာတွေ လန်းတယ်..။

ချစ်သူတွေ ပေါင်းရပါစေ..
လွမ်းဆွတ်ခြင်းများ မရှိကြပါစေနဲ့..

Anonymous said...

[url=http://datingdirectlyservices.com/#inhls]dating seeking[/url] - online dating websites , http://datingdirectlyservices.com/#rqcnv girls dating

Urology Surgery in India said...

Great post and thanks for sharing....

 

Posts Comments

©2006-2010 ·TNB