ဘေလာ့ဂ္ဂါ ပွဲဈေးတန်း

02 September 2009



ပွဲဈေးတန်းတခုလုံး မီးရောင်စုံတို့ဖြင့် လှုပ်ရှားသက်ဝင်နေသည် ။ ပျားပန်းခတ်မျှ တိုးဝှေ့သွားလာ နေကြသော ပွဲဈေးလျှောက်သူများကြောင့် အုံးအုံးကျက်ကျက်ဖြင့် အသံတို့ ဆူညံနေသည်။ ဈေးသည်တချို့၏ ဈေးခေါ်သံ အကြော်အလှော် ဆိုင်ဘက်မှ ဒယ်အိုးခေါက်သံတို့ဖြင့် ပွဲဈေးတန်းတခုလုံး ဆူညံလှုပ်ရှားနေ၏။ တချို့ကတော့ ဘလော့ဂါ အငြိမ့်ကြည့်ရန် ဇာတ်ရုံဘက်ကို ဦးတည်ပြီး သွားနေကြသည်။ ဒီပွဲဈေးတန်းတခုလုံး၏ ထူးခြားချက်ကတော့ အငြိမ့်ကို ဘလော့ဂါများ ဦးဆောင်ပြီး ကသလို ပွဲဈေးတန်းတွင် ရှိသမျှ ဈေးဆိုင်များ အားလုံးကို ဘလော့ဂါ များက ဖွင့်ထားခြင်းဖြစ်သည်။

စနစ်တကျ တည်ဆောက်ထားသော ဈေးဆိုင်များတွင် ဘလော့ဂါများ ကိုယ်တိုင် ဆိုင်ထိုင်ပြီး မိမိဆိုင်၏ ရောင်းအား တက်လာစေရန် ကံစမ်းမဲအစီအစဉ်များ ထူးထူးခြားခြား အစဉ်အစီများဖြင့် ပရိတ်သတ်ကို အပြိုင်အဆိုင် ဆွဲဆောင်နေကြသည်။ တချို့က ဈေးဆိုင်တည်ပြီး ရောင်းကြသလို တချို့ကလည်း လူစိတ်ဝင်စားအောင် ထူးထူးခြားခြား လုပ်ပြကြသည်။

ကိုကိုမောင်က ပန်းရနံ့အမည်ဖြင့် အမှတ်တရ ပန်းစည်းအရောင်းဆိုင် ဖွင့်ထားသည်။ မျက်မှန်လေးက လှရွှေနှင့်ညီများ မျက်မှန်ဆိုင်မှ ကိုယ်စားလှယ်ယူကာ မျက်မှန်ဆိုင် ဖွင့်ထားသည်။ ယွန်းက ပုဂံမှ ယွန်းထည်ပစ္စည်းများ မှာယူပြီး မြန်မာ့ယွန်းထည် အမည်နှင့် ယွန်းထည်ဆိုင်ဖွင့်သည်။



*****

Winnie Pooh က သူနှစ်သက်သော ၀င်းနီပူး အရုပ်များကို ဆိုင်ဖွင့်ရောင်းချသည်။ သူအနေနှင့် မရောင်းရ၍ အရုပ်များ မကုန်မှာကိုတော့ စိတ်ပူပန်ခြင်းမရှိပေ...။ အဘယ်ကြောင့်ဆိုသော် မကုန်သည့် အရုပ်များကို သူအပိုင် သိမ်းထားနိင်သောကြောင့် ဖြစ်သည်။ ဒီဆိုင်ဖွင့်သည့် အရင်းအနှီးကို မိဘများက ထုတ်ပေးထားသဖြင့် တကယ်ကို စိတ်ပူပန်ခြင်း မဖြစ်ပေ။


*****
 
ရှေ့ခပ်လှမ်းလှမ်းတွင်တော့ ရန်ကုန်သား၏ဘူးသီးကြော် ဆိုင်ရှိပြီး အကြော်ဆိုင်ဘေးတွင်တော့ ဧရာတီသား၏ မုန့်ဟင်းခါး ဆိုင်ရှိသည်။ မခင်ဦးမေကတော့ အကြော်ပိုကြိုက်ပေမယ့် ဧရာဝတီသား၏ မုန့်ဟင်းခါးဆိုင်တွင်သာ အားပေးသည်။ “ရန်ကုန်အကြောင်းက ရေးပြီးတာ မကြာသေးဘူး ဒီတခါ ဧရာဝတီ အကြောင်းရေးမယ်” ဟု မုန့်ဟင်းခါးစားရင်း တွေးနေသည်။
 
*****
 ဆိုင်ဖွင့်လျှင် အလုပ်ရှုပ်သည်၊ ကိုယ်သွားချင်ရာလည်း သွားလို့ရအောင် ဆိုပြီး အရုပ်ကလေးက ပူဖောင်း အရုပ်များ မိုးပျံပူဖောင်းများကို အထမ်းဖြင့်လိုက်ရောင်းသည်။ ခက်တာက ပွဲဈေးလျှောက်သူအများစုက လူကြီးတွေဖြစ်နေသဖြင့် အရုပ်လေးခမျာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးထင်နေချိန် ဘလော့ဂါဒေး ဖွင့်ပွဲအတွက် မိုးပျံပူဖောင်းများ အော်ဒါရလိုက် သဖြင့် အရုပ်ကလေးအတွက် အသက်ရှုချောင်သွားသည်။

*****

ဈေးရောင်းတဲ့ အတွေ့အကြံမရှိလို့ ဒုက္ခရောက်သူများထဲတွင် သားကြီး လည်းအပါအ၀င်ဖြစ်သည်။ ဆိုင်ကြီး ကန္နားကြီးနှင့်ဆို အလုပ်ရှုပ်သည်။ သူများစားပြီးသား ပန်းကန်တွေပါ ဆေးရသည် ဆိုသည့် အကြောင်းပြချက်နှင့် သားကြီးက ၀က်သားထုတ်ထိုးရောင်းသည်။ မြန်မာစာကို ကပ်ကပ်သပ်သပ် တွေးလေ့ရှိသည့် အကျင့်ကြောင့် သူ့ဆိုင်ဘုတ်က သူများထက်ပို ကြီးနေသည်။

သူ့ဆိုင်းဘုတ်မှာ ရေးထားတာက “၀က်သားတုတ်ထိုး (၀က်သားကိုတုတ်ထိုး၍ ၀က်သား တုတ်ထိုးဟုခေါ်သည်။)” ဆိုပြီးရေးသားထားပေမယ့် သူ့ဆိုင်ဘုတ်ကို လူတွေက သိပ်မကြည့်ကြပေ.။ နာမည်ကြီးတယောက်၏ဆိုင် ဖြစ်သည့်အတွက်  စားသုံးသူ အများစုက မိန်းခလေးများဖြစ်ကြသည်။ မိန်းခလေးများမှာ အတင်းပြောသည့်နေရာတွင် ၀က်သားတုတ်ထိုးဆိုင်ပါ မရှောင် ပြောတတ်သဖြင့် သားကြီးခများ ဒုက္ခရောက်တော့သည်။

သူကြားနေရသည့် အတင်း စကားတွေကို သူ့ဘာသာ ကပ်တီးကပ်သပ် လျှောက်စဉ်းစားနေသဖြင့် စားပြီးသော တုတ်တွေကို အောက်ပစ်ချနေသည်ကို သူသတိမထားမိပေ။ ဈေးဗန်းထဲမှ ၀က်သားများသာ လျော့သွားပြီး ငွေကဘာကြောင့် မတိုးသလဲဟု သတိထားမိချိန်တွင် အရင်းပြုတ်လုနီးနီးဖြစ်နေသည်။ အရင်းပြုတ်ပြီဆိုမှတော့ အဖျားပါပျောက်သွားသေးလား မမေးနဲ့လို့ သူ့ဘာသာ ခေါင်းကုတ်ရင်း တွေးနေတော့သည်။


*****

သားကြီး၏တုတ်ထိုး အခြေအနေမကောင်းပေမယ့် အမမိုးကောင်းသူ ၊အမဂျာမုန်းဒန်းနှင့်၊ မြူးသျှရီတို့၏ “ထမင်းအိုးသုံးလုံးအ၀စားထမင်းဆိုင်ကတော့ အခြေအနေ ကောင်းနေသည်။ အရင်တုန်းကတောင် အလကား ကျွေးနေရသေးတာပဲ အခုဈေး သက်သက်သာသာနှင့် ရောင်းမည်ဆိုသည့် အတွေးကြောင့် စားသုံးသူတွေ ကြိတ်ကြိတ်တိုးနေခြင်း ဖြစ်သည်။ ဈေးသက်သာသဖြင့် တချို့က ဟင်းတွေကို တပါတ်စာ ၀ယ်သွားပြီးရေခဲသေတ္တာထဲတွင် ထည့်ထားကြသည်။ တချို့က နီးရာလူကိုပါ လက်တို့ပြီး သွားဝယ်ရန် သတင်းပေးကြသည်။ မီးဖိုထဲကမထွက်ရတော့သည့် အတွက် အိုးသူကြီး သုံးယောက် ဒေါသတွေ ထွက်စပြုလာသည်။

ဒီကြားထဲ ပွဲဈေးလည်သည့်သူတွေက လှတပတလေးတွေဖြစ်ပြီး သူတို့ခမျာ အိုးမဲတွေ မီးခိုးမှိုင်းတွေဖြင့် ညစ်ပေနေကြ၍ ပိုပြီးဒေါသတွေ ထွက်နေကြတော့သည်။ နောက်ဆုံးတော့ ဆိုင်ထဲမှာရော ဆိုင်ပြင်မှာပါ “ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ” ဆိုသည့် စာတန်းများကို နေရာအနှံ့ကပ်လိုက်တော့မှ စားသုံးသူတွေ ကိုယ်ရှိန် သတ်ကုန်ကြသည်။

*****

ဘလော့ဂါ ပွဲခင်းလုပ်မယ်ဆိုထဲက အကြံကြီးကြံထားတဲ့ မငုံကတော့ သူစုထားသည့် ကန္တာရမှ မိုးရေများ ဆိုပြီးရေပုလင်းများ ဆိုင်ပေါ်တင်ရောင်းသည်။ ထူးထူးဆန်းဆန်းဝယ်စုသူ တချို့ခန့်သာ ၀ယ်ကြသည့်အတွက် သူ့ခမျာ လေယာဉ်စရိတ်မှ ပြန်ရပါ့မလား တွေးပူနေရသည်။

ကံကောင်းချင်တော့ အိုက်ခီလောက်က မငုံရဲ့ဆိုင်ဘေးမှာ အရက်ဆိုင်လာဖွင့်သည်။ အိုက်ခီလောက်၏  ဆိုင်ရှေ့ကဆိုင်းဘုတ်ပေါ်တွင်တော့.... “ယမကာလုလင်ရဲ့ဗျစ်ရွှေရည်ဆိုင် ကန္တာရမိုးရေနှင့် တွဲသောက်လျင် အမြည်းတောင် မလိုပါ” ဟုရေးသားထားသဖြင့် အမြည်းဖိုးမတတ်နိင်သူတွေ အားပေးကြသဖြင့် မငုံ၏ကန္တာရမှ မိုးရေပုလင်းများ တော်တော်များများ ရောင်းရတော့သည်။
 
*****

ပွဲဈေးတန်း၏ အလယ်နေရာတွင် အညာသားလေး သော်ဇင်၏  အညာထွက်ကုန် ဆိုင်ရှိသည်။ ဆေးရွက်ကြီး ထန်းညက်အပြင် အမျိုးသမီးများ အထူးနှစ်သက်သည့် သနပ်ခါးတုံးများပါ ရောင်းချသဖြင့် သူ့ဆိုင်က အထိုက်အလျောက်အောင်မြင်နေသည်။ သူ့ဆိုင်၏ အဓိက ၀င်ငွေကောင်းသော လုပ်ငန်းမှာ အိုက်ခီလောက်ဆိုင်သို့ အနောက်ပေါက်မှတင်ပို့ပေးနေသော ရေခဲစိမ်ထန်းရည်များဖြစ်သည်ကိုတော့ မည်သူမှ မသိကြပေ။



*****
 
သံယောဇဉ်အားလုံးကို အဖြူရောင်ဖြစ်စေချင်တဲ့ အဖြူလေးက ကြာဇံသုပ် ရောင်းသည်။ အဖြူကွက်နင်းနေကြဖြစ်သည့်အတိုင်း ဈေးရောင်းရာမှာလည်း ကြာဇံတွေကို သံယောဇဉ်ဟု သူ့ဘာသာတင်စားထားသည်။ သူ့ရဲ့ သံယောဇဉ်တွေကို အရောင်စွန်းထင်း မခံစေချင်တဲ့အတွက် အသုပ်သုပ်ရာတွင် ငြုပ်ဆီမထည့်ဘဲ သုပ်သဖြင့် စားသုံးသူအချို့ မကျေမနပ် ဖြစ်ကြသေးသည်။

*****

ကိုယုယ နှင့် ဖြိုးမော်တို့အတွက် ဒီပွဲတော်က သူတို့ရဲ့ လက်စွမ်းလက်စပြရမယ့် ပွဲတော်ဟု အပိုင်တွက်ထားကြသည်။ ၀ါသနာပါသည့် လုပ်ငန်းဖြစ်ပြီး ငွေလည်းရမည့်အပြင် ကောင်မလေးများကလည်း သူတို့ကို ပြုံးပြရမှာပဲ ဆိုသည့် အတွေးဖြင့် ပွဲတော် မစခင်ထဲက တက်ကြွနေသည်။ မိန်းခလေး ဆိုသည်မှာ အလှအပကြိုက်သလို သူတို့လှကြောင်းကိုလည်း သက်သေနှင့်တကွ ရှိစေချင်ကြသဖြင့် “သူငယ်ချင်းများ” ဓါတ်ပုံဆိုင်မှာ တဖျတ်ဖျတ်ဖြင့် လက်မလည်အောင် ရိုက်ပေးနေကြရသည်။

ဒီကြားထဲ မိန်းမလျှာ သုံးယောက်က ဓါတ်ပုံဆရာ ဖြိုးမော်နှင့် တယောက်တလှည့် တွဲရိုက်ကြသဖြင့် ထင်ထားသည်ထက် အောင်မြင်သွားတော့သည်။ ကိုယုယနှင့်ပါတွဲရိုက်ချင်ကြပေမယ့် ကိုယုယ၏ မဟေသီက လက်မောင်းကို မလွှတ်တမ်း ကိုင်ဆွဲထားသဖြင့် မိန်းမလျှာများ စိတ်လျော့သွားရတော့သည်။

 
*****

ဘလော့ဂါပွဲခင်းအတွက် ဆိုင်နေရာများ ချပေးသောနေ့တွင် ဘလော့ဂါတချို့ပြဿနာ တက်ကြသေးသည်။
ဖြစ်ပုံက ဆိုင်နံပါတ် ၁ ကို အပြိုင်အဆိုင် လုကြသဖြင့် ပြဿနာ တက်ကြခြင်းဖြစ်သည်။ ပွဲစီစဉ်သူလူကြီး များလည်း မည်သူ့ကို နံပါတ် ၁ ပေးရမှန်း မသိတော့သဖြင့် အခက်တွေ့ကြတော့သည်။ နောက်ဆုံးတွင် ဘလော့ဂါထဲက မဟုတ်ဘဲ ဘလော့တကာကိုသုနြေ္ဒကို ဆိုင်နံပါတ် ၁ ကိုပေးလိုက်မှသာ ပြသာနာ အေးသွား တော့သည်။ ဒါတောင် ဂေါပကလူကြီးတွေနှင့် ကိုသုနြေ္ဒ ခင်လို့ဒီနေရာ ရတာပါဆိုပြီး တိုးတိုးတိတ်တိတ် အသံထွက် လာသေးသည်။

ကိုသုနြေ္ဒလည်း ဈေးဆိုင်ထွက်လျှင် တမျိုးထင်ကြမှာ စိုးသဖြင့် စက်ဘီး ဆိုင်ကယ် ရပ်နားစခန်း ဖွင့်လိုက်ရတော့သည်။



*****

ပွဲဈေးမှာ မရှိမဖြစ်လိုတာကလုံခြုံရေးဖြစ်သည်။ ပွဲတော်ကို ဆူပူရမ်းကားမည့်သူများ နှောင့်ယှက်မည့် သူများကို ကြိုတင် ကာကွယ်မှ ပြဿနာ ပိုမကြီးထွားလာမည်ဖြစ်သည်။ တာဝန်ဆိုသော လက်ပါတ်ကိုယ်စီဖြင့် လတ်လတ်ဇော် ၊ ဂျစ်တူးလေးနှင့် ဂျူနီယာလွင်ဦး တို့ပွဲခင်းထဲတွင် ကင်းလှည့်နေကြသည်။

တာဝန်ခွဲဝေရေးကော်မတီ လူကြီးများက ပွဲတော်လုံခြုံရေးအတွက်ရွေးချယ်ရာမှာ ဂျူနီယာလွင်ဦးကို နာမည်ကြည့်ပြီး ယောကျာင်္းလေးထင်ကာ ရွေးသလို လတ်လတ်ဇော်က ကျားကျားယားယားရှိသည့်အပြင် ဂျစ်တူးလေးကလည်း သူ့ဘလော့တွင် ၀ါးရင်းတုတ် ကိုင်ထားသော ပုံတင်ထားသဖြင့် လူကြီးတွေက ဒီသုံးယောက်ကိုတာဝန်ပေးလျှင် ပွဲတော်၏ လုံခြုံရေး စိတ်ချရမည်ထင်ပြီး တာဝန်ပေးထားခြင်းဖြစ်သည်။

ပွဲခင်းထဲကို ပါတ်နေရပေမယ့် ပြဿနာရှာမည့်သူ မတွေ့ရသဖြင့် လုံခြုံရေးတွေ စိတ်ပျက်စပြုလာသည်။ ညဦးပိုင်းက ပြဿနာသေးသေးတခု ရှင်းပေးခဲ့ရတာက လွဲလျှင်အခုထိ အခြေအနေတွေ အကုန်လုံး ငြိမ်သက်နေသည်။ ညဦးပိုင်းက ပြဿနာ ဆိုတာကလည်း မမီးမီးချစ်၏ ဆိုင်တွင်ဖြစ်သွားခြင်း ဖြစ်သည်။

ဘလော့ဂါ ပွဲခင်းတွင် မမီးမီးချစ်က သူဝါသနာပါသည့် အမျိုးသမီး လက်ကိုင်အိတ်ဆိုင် ဖွင့်ထားပြီး တရုတ်ဘက်ကလာသော အိတ်များကို ဈေးချိုချိုဖြင့် ရောင်းပေးခြင်းဖြစ်သည်။ ပြဿနာဖြစ်ပုံက သူဆိုင် အတွင်းဘက်တွင် ကိုကိုချစ်ဝယ်ပေးထားသော GUESS နှင့် LV တံဆိပ် အိတ်များကို ချိတ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုအိတ်များကိုတော့ အလှသက်သက်ချိတ်ထားခြင်းဖြစ်သည်။ ဈေးဝယ်သူ အဖွားကြီးတယောက်မှ ထိုအိတ်များကို ဈေးအတူတူထင်ပြီး ဈေးမေးရာမှ ပြဿနာ အနည်းငယ်ဖြစ်သွားခြင်းဖြစ်သည်။ လုံခြုံရေးများ
ဝင်ရောက်ရှင်းပြပေး လိုက်သဖြင့် အဖွားကြီးလည်း စိတ်ကျေနပ်ကာ တရုတ်အိတ်တလုံးပဲ ၀ယ်သွားတော့သည်။

ထိုပြဿနာမှ လွဲလျှင်အားလုံးအေးဆေးနေသဖြင့် တာဝန်ကျသုံးယောက် အိုက်ခီလောက်၏ အရက်ဆိုင်ကို ခဏခဏ သွားချောင်းကြသည်။ အိုက်ခီလောက်ခမျာ အရက်အေးအေးဆေးဆေး မသောက်ရတော့ဘဲ လုံခြုံရေးတွေ လာလျင် သူ့ဆိုင်က ဖောက်သည်တွေကို ဆူဆူညံညံမလုပ်ကြဘို့ တောင်းပန်နေရတော့သည်။

*****

ပြဿနာမရှိ၍ ပျင်းနေသည့် လုံခြုံရေးများမှာ ဘလော့ဂါလက်ဝှေ့စင် ဘက်တွင် ဆူဆူညံညံ အသံကြားသဖြင့် အပြေးအလွှား သွားကြည့်ကြသည်။ ထိုဘလော့ဂါ လက်ဝှေ့စင် ကိုဒီပွဲတော်မှာ ထည့်သင့် မထည့်သင့်ကို လူကြီးတွေ အချိန်တော်တော်ယူကာ ညှိနှိုင်းခဲ့ကြရသည်။ လက်ဝှေ့စင်ထည့်ထားသည့် အတွက် ဘလော့လောကကြီးမှာ အကွဲအပြဲတွေ ဖြစ်လာမှာ စိုးစိတ်ကြောင့် တချို့တွေက လက်ဝှေ့စင် မထည့်စေချင်ကြခြင်းဖြစ်သည်။ လက်ဝှေ့စင်ထည့်သင့်ကြောင်း အဆိုပြုတဲ့သူတွေ၏ အမြင်ကလည်း မှတ်သားဖွယ် ကောင်းသည်။

ကိုယ့်မှာကလောင်တချောင်းရှိတယ် ငါတင်ရင်ဖတ်မှာဘဲ ဆိုသည့်အတွေးနှင့် ဘလော့ပေါ်မှာ ဟိုရမ်းဒီရမ်း ရေးတတ်သူတွေအတွက်ပွင့်ပွင့်လင်းလင်း စိန်ခေါ်ပြီးထိုးသတ်လိုက်တာ ပြဿနာ မြန်မြန်အေးတာပေါ့ဟု အဆိုတင်သွင်းကြသည်။ ဒါတောင် သေသေချာချာစဉ်းစား ညှိနှိုင်းကြသေးသည်။
နောက်ဆုံးအဆိုပြုတဲ့ဘက်က “ခင်များတို့စိတ်ချစမ်းပါဗျာ ဒီလက်ဝှေ့ပွဲ မဖြစ်ပါဘူး ဘယ်သူကမှ ပြိုင်မမိုက်ကြပါဘူး ရမ်းချင်တဲ့သူအတွက် လက်ဝှေ့စင်ရှိတယ် ဆိုတာသိအောင်ထည့်တဲ့ သဘောပါ” ဆိုပြီးနောက်ဆုံးစကားပြောလိုက်မှပဲ ဒီအစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ခန့်မှန်းထားသလို မည်သည့်ပွဲမှ မဖြစ်ဘဲ လက်ဝှေ့စင်ပေါ်မှာ ဘလော့ဂါတယောက်ထဲ ဟန်းရေးပြနေရသည်။ စင်အောက်ကဗိန်းဗောင်းတီးရသူတွေလည်း ကြာတော့ငြီးငွေ့လာသည်။ “ဟိုက်ရော..ဟိုက်ရော..”ဟု အော်ပေးရတဲ့ သူတောင် ပျင်းပြီးအိပ်ပျော်သွားတာကြာနေပြီ။ ထိုအချိန်မှာ မမျှော်လင့်ပဲ လက်ဝှေ့စင်ပေါ် လူတယောက် တက်သွားသည်။ ပွဲကြီးပွဲကောင်းကြည့်ရတော့မည်ထင်ပြီး စောင့်ကြည့်နေကြသူများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ ဒိုင်လူကြီးက စင်ပေါ်တက်လာသူ၏ နာမည်နှင့် ဘလော့ဂ်နာမည် မေးသည်။

စင်ပေါ်တက်လာသူက “ကျုပ်ကဘာဘလော့ဂါမှ မဟုတ်ဘူး ကျုပ်နာမည် ညောင်ရမ်း ငယ်ငယ်ကလက်ဝှေ့ပွဲ မထိုးလိုက်ရလို့အခုကြုံတုန်းတက်ထိုးတာ” ဟုပြန်ဖြေသည်။ ဟန်ရေးပြနေသူမှ ဘလော့ဂါမဟုတ်ရင် မပါတ်သတ်ချင် မထိုးချင်ဟု အကြောင်းပြန်သဖြင့် ဒီတခါလည်း ညောင်းရမ်းခမျာ လက်ဝှေ့ စင်ပေါ်အထိရောက်ပြီးမှ ပြန်ဆင်းခဲ့ရပြန်သည်။ (ညောင်ရမ်းရဲ့လက်ဝှေ့ပွဲအကြောင်းကို
သတ္တိရှိလား အမည်နဲ့ရေးခဲ့ဖူးပါသည်)

မကျေမချမ်းဖြစ်နေသည့် ညောင်ရမ်းကို လုံခြုံရေးများမှ အကျိုးအကြောင်းဖြောင်းဖျပြီး လက်ဝှေ့စင်အနီးမှ ခေါ်ထုတ်သွားရသည်။ ဟန်ရေးပြနေသူကလည်း ဆက်ပြီး ဟန်ရေးပြနေပေမယ့် ပွဲတော်ပြီးဆုံးသည်အထိ မည်သည့်ပွဲမှ မဖြစ်လာခဲ့ပေ။

 
*****

လက်ဝှေ့စင်လို ဆူဆူပူပူ နေရာများရှိသကဲ့သို့ ပွဲဈေးလျှောက်ပရိတ်သတ်များအတွက် အေးချမ်းသည့် နေရာများလည်း ရှိနေသည်။ ကိုမိုးစက်က စိတ်စမ်းရေ အမည်နှင့် သောက်ရေအိုးများထားပေးပြီး ရေအလှူ လုပ်သည်။ ကိုမိုးစက်ဆိုင်မှာတော့ ကိုမိုးကုတ်သား တို့လို အသက်၃၀ ကျော်လူပျိုကြီးများ စခန်းချကြသည်။ လူပျိုကြီးများစုမိသဖြင့် မည်သူကမှ မိန်းခလေးအကြောင်း စမပြောကြပေ။ အေးအေးဆေးဆေးနေချင်၍ လူပျိုကြီးလုပ်နေတာဟု ကြွေးကြော်ထားကြသဖြင့် မည်သူကမှ မိန်းခလေးအကြောင်း စမပြောရဲကြခြင်းဖြစ်သည်။ ဆိုင်ရှေ့ကဖြတ်သွားသော မိန်းခလေးများကို ကြည့်မိမှာ စိုးသဖြင့် ဆိုင်ရှေ့ကိုပါ ကျောပေးထိုင်ထားကြသည်။

သတိထားကြည့်မိလျင်တော့ ဆိုင်၏ အတွင်းနံရံတွင် ချိတ်ထားသော ကိုယ်လုံးပေါ်မှန်များကို မကြာခဏကြည့်နေသော လူပျိုကြီးများကို မြင်ကြရမည်ဖြစ်သည်။ အငြိမ့်သီချင်းတပုဒ် ဖြစ်သည့် 'ပွဲဈေးတန်းလျှောက်လို့လည် မောင်ကြီးနဲ့ဆုံသလေတော့' ဆိုတဲ့သီချင်းထဲက အတိုင်း ဖြစ်လာခဲ့လျှင်
ဆိုသည့် အတွေး များလည်း ကိုယ်စီရင်ထဲမှာ ရှိနေကြလေသည်။
 
*****

ပွဲခင်းတနေရာတွင်တော့ ဧရာဝတီစာကြည့်တိုက် ဖွင့်ပေးထားသည်။ သုတ ရသ စာအုပ်များဖတ်နိင်သလို စာကြည့်တိုက်ထဲတွင်ဆွေးနွေးပွဲများလည်း ပြုလုပ်ခွင့်ပေးထားသဖြင့် ၀သန်မိုး ၊ နွေဦးမိုး ၊ မိုးစက်အိမ်၊  မိုးအိမ့်ဖြူ ၊ နဒီမိုးညို အစရှိသော မိုးအုပ်စုနှင့် ကြယ်ဖြူစင် ၊ ဖြူစင်ကြယ် ၊လင်းကြယ်ဖြူ ၊ ကြယ်ကလေး အစရှိသည့် ကြယ်အုပ်စု တို့၏ မိုးနှင့်ကြယ် ဆွေးနွေးပွဲရှိနေသည်။ နေမင်းသံစဉ်နှင့်နွေးနေခြည် တို့အပြင် ပျော်ရွှင်ခြင်းမိုးတိမ်(HAPPY CLOUD)အဖွဲ့က မိုးမောင်နှင့် ဖိုးမောင် ပါထပ်ရောက်လာပြီးသည့်အခါမှာတော့ သဘာဝပါတ်ဝန်းကျင် ထိန်းသိန်းရေး အကြောင်း ဆွေးနွေးဖို့ လူစုံတက်စုံ ဖြစ်သွားတော့သည်။

ဆွေးနွေးပွဲ အရှိန်ကောင်းနေချိန်မှာ မမချစ်ရ နှင့် မ အနမ်း ရောက်လာပြီး မချစ်ဘဲ နမ်းသင့်သလား ဆိုသည့် လူငယ်များစိတ်ဝင်စားကြသော အချစ်နှင့် အနမ်း ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ ထိုအခါမှ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိန်းရေးအကြောင်း ဆွေးနွေးစဉ်က ငိုက်မြည်း နေသော သူများလည်း တက်တက်ကြွကြွ ၀င်ရောက် ဆွေးနွေးကြတော့သည်။

*****

ဒေါက်တာဝင်းသိန်း ၊ မကီကီ ၊ကိုနေလင်း တို့ကကျန်းမာရေးဆေးပေးခန်းဖွင့်ပေးထားသည်။ ဒါကလည်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက တာဝန်ပေးထားသောကြောင့်ဖြစ်သည်။ သူ့အတွက် ဘလော့လည်ပါတ် ဖို့အချိန်ပိုရသည်ဟု မှတ်ယူထားလိုက်သဖြင်လူနာသိပ်မလာသော်လည်း မကီကတော့ ကျေနပ်နေသည်။
 
*****
 
သက်ပိုင်သူကတော့ ဂျပန်မှ ငှားထားသည့် အကမယ်ဂေရှားများဖြင့် ကော်ဖီနှင့် ရေနွေးကြမ်း ဆိုင်ဖွင့်သည်။ အေးအေးဆေးဆေး ကော်ဖီသောက်ပြီး စကားထိုင်ပြောချင်သူများဖြင့် သက်ပိုင်သူ၏ ဆိုင်လည်း အောင်မြင်နေသည်။ ကပွဲများရှိသဖြင့် အဓိပ္ပါယ်ကောက်လွဲနိင်သဖြင့် ဆိုင်ရှေ့တွင် ဂေရှားများ အကြောင်းကို အကျဉ်းချုပ်ပြီး ဖော်ပြထားရသည်။(ဤနေရာတွင်ဖတ်ရှုနိင်သည်။)
 
*****

ရမ်းဂန်း ၏ ဗေဒင်လက္ခဏာ ဟောခန်းတွင် မေးသူများ ကြိတ်ကြိတ်တိုးနေသည်။ လာမေးသူ အများစုမှာ မိန်းခလေးများဖြစ်ကြသည်။ မေးသည့်မေးခွန်းတွေအတွက် ဟောချက်တွေကလည်း ဒက်ထိ မှန်နေသဖြင့် တဆင့် စကားတဆင့်နားဖြင့် မေးချင်သူတွေတန်းစီနေကြသည်။ လူများလွန်းသဖြင့် လူတစ်ဦးလျှင် မေးခွန်း သုံးခုသာ မေးခွင့်ပြုထားသည်။ မေးခွန်းတိုင်းအတွက် အဖြေကလည်း ပြတ်ပြတ်သားသားနှင့် မှန်ကန်လွန်းသည်။ မမြင်နိင်သောနှောင်ကြိုးလေးများဘလော့ဂ်ပိုင်ရှင် စန္ဒီမိုးမြင့်က ဒီနှစ်စာမေးပွဲ ကျနိင်သလားမေးသည့်အခါ မဖြေရင်ကျမည် ဆိုပြီး ပြတ်ပြတ်သားသား ပြန်ဖြေသည်။ စန္ဒီမိုးမြင့်လည်း မေ့သွားမှာစိုးသဖြင့် စာအုပ်နှင့် လိုက်မှတ်နေတော့သည်။

ဘာပဲဖြစ်ဖြစ် အပျော်သဘောနှင့် မေးမည်ဆိုပြီး မမေဇင်က မေးခွန်းတခု ၀င်မေးသည်။ မေးခွန်းက သူ့ရဲ့ နောက်တင်မည့် ပို့စ်တွင် ကွန်မန့် ဘယ်နှစ်ခု ရနိင်သလဲ ဖြစ်သည်။ ဒါတော့ဒီဗေဒင်ဆရာ မဖြေနိင်ပါဘူးဆိုပြီး မမေဇင်က ကြိတ်ပျော်နေသည်။ ရမ်းဂန်းလည်း မျက်လုံးမှိတ်ကာ အာရုံခံပြီး တခွန်းထဲသော အဖြေကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ကျွန်တော် ကွန်မန့်လာပေးရင် အရင်ထက် တခုပိုစေရမယ်” ဟုပြန်ဖြေသဖြင့် မမေဇင်လည်း ပညာမစမ်းရဲတော့ပေ။

*****

ဈေးတန်းတစ်နေရာတွင်တော့ ထူးထူးဆန်းဆန်း၊ ကြောင်ကြောင်ကြားကြား အ၀တ်အစားများ ၀တ်ထားသော လူတယောက်က လက်ကိုင်အော်လံဖြင့် လူခေါ်နေသည်။ ထိုသူ၏ အနောက်မှာတော့ အသေးစား ဇာတ်ရုံလေးတရုံ ရှိနေသည်။ ထိုသူက“ဒီကိုလာ..ဒီကိုလာဗျို့....ထူးထူးဆန်းဆန်းကြည့်ချင်ရင် ဒီကိုလာဗျို့ ဟုလူခေါ်နေသည်။ ထူးထူးဆန်းဆန်းဆိုသည့်အပြင် ၀င်ကြေးလည်း သက်သာသဖြင့် လူတချို့ဇာတ်ရုံလေးထဲ ၀င် သွားကြသည်။ ကလေးတွေပူဆာသဖြင့် ကိုဆောင်းယွန်းလတို့လို မ၀ါတို့လို မိဘတွေလည်း အတော်ပဲ ဆိုပြီးဝင် ကြည့်ကြသည်။

သိပ်မကြာခင်မှာပဲ ဒါသက်သက်လူလည်ကျတာဆိုပြီး မကျေမချမ်းနှင့်ရေရွတ်ကာ လူအုပ်ကြီးပြန်ထွက်လာသည်။ ထူးထူးဆန်းဆန်း မြင်ရမည်ထင်၍ ၀င်ကြည့်သူများခမျာ အထဲရောက်တော့မှ ခုံတလုံးပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသောဘလော့ဂါ ဒီကိုလာ ကိုမြင်ရမှ သူတို့ခမျာ လူလည်ကျခံလိုက်ရမှန်း သိသွားတော့သည်။ လူခေါ်သည့်သူကလည်း အရင်အတိုင်းပဲ ဆက်ပြီးလူခေါ်နေတော့သည်။


“ဒီကိုလာ..ဒီကိုလာဗျို့....ထူးထူးဆန်းဆန်းကြည့်ချင်ရင် ဒီကိုလာဗျို့” ဟုဆက်ခေါ်နေသေးသည်။

*****

သရဲအကြောင်းရေးလေ့ရှိသည့် ၀က်ဝံလေးက သရဲအိမ်ကို ၀င်ကြေးဖြင့် ဖွင့်ပေးထားသည်။ သရဲအိမ်ထဲတွင်သရဲများအဖြစ် သရုပ်ဆောင်ရန် ပါးလုံး ၊ အနော် နှင့် စည်သူတို့ကို အကူအညီ တောင်းထားသည့်အပြင် ၀က်ဝံလေးကိုယ်တိုင်ပါ ၀င်သရုပ်ဆောင်ပေးသည်။ သူတို့အဖွဲ့ကို သရဲလေးကောင်ဟု သူတို့ဘာသာ အမည်ပေးထားသည်။ မီးရောင်မှိန်မှိန်ထွန်းထားသော အိမ်ထဲတွင် ၀င်ကြည့်သော ပရိတ်သတ်များကို သရဲဝတ်စုံများဝတ်ပြီး ခြောက်ပေးရသည်။ ၀က်ဝံလေးက အင်္ကျီပေါ်တွင် အရိုးခြောက်ပုံသဏ္ဍာန် ဆေးအဖြူချယ်ကာ ခြေလှုပ်လက်လှုပ် လုပ်ပြသည်။ ပါးလုံးက အစွယ်အတုကြီးတပ်ကာ လက်နှိပ်ဓါတ်မီးရောင်ကို မျက်နာထိုးထားပြီး လိုက်ခြောက်သည်။ အနော်ကတော့ ၀တ်ရုံအမဲကြီးကိုခြုံ၊ လက်တဘက်မှဓါးပြားကြီးနှင့် ညာလက်တွင်ပုဆိန်တလက် ကိုင်ဆောင်ကာ ခုတ်မလို ထိုးမလို လုပ်ပြသည်။

စည်သူကတော့ သနပ်ခါးထူထူလိမ်း ဆံပင်တုတပ်ပြီး ဖားလျားကြီးချကာ ထမီရင်လျားဝတ်ပြီး လက်ယက်ခေါ်တဲ့ဟန် လုပ်ပြသည်။ ၀င်ကြည့်သောကောင်လေးတွေက မကြောက်ကြသည့်အပြင် “မာမီသရဲ မာမီသရဲ” ဟုအော်ဟစ် နှုတ်ဆက်ကြသည်။ ပရိတ်သတ်ကို ခြောက်လန့်ရန် ရည်ရွယ်ပြီး သရဲအဖြစ် သရုပ်ဆောင်ထားသူများ တနေရာမှ တနေရာသို့ သွားလာနေကြသည် ။ ထောင့်ကွယ်တခုမှ ထွက်လာ သော ၀က်ဝံလေးကို ဖြုန်းခနဲတွေ့လိုက်ရသဖြင့် ပါးလုံးမှာ “ဟဲ့သောက်ပလုတ်တုတ်” အော်ကာ မေ့သွားသဖြင့် နှာနှပ်ယူရတော့သည်။

ဤသိုဖြင့် သရဲလေးကောင် လည်း တယောက်ကိုတယောက် ရှောင်ရင်း တိမ်းရင်း လာကြည့်သော ပရိတ်သတ်များကိုခြောက်လှန့်နေတော့သည်။

*****

ပထမဆုံးအကြိမ်ကျင်းပသည့် ဘလော့ဂါ ပွဲဈေးတန်း အတွက် CNN ရဲ့ သတင်းထောက် မဆုမွန်နှင့် BBC သတင်းထောက် မတူးတူးသာ တို့က သူ့ထက်ငါဦးအောင် သတင်းလိုက်ယူနေကြသည်။ ဒီပွဲတော်တွင်တော့ သတင်းထောက် နှစ်ယောက် အထူးမျက်နာပွင့် နေကြသည်။ မိမိ၏ဈေးဆိုင်လေး ကမ္ဘာကျော်ချင် စိတ်ကြောင့် ဟိုဆိုင်က မုန့်ခေါ်ကျွေး ဒီဆိုင်က လ္ဘက်ရည်တိုက်ကြဖြင့် သတင်းထောက်နှစ်ယောက် ဗိုက်လေးပြီး ညဦးပိုင်းကလို အပြေးအလွှားသတင်းမယူနိင်တော့ပေ။ တိုက်ရိုက်ထုတ်လွှင့်နေသည့် အစီအစဉ်တွင်လည်း သတင်းထောက်တွေ၏ မုန့်တမျိုးပြီး တမျိုးစားသည့် ပုံများကိုသာ တကမ္ဘာလုံးကြည့်ပြီး သရေ ယိုနေကြရသည်။

*****

ကောင်းကင်ပြာ ၊ကောင်းကင်ရဲ့ သမီးပျို အစရှိသည့် ကောင်းကင် အုပ်စုက နာမည်နှင့် လိုက်အောင် မြေမနင်း အလုပ်ဖြစ်သည့် ချားရဟတ် ထောင်ထားကြသည်။ ခက်တာက သူတို့ချားရဟတ်ကို မည်သူမှ မစီးဘဲ ကွေ့ရှောင်သွားကြသဖြင့် ပွဲတော်၏ပထမဆုံး ညဦးပိုင်းမှာတင် မျက်ကလဲဆန်ပြာ ဖြစ်နေကြသည်။ မြတ်မည်ထင်၍ ဆွဲကြိုးပေါင်ကာ အရင်းလုပ်ထားရသူခမျာလည်း သူ့လည်ပင်းကို ယောင်ပြီး ပွတ်မိတာ အခါခါပါပဲ...။

လူအများစီးချင်စိတ်ဖြစ်ရန် သူတို့လူများက ရဟတ်ပေါ်တွင် နေရာယူပြီး စီးပြကြသော်လည်း မည်သူမျှ လိုက်မစီးကြသဖြင့် သူတို့လူတွေလည်း တချို့ဆိုလျှင် ရဟတ်မူး၍ အန်ကုန်ကြသည်။ ပွဲတော်လာ ပရိတ်သတ် ကတော့ မူးပြီး အန်သည့် သူများကို သနားအကြည့်ဖြင့်သာ ကြည့်သွားကြသည်။  ဒီလိုတော့မဖြစ်ချေဘူးဆိုပြီး အနားရောက်လာသည့် ရင်းနှီးသူတယောက်ကို ဘာကြောင့် ချားရဟတ် မစီးကြတာလဲ စုံစမ်းတော့မှ
အဖြစ်မှန် ပေါ်တော့သည်။ သူတို့က ကောင်းကင်တို့ ရဲ့ ချားစီးကြမလား ဆိုပြီး မိုက်နဲ့အော်ကာ လူခေါ်တာကြောင့် ဘယ်သူကမှ သူတို့ချားမစီးချင် ကြခြင်းဖြစ်၏။

အမှန်တော့ ကောင်းကင်အုပ်စုခမျာ ပွဲအတွေ့အကြုံ မရှိခြင်းဖြစ်သည်။ ချားရဟတ်ဆိုတာ လူခေါ်ဘို့ မလိုအပ်ဘူးဆိုတာ သူတို့မသိကြပေ။ လူတွေက ချား(ချားရဟတ်) မြင်လျှင်စီးရမည်ဆိုတာ အလိုလို သိနေပေမယ့် သူတို့က ဖော်ရွေစွာနှင့် လူခေါ်တော့မှ အခြေအနေတွေက ရှုပ်ထွေးသွားတာဖြစ်သည်။ အတွေ့ အကြုံရသွားသော ကောင်းကင်အုပ်စုလည်း ကုန်သွားသည့် အချိန်တွေအတွက် ပိုက်ဆံမြန်မြန် ပြန်ရှာရတော့သည်။ ချားရဟတ်စီးခကို ပုံမှန်ထက် ၂ ဆတင်လိုက်သဖြင့် စီးသူများက မကျေမနပ်ဖြစ်ကုန်ကြသည်။ တချို့က အမြတ်ကြီးစား တွေဟု မကြားတကြားနှင့် ပြောသွားကြသည်။

သူတို့ကလည်း စေတနာမချို့တဲ့ကြောင်း ပြသည့်အနေနှင့် ပန်ချီဆရာတယောက်ကို ချက်ချင်းရှာကာ စာတန်းတခုအမြန်ရေးခိုင်းလိုက်ပြီး မြင်သာသည့်နေရာတွင် ထောင်ထားလိုက်သည်။ သူတို့၏ ဆိုင်းဘုတ်တွင်
“ရဟန်းသံဃာများ , မယ်သီလရှင်နှင့် ၂ နှစ်အောက် ကလေးများ အခမဲ့ စီးနှင်းခွင့်ပြုသည်။” ဟုရေးထား လိုက်လေသည်။

*****

ကိုလူထွေးကတော့ ဒီပွဲတော်တွင် သူ၏ ကော်ပီများနဲ့တခဏ စာအုပ်များရောင်းချသည်။ မြန်မာပြည် မှာကဲ့သို့ စာအုပ်တအုပ် ၀ယ်ယူ သူတိုင်းကို စာရေးဆရာမှ အမှတ်တရ လက်မှတ်ထိုးပေးသည့် ပုံစံကို နှစ်သက်သဖြင့် သူ့စာအုပ်ဝယ်တဲ့ သူတိုင်း လက်မှတ်ထိုးခွင့်ရှိသည်ဟုကြေငြာထားသည်။ ထူးထူးခြားခြားလုပ်လေ့ရှိသည့်အတိုင်း သူက လက်မှတ်ထိုးပေးခြင်းထက် သူ့ကိုပြန်ပြီး လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။ လက်မှတ်ထိုးရသည့်နေရာများက ပိုပြီးဆန်းနေသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားပြီး ရင်ဘတ်နှင့်ကျောတွင် အမှတ်တရ လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။

နာမည်ကြီးတယောက်ဖြစ်သည့်အပြင် ထူးထူးခြားခြား အစီအစဉ်ကြောင့် ကိုလူထွေး၏ စာအုပ်ဆိုင် အလွန်ကို အောင်မြင်နေသည်။ ထိုအချိန်တွင် မိန်းမလျှာသုံးယောက် ရောက်လာပြီး မည်သူမှ လက်မှတ်မထိုးရသေးသော နေရာတွင် လက်မှတ်ထိုးမည်ဟုဆိုပြီး အတင်းဝင်ဆွဲကြသည်။ ကိုလူထွေးလည်း ဘူးသီးနုနု မခူးရဟုအော်ပြီး ထွက်ပြေးရတော့သည် ။ နောက်ဆုံး မဒမ်လူထွေး၏ မျက်ထောင့်နီဖြင့် အကြည့် ခံရပြီးသည့် နောက်တွင်တော့ လက်မှတ်ထိုးခြင်းကို ရပ်နားလိုက်ရတော့သည်။ ဒါတောင် မိန်းမလျှာ သုံးယောက်က တော်တော်နှင့်လက်မလျော့သေးဘဲ ဆိုင်အနားတွင်ရစ်သီရစ်သီ လုပ်နေသေးသည်။

ဤသို့ဖြင့် ဘလော့ဂါပွဲခင်းကြီးမှာ အဖြစ်အပျက် အစုံအလင်တို့ဖြင့် သက်ဝင်လှုပ်ရှားနေတော့သည်။

။..................................................................။

အငြိမ်နှင့်လိုက်ဖက်ရန် ပွဲခင်းတခုကို ဖန်တီးပေးထားခြင်းဖြစ်ပါသည်။ ဒီပို့စ်ထဲတွင် ပါဝင်သော သူငယ်ချင်း များကို ခင်မင်မှု သက်သက်ဖြင့်သာ နာမည်ထည့်ထားခြင်း ဖြစ်သည်။ နစ်နာစေရန် မရည်ရွယ်ပါ။


ဝန်ခံချက်။....။ ဒီပို့စ်ထဲတွင် ပါဝင်သော ကိုလူထွေး၏ ဇာတ်ကွက် ကိုတော့ ဆရာမင်းလူ၏ ဝတ္ထုတစ်ပုဒ်ထဲမှ ယူရေးပါသည်။ ကျန်တာများအားလုံးကတော့ ကျနော့်စိတ်ကူးသက်သက်ဖြစ်ပါသည်။



မေတ္တာဖြင့် သရုပ်ဖော်ပန်းချီ ရေးဆွဲပေးသော ပန်းချီဆရာဥာဏ်စိုးအား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျာ။



ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း

97 comments:

chitpalone said...

တစ် နေရာယူ
ညီမလေး ပုန်းပုန်း

chitpalone said...

နှစ် အသင့်ပြင်
ညီမလေး ပုန်းပုန်း

chitpalone said...

သုံး မျက်မှန်တပ်
ညီမလေး ပုန်းပုန်း

chitpalone said...

လေး သေချာထိုင်
ညီမလေး ပုန်းပုန်း

chitpalone said...

ငါး ရေတခွက်ချ
ညီမလေး ပုန်းပုန်း

chitpalone said...

ခြောက် ရယ်ဖို့ပြင်
ညီမလေး ပုန်းပုန်း

chitpalone said...

ခုနှစ် ဖတ်ဖို့ပြင်
ညီမလေး ပုန်းပုန်း

chitpalone said...

ကဲ အစိန်မန့်ဖို့ ဖတ်ပါတော့မယ်။ တစ်ရနေ ရှစ်ထိယူလိုက်ရတာ သေပျော်ပါပြီ။ မကျေနပ်လို့ ပါးလုံးကိုခေါင်းရိုက်ခွဲချင်တယ်ဆိုပါက သံခမောက်စောင်းပြီး စောင့်နေပါကြောင်း အဟိ။
ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း

Sein Lyan Tun said...

အောင်မလေးဟဲ့....


တစ်ဦးတာတောင် ကိုးလောက်ဖြစ်နေပြီး


း((

သုဒြေ္န said...

ပုန်းကို ရေထဲ့ ပြီးသား ပုံးနဲ့ လောင်းချင်တယ် နေရာတွေသူတယောက်ထဲယူထားလို့ ခင်တဲ့ ကိုကြီးသုဒြေ္န

အရုပ်ကလေး said...

အင် ... မိပုန်းရယ် ..
ပျော်လွန်းတာ အမှန်ပေမယ့်
ဒေါ်လွန်းသာ ခေါ်ပြီး ရိုက်ခိုင်းလိုက်ချင်တယ် .. ဟိ
သူပဲ နေရာယူ သူပဲ .. သူပဲ ..

မသိပေမယ့် စသွားတာနော် .. ဂျိတ်မထိုးနဲ့ ..
ချည်မရှိဘူး .. ဟိဟိ

idulize (အရုပ်ကလေး)တို့များ အဖြစ်က အဲလို
တော်သေးတယ် .. ဘလော့ခ်ဒေးမှာ ရောင်းလိုက်ရလို့ .. ကျန်တာကို ပြည်နဲ့ သရေခေတ္တရာမှာ ဆက်ရောင်းတာ ကုန်သွားတယ် အသက်ရှူချောင်သွားတာပေါ့ .. ဟိဟိ

အခုတလော လူကဟာသလေးတွေ ဖတ်ချင်နေတာ အတော်ပဲ .. စိတ်အပန်းဖြေသလို ..ရေးနိုင်တဲ့ အစ်ကိုလည်း တော်ပါပေတယ် .. ။
ကြာရင် ကဗျာတွေလည်း မထွက်ပဲ နေမယ်နော် အစ်ကိုတော် .. ဟာသလိုင်းရောက်ဦးမယ် ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

Anonymous said...

အေးလေ ဘာလိုလူလဲဟ... တော်ရုံပေါ့ ..မကေနပ်ရင် လက်ဝှေ့ကြိုးဝိုင်းပေါ် တက်လာခဲ့ ထိုးမယ်...။ ကြိုးဝိုင်းမှာ လူမရှိတာနဲ့ အတော်ပဲ..။

kiki said...

အောင်မလေး ကို မြစ်ကျိုးရယ် ။။
ရေးတတ်လိုက်ပါပေ့ ။
လူစုံ တက်စုံ အကြောင်းစုံ နဲ့ ..
ရယ်လိုက်ရတာ ...ဟားဟားဟား

ဒီပုံစံ အတိုင်းသာဆို မြစ် တင်ကျိုးမှာ မဟုတ်တော့ဘူး
ပင်လယ်ကြီးတောင် ကျိုးသွားနိုင်တယ် ..

ဘလောဂါတွေ စုံရုံတင် မဟုတ် ။ဦး သုနြေ္ဒကြီးလည်း အငြိမ်မနေရ .. ..
ခွိခွိ ..မိုက်တယ်ဗျိုးးး
Bravo , Once More , ရွှီးးးး ဖြောင်းဖြောင်း
( နောက်ဆုံး မြည်သံစွဲ က လက်ခုတ်သံနော် .. သနပ်သံ မဟုတ်... )

ခင်တဲ့
မကိ ( နေကောင်းလို့  ပွဲခင်းထဲ ထွက်ကဲနေတာ ...း)

သုဒြေ္န said...

D လိုပွဲဈေးမျိုးတကယ်ရှိသင့် တယ် Z လမ်းလေးစဉ်းစားပုံကောင်းတယ်နော် 8 ချင်တဲ့ စိတ်တောင်ပျောက်သွားတယ် P ပြင်တဲ့ ခင်မင်မှုကိုရစေတာအမှန် တကယ်သာရေး ခဲ့ သလိုဖြစ်မယ်ဆိုရင် ဘလော့ ဂါတွေ အများကြီးနဲ့  ခင်မင်ခွင့် ရမှာနော် စိတ်ဖိစီးမှုတွေသက်သာရာ ၇လိုက်တယ်လို့ ခံစားမိပါတယ် ကျေးဇူးတင်တယ်နော် ညီလေး ချစ်ချင်းများစွာဖြင့် ခင်တဲ့ ကိုကြီး သုဒြေ္န

jr.lwinoo said...

နင့် အိုင်ဒီယာတွေ ရေလည်လန်းတယ်ဟာ။
တကယ်စာရေးကောင်းတယ်။ ပွဲခင်းဆုံးအောင် လျှောက်လိုက်တယ်။
ဒီတခါ ငါပါလာပြီပေါ့။ ဘယ်နေရာက ပါပါဟာ။
း)
ခင်တဲ့
ဂျူ

yangonthar said...

ဘူးသီးကြော် ရမယ်နော် အစ်ကို အစ်မတို့ 
အကြော်စုံစားမယ် ရန်ကုန်ဘူးသီးကြော်ဗျ
ပူပူနွေးနွေးနော် အချဉ်လည်းကောင်းတယ် ဆလပ်တွေလည်း လတ်တယ်နော် ရေနွေးက ရှမ်းပြည်က စော်ဘွားကြီး နှုတ်ခမ်းမွေး ကြိုက် လောက်သောက် ကျသလောက်ရှင်းနော်
ပုစွန်ကြော်၊ပဲကပ်ကြော်၊ မန္တလေးပဲကြော်၊ မြင်းခွာရွက်ကြော်၊ပုစွန်စာရွက်ကြော်၊ ဗရာကြော်၊ကြက်သွန်ကြော်၊ အာလူးကြော်၊
တို့ ဟူးကြော်၊ကန်စွန်းရွက်ကြော် (ဘယ်ကပါလာပါလိမ့် :P)ကိုညောင်ရမ်း ကြီး လာပါထိုင်ပါ အကြော်ပူပူစားပါ နားပါ လက် ဝှေ့စင်က ပြန်လာတယ်ထင်တယ် ..... :D
မကျေမချမ်းမဖြစ်နဲ့ နောက်တစ်ပွဲကျမှ ဝါသနာရှင် လက်ဝှေ့ စင်ဆိုပြီးသာ ထည့်လိုက် ကိုညောင်ရမ်း ကျနော် ပုဝါကူမယ် အကြော်ကြွေးမယ် ...... ကဲ ဟို ဧရာသား မင်း ဘူးသီးကြော်ယူတာ နှစ်ရာရှိ နေပြီနော် ပိုက်ဆံလည်းပေးဦး ..... လာပါ ထိုင်ကြပါ .....စားကြပါ
ဟီးဟီး အစ်ကို ရေ အကြော်လာရောင်းတာ
ရန်ကုန်ဘူးသီးကြော် ....ဟာ ဘူးသီး သေဟဲ့
တိန် ကနဲ့ကို မြည်တာပဲ ......
:P :P :P :P
အစ်ကို ပွဲဈေးမှာ ဈေးရောင်းခွင့်ပြုလို့ ကျေးဇူးလည်းတင်ပတယ် ဝမ်းလည်းသာ
ပါတယ် ဖတ်ရတာလည်း အူတွေကော ဘာတွေ ကော အကုန်ကိုတက်သွားပါတယ်
ပျော်စရာလေးအတွက် ကျေးဇူးပါ အစ်ကိုရေ
လေးစားခင်မင်လျှက်
ညီငယ်ရန်ကုန်

ဝက်ဝံလေး said...

ပါးလုံး နာတော့မယ် တကောင်တည်း သောင်းကျန်းသွားတယ် ဟားဟားးးးးး

ကိုမြစ်ကျိုးအင်းရေ ရယ်လိုက်ရတာ ဝက်ဝက်ကိုကွဲလို့ အေးနော် ဒီတခါ အငြိမ့်ကရင် ခေါ်နော် အဲလိုပဲ သရဲအိမ်ဖွင့်မယ် ဟားဟားးးးးးးးးးးးးး

မငုံ said...

အိုက်ခိလောက်ရယ် ကျေးဇူးတင်လိုက်တာဟယ်။ အရက်ဆိုင်ကို ဆိုင်နဘေးမှာ လာဖွင့်ပေးလို့.။မဟုတ်ရင် လေယာဉ်ခတော့မသိဘူး။ လမ်းလျှောက်ပြန်ရလိမ့်မယ်။ ကိုမြစ်ကြီးမသိလိုက်ဘူးထင်တယ်။ မကြီးကီတို့ဆေးခန်းက မိုးရေလိုတာ ကန္တာရမိုးရေမှဆိုလို့ မနည်းပြောယူရတယ်။ :)) ကိုသုနြေ္ဓကြီးက ဆိုင်ခန်းနံပါတ်တစ်ရတယ်ဆိုပြီး မငုံဆိုင်ဘက်မလာဘူး။ :( ကိုမြစ်တွေ့ရင်ပြောလိုက်ဦးနော့။
ပျော်ရွှင်စွာဖတ်သွားတယ် ကိုမြစ်ရေ...

kaungkinpyar said...

ကောင်းကင်တွေ ရဲ့ ချားစီးမလား ဝေးးးးးး အဲလေ အဲ့ဒါကြောင့် လူမလာတာ မှားလို့ မှားလို့၊ရဟန်း သံ ဃာတွေ၊ သီလရှင်တွေ ၂နှစ်အောက် ကလေးတွေ အလကားနော် အလကား လာထား လာထား .....

ကြိုက်တယ် မောင်လေးရေ၊ သေချာလဲ ဖတ်သွားတယ်နော် ၊ ရီလိုက်ရတာလဲ အူကို နာလို့း)

thawzin said...

ဈေးကြီးက အကျယ်ကြီးပဲနော်......... ဈေးရောင်းရတာ ၀ယ်သူနည်းတော့ ဈေးလည်လိုက်တယ်လေ........... ကိုယ့်ဆိုင်ကို မိုးလင်းမှပြန်ရောက်တယ်....... ရောင်းလို့မကုန်တဲ့ ကုန်တွေလဲ ပြောင်စလာခင်းသွားပါတယ်....... ကားစရိတ်သက်သာတာပေါ့လေ...... အမျှအမျှ ဤမျှကုသိုလ် သာဓုခေါ်နိုင်ပါစေတော်....
အယ်ဗျာ

အိုက်ခီလောက် said...

နေရာအရင်လာယူပါတယ် အလုပ်ပြီးတာနဲ့ တန်းဝင်လာတာ ကိုကျိုးရ
ဖျာ နံပါတ် ၂၁ ဖြစ်နေတယ် အဟင့်
ပြန်လာမန့် မယ် ခုတော့နေရာဦးထားတာ
ဖျာခင်းထားတယ်နော်သိလား ပြန်လာမယ်

chitpalone said...

အဟဲ ဖတ်ပြီးရယ်လိုက်ရတာ ဝက်ဝံလေး ခြောက်တာမေ့သွားလို့ အခုမှပဲ သတိယလို့ ပြန်မန့်တာ။ တကယ်ပွဲခင်းထဲ လည်လိုက်ရသလိုပဲ။ သိလား။ အဟိ ကျေးဇူးပါကိုမြစ်ကျိုးအင်းရေ ဘာပဲဖြစ်ဖြစ် သရဲတော့လုပ်လိုက်ရသေးတယ်။ မဆိုးဘူး ကိုမြစ်ကသိပုံရတယ် ပါးလုံးက လုံးဝသရဲမကြောက်ဘူး။
ခင်မင်လျှက်
ညီမလေး ပုန်းပုန်း

အိုက်ခီလောက် said...

အရက်ရောင်းတာလည်း အကြွေးတွေချည်းပဲအားပေးနေတယ်
မပေးပြန်ရင်လည်း လာမသောက်ကျဘူး
အဆိုးဆုံးက ကိုမြစ်ကျိုး သူ့ ပဲ အကြွေးများနေတာ
မငုံေ၇ဖိုးတောင်မရှင်းရသေးဘူး ဒီကြားထဲ ကိုသော်ဇင် ကလည်း သူ့ ထန်းရည်ဖိုးချည်းလာတောင်းနေတယ် လေးကောင်ဂျင်မှာရှုံးတယ်ဆိုလားပဲ
ဒီကြားထဲဆူဆူညံညံဆို လုံခြုံရေးသမား လတ်လတ်ဇော် ၊ ဂျစ်တူးလေး နဲ့ ဂျူနီယာလွင်ဦးတို့ ကလည်း အပြေးတစ်ပိုင်းနဲ့ လာလာတတ်သေးတယ်
လိုင်းကြေးမပေးရလို့ ထင်တယ်
ခုနကပဲ ကိုညောင်ရမ်း နည်းနည်းသောက်ပြီး လက်ဝှေ့ စင်ပေါ်သောင်းကျန်းနေတယ်ကြားသေးတယ်
ကိုမြစ်ကျိုးလည်း အရက်မူးပြီးအငြိမ်မနေပဲ သမီးပျိုတို့ ကောင်ကင် အဖွဲ့ ကချားကို စီးလိုက်တာ ချားရဟတ်ပြုတ်ထွက်လို့ မကီဆေးခန်းပြေးပြီးဆေးထည့်ရသေးတယ်
တော်ပါပြီ တော်ပါပြီ လျှောက်တွေးနေရင် အရက်တွေရောင်းရမှာဟုတ်ဘူး
ကဲ ကဲ သောက်တော်ဗူးရယ်တဲ့အိုမကွာ အိုမကွာ
အိုးလေးလှုပ်ပါဟေ့  အိုးလေးလှုပ်ပါဟေ့

ပျှော်ရွှင်စွာနဲ့ ရယ်မောသွားပါတယ် ကျေနပ်ပါတယ် ကိုကျိုး ရေ

သမီးပျို said...

ငါတို့ချား တယ်လဲအလုပ်မဖြစ်လိုက်ပါလား ဒီတစ်ခါတော့ ချားတစ်ခါစီးရေတမှုတ်တိုက်မယ်လို့ အော်ခေါ်ဦးမှပဲ ဟိဟိ

Sein Lyan Tun said...

ပျော်စရာကောင်းလောက်အောင် အရေးအသားပြောင်မြောက်ပါပေတယ်..

ဘလော့ဂါမောင်နှမတွေရဲ့ ချစ်စရာကောင်းတာလေးတွေကိုလဲ ရေးချသွားနိုင်တယ်...

ဒီဘလော့ဂါ အငြိမ့် လေးနဲ့ ဖျော်ဖြေတဲ့

ဘလော့ဂါ ပွဲခင်းလေးထဲမှာ

ဘလော့ဂါ မောင်နှမတွေ အမြဲတမ်း

စိတ်တူ ကိုယ်တူ အတူတကွ မခွဲမခွာ ပျော်ရွင်စွာ

နားလည်အားပေး စာနာခြင်းများနဲ့ ဘလော့လောက

ကိုပျော်ရွင်စွာ ဖြတ်သန်းနိုင်ကြစေဖို့ ဆန္ဒပြုရင်း

ပီတိတွေ အပြုံးတွေ အပျော်တွေ ကူးစက်သွားပါတယ်..


ချစ်တဲ့

ဖိုးစိန်

Sein Lyan Tun said...

ကိုပိုင်က ပွဲခေါင်း ၊ ပွဲတာဝန်ခံ၊ ဇာတ်ဆရာ၊ ဘက်စုံကို လုပ်လို့ရအောင်ကိုတော်တယ်... ထောင့်စေ့တယ်...

ပြုံးပြုံးပြုံးနဲ့ဖတ်တော့ သိတဲ့ ဘလော့ဂါတွေရဲ့မျက်နှာတွေ ပေါ်လာတယ်...


တစ်ခါတစ်ခါ အသံထွက်ရယ်မိတယ်...

အဲဒီအထဲက ပွဲထိန်းသုံးယောက်ကို လူကြမ်းငှားချင်တယ်.. အဟီးးး


ချားလဲ မစီးဘူး....

တုတ်ထိုးလဲမစားဘူး....

ထမင်းဆိုင်လဲမထိုင်ဘူး...

ဘူးသီးကျော်လဲမစားဘူး...

ကိုယ့်ရေဗူးနဲ့ ကိုယ်လာပြီး ပွဲကမယ်....


ချစ်တဲ့

မျောက်မျောက်

ဖိုးစိန်

စန္ဒီမိုးမြင့် said...

အစ်ကို
ဦးလူထွေး ကြီးကို ကြိုးနဲ့ဝိုင်းတုပ်ပြီးလက်မှတ်ထိုးသွားရင် ပြီးရော ကွာ
ဟီးး အဲကျ ကင်းစောင့် လုံခြုံရေးတွေ အလုပ်ရသွားတာပေါ့
ဟန်ေ၇းပြချင်နေတဲ့ကိုညောင်ရမ်းလည်း အခြောက်တွေေ၇ှ့မှာ ဟန်ေ၇းပြခိုင်းလိုက်ပြီါ်ရော :P
စိတ်ကူးဆန်းဆန်းလေးတွေနဲ့ ရသတစ်ခုကို အမြဲတမ်းပေးနိုင်တဲ့ အစ်ကို့ကို လေးစားပါတယ်အစ်ကို
ခင်မင်လျက်
စန္ဒီမိုးမြင့်
မန္တလေး

မင်းနေဝေး said...

လက်ဝှေ့ပွဲမှာ နှစ်ယောက်လောက်ထည့်လိုက်ရမှာ :D
လက်ဝှေ့မထိုးပဲ စာရေးပြီးပစ်ပေါက်နေမှာ မြင်ယောင်သေး ဟေးဟေး :P

ကြယ်ဖြူစင် said...

ဘလော့ဂါအငြိမ့်ရော.ဘလော့ဂါပွဲခင်းရော..
ပျော်စရာအရမ်းကောင်းတယ်..မိုးနဲ့ကြယ်ဆွေး
နွေးပွဲမှာအားရပါးရဆွေးနွေးပြီးမောလို့.
ကိုမိုးစက်ဆီက ရေအလှူ ကိုဘဲအားရပါးရသောက်သွားတယ်..ဝယ်မသောက်
နိုင်လို့...ပွဲခင်းကိုအားရပါးရ လည်သွားပါတယ်
ခင်တဲ့
ကြယ်ဖြူစင်

မဆုမွန် said...

ဘလော့ခ်ဂါ သတင်းထောက် လေလိုင်းပေါ်မှ ရန်တိုက်ပေးသူ ဝေသာလီပုဏား လေလိုင်းပေါ်က လူသတ်သမား မဆုမွန်ကတော့ ပွဲခင်း သတင်း ကိုယ်တိုင် လာယူပြီးတိုက်ရိုက်တင်ဆက်မူ အဖြစ် live လွှင့်သွားပါတယ် တင်ဆက်မူအပြီး ဘလော့ခ်ဂါအချင်းချင်း လက်ဝှေ့ထိုးဖို့ပြန်လာပါမယ်..

အနော် said...

အခုပဲ လူထုဒေါ်အမာရဲ့ ၁၂ ပွဲဈေးသည်ကို ဖတ်နေတာ
အကို မြစ်ကျိုးအင်းရဲ့ ပွဲဈေးတန်းလေးကို ဖတ်လိုက်ရတော့ တကယ့်ကို ပျော်သွားမိတယ်
ပွဲခင်းလေးကို လျှောက်လိုက်ရတာ ခြေထောက်ကို ညောင်းနေတာပဲဗျို့
သရဲကားကြိုက်တာနဲ့ သရဲအိမ်ဆိုတာ တွေ့တော့ ဟုတ်ပီဆိုပီး ဝင်ကြည့်လိုက်တာ ကျန်ကျောင်းဓားကြီး တယမ်းယမ်းနဲ့ ဝတ်ရုံအနက်ကြီးခြုံပီး အီးယား အီးယား အော်နေတာ ဘူဒူလဲ မှတ်တယ် အနော်ဖြစ်နေတယ်ဗျို့ ဟိဟိ ရယ်လိုက်ရတာ သရဲကူခြောက်နေလေရဲ့ ဟိဟိ
ဘလော့ဂါပွဲဈေးတန်းလေးက ပျော်စရာကောင်းတယ် အကိုရေ

ရွက်လွင့်ခြင်း said...

ကိုကျိုးရေ............
ကောင်းကင်အုပ်စုက လူတွေစီးချင်လာအောင်
သူတို့ ကိုယ်တိုင်
ချားစီးပြတယ် နော်
း)
မှတ်ထားပါမယ်
ဒီကောင်းကင်အုပ်စု ဘလော့ဂါပွဲဈေးတန်းမှာ
ချားစီးတယ်ဆိုတာကို

ကြည်ဖြူပိုင် said...

ဟေး..နာ့နွေဦးမိုးလေးလဲပါတယ်ဝေး..ပျော်တယ်ဝေး.ပျော်တယ်ဝေး။။တော်တဲ့သယ်ချင်းအကုန်ပါအောင်ရေးတတ်ပ။

သားကြီး said...

ဖြစ်နိုင်ရင် အပိုင်း ၂ဆိုပြီးတော့တောင်
ဆက်ရေးစေချင်သေးတယ်
ဖတ်ရတာ အားလုံးပဲ ပေါ့ပေါ့ပါးပါးနွေးနွေးထွေးထွေးရှိလှတယ်
အဲ...အဲလိုကောင်းတာတွေရှိသလို မကောင်းတာလည်းရှိတယ်ဗျ
မကောင်းတာကဒီလိုပါ အမှန်မှာ တစ်လစာ သုံးလစာပိုက်ဆံနဲ့ အရင်းလုပ်ပြီး ဝက်သားတုတ်ထိုးဆိုင်ဖွင့်တာပါ ဒီပို့စ်မှာရေးခဲ့
သလိုပဲ ဝက်သားဗန်းသာလျော့ကျသွားတယ်
ပိုက်ဆံကများမလာဘူးကိုး
အဲဒါနဲ့ စိတ်ညစ်ပြီး ကိုအိုက်ခီလောက်တို့ရောင်းတဲ့အရက်နဲ့
အမည်းဖိုးမကုန်ရအောင် ကန္တာရမိုးရေနဲ့ တွဲပြီးသောက်တာ နည်းနည်းများသွားလားမသိဘူး ကိုယ့်ဆိုင်နားပဲကိုပြန်ပြီး ယိုင်တိယိုင်တိုင်နဲ့ပတ်နေတာ ခြေတောက်က“စစ်”ကနဲဖြစ်ပြီးငုတ်ဝင်စူးတယ် ကြည့်လည်းကြည့်လိုက်ရော စားပြီးပစ်ချထားကြတဲ့ တုတ်တွေဖြစ်နေပါရောလား ကိုယ့်အတတ်ကိုယ်မစူးဘဲ ကိုယ်တုတ်ထိုးကိုယ်ပြန်စူးရတယ်လို့
တော်ပြီ နောက်တစ်ခါပွဲထပ်လုပ်ရင် “ညောင်ရမ်း”တို့လိုသတ္တိကောင်းတဲ့သူတွေကိုပဲ အနားခေါ်ထားရတော့မယ်
အဲဒါမှ စားသုံးသူတွေ အဲလိုမလုပ်ရဲမှာ
အနှစ်ချုပ်လိုက်ရရင်တော့ သားကြီးရဲ့ ဝက်သားတုတ်ထိုးဆိုင် ခွက်ခွက်လန်အောင်
ရှုံးသွားခဲ့ပါကြောင်း သုံးလစာပြောင်လို့ အိမ်ခန်းခမပေးနိုင်လို့ တရုတ်မက ကန်ချမယ် တကဲကဲလုပ်နေလို့ ခြေသလုံးဖက် ငိုပြခဲ့ရပါကြောင်း :P

TZA said...

ဟားဟား.. ရသမြောက်ပါပေတယ်။ စာဖတ်သူအနေနဲ့ ဖတ်ရတာ ခဏပဲကြာလို့ နာရီပေါင်းများစွာ အကုန်ခံရေးထားတဲ့ မြစ်မြစ်ကိုတောင် အားနာမိတယ်။

ကဲဗျာ..

“ဒီကိုလာ..ဒီကိုလာဗျို့....ထူးထူးဆန်းဆန်းကြည့်ချင်ရင် ဒီကိုလာဗျို့”

မိုးအိမ့်ဖြူ said...

အတော်ကောင်းတယ် အစ်ကိုရေ ..။ ကျွန်တော်တော့ ဖတ်ရင်းနဲ့ အူတက်နေအောင် ရယ်ရလို့ နားနား ပြီးဖတ်ရတယ်ဗျာ ....။လူတွေတော်တော် စုံစုံလင်လင် ပါ သဗျာ

ဂျစ် said...
This comment has been removed by the author.
Anonymous said...

ဆော်သဟ.. ဖဲ့သဟ.. ဂွတ်သဟ.. ရီရတာ ဗိုက်တောင်နာတယ်.. တကယ်ပြောတာ.. ရေးလည်းရေးတတ်ပေတယ် ကိုမြစ်ရယ်.. မာမီမဖဲဝါနဲ့ မြေမနင်းရဟတ်ကို အတော်သဘောကျသွားတယ်.. ခွိ..

ဝက်ဝံလေး said...

ကိုမြစ်ကျိုးအင်းရေ ကွန်မန့်လေးတွေပါ ဖတ်ပြီးရယ်သွားတယ် သိလား ဟားဟားးးးးးးး ဖေသားကြီး ပြောသလိုပဲ အပိုင်း ၂ ပါ ဆက်ပါလားဟင် ဟဟဟဟ ဒီတခါ များကို မြင်းသမီး အဲလေ မင်းသမီးလုပ်ခိုင်းလေ ကိုရီးယား မင်းသားနဲ့ ဖက်တဲ့အခန်း ဟဟဟ ဒေါက်စီးမှ ရမယ်ထင်တယ် များ က အရပ်ပုလို့ ဟိဟိ နော် အဲဒီ အခန်းလေး ထားပေးနော် အဟက်

ရပါတယ် ကိုမြစ်ကျိုးအင်းရေ ထင်တယ် တဂ်သာတဂ်တာ လူသိပ်များများ စားစား မရေးပေးနိုင်ဘူးလို့ ဘာလို့လဲ ဆိုတော့ မျက်နှာ နာ မှာစိုးလို့လေ ညီမလဲ အဲလိုပဲ ရေးရမယ့် လူတွေက ၅ ယောက်တောင် မကဘူးရော သက် ဆိုတဲ့ ကောင်မစုတ် က ၅ ယောက်ဆိုလို့သာ ခေါင်းကြိမ်းတယ် တော်နေ ကျန်တဲ့ ဘလော့ဂ်ဂါ တွေက သူတို့ကို မခင်ဘူးမှတ်မယ် ဟူးးးးး လေပါတယ် ဂယ်ပဲ ဟွန်းးး

လစ်တော့မယ် နော် ဒုန်းးးဒုန်းးး အဲလို မပြောရတာတောင်ကြာပေါ့ အရင်ကဆို အမြဲပြောတယ် ပျံပြီနော် ဖလပ် ဖလပ် ဆိုပြီး ဟိဟိ ဖေသားကြီးက မေးတာကိုး အခုရော ဝက် ဆိုတော့ ဘယ်လိုလဲ ဆိုလို့ ဟိဟိ အဲလို ဒုန်းဒုန်းးးးး လေး ထည့်ပေးလိုက်တာ ဟားဟားးးးးးးး စာ ဖတ်ပြီး မရယ်နဲ့နော် ညီမက အဲလိုပဲ ဘာတွေ လျှောက်ရေးမှန်းမသိဘူး သိတယ်မလား ဖေသားကြီးရဲ့ မွေးစားသမီးဆိုတော့လဲ သူ့လိုပဲ ရေးချင်ရာ ရေးသည်ပေါ့ အဟက်(ကိုယ်ပေါတာ သူများ ကိုဆွဲထည့်လိုက်သေးတယ်ဟိဟိ) ကဲပါ တကယ်ပြန်ပြီ ဘိုင် တာ့တာ

Anonymous said...

လှတပတလေးရေးပေးပါလား
မော်ဒယ်လ်လေးတွေ ထမင်းဆိုင်ဖွင့်ကုန်ကြပြီပေါ့
ခုတော့အဟင့် ........ အိုးမဲပေတွေနဲ့တဲ့
ကောင်လေးတွေ ဘယ်ငေးတောါမလဲ အလှပဂေးတွေကို
ပြန်ပြီသိလား ရီပြီးးးးးးးးးးးးးးးးးးးးးးးးးးး

Anonymous said...

သြော်....
ပါလုံးလေး မအိပ်ပဲစောင့်နေတာက
ဒါကြောင့်ကိုးးးးးးးးးးးးးးးးးးးးးးးးးးးး
၁ ကနေ ၉ ထိရချင်လို့ လား

ဧရာဝတီသား said...

ကဲ ... ဟောဒီက ဧရာဝတီမုန့်ဟင်းခါး အစစ်ရမယ်ဗျို့။
မြောင်းမြ ဒေါ်ချိုလက်ရာကြိုက်သလား၊ ဘိုကလေး ဒေါ်ညို လက်ရာမျိုးကြိုက်သလား၊ ၀ါးခယ်မ မုန့်ဟင်းခါးလား၊ ကြိုက်တာ ရမယ် လာထား ...လာထား ။
(အဲ ထင်တာထက် ပိုရောင်းကောင်းသား ဟ၊ မkom တစ်ယောက်တည်း သုံးပွဲတောင် အားပေးတာကိုး။ ဒါပေမယ့် ပါးလုံး က ပိုက်ဆံ မပေးပဲ အကြွေးစားသွား သေးတယ်။)
သူများသာ ပြောနေတာ ကိုရန်ကုန် ဆီက ဘူးသီးကြော် အကြွေးယူထားတာ များနေပြီ .. အဟီး။

ဈေးဆိုင်လေး တစ်နေရာ ရလို့အားလုံးကို ကျေးဇူးပါဗျို့။ အကြောင်းတိုက်ဆိုင်ရင် အားလုံးကို ဧရာဝတီမုန့်ဟင်းခါးနဲ့ ဧည့်ခံချင်ပါသေးတယ်။

ကိုညောင်ရမ်းရေ အိုင်ဒီယာ ကကောင်းပါ့ဗျာ။ စာရေးကလည်း တော်ပါပေတယ်။
ခင်မင်လျက်

ကိုလူထွေး said...

အိမ်း... နိပ်သဟ...
ငါကိုယ်တော်မြတ် ခွိခွိခွခွ ရယ်ရလွန်းလို့ ရွှေဘောတော်ကျ ဆေးတောင်ကုယူရသေးသကွ...

ဘာပဲဖြစ်ဖြစ် မြစ်ကျိုးအင်းကို မောင်ပိုင်စားရတဲ့ မောင်ပိုင်ကို စာဆိုတော်ဘွဲ့ ချီးမြင့်ဖို့ အထက်လွှတ်တော်မှာ တင်သွင်းဦးမှပါလေ...

းဝ)

Anonymous said...

ကိုကြီးမြစ်၇ဲ့  ကလောင်စွမ်းကိုတော့ လေးစားတယ်
လူစုံတက်စုံနဲ့  မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် မြင်
သွားတာပဲ...

ခင်တဲ့
ယွန်း

နှင်းနဲ့မာယာ said...

ကန်ထရိုက်တာကြီး ကိုမြစ်က
အငြိမ့်တင်မကဘူး
ပွဲဈေးပါ ကန်ထရိုက်ယူထားတယ်ပေါ့လေ...
စီးပွားရေးဈေးကွက် မြင်တတ်ပါပေတယ်နော်...

နှင်း

ဏီ(န်)ကင်း said...

အကိုရေးလိုက်တော့မှပဲကျွန်တော်လဲမသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေကိုပိုသိပိုခင်ခွင့်ရလိုက်ပါတယ်။ ကျေးဇူးပါအကိုရေ..

မေဇင် said...

း)) ကိုမြစ်ကျိုးအင်း စိတ်ကူးလေးတွေ ကောင်းလိုက်တာလို့ပဲ ပြောချင်တယ်... ခုလို ရေးပြလိုက်တော့လဲ... တစ်ယောက်ချင်းစီရဲ့ နာမည်လေးတွေနဲ့ သူတို့ ရေးတဲ့ ပိုစ့် လေးတွေကို ယှဉ်တွဲမြင်ယောင်ပြီး ပြုံးရတယ်...။

နဒီမိုးညို said...

တစ်ကယ်ရေးတတ်လိုက်တာ..နော်..
ရီလဲ..ရီရတယ်...လူစုံပါတယ်...
ဆက်ရန်..ဖတ်ချင်ပါသေးတယ်..
နဒီတို့ က...ပွဲဈေးလျှောက်သူတွေပေါ့
ပိုက်ပိုက်မရှိလို့ ..ဝယ်မစားပဲ..အိမ်ပြန်ပြီ..တာ့တာ..
အစ်ကိုမြစ်ကိုးအင်းရေ..

မီးမီးချစ် said...

ဟားဟား တော်သေးတာပေါ့.. မီးချစ်အိတ်တွေ မပေးလိုက်ရတား))

နွေးနေခြည် said...

ဟဟားးးး
ကောင်းလိုက်တာ... ရီနေရတယ်။
ဆက်ပါဦးနော်

ဇော် said...

ဟားဟား .. အလုပ်က ပြန်ရောက်ရောက်ချင်း ဖတ်ပစ်လိုက်တာ အောင်မြတ်ငေးး လုံခြုံရေးတာဝန်တဲ့။ ဟိဟိ။
ဘယ်ကောင်လဲကွ .. ကြိုးဝိုင်းပေါ်မှာ ဟန်ရေးပြနေတာ။ လုံခြုံရေးတဲ့ကွနော်။ ဆွဲစိလိုက်ရမလား။ ဟီး။ =P

ကိုလေး ဧရာရဲ့ မုန့်ဟင်းခါးနဲ့ ကိုဂျီးရန်ကုန် ဘူးသီးကြော်တွေ အ၀တီးပလိုက်တာ ခု ထမင်းမစားနိုင်တော့ဘူး။ =P

ရယ်ရတယ်ဗျိုးးး ။ အရမ်းကောင်းတယ်ဗျ။ ဘရာဗို ဘရာဗို။ =D

thetpaingthu said...

hee heee..
yee ya tal.......
kyan kyan phan phan..
yay pae.. yay tat tal...
kwi

ဂေါက်သီးနဲ့ရှောက်သီး said...

တော်တော်လေးကို ရယ်ရတယ်။ဘလော့ဂါတွေလည်းအများကြီးသိခွင့်ရတဲ့အတွက် ကျေးဇူးပါဘဲဗျာ

www.eainmatchayyar.blogspot.com said...

အကိုရေ လာလည် သွားတယ်နော်
လာလည်ခွင့်ရတဲ့ ကျေးဇူးပါ
တကယ်ကိုကောင်းတဲ့ စာအရေးအသားကိုဖတ်ခွင့်ရလိုက်တယ်
မြန်မာပြည်က အကြည်တော်ဖတ်ခွင့်ရရင်တောင်
သူထိုင်ငိုသွားလောက်အောင်ကို ရယ်ပါတယ်ဗျာ...
ဘလော့ဂါ အဖွဲ့ တွေ တစ်နေ့ အပြင်မှာ သာ
အဲဒီလိုဆုံခွင့်ရရင် ဒီထက်ပိုပျော် ဖို့ ကောင်းမယ်နော် ...ဟီး ;Dတကယ်ကို ရယ်ရတယ်ဗျာ...
အကိုရဲ့ ဆန္ဒတွေ နဲ့ အတူ အရာအားလုံး ထပ်တူကျပါစေလို့ ........ချစ်နန်းဝိုင်

Anonymous said...

ပွဲဈေးတန်းထဲ လျှောက်ဖို့ အချိန် မရဘူးဗျာ လူရွှင်တော် လုပ်နေရတော့... ဘယ်မှ မရောက်ဘူး...မဆုမွန်နဲ့ မတူးတူးသာတို့ တင်ပြတဲ့ သတင်းပဲ နောက်တနေ့မှာ ပြန်ကြည့်လိုက်ရတယ်ဗျာ.။

Waing said...

ဟားဟားဟား
ပွဲဈေးတန်းမှာ တော်တော်စုံတာပဲ စည်စည်ကားကားပဲနော်။

ahphyulay said...

အဝီစိထဲတော့ ရောက်နေပြီ၊ဒါပေမဲ့အော်ရမှာပဲ။ငါးဆယ့် ခြောက်လားခုနှစ်လားမသိဘူး။ကြာဇံကြော်မိုးလင်းအောင်ဝက်ဝက်ကွဲရောင်းနေရလို့ နောက်ကျသွားတယ်။

ထင်လင်းအောင် said...

အရမ်းရယ်ရတယ်... အဖတ်တောင်နောက်ကျနေပီ...
;D

စိမ်း... said...

ကိုမြစ်ကျိုးအင်းကျ ဘာလုပ်... ???

မယ့်ကိုး said...

လှလှပပ ပွဲဈေးကို ရယ်ရယ်မောမော ဖြတ်လျှောက်သွားပါကြောင်းး)

ဂျစ် said...
This comment has been removed by the author.
မချစ်ရ said...

အကိုရေဟိုတနေ့ကလာဖတ်တယ်အကုန်မပြီးလိုက်ဘူး
ဒီနေ့တော့အပြီးဖတ်လိုက်တယ်..နော်
ရီသွားရတယ်ဆွေးနွေးပွဲမလုပ်ခင်ပွဲဈေးတန်းမှာရှိတဲ့
ကိုသားကြီးဝက်သားဓုတ်ထိုးအားပေးသွားပါတယ်
ချားရဟတ်စီးပြီးဆွေးနွေးပွဲမှာမူးမူးနဲ့သောင်းကျန်း
ခဲ့ပါကြောင်းးးးးးးးးးး

ဝက်ဝံလေး said...

ထပ်ရီချင်လို့ ကွန်မန့်တွေ လာပြန်ဖတ်ပါတယ် ကိုမြစ်ကျိုးအင်း ရေ ဟဟဟဟဟ ရယ်ရတယ် ဟိဟိ ပါးစပ်ကို မပိတ်တော့ဘူး ဟဲဟဲ

Anonymous said...

ပွဲဈေးတန်းလာလျောက်ပါတယ်

Anonymous said...

ပွဲဈေးတန်းလာလျောက်ပါတယ်

မိုးစက်အိမ် said...

စာတွေအကုန်ဖတ်သွားတယ်ဗျာ ဖတ်လို.ကောင်းပ
ရီလည်းရီရတယ် ကွန်မန်. 65 ခုဖတ်ပြီးလည်း
ရီနေရတယ် ရေးလည်းရေးတတ်ပဗျာ ... တွေ.ကြ
ပြီပေါ.ဗျာ ကိုကျိုးပြောသလို မိုး နဲ. ကြယ် ကောင်းကင်
ပြာမှာတွေ.ကြ ပြီပေါ. အားပေးလျက်ပါဗျာ ... ဆက်လက်
ပြှး အများကြီးဖတ်ချင်ပါသေးတယ် .... :)

Angel Shaper said...

ဟဟဟားးးးးးး ကိုမြစ်ကြီးကတော့လေ ရေးတတ်တယ်ဗျာ။ မလေးစား၊ မချီးကျူးပဲကို မနေနိုင်ဘူး။ ပင်ပန်းနေတယ် ပြုံးတောင်မပြုံးနိုင်တော့ဘူး။ မအိပ်ခင် ပွေလီလိုက်ပါဦးမယ်လို့ ဆုံးဖြတ်လိုက်တာ မှန်သွားပြီ။ ဟဟဟားးးးး အမောကိုပြေသွားတာပဲ တစ်ယောက်ထဲ အသံကြီးထွက်ပြီးကို ရယ်မိတယ်။ ဟဟားးးးးးးးးး တော်သေးတယ် အခန်းထဲက မမတွေ မနိုးတာ။ ဟိဟိ
မိုးနဲ့ကြယ် အုပ်စုဆွေးနွေးပွဲ အောင်မြင်သွားပြီ၊ ဘာတွေဆွေးနွေးလဲ သိချင်တဲ့သူ ရေခဲမုန့် အ၀ကျွေး ပြောပြမယ်။ ဟိဟိ... ကိုသားကြီး တုတ်နဲ့ထိုးတဲ့ ၀က်သားတုတ်ထိုးတော့ သူစားတာနဲ့တင် ကုန်လိမ့်မယ်။ ရန်ကုန့် ဘူးသီးကြော်တော့ စားမယ် အချောင်... ဟိဟိ။
ဗလတောင့်တောင့်နဲ့ လုံခြုံရေးလေးတွေကို လက်သီးတစ်ချက်စီလောက် ချီးမြှင့်မလားစဉ်းစားတယ်။ ခွက်ပုန်းချနေတယ်ကြားလို့။ ဟဟားးးးးး လေးစားပါတယ် ကိုမြစ်ကြီးရေ.... အမော၊ အပန်းပြေသွားလို့ လဲ ကျေးဇူးကြီးကြီး တင်ပါတယ်ဗျာ။။ ဆက်ပါဦး ဆက်ပါဦး။

ဆောင်းယွန်းလ said...

တော်တော်စည်ကားသိုက်မြိုက်တဲ့ပွဲဈေးတန်းပါပဲ
ပျော်စရာကြီး....ဖတ်ရင်းရယ်လည်းရယ်ရတယ်
အတွေးရောအရေးပါကောင်းတော့ဖတ်ပြီး ပို့စ်ဆုံးသွားတာတောင်သတိမထားမိလိုက်ဘူး..
မိုက်တယ်ညီလေးရေ...ဗေဒင်တွက်တဲ့အကြောင်းကိုဖတ်ရတာအရယ်ရဆုံးပဲ

ဝေလေး said...

ပွဲဈေးလာလျှောက်သွားပါတယ် အစ်ကိုရေ ငယ်ငယ်က ပွဲဈေးလျှောက်ရတာလေး သွားသတိရတယ်.. ဗေဒင်ဟောတဲ့အခန်းဖတ်တော့ အသံထွက်ပြီးတောင် ရီမိတယ်....

စိတ်စမ်းရေ said...

ကိုပိုင်တို့ကတော့ လုပ်တော့မယ်....။ အဲလို
နောက်ရဘူးလေ.... ဟဲဟဲ.....။

flowerpoem said...

ကိုမြစ်ကျိုးအင်းရေ ရီရလွန်းလို့ အူတွေနာတယ် တကယ်လေးစားတယ်ဗျာ .ကောင်းတယ်
နောက်လည်း များ၂ရေးပေးပါနော်.

ဧရာဝတီစာကြည့်တိုက် အဖွဲ့သားများ ..

မိုးမောင်(HappyCloud) said...

ယမ်းဃမ်းရဲ့ ဟောချက်တွေ မတရားမိုက်တယ်ကွာ။ လမ်းမှာ တွေ့ရင့်ပြောလိုက်စမ်းဘာ မေးလည်းမေးချင်တယ်.. ကျွေးလည်းကျွေးချင်နေတယ်လို့.. ဟား ဟား။

ကျုပ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးထဲ ထည့်ထားတာတော့ မကြိုက်ပေါင်။ ဘလောဂ့်ဂါပွဲဈေးတန်းမှာ ဘီယာစတေရှင် ဖွင့်တယ်ဆို ဟုတ်သေး။ မကျေနပ်ဘူး တစ်ကိုးကင်း.. မကျေနပ်ဘူး။ :D

ဖိုးမောင်(happycloud) said...

ဟုတ်တယ်ဗျာ အဲဒါတော့ မမိုက်ဘူး... အဖြူဆိုင်လေးပါ တွဲဖွင့်လိုက်ရင်ပိုကောင်းမယ်... ခုတော့ဗျာ... သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတဲ့...
ဟား ဟား ဟား....
ကိုမြစ်ရေ အရေးကောင်းတာရော ကျနော်တို့တွေ ပါလာတာရော ၀မ်းသာကျေးဇူးတင်ပါတယ်ခင်ဗျာ..

ကိုညီမင်း said...

ဈေးတန်းထဲမှာငေးပြီလျှောက်တာဈေုးတန်းဆုံးတာကိုမသိလိုက်ဘူး
လူတိုင်းအလုပ်ကိုယ်စီနဲ့ပါလားကျတော်ရောဘယ်နာမှာ
လဲဗျ.၇ယ်၇ယ်မောမောပေါ့ပေါ့ပါးပါးနဲ့ဖတ်ကောင်းတယ်ဗျာ

သူကြီးမင်း (တုံးဖလား) said...

ကိုမြစ်ကျိုးရေ...
စကော့ဘက်ခရီးထွက်နေတာ အခုမှ ပြန်ရောက်တယ်။
ဖတ်တာ နဲနဲနောက်ကျသွားတယ်။ အရေးအသားကလဲ ကောင်း၊ အတွေးအခေါ်ကလဲ ထိထိမိမိဆိုတော့ ဒီလောက် အားပေးသူပေါများတာ မဆန်းပါဘူး။
ပွဲဈေးတန်း ပုံပေါ်ပါတယ်။ လောင်းကစားဝိုင်းတွေတော့ အစိုးရက ခွင့်မပြုလို့ မပါဘူးထင်တယ်နော။ တင်ပိုလာတို့ ခြောက်ကောင်ဂျင်တို့ လေးကောင်ဂျင်တို့ ၃၆ ကောင်တို့လေ။ ကျနော် ငယ်ငယ်တုန်းက အဲဒီတောထဲ ကြီးပြင်းလာခဲ့တာကိုးဗျ။ ပွဲဈေးတန်းဆို အဲဒါလေးတွေလဲ မြင်ယောင်မိသေးတယ်။

ဘလော့ဂါတွေ အားလုံးကို နေရာပေးပြီး ရေးထားတာဆိုတော့ အများကြီး အားထုတ်ရတယ်ဆိုတာ ပြောမပြပေမဲ့ နားလည်လို့ရပါတယ်။ အချိန်တွေ အများကြီးရင်းပြီး ရေးထားလို့ တကယ်လေးစားတယ်ဗျာ။

ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

Young Gun said...

ကို မိုးမောင် ပြောလို့ အပြေးအလွားလာဖတ်ရတယ်။ တော်တော်ဆိုးတဲ့ လူကြီး။ ဟဲဟဲ..မမှန်ရင် ဇက်ဖြတ်ဆိုတဲ့ စာတန်းလေးပါ ဗေဒင်ဟောခန်းမှာ ချိတ်ပေးဗျာ။ နောက်တခါဆို မိန်းခလေးများသာ ဟောပေးသည် လက်ကိုင်ပြီးတော့ကို ဟောပေးသည်လို့ ရေးပေးနော်။

မလိခ said...

ပွဲဈေးလျှောက်ရင်း တွေ့ရာမုန့်တွေစားတာ.. ဗိုက်ကိုတင်းသွားတာပဲ... ဒါတောင် မမမိုးကောင်းတို့ဆိုင်က အ၀ စားပြီး ပါဆယ်ဆွဲခဲ့သေးတယ်.. ရေခဲသေတ္တာထဲထားပြီး နောက်နေ့နွှေးစားမယ်လေ.. ဟင်းချက်စရာမလိုတော့ဘူး ဒါဆို...

ကိုသားကြီးရေချိန်မှန်နေပြီလို့ပြောကြလို့ သူလစ်တုန်း ၀က်သားတုတ်ထိုးစားပြီး တုတ်ကလေး တစ်ချောင်း နှစ်ချောင်းတည်းလွှင့်ပစ်မိတာပါ..ဟဲဟဲ

...မုန့်ဟင်းခါးဆိုင်နဲ့ အကြော်ဆိုင်ကိုတော့ ကိုမြစ်ကျိုးညွှန်းလို့ သွားစားလိုက်ဦးမယ်...

ဒါနဲ့ ကိုမြစ်ကျိုးကရော ဘာဆိုင်ဖွင့်တာလဲ.. ပွဲကန်ထရိုက်ကြီးလား.. နောက်တစ်ခေါက်ကျရင်တော့ မလခိကိုလဲဆိုင် တစ်နေရာပေးနော် ကန်ထရိုက်ကြီး... :D

ရွှေ ယွန်း ဝါ said...

ဘလော့ဂါပွဲဈေးတန်း ဖတ်လို့ ကောင်းလိုက်တာ ၊ အရှည်ကြီးရေးထားပေးတယ်။ ဘလော့ဂါအကုန်လုံးပါအောင်ရေးထားတယ်။ အိုင်ဒီယာလေးမိုက်တယ်။ များများရေးနိုင်ပါစေ။

ဂျစ်တူးလေး said...

ကိုအင်းကြီးရေ ဂျစ်တူးက လုံခြုံရေးနေရာ ရထားတော့ အငြိမ့် မှောင်ခိုလက်မှတ် ဘယ်ရောင်းလို့
ဖြစ်ပါ့မလဲဗျ ။

ဒါပေမဲ့ ကိုအင်း ဂျစ်တူးနဲ့လက်လက်ဇော်ကိုတော့
ဖားထားမှရမယ် ....အနည်းဆုံး နေ့တိုင်း အငြိမ့်ဖျာ
နေရာကောင်းကောင်းလေး မေတ္တာလက်ဆောင် ပေးမှနော် ။

ဒါမှမဟုတ်ရင် ပွဲဈေးက အိုက်ခီခေါင်းဆောင်တဲ့ ငမူးတွေ အငြိမ့်ပွဲထဲ ၀င်ကြည့်ခိုင်းလိုက်မယ် .....ပွဲမပြတ်စေချင်ရင်တော့ ဟဲဟဲဟဲ.......သိတဲ့အတိုင်း......လာပေးပေတော့ ဖျာလက်မှတ် ။


စက်ဘီး အပ်တဲ့ဆိုင်က တာဝန်ရှိသူ ဦးသုနြေ္ဒကြီး
စက်ဘီးတွေ လေလျှော့ခံရလို့တဲ့ ဘယ်လိုတုန်းဗျ ။
သေချာလုပ်ပါအုံးဗျ .....နောက်တခါကြားရင် ဒဏ်ငွေထိမယ်နော်.......သတိပေးလိုက်တယ်။

လုံခြုံရေးတာဝန်ရှိသူ
ဂျစ်တူးလေး

ဝသန်မိုး said...

ကိုကျိုးရဲ့ ပွဲခင်းထဲမှာတောင် ကျွန်တောင် အယောက်
၈၀မြောက်ဖြစ်သွားပြီ
ဟိုမှာလေ ကြယ်အုပ်စု နဲ့ ဆွေးနွေးပွဲ လုပ်နေတာကို
ပျော်စရာကောင်းတဲ့ပွဲခင်းလေးပဲ
အကိုရာ
ကိုသားကြီးရဲ့ ဝက်သားးဒုတ်ထိုးကလဲကောင်း
ရန်ကုန်သားရဲ့ အကြော်ဆိုင်ကလည်း ဂွတ်ပဲ
နောက်ထပ် ပွဲဈေးတန်း အပိုင်း ၂ လေးလည်း
မျှော်လင့်ပါတယ်
ဘလော့ဂ်ဂါအငြိမ့်၃ တင်ပြီးမှပဲ
တင်ရင်တင်ပေါ့
မျှော်တော့မျှော်နေမယ်အကိုရာ
ဒီလိုဘလော့ဂ်ဂါသိုက်သိုက်ဝန်းဝန်းနဲ့ 
အပြင်မှာသာ ဆို ဘယ်လောက်ပျော်ဖို့ ကောင်းမလဲနော်

ခင်တဲ့
ဝသန်မိုး

Yu Ya said...

ကိုမြစ်ကျိုးအင်းရေ...ပွဲဈေးတန်းက ကျွန်တော်ဆိုင်မပါဘူးဖြစ်နေတယ်...အဟီး။

ကြော်ငြာခမပေးနိုင်လို့ ချန်ခဲ့တာတော့ မဟုတ်လောက်ပါဘူးနော်။..အဟဲ။။

yu ya

M**e said...

လူတွေအများကြီးကိုပါအောင်ေ၇းတတ်လိုက်တာ
ဒါနဲ့စာေ၇းဆ၇ာကဘာအလုပ်လုပ်လဲကိုမြစ်ကျိုးအင်း၇ဲ့ ဆိုင်၇ှာတာမမြင်ဘူးနော် :)

မိုးခါး said...

မြင်ယောင်သွားပါတယ် မြင်ယောင်သွားပါတယ်
တော်တော် စီစီကားကားပါပဲ
ပထမဆုံးဆိုတော့လည်း အတွေ့အကြုံမှ မရှိပဲနော်
ရှုံးတဲ့အခါလည်း ရှုံးပေမပေါ့ .. :P

သုခုမလေဒီ said...

ဆွေးနွေးပွဲအပြီး စတုဒီသာလေးများဘယ်သူကျွေးမလဲ လို့ လိုက်ရှာလိုက်ရတာ မူးသွားတာပဲ။း)
အာခေါင်လည်းခြောက်သွားပြီမို့  မငုံဆီကကန္တာရမိုးရေ ပဲ အလကားတောင်းသောက်ရတော့မယ်။း)

yangonthar said...

အစ်ကို နေကောင်းလားဗျ .... အဆင်ပြေပါစေဗျာ အားလုံး သတိတရ ရှိကြ ပါတယ် စိတ်လက်ကြည်သာတဲ့အခါ မြစ်ကျိုးအင်းလို့ မည်တဲ့ အိမ်ဘက်လှည့်ခဲ့ပါဦး .... ပျော်ရွှင်ပါစေ အစ်ကိုမြစ်ရေ ....
ပျော်ရွှင်ပါစေ
ရန်ကုန်သား :)))))

ဂျာမုန်းဒန် said...

ဟား..ဟား..ဟား....။
အိုးသူကြီးသုံးယောက်အကြောင်းကပိုဖတ်လို့ကောင်းတယ်။
ဟုတ်တယ်နော်..ဒီသုံးယောက်စုံလို့ကတော့..ပွဲသိမ်းပြီပဲ။
”ဆန္ဒကိုသိက္ဖာဖြင့်ထိန်းပါ”ဆိုတဲ့စာကိုနေရာအနံ့ကပ်ရမှာ အမှန်ပဲ...ဟီး။
တကယ်ပဲ...မျက်စိထဲမြင်ယောင်မိတယ်..မြစ်ကျိုးရေ။
ဘလော့ထဲကသူငယ်ချင်းတွေအားလုံးရဲ့စရိုက်ကိုလည်း မြင်ယောင်မိတယ်။
အစ်မတော့..အရမ်းကိုကြိုက်စားသွားပြီဗျို့။
ဆက်ရေးစေချင်တယ်ဗျို့။

ဂျာမုန်းဒန် said...

ကောမင့်ကနောက်ဆုံးအပိတ်လုပ်လိုက်တယ်နော်။
အစ်မအင်တာနက်မကောင်းလို့မလည်ဖြစ်ဘူး။
အခုမှလည်ဖြစ်တယ်။
ခင်တဲ့အစ်မ
ဂျာမုန်း

နှင်းဟေမာ said...

အစ်ကို မြစ်ကျိုးအင်းရေ.....
အောင်မငီး ရယ်လိုက်ရတာ သေတော့မယ် ....။
မျက်စေ့ထဲမှာပါ မြင်ယောင်လာပြီး အူလှိုက်သဲလှိုက် ၊ ၀က်ဝက်ကွဲ ရယ်ပြီး ဘလော့ဂါပွဲဈေးတန်းကြီးကို အားရပါးရလျှောက်သွားတယ်နော်....။
ခင်မင်လေးစားလျှက်ပါ
နှင်းဟေမာ

ကာရံဆူး said...

ကိုမြစ်ကျိုးရေ..စာရေး အရမ်းကောင်းလိုက်တာ...တကယ်ကို အစုံအလင်နဲ့ ဘက်စုံက ရေးနိုင်တာ ချီးကျူးပါတယ်...ဘလော့ဂါတွေလည်း သူတို့ နာမည် သူတို့ ပို့ စ်တွေက ခုသူတို့ ရောင်းတဲ့ ပစ္စည်းနဲ့ လိုက်ကြတယ်...ဟိဟိ..အရမ်းရယ်သွားတယ် သိလား...

နေ့အိပ်မက် said...

ပွဲဈေးလျှောက်လိုက်ရတာ ဆိုင်ခန်းတွေတောင် မစုံသေးဘူး... ပိုက်ပိုက်ကုန်သွားပြီ.. ဘယ့်နှယ်လုပ်ရပါ့..

ညီညီ said...

တစ်ကယ်တော်တော်ရေးနိုင်တာပဲအစ်ကိုက.. ရယ်ရတယ်ဗျာ. ဆက်ရေးပါဦး အဆက်လေး.

အားပေးလျှက်

ညီညီ(အနာဂါတ်သံစဉ်)

လင်းကြယ်ဖြူ said...

ပွဲဈေးလေးကစည်စည်ကားကား
ရှိပါဘိခင်ဗျာ..

လင်းကြယ်ဖြူ said...

ပွဲဈေးလေးကစည်စည်ကားကား
ရှိပါဘိခင်ဗျာ..

မေသိမ့်သိမ့်ကျော် said...

ဆရာမြစ်ရေ ပွဲခင်းထဲမှာ ဆရာ့ကိုရှာလိုက်ရတာ မောသွားတယ်။ ဆရာက ပွဲခင်းထဲမှာ လာနှပ် နေတာကိုးးးး။း)


ခင်တဲ့

Anonymous said...

ဈေးရောင်းပွဲတော်ရှိမှန်းသိရင်လားဗျာ
ချဉ်ပေါင်တွေလာရောင်းပါတယ်း)


မောင်ဘကြိုင်
ချဉ်ပေါင်ခြံ

Dream said...

ဟားဟား ရယ်ရဒယ်.....
ပွဲဈေးထဲ လျှောက်လည်ပြီး ဘီယာသောက်လိုက်ဦးမယ်ဗျာ...အဲ့လေ.... ဈေးဝယ်လိုက်ဦးမယ်...ဟိဟိ

Urology Surgery in India said...

Great post and thanks for sharing....

 

Posts Comments

©2006-2010 ·TNB