တစ် ကိုး ကင်း

23 February 2010



တစ်ချို့သောသူတွေအတွက် ကျောင်းသားဘဝမှာ အမှတ်ရစရာတွေ အများကြီး ရှိခဲ့ကြမယ်။ ထူးထူးခြားခြား အဖြစ်အပျက်လေးတွေမို့လို့ အမြဲတမ်း မှတ်မိနိင်တာ ရှိသလို တချို့အဖြစ်လေးတွေက အကြောင်းတခုခု တိုက်ဆိုင်မှ ပြန်သတိရပြီး ပြုံးမိတာတွေလည်း ရှိတတ်တယ် မဟုတ်လား။ သေချာတာတော့ ကျောင်းသားဘဝက ကြည်နူးဖွယ်ရာလေးတွေ ပြန်တွေးဖြစ်ရင် စိတ်တွေက နုပျိုသွားတတ်ကြတယ်။ အမှတ်တရ အဖြစ်အပျက် တခုခုကို သူငယ်ချင်း တယောက်ယောက်နဲ့သာ ထိုင်ပြောခွင့် ရခဲ့ရင် အဲဒီစကားဝိုင်းက အင်မတန် သွက်လက်နေတော့တာပါပဲ။ ကိုယ်မေ့နေတာတွေ သူကအစဖော်ပေး ၊ သူပြောလို့ လိုတာတွေကို ကိုယ်က ဖြည့်ပေးနဲ့ ငယ်ဘဝကို ပုံပေါ်သထက် ပုံပေါ်အောင် ရုပ်လုံးဖော်ရင်း ငယ်မူပြန်ဖြစ်ကြမယ်လေ။ အဲဒီလိုလေး ပြောလိုက်ရတာကိုက တငြိမ့်ငြိမ့်ဖြစ်စေတဲ့ ရသလေးပဲ မဟုတ်လား။ ပြန်မရနိင်တဲ့ ဘဝတခုကို အရိပ်အယောင်လေး နဲ့ ရသလောက် တည်ဆောက်ကြည့်တာပဲ မဟုတ်လား။

မကြာသေးခင်တရက်က သူငယ်ချင်းတယောက်က Gmail အကောင့်အသစ်လေးတခု Add လာပြီး ငါ မေးလ် လိပ်စာအသစ်ပြောင်းထားတယ်တဲ့ ဆိုပြီး ပြောလာတယ် ။ ဒါနဲ့ သူ့ Gmail အကောင့်နာမည်လေးကို ဖတ်ကြည့်ပြီး ကျနော်ပြုံးလိုက်မိတယ်။ အဲဒီမှာပဲ ကျနော့်ရဲ့ ကျောင်းသားဘဝက အဖြစ်အပျက်လေးတခုကို ချက်ချင်းပြန် သတိရမိတော့တာပါပဲ။ ထူးထူးခြားခြား အဖြစ်အပျက်မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော ပြန်ပြောဖြစ်ခဲ့တဲ့ အဖြစ်လေးဆိုတော့ တယောက်ယောက်ကို ပြောပြချင်တာနဲ့ပဲ blog ပေါ်မှာ ဖွလိုက်မိပြီ။

ကျနော်တို့ ကိုးတန်းကျောင်းသား ဘဝက အတန်းထဲကို ကျောင်းသူ အသစ်လေးတယောက် ရောက်လာခဲ့တယ်။ သိပ်အချောကြီး မဟုတ်ပေမယ့် ဆံပင် အရှည်လေးနဲ့ ဆိုတော့ ကြည့်ကောင်းတယ် ပြောရမှာပါပဲ။ ကိုးတန်းရောက်နေတာရယ် ကျောင်းသူအသစ် ဆိုတာရယ်ကြောင့် သူ့ကို ကျနော်တို့ အဖွဲ့က စကြနောက်ကြတယ်။ သူအတန်းထဲ ရောက်လာပြီး ပထမဆုံး စာသင်ချိန်မှာပဲ သူ့ရဲ့နာမည်ကို သိလာတယ်။ သူ့နာမည်က ခင်လေးစိုး တဲ့။ ကျနော်တို့ကလည်း ထုံစံအတိုင်း သူ့ကို နာမည်ဝှက်တခု ပေးလိုက်ကြတယ်။ သိပ်ခက်ခက်ကြီးတော့ မဟုတ်ပါဘူး။ ခင်လေးစိုး ဆိုတော့ ခွန်လေးကိုး (၇၄၉) လို့ နာမည်ဝှက် ပေးလိုက်တယ်။ ဒီလိုနဲ့သူ့နာမည်က ကျနော်တို့ အဖွဲ့ထဲမှာ ခွန်လေးကိုး ဖြစ်လာတော့တယ်။

သူ့အကြောင်းပြောရင် ခွန်လေးကိုး လို့ သုံးပြီးပြောဖြစ်သလို သူ့ကိုလည်း မသိမသာနဲ့ ခွန်လေးကိုး လို့ပြောပြီး စဖြစ်တယ်။ ကျနော်တို့က နာမည်ပြောင် နာမည်ဝှက်ပေးတဲ့နေရာမှာ တော်တော်လေးကို ပေါက်ပေါက်ရှာရှာ အထိပေးခဲ့ဖူးတယ်။ နမူနာတခုပြောရရင် မရင့်ကျက်သေးတဲ့ လူငယ်ဘဝမှာ မှာ မိန်းခလေးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပါတ်သတ်ပြီး နာမည်ဝှက်တွေ ပေးခဲ့ကြတယ်။ ဘယ်အပိုင်းဆိုရင် မာန ၊ ဘယ်အပိုင်းဆိုရင် အတ္တ ဆိုပြီး အချင်းချင်း နာမည်ဝှက် ပေးထားတယ်။ ဒီတော့ ကောင်မလေးတွေ အရှေ့က ဖြတ်သွားတာနဲ့ ဒီကောင်မလေးကတော့ အတ္တမရှိရှာဘူး ဒီ အလန်းလေးကတော့ မာနကြီး တခွဲသားနဲ့ပါလား ဆိုပြီး လ္ဘက်ရည်ဆိုင်ရဲ့ စကားဝိုင်းမှာ မာနတွေ အတ္တတွေ ပလူပျံခဲ့ဖူးတယ်။ ဒါကငယ်စဉ်က ကလေးအထာလေးတွေပါ။ မဟုတ်တရုတ်စာတွေ ရေးတယ် မထင်စေချင်ပါဘူး လူငယ်ဘဝ ဖြတ်သန်း ခဲ့တာလေးကို ပြန်ပြောပြတဲ့ သဘောမျိုးပါပဲ။ ၉ တန်း ကျောင်းသားဘဝကို ပြန်ဆက်ရရင် ခင်လေးစိုးကို ခွန်လေးကိုးလို့ ခေါ်တာကြာလာတော့ သူလည်း မိန်းခလေးတို့ရဲ့ မွေးရာပါ ပညာရပ်အရ သူကို ပြောနေတယ် ဆိုတာ သိလာတော့တာပါပဲ။

ကျနော်တို့ အခန်းထဲမှာက စာသင်ခုံတွေကို နှစ်တန်းယှဉ်ပြီး ထားတယ်။ မြင်လွယ်အောင် ပြောရရင် မိန်းခလေးက တဖက် ယောကျာင်္းလေးက တဖက်ပုံစံမျိုးပေါ့။ ခွန်လေးကိုးနဲ့ ကျွန်တော်နဲ့က လမ်းလေးပဲခြားပြီး ဘေးချင်းယှဉ်လျှက် ထိုင်ဖြစ်တယ်။ ဒီတော့ ဂွင် ကြုံတိုင်း မထိတထိ စနောက်တော့တာပေါ့။ ဂွင်မကြုံလည်း ဂွင်ဆင်ပြီး နောက်တာပါပဲ။ ပြဿနာ တက်လောက်အောင် တော့ မနောက်ဖြစ်ဘူး။ ပြဿနာ တက်ရင် လွတ်လမ်းရှိမယ့် အထာလေးတွေနဲ့ပဲ နောက်ဖြစ်တာ များပါတယ်။ ဒီလိုနဲ့ တနေ့ကျတော့ ဆရာမ,မ၀င်လာခင် အချိန်လေးမှာ ကျနော်က သူ့ကို ဟိတ် လို့ အသံပေးတော့ သူလှည့်ကြည့်လာတယ်။ အဲဒီတော့မှ စိတ်မကောင်းတဲ့ မျက်နာ ပုံစံဖမ်းပြီး



"ခွန်လေးကိုးရေ ငါနင့်ကို စိတ်မကောင်းစရာ ပြောရအုံးမယ်ဟ ငါညကလေ တညလုံး သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်ဖြစ်တယ်။ တကယ်တော့ ငါကနင့်ကို ပေါင်းချင်ပါတယ်ဟာ ဒါပေမယ့် နင်က ဘယ်လိုပေါင်းပေါင်း 'ဘူ' ပဲဖြစ်နေတယ်၊ ဒါနဲ့ ငါလည်းနောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ အမြဲတမ်း ဘူ နေမှတော့ ငါလည်း မပေါင်းချင်ဘူးလေ ဒါကို နင်နားလည်ပေးပါဟာ"

ဆိုပြီးရုပ်တည်နဲ့ ပြောလိုက်တော့ ခွန်လေးကိုး တော်တော် စိတ်ဆိုးသွားပါလေရော။ တောက် တချက်ခေါက်ပြီး အေး နင်တွေ့မယ်ဆိုပြီး ကြိမ်းတယ်။ ဘေးကသူငယ်ချင်းကတော့ တခွီခွီနဲ့ ရယ်နေတော့တာပဲ။ ဆရာမလည်း အတန်းထဲဝင်လာရော သူက ဆရာမခုံဆီကို ငေါက်ခနဲ ထသွားတော့တယ်။ သူက မိန်းခလေးပီပီ သွားတိုင်ပြီ ဆိုတော့ ကျွန်တော်လည်း ယောကျာင်္းလေးပီပီ ပြေးပေါက်ရှာကြည့်ပေမယ့် ထိုင်နေတာက အခန်းရဲ့ အလယ်လောက်မှာဆိုတော့ ဘာမှလုပ်လို့ မရတော့ဘူး။ သူထသွားပြီးမကြာပါဘူး ဆရာမက ကျနော့်ကို လှမ်းခေါ်တော့တာပါပဲ။ ရှောင်မရတာနဲ့ ဆရာမဆီ သွားတော့ ခွန်လေးကိုးက ဆရာမ အားကိုးနဲ့ မို့လို့လားတော့ မသိဘူး တရှုံ့ရှုံ့နဲ့ ငိုတောင်ငိုနေပြီ။ ဒီလောက်လေး နောက်မိရုံနဲ့ သူငိုပြီဆိုတော့ ဒါ အမှုမကြီး ကြီးအောင် လုပ်တာလို့ပဲထင်မိတယ်။ ဒီတော့ ကျနော်လည်း ရသလောက်တော့ ပြန်သရုပ်ဆောင် ရပြီပေါ့။

အတန်းထဲကလည်း ဘာဖြစ်မှန်းမသိတော့ စိတ်ဝင်တစားနဲ့ ဝိုင်းကြည့်နေကြတယ်။ ကျနော်ကပဲစပြီး ဆရာမ ကျနော့်ကို ခေါ်လား လို့အရင်မေးလိုက်တော့ ဆရာမက နင် သူ့ကိုအမြဲတမ်း စ နေတယ်လို့ သူလာတိုင်တယ် အဲဒါဟုတ်လား တဲ့မေးတာနဲ့ ကျနော့်ရဲ့ သရုပ်ဆောင်ခန်းတွေ ပြန်လွှတ်ရတော့တာပေါ့။
"သူကသာ နောက်တယ် ထင်တာပါ ကျနော်က သူ့ကို သချာင်္ သဘောတရား ရှင်းပြနေတာပါ ၊ ခွန်ရယ် လေးရယ် ကိုးရယ် ပေါင်းရင် ဘူ ရကြောင်းပြောပြနေတာပါ။ ဟုတ်မဟုတ် သူ့ပဲ မေးကြည့်ပါ ဆရာမ "

ဆိုပြီးသူ့ဘက်ကို ပြဿနာရဲ့ မျှားဦးပြန်လှည့် ပေးလိုက်တယ်။ ဒီတော့ ဆရာမက သမီးကို ဘယ်လိုနောက်လဲပြောပြ ဆိုပြီးမေးတော့ သူက ကြိတ်ငိုနေတယ် အတန်းရှေ့ကို မထွက်စဖူး ထွက်ရတာရယ် တတန်းလုံး ဝိုင်းကြည့်နေတာရယ်ကြောင့်နဲ့ တူပါရဲ့ သူဘာမှမပြောဘူး။ ဒီနေရာမှာ ကိုယ်တွေက အရည်ထူနေပြီဆိုတော့ တပန်းသာ တယ်ပြောရမယ်။

ဆရာမလည်း ဒီပွဲက အီလည်လည်နဲ့ အချိန်ကုန် နိင်တာကို အကဲခတ်မိသွားတယ်နဲ့ တူပါရဲ့။ ' ကဲကဲ နင်ကလည်း သူများမကြိုက်တာမျိုး မပြောမိစေနဲ့ ကိုယ့်အတန်းထဲက မိန်းခလေး သူများလာနောက်ရင်တောင် ကာကွယ်ပေးရမှာ' ဘာညာနဲ့ မိန့်ခွန်းနည်းနည်း ချွေတာပေါ့။ ကျနော်လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ဟုတ်တယ်ဆရာမ ကျနော် သဘောပေါက်ပါတယ် ဆိုပြီးအလိုက်သင့်လေး ပြန်ပြောပေးလိုက်တာနဲ့ ပွဲပြီးသွားတော့တယ် ပြောရမယ်။ ဒီလိုနဲ့ ကိုယ့်နေရာ ကိုယ်ပြန်လာကြတယ်။ စာသင်နေချိန်မှာလည်း ကျနော်က ပါးစပ်ကို လက်ဝါးလေး အုပ်ပြီး ကြိတ်ရယ်တဲ့ ပုံစံ လုပ်ပြနေတော့ ခွန်လေးကိုး မျက်နာ စူပုပ်နေတော့တယ်။ အဲဒီလိုနဲ့ စာသင်ချိန်ပြီးလို့ ဆရာမလည်း ထွက်သွားရော ခွန်လေးကိုးက ကျွန်တော်ကို ရန်တွေ့ပါလေရော။

"နင်တော်တော် လိမ်တတ်တာပဲ၊ ကိုယ့်အပြစ်ကိုယ်ဝန်မခံ ရဲတဲ့ကောင် " တဲ့

ကျနော်ကလည်း ရုပ်တည်နဲ့ 'အေး ငါက ဘီလူးခေါင်း ဆောင်းထားတဲ့ မင်းသားဆိုတာ နင်အခုတော့သိပြီ မဟုတ်လား' လို့ အတည်ပေါက်နဲ့ နောက်လိုက်တော့ သူ့အတွက် ပြောကွက်ရပြီထင်ပြီး ဆင်ထားတဲ့ ထောင်ချောက်ထဲ ဝင်လာတော့တာပါပဲ။

" အေး ဟုတ်တယ် နင်က ဘီလူးခေါင်းနဲ့မင်းသား "

ဆိုပြီး ချက်ချင်းလိုက်ပြောသေးတယ်။ ပြောပြီးမှ ခံလိုက်ရပြီ ဆိုတာကို သိသွားပေမယ့် နင်နော်လို့ပြောပြီး မျက်နာမှာ ရယ်ချင်စိတ်တွေ မဖုံးနိင်တဲ့ပုံနဲ့ လှည့်ထွက် သွားတော့တယ်။ သူလည်းနဲနဲတော့ ထိသွားပြီဆိုတာ မှန်းလို့ရတယ်။ တကယ်ဆိုရင် ဒီနေရာက လမ်းခွဲပါပဲ၊ အတည်လေးတွေပြောပြီး အီစီကလီ လုပ်မလား ဒါမှမဟုတ် အရင်လိုပဲ ဆက်နောက်မလား ရွေးယုံပဲလေ ။ အဲဒီတုန်းကတော့ ဆက်ပြီးစနောက်မယ့် လမ်းကြောင်းပဲ ရွေးလိုက်မိတယ်။ ငယ်သေးတာကိုးးးး :) ။ နေ့လည်မုန့်စားဆင်းတော့ ကျနော်က နင် မင်းသားလေးနဲ့ တွဲကချင်ရင်ပြောနော်လို့ စဖြစ်အောင် စလိုက်သေးတယ်။ နောက်နေ့တွေရောက်တော့ သူဘက်က ဗျူဟာပြောင်း လိုက်ပုံရတယ်။ သူဝယ်လာတဲ့ မုန့်တွေကို စားပါအုံး ဆိုပြီးကျွေးနေသေးတယ်။ ချော့ပေါင်းမယ် ဆိုတဲ့ သဘောလို့ ထင်တာနဲ့ ကျနော်လည်း မစားပါဘူး။ သူ့မုန့်စားပြီးမှတော့ သူ့ကိုစလို့ ဘယ်ကောင်းပါ့မလဲ။ ဒီလိုနဲ့ စရင်းနောက်ရင်းနဲ့ နှစ်လယ်လောက်ရောက်တော့ သူငယ်ချင်းတွေ ဖြစ်သွားတော့တယ်။ အခုထိ လမ်းမှာတွေ့ရင် ခွန်လေးကိုး လို့ စနောက်မိနေတုန်းပါပဲ။

ခင်လေးစိုးကို ခွန်လေးကိုး လို့ စနောက်ခဲ့တာတွေ ပြန်သတိရစေတဲ့ သူငယ်ချင်းရဲ့ Gmail အကောင့်လေးမှာ အရှေ့ကသူ့နာမည်ကို နောက်က ၁၄၃၃ ဆိုတဲ့ နံပါတ်လေးနဲ့ တွဲထားတယ်။ မသိတဲ့သူတွေ အတွက်တော့ ဒါဟာပုံမှန်ပဲပေါ့။ ကျနော်နဲ့က ပေါင်းလာတာကြာပြီဆိုတော့ အကြောင်းတွေ သိနေတယ်။ သူကြိုက်နေတဲ့ ကောင်မလေး နာမည်က ပြုံးပြုံး တဲ့။ အဲဒီတော့ တစ်လေးသုံးသုံး ဆိုမှတော့ ချစ်လေးပြုံးပြုံး ပေါ့ဗျာ။ ဟဲဟဲ ကိုယ့်ဆရာ လုပ်ကွက်က မပိုင်ဘူလား ရိုးတော့ရိုးတယ် ဒါပေမယ့် အဲဒီအကွက်လေးက ခုချိန်ထိလှနေဆဲ အသုံးဝင်နေဆဲပါပဲလေ။

။..........................................................................။

ဒါကြောင့် တချို့တွေက ပြောကြတယ် ဘလော့ဂ်ဂါတွေရှေ့မှာ အနေအထိုင် ဆင်ခြင်ရတယ် ထစ်ခနဲဆို ပို့စ်တင်မယ် ဆိုတာကြီးပဲတဲ့လေ။ ဘာရယ်တော့ မဟုတ်ပါဘူး ။ ရင်နင့်ရတာတွေများလို့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးပါအုံးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဒီတခါတော့ ပေါ့ပေါ့ပါးပါး လေးပဲ တင်လိုက်တော့တယ်။ တခြားသူတွေကို နာမည်ပြောင် ပေးဖူးတော့ ကိုယ့်ကိုကိုယ်အတွက်လည်း ဒီခေါင်းစဉ်လေးပဲ ပေးဖြစ်လိုက်တယ်။

"တစ် ကိုး ကင်း"



49 comments:

ကြည်ဖြူပိုင် said...

အနေအထိုင်ဆင်ခြင်ပါ တစ်ကိုးကင်း
အနေအထိုင်မတတ်ရင် ပို့စ်ပေါ်ရောက်သွားမယ်နော်။
:P
ဟဟ...ငါတို့ခေတ်ကနာမည်ပြောင်ခေါ်တဲ့ခေတ်လား
မသိဘူးနော်
ငါလဲ သူများတကာကို နာမည်ပြောင်သိပ်ပေးတာ
အကျင့်လိုကိုဖြစ်နေတာ။

:)

PhotoVigor said...

Ha ha, like your post. you able to describe the story, which can be visualized.
Cheers..

ဆောင်းနှင်းရွက် said...

ကို တစ်ကိုးကင်းး ရေ ..!
ဒါဆိုလည်း
နာမည်ပေး ကင်ပွန်းတပ်ပွဲ
ကျင်းပလေ ဗျာ ..>>

ရေးထားတာ လည်း ရယ်ရတယ် ..
တော်တော် လေးကို
ပေါက်ပေါက်ရှာရှာ
နာမည် တွေလည်း
ပေးတတ်ပါ ပေတယ် .. >>>

ညလင်းအိမ် said...

ကိုမြစ်ကျိုးက တစ်ကိုးကင်းလား...

တကယ်တော့ ငယ်ဘ၀က စနောက်ခဲ့တာတွေ ပြန်တွေးရင် ပျော်ဖို့ကောင်းတယ်နော်...

ပြန်တွေးလိုက်အုန်းမယ်.. အဟီး ...

kiki said...

ဪ ... တစ်ကိုးကင်းဆိုတာ မျှစ်ချိုးဟင်း ကိုပြောတာ ကိုး ...
ဝဋ်လိုက်တတ်တယ် ကိုးကိုး သတိထား ။
၁၄၃၃ ကို ချစ်ခွေးတုံးတုံး လို့ ပြောမယ် မှတ်နေတာ .. ဟဲဟဲ ။

ပေါ့ပေါ့ပါးပါးလေးလို့  ဆိုပေမဲ့ အူနာမတတ်ရယ်လိုက်လို့ 
မပေါ့မပါး ဖြစ်သွားတယ် ..း)) ဗျိုးး

ဒူကဘာ said...

အင်း ... ညီလေးပြောတာမှန်ပါ့ ကိုယ်တောင် မနေ့ကပဲ အနေထိုင် မဆင်ခြင်တဲ့ သူတွေကို ပို့စ်လုပ်ပြီ ရေးမိသေးတယ်... ဒါပေမဲ့ မြစ်ကျိုးအင်း ဆိုတော့ တစ် ၊ ကိုး ၊ ကင်း လည်း ဘူ ပါပဲကွာ ... မပေါင်းချင်လို့ ကြည့်နေတာ ကြာပြီ ဟဲ...ဟဲ.. လွန်လှ စပိတ် တက်မှ တပေါက်ပေါ့....။

ahphyulay said...

အင်း..... ပို ကာ တစ်ကောင်မှ မပါရင်လဲ
အဖြစ်ဆိုးခြင်းပါပဲ လို့ .....။

Flower said...

အော်.. တစ်ရယ်ကိုးရယ် ကင်းရယ်ပေါင်းတော့ "ဘူ " ကိုမြစ်ကျိုးက လက်စသပ်တော့ "ဘူ" ပိတ်နေတာဘဲ... :)
ဘူပိတ်ပေမဲ့ Lucky ကောင်းပါတယ်. အခုဘဲ ဘလောဂ့်အကယ်ဒမီ စာရင်းထွက်နေပါတယ်..
အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှု စာစုများ အကယ်ဒမီရတဲ့ စာရင်းထဲမှာ တွေ့လို့ Congratulation လာလုပ်တာပါ.. စာအသစ်လဲဝင်ဖတ်ရင်းပေါ့
ဒီထက် ဒီထက်ပိုကောင်းတဲ့ စာများစွာကို ဖန်တီးနိုင်ပါစေနော်..

သူကြီးမင်း (တုံးဖလား) said...

အခုထိလမ်းမှာတွေ့ရင် ခွန်လေးကိုး လို့ စနောက်မိနေတုန်းပါဘဲ။
ဆိုတော့... ခွန်လေးကိုးလေးလဲ ဆရာကျိုးနေတဲ့ နိုင်ငံမှာဘဲလား မသိဘူး။
ပေါ့ပေါ့ပါးပါးဆိုပေမဲ့ ရသတော့ အမြောက်သားဗျ။
"ဟာသရသ" :D

Anonymous said...

အမလေးနော် သူ့နံမည်ကြတော့ အပျံစားကြီးပါလား..
တစ် ကိုး ကင်းတဲ့..
king လား..
ကင်းခြေများလား..ဟိဟိ..။

ပေါ့ပေါ့ပါးပါး ရေးထားတာ လူငယ်လေးနဲ့ တူပါ၏..။
မြတ်မွန်

jr said...

ကောင်း၏။း)

thawzin said...

တစ်ကိုးကင်း မြစ်ကျိုးအင်း
အကိုရေ လာလည်ပါတယ်ဗျာ... ဘလော့ဆုကြီးတစ်ခု အကိုပိုင်မယ်ထင်ပါတယ်နော့်။ ညီလေးတောင် လာဗို့လ်ပေးသေးတယ်။ အများကြီးဗို့လ်ထားကြတော့ ကိုယ်တောင်နောက်ကျနေသလိုပဲ။ ငါ့အကိုကြီး ဘလော့ လောကမှာရော အပြင်လောကမှာပါ စိတ်ကိုယ်နှလုံးရွှင်ပြုံးနိုင်ပါစေနော်။
တစ်ကိုးကင်း
ပစ်ရိုးကင်းတဲ့
ချစ်မျိုးရင်းပြီး
အပြစ်မျိုးမျိုးကင်းသော ဘ၀လက်တွဲဖေါ်လေးနဲ့ပေါင်းစည်းနိုင်ပါစေနော်။

Anonymous said...

မိုက်တယ်ဘော်ဒါ ရယ်ရယ်ပြုံးပြုံးပဲဟေ့

mw

Anonymous said...

ဂုဏ်ယူပါတယ်ကွာ

mw

ချစ်ကြည်အေး said...

ဒီလိုလား...ရတယ်လေ...ဟောဒီက တစ်တီိထွေး...!

နေ၀သန် said...

း)..

ကိုဇော် said...

ဟဟဟ...
အဟောင်းတွေကို ရေနူးပြန်ရှူ ရတော့တာပဲပေါ့လေ။
တစ်ခါတစ်လေလည်း ဒီလို အတိတ်ကို ပြန်တွေးတာ ကြည်နူးစရာလေးပါပဲ။

“ အလိုတော်...ကိုဇော်...”
လို့တော့ လာမအော်နဲ့နော်...ဒါဘဲ..
ဟိုဟာ ကြက်...ကျန်တာ အကုန် မန်ဒါလီ.။

ခင်မင်စွာဖြင့်
ကိုဇော်

ဧရာဝတီသား said...

ရယ်ရတယ်ဗျို့ .. ကိုတစ်ကိုးကင်းရေ ။
ပေါ့ပေါ့ပါးပါးလေးလည်း ဖတ်လို့ ကောင်းတာပဲ .. :D

သိင်္ဂါကျော် said...

ပေါက်ပေါက်ရှာရှာနော်.. ကိုတစ်ကိုးကင်းရေ..
ဖတ်လို့တော့ကောင်းတယ်..

kaungkinpyar said...

အဲ့တုန်းက အကြောင်းတွေ ပြန်တွေးရင်း ရေးရင်း ပြုံးနေတယ် ဟုတ်...း)

Ko Boyz said...

မြစ်ကျိုးအင်း
တစ်ကိုးကင်း
အဖြစ်ဆိုးခြင်း

တော်တယ်....။
ဒါ့ကြောင့် ဒီနာမည်တွဲ ကာရန်စပ်ကို ယူတာကိုး။
စကားမစပ်ဗျာ။
ကော်မန့်နောက်ခံ အမည်းနက်ရောင်က အတော်ကို မျက်စိစူးတယ်ဗျ...။
မပြောင်းချင်ဘူးလား။

မြစ်ကျိုးအင်း said...

အခုပြောင်းကြည့်တယ် မရလို့ စာလုံးဆိုဒ်ပဲ ကြီးလိုက်ရတယ် ကိုဘွိုင်းရေ ။ ဒီလောက်ဆို အဆင်ပြေပြီနဲ့ တူပါရဲ့။ နောက်မှ တယောက်ယောက်မေးပြီး ပြင်ကြည့်မယ်။

ကိုလူထွေး said...

အကယ်ဒမီ မြစ်ကျိုးအင်း ဖြစ်သွားပြီဆိုတော့

“တနယ်တကျီ တစ်ကိုးကင်း” လို့ ပြောင်းပေးပါ...

းD

ပျိုသူငေးတဲ့ ကိုလူထွေး

ရေတမာ said...

လူငယ် သဘာဝ ။ ကျောင်းသားဘဝ တကယ့်ကို ပျော်စရာကြီးဗျနော။ ဘယ်လိုဖြစ်လို့ 19K ဖြစ်သွားတာတုန်း။ ဆက်ရေးဗျာ အဲဒီအကြောင်းးP

မိုးမောင် said...

သြော်... ငါတို့မင်းတို့ လူငယ်ဘ၀မှာ အတ္တတွေ၊ မာနတွေ ဘယ်ကင်းခဲ့မလဲကွာ :D။ ဖတ်ပြီး ရီနေရတယ်ဟေ့။ တစ်ကိုးကင်းဖြစ်လည်း ရုပ်တည်နဲ့ အောက်ပြုတ်ဆိုပြီး ရှိုးသာရှိုးတော့ ဘော်ဘော်ရေ။

ခင်မင်လျှက်...

သဒ္ဓါလှိုင်း said...

ကိုမြစ်ကျိုး...
ဒီပိုစ့်လေးကိုဖတ်ပြီးကျောင်းတက်ခဲ့တဲ့အချိန်ရယ်၊ သူငယ်ချင်းတွေရယ်ကိုအရမ်းသတိရလိုက်တယ်။
နာမည်ပြောင်ပေးခဲ့တာတွေကိုတွေးပြီးလည်း
ရီချင်သွားတယ်။


ခင်တဲ့
သဒ္ဓါ

ရွှေ ယွန်း ဝါ said...

နာမည်လေးလှတယ်။ ငါ့ကိုလဲမှည့်ပေး

မေဇင် said...

အကယ်ဒမီ ရသွားပြီ ပြောလို့ ဂုဏ်ယူကြောင်း လာပြောတာပါ...။ ပိုစ့် လေးကလဲ ဖတ်လို့ကောင်းတယ်..ငယ်ငယ်တုန်းက ကျောင်းသားဘ၀ ကို မြင်ယောင်သွားတယ်။

ဒဏ္ဍာရီ said...

နာမည်ပေးကတော့ တော်ပါတယ်နော်။ ၇၄၉ ကျတော့ ဘူ တဲ့။ ကိုမြစ်ကျိုးအင်း ကိုယ်တိုင်ပေးထားတာလည်း တစ်နဲ့ကိုးမှတော့ ဘူ ပဲလေ...ဘယ်လို ကင်း ဖြစ်တော့မလဲ..း)

ခင်မင်လေးစားလျှက်

Unknown said...

တစ်ကိုးကင်းအကြောင်းရှင်းပြပါအုံး
စာရေးဆရာ

Anonymous said...

ဘိုးတော်နံပါတ်ပေးနေတယ်။
အင်း.. တစ်ကိုးကင်း..တဲ့။
ဒီနေ့ ပတ်လည်ရိုက်လိုက်ဦးမှ။
:)

မြသွေးနီ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ..

မြစ်ကျိုးအင်း ကနေ တစ် ကိုး ကင်း ဖြစ်အောင် ရေးတတ်တယ်။ ဒီပို့စ်လေးကို ဖတ်ရတာ ပြုံးစိစိ အရသာ လေးနဲ့ဗျ။
ငယ်ဘ၀အကြောင်းလေးတွေတောင် ထစ်ကနဲ့ သတိရလိုက်မိသေးတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

ဂျစ်တူး ( မုံရွာ ) said...

အကယ်ဒမီရတယ်ဆို-
ခုမှသိတယ်ဗျ-
ကွန်ဂရက်ကျူလေးရှင်းပါဗျာ-
ကောင်မကလေးတွေလိုအနမ်းတွေပေးရမှာလား-
အငြိမ့်ကလေးဆက်ပါအုံးလားဗျာ-

ဂျစ်တူး ( မုံရွာ ) said...

ကျေးဇူးပါဗျာ-
အကယ်ဒမီရှင်ကြီးမာနမကြီးသွားတာဝမ်းသာပါတယ်-
ဘာစားမှာလည်းပြော-
အောင်မလေးဗျာ-
ခုမှသတိရတယ်-
သူကအကယ်ဒမီရတာကိုလူကိုပြန်ကျွေးခိုင်းရတယ်လို့-
ကိုလူထွေးတို့အနန်းတို့အားလုံးလုပ်ကြပါအုံးဗျို့ -
(ကိုယ်တယောက်တည်းမနိုင်မှန်းသိလို့အကူခေါ်လိုက်တယ်)

ကိုအောင် said...

ကျောင်းသားဘ၀က တကယ့်ကို ပျော်စရာပါပဲ၊ အားပေးလျက်။

မျက်မှန်လေး said...

ဟုတ်ပါပြီ ကိုတစ်ကိုကင်းရယ်

ခွန်လေးကိုးနဲ့ကော ဇာတ်လမ်းတွေထပ်မဖြစ်ကြဘူးလား

နောက်ဆက်တွဲသတင်းလေး။။။

flowerpoem said...

အဖြစ်ဆိုးလွန်းတဲ့ တစ်ကိုးကင်းရယ် :P
အဲလိုကြားဘူးတယ် ဟုတ်လားသိဘူး :)

တလနွန် said...

တစ်ကိုးကင်း ဆိုတော့ ကိုမြစ်ကျိုးလည်း ဘူပဲ :)
တွေးထားရေးထားတာလေးက တော်တော်ဖတ်လို့ ကောင်းတရ်

ခင်မင်အားပေးလျက်
တလနွန်

ကျောပိုးအိတ် said...

မသိပါဘူးကိုမြစ်ကျိုးရယ်

ချဲနံပါတ်ထင်လို့ 
တိန်

ကျောပိုးအိတ်ဆိုရင်ရော ဘယ်လောက်လဲအကို။
း)

လိုင် said...

အကယ်ဒမီ တစ်ကိုးကင်း
အမြဲရောက်ပါတယ်

သမီးပျို said...

ကျန်တာအားလုံး နားလည်ပါတယ် အတ္တနဲ့ မာန ဆိုတာ တော့ လုံးဝကို နားမလည်ဘူး ။ ခေတ်နောက် ကျနေတာလား တုံးတာပဲလားတော့ ပြောတတ်ပါဘူး ။ အဟုတ်တကယ်ကို နားမလည်တာပါ ။ ရှင်းမပြချင်ဘူးလားဟင်

ခင်တဲ့
သမီးပျို

SHWE ZIN U said...

ကိုမြစ်ကျိုးရေ

စာလာဖတ်သွားတယ်နော် ကလေး ဘဝကိုပြန်လည် အမှတ်ရစေတယ်

ကျော်ညိုသွေး said...

အတ္တဆိုတာ ရှေ့တန်းတင်ထားတာကို ပြောတာ ဟိ
မာနက တော့ ရှေ့တန်းမတင်ဘူး
တစ်ကိုးကင်း လို့ ကိုယ့်ကိုယ်ကို နာမည်ပေးထားမှတော့
အတ္တ ရှိလို့ပဲဖြစ်ရမယ်။ :D

အင်ကြင်းသန့် said...

ဒီပိုစ့်လေးကတော့ တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ရီရတဲ့ အပြင် ငယ်ဘ၀တွေကိုပါ ပြန်သတိရစေတယ်...ဒါနဲ့ပြောရမှာ တော်တော်တော့ နောက်ကျနေပါတယ်...(အကယ်ဒမီရတယ်ဆိုတာ သိရလို့ congratulation ပါလို့...)

ခင်မင်စွာဖြင့်

ကဗျာဦး said...

သူငယ်ချင်းရေ
ရောက်တယ် ဖတ်တယ်
ဂုဏ်ယူပါတယ်

ကိုရင်နော်ခင်လေးငယ် said...

ကိုတစ်ရေ.. အဲ့.. ကိုမြစ်ရေ..
မတွေ့တာကြာ မရောက်တာကြာပြီဗျို့..
ခရီးတွေ လွန်နေတာ ပြန်ကို မရောက်နိုင်သေးဘူး..

ဖတ်ရတာ ပြုံးစရာပါပဲ..
ကျနော်လည်း တစ်ခု သတိရသွားတယ်.. ငယ်တုန်းက သူငယ်ချင်းကောင်မလေး တစ်ယောက်ကို ခေါ်တာ “ခြောက်ဆယ်ခြောက်ဆယ်” တဲ့..း)
ကြာတော့ “ဟဲ့ ခြောက်ဆယ်” လို့ ခေါ်ရင် သူကလည်း “အေး ပြော” တဲ့ အဲ့လိုကို နာမည်တွင်သွားတာ။

တကယ်တော့ သူ့နာမည်က ဝေဝေ တဲ့ အင်္ဂလိပ်ဂဏာန်းလို ကြည့်လိုက်တော့ 6060 ခြောက်ဆယ်ခြောက်ဆယ် ဖြစ်နေရော..း)) အဲ့လိုအဲ့လို.. ဘာပဲ ဖြစ်ဖြစ် ပျော်စရာ အမှတ်တရလေးတွေပါပဲ..။

စကားမစပ် အကယ်ဒီရတာ ဧည့်ခံပွဲလေးဘာလေး လုပ်ဦးလေဗျာ... ပုလင်းလေးတော့ ပါပါစေပေါ့.. ကမိုးမောင်ကြီးနဲ့ တူတူလာခဲ့မယ်..း)
Congratulation ပါ..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

YoungGun said...

တစ်ကိုးကင်းကြီး.... ရေ..။ ယစ်မျိုးဟင်းကြီးလည်း ဖြစ်သွားဦးမယ်ဗျ..နော်။ ပထမဆုံးရေးထားတဲ့ အပိုဒ်က ငယ်ဘဝကို သတိရတယ်ဆိုတာ ဟုတ်သဗျာ။ ပြောရင်းဆိုရင်းတောင် သတိရလာတယ်..

YoungGun said...

တစ်ကိုးကင်းကြီး.... ရေ..။ ယစ်မျိုးဟင်းကြီးလည်း ဖြစ်သွားဦးမယ်ဗျ..နော်။ ပထမဆုံးရေးထားတဲ့ အပိုဒ်က ငယ်ဘဝကို သတိရတယ်ဆိုတာ ဟုတ်သဗျာ။ ပြောရင်းဆိုရင်းတောင် သတိရလာတယ်..

Anonymous said...

ရှိုးရိုက်ရင်တော့ တစ်ကိုးကင်း က အဖြစ်ဆိုးခြင်းပဲ
:-)

 

Posts Comments

©2006-2010 ·TNB