မနက်စောစော ဖုန်းသံတစ်ခုကြားလိုက်ရသည်။ နားထောင်လိုက်သည့် အခါ ဂစ်တာသံ ခပ်တိုးတိုး ထွက်လာ၏။ သီချင်းတစ်ပုဒ် တီးနေခြင်းမဟုတ်။ တီးလုံးသံစဉ်တစ်ခုကို ကြိုးစားပမ်းစား တီးနေသည့် အသံဖြစ်သည်။ ဂစ်တာကြိုးတစ်ချောင်းချင်းကို ဖြေးညင်းစွာဖိ၍ ဂရုစိုက် တီးနေသည်ကို ခံစားမိသည်။ သို့သော် တီးလုံးသံက ပီပီသသ ထွက်ပေါ်နေသည်။ ဟတ်ပီးဘက်ဒေး ဆိုသည့် တီးလုံးသံဖြစ်သည်။ တစ်ခါတရံ ကြိုးမှားဖိမိဟန်ဖြင့် အသံကြောင်သွားသေးသည်။ အံ့သြစိတ်ဖြင့် ဖုန်းနံပါတ်ကို ပြန်ကြည့်မိသည်။ နံပါတ်မမှားပါ။ တီးလုံးသံသာ ခပ်တိုးတိုးထွက်ပေါ်နေသည်။ နောက်မှ အကြောင်းစုံသိရသည်။ ထိုသီချင်းကို တီးတတ်ရန် လွန်ခဲ့သည့် တစ်ပါတ်ထဲက ဂစ်တာတစ်လက်ဝယ်၍ ဂစ်တာသင်တန်းတွင် သွားသင်ထားခြင်းဖြစ်သည်။ ထိုသံစဉ်လက်ဆောင်အတွက် ကျေးဇူးတင်မိသည်။
ထို့သို့ မနက်ခင်းကို နှိုးထလာခဲ့ပြီး နောက်တွင် အိမ်ကိုဖုန်းဆက်ဖြစ်သည်။ ဖုန်းကိုင်ကိုင်ချင်းမှာပဲ တစ်ဘက်က မွေးနေ့ဆုတောင်းပေးသံများ ထွက်လာသည်။ ကျွန်တော် ကြည်နူးသွားမိ၏။ ကိုယ့်ကိုသတိတရ ရှိနေကြပါလား ဆိုသည့်နွေးထွေးမှုမျိုး လွှမ်းခြုံခံလိုက်ရ၍ဖြစ်သည်။ မေမေ.. အစ်မကြီး.. အစ်မလတ်..အစ်မငယ် တို့၏ဆုတောင်းပေးသံများကြားမှာ ကျွန်တော် လူငယ်လေး တဒင်္ဂပြန်ဖြစ်သွားသည်။ လူငယ်လေး....ထိုစကားစုသည် ကျွန်တော်နှင့် ခပ်ဝေးဝေးမှာ ကျန်နေခဲ့တာ ကြာပြီ။ ရှေ့သို့လျှောက်ရင်း နောက်သို့ မကြာခဏ ပြန်လှည့်ငေးမိသည်မှာ ထိုလူငယ်ဘဝကို ဖြစ်သည်။ သို့သော် ကျန်ရစ်ခဲ့ပြီ။
မနေ့ညက ကျွန်တော့်စိတ်ထဲ မှိုင်းမှိုင်းညို့ညို့ ဖြစ်မိသည်။ မကြာခင်... မကြာခင် ဆိုသည့် စကားစုက မကြာခဏ အချက်ပေး၏။ ကျွန်တော်က သံယောဇဉ်ကြီးတတ်သူ ဖြစ်သည်။ ရပ်တည်နေသည့်ရပ်ဝန်း ၊ ခင်မင်သည့် အပေါင်းအသင်း၊ စွဲလန်းနှစ်သက်သည့် အရာဝတ္ထု စသည့် သက်ရှိသက်မဲ့များ တစ်ခါတစ်ရံ ဘာမျှအသုံးမဝင်သည့် သက်မဲ့အရာဝတ္ထုလေးကိုပင် သံယောဇဉ်ကြီးတတ်သူဖြစ်သည်။ မနေ့ညကလည်း ချန်ထားခဲ့ရတော့မည့် အရာတစ်ခုကို အနည်းငယ် လွမ်းဆွတ်မိပြန်သည်။ ဖမ်းဆုပ်၍မရသော်လည်း ထိုအရာဖြင့် ကျွန်တော် ရက်ပေါင်း သုံးထောင်ကျော် ရင်းရင်းနှီးနှီး ပါတ်သတ်ခဲ့ဖူးသည်။ ထိုအရာသည် ကိန်းဂဏန်းတစ်ခုသာဖြစ်သည်။
နှစ် စီးရီး နံပါတ်။ ဟုတ်သည်... နှစ်ဆယ့်တစ်... နှစ်ဆယ့်နှစ်...မှသည် မနေ့ညအချိန်အထိ ပါတ်သတ်ခဲ့သည့် ကိန်းဂဏန်းတစ်ခုဖြစ်သည်။ အချိန်နာရီဆိုသည်မှာ သတ်မှတ်ချက်တစ်ခုဟု ဆိုလျှင်လည်း ကျွန်တော် ထိုသတ်မှတ်ချက်ကို သတိတရရှိပါသည်။ အတွေးများတတ်သော ၊ အရာရာကို သံယောဇဉ်ကြီးတတ်သော ကျွန်တော့်အတွက် ထိုသတ်မှတ်ချက်တစ်ခု ချန်ထားခဲ့ရမည်ကို သံယောဇဉ်ကြီးမိပြန်သည်။ သို့သော် နာရီလက်တံများ၏ ဆွဲငင်ခေါ်ယူမှုဖြင့် ကျွန်တော့်အတွက် သတ်မှတ်ချက်အသစ်တစ်ခုထံ ကူးပြောင်းရပြန်သည်။ နောက်ထပ် ရက်ပေါင်းသုံးထောင့်ခြောက်ရာ ကျော်သည့် ဤကဲ့သို့နေ့ရောက်လျှင် ကျွန်တော် ယခုလို သံယောဇဉ်ကြီးမိအုံးမည်လား မဆိုနိင်။ ယခုထက်တော့ ရင့်ကျက်တည်ငြိမ် လာကောင်းရဲ့။
ကုန်လွန်ခဲ့သည့် နှစ်များကို ပြန်ကြည့်လျှင် လွန်ခဲ့သည့် သုံး ၊ လေး နှစ်တာ ကာလသည် ပို၍ ပြက်ပြက်ထင်ထင် ရှိနေသည်။ လောလောလတ်လတ်ကုန်ဆုံးထားသည့် နှစ်ဖြစ်သောကြောင့် ဆိုသည်ထက် ဘဝ၏ အပြောင်းအလဲပေါင်းများစွာကို ကြုံခဲ့ရ၍ဖြစ်သည်။ မထင်ထားသည့် အချိုးအကွေ့များစွာ ကြုံရသည်။ ထင်မှတ်မထားသည်များ ကြုံရသည်က ဘဝဖြစ်သည် ဟု ကျွန်တော် သင်ခန်းစာ ရမိပါသည်။ တစ်ကိုယ်တည်းစာ လူနေမှုဘဝတွင် ရန်သူမရှိခဲ့၊ မုန်းသူမရှိခဲ့သော ကျွန်တော်အတွက် ဘလော့ဂ်ရေး ဖြစ်သည့်အခါ ရန်သူ၊ မုန်းသူ၊ အတင်းအဖျင်းပြောသူများ ပေါ်လာသည်။ သို့သော် ဖြေသာပါသည်။ ကျွန်တော့်၏ စာရေးသူဘဝကို ချစ်သူ၊ ခင်သူ၊ အားပေးသူများက အဆပေါင်းများစွာ ပိုများ၍ဖြစ်သည်။
မည်သည့်အတင်းအဖျင်း သတင်းကြားကြား ကျွန်တော် တုံ့ပြန်ဖြေရှင်းသည်က နဲသည်။ ကျွန်တော် ယုံကြည်ထားသည်မှာ အတင်းအဖျင်းစကားတို့သည် မြူခိုး နှင့် နှင်းငွေ့ များသာဖြစ်၏။ စေတနာကို အရင်းခံသော မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှုသည် တောက်ပသော နေရောင်ခြည် ဖြစ်သည်။ ထိုနေရောင်ခြည်ဖြင့် မြူခိုးများ၊ နှင်းငွေ့များကို ဖယ်ရှားခဲ့သည်။ ဖယ်ရှားဆဲဖြစ်သည်။ ဘဝ၏ နောက်ဆုံးအချိန်ထိ ကျေနပ်နေမည်မှာလည်း ကျွန်တော် လိပ်ပြာလုံစွာ လုပ်ကိုင်ခဲ့သမျှ အဖြစ်အပျက်များ ကိုသာဖြစ်မည်။ ထိုသို့ ဘဝအချိုးအကွေ့များ၊ ယှဉ်ပြိုင်ရင်ဆိုင်မှုများစွာကြောင့် ကုန်လွန်ခဲ့သည့် သုံးလေးနှစ်တာ ကာလသည် ဘဝတွင် ပြက်ပြက်ထင်ထင် ရှိခြင်းဖြစ်သည်။
မနှစ်က သည်လိုနေ့တွင် ကျွန်တော် မွေးနေ့ပို့စ်မတင်ဖြစ်ခဲ့။ ထိုနေ့မှာ ကိုယ်တိုင်လည်း ထူးထူးခြားခြား မခံစားရ၍ဖြစ်သည်။ သို့သော် သည်နှစ် ပို့စ်တင်ဖြစ်သည်။ စိတ်ထဲတွင် ထူးထူးခြားခြား ခံစားချက်တစ်ချို့ ဝင်နေသည်။ ခင်မင်သူများကို ဖွင့်ထုတ်ပြောပြချင်စိတ်ဖြင့် ပို့စ်တင်ဖြစ်သည်။ နှစ်ဆယ်ကျော်ဆိုသည့် ကိန်းဂဏန်းမှ သုံးဆယ်ဆိုသည့် ကိန်းဂဏန်းကို ဝင်ရောက်လာသည့် အပြောင်းအလဲကြောင့် အမည်မဖော်ပြနိင်သည့် စိတ်ခံစားချက်တစ်ချို့ဖြစ်လာသည်။
နောက်တစ်ချက်က မနေ့ကတည်းက ကျွန်တော် လူတစ်ယောက်ကို အကြိမ်ကြိမ်သတိတရ လွမ်းဆွတ်မိနေ၍ ဖြစ်သည်။ ထိုသူက ဘလော့ဂ်ရေးဖော်များ၊ စာဖတ်သူများ ခင်မင်ကြသည့် ကိုကြီးကျောက် ဖြစ်သည်။ သည်နေ့က ကျွန်တော်နှင့်အတူ ကိုကြီးကျောက်၏ မွေးနေ့လည်း ဖြစ်သည်။ မေလ ၂၂ ရက်ဖွားခြင်းတူသည့် ကိုကြီးကျောက်ကို မနေ့က တစ်နေ့လုံး သတိရမိသလို ယခုအချိန်ထိ သတိရမိနေသည်။ မွေးနေ့တူ လူတစ်ယောက်အဖြစ်ဆိုသည်ထက် သေခြင်းတရားကို ရင်ဆိုင်ပုံအား အနီးကပ်ပြသွားခဲ့သည့် ကိုကြီးကျောက်ကို ပို၍သတိရမိခြင်းဖြစ်သည်။
တစ်ခါက သူ့ကို ကျွန်တော် မေးဖူးသည်။ ကိုကြီး သက်သာလား ဟုမေးသည့်အခါ ချက်ချင်းပြန်ဖြေသည်။ ရောဂါက မရပါဘူးကွာ။ အနှေးနဲ့အမြန်ပါပဲ တဲ့။ ကျွန်တော် ဘာဆက်ပြောရမည် မသိတော့။ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ထို့နောက်ပိုင်းတွင် သူသက်သာကြောင်း၊ ထင်ထားသည့် ရောဂါမဟုတ်ကြောင်း သူတင်သည့် ပို့စ်များထဲတွင် အကြိမ်ကြိမ်ရေးခဲ့သည်။ သတင်းကောင်းကို မျှော်လင့်ချင်သည့် ကျွန်တော်ကိုယ်တိုင်ပင် ယုံကြည်သွားကာ စိတ်မကောင်း ဖြစ်ခဲ့ရသည့် အတွေးများကို သူကိုယ်တိုင် ပြန်လည် ဖယ်ရှားပေးခဲ့သည်။ သို့သော် အဆုံးသတ်ရလဒ်က....။ ကိုကြီးကျောက်က ဘဝတွင် ချစ်သူ ခင်သူတွေအတွက် မည်သို့ နေထိုင်ရမည်ကို ကောင်းစွာ ပြသခဲ့သူ ဖြစ်သည်။ သူ့ကို တော်ရုံဖြင့် မမေ့နိင်တော့ပါ။ ထို့ကြောင့် ကျွန်တော့်မွေးနေ့အကြောင်း သတိရသည့်အခါ ကျွန်တော်နှင့် မွေးနေ့တူသည့် သူ့ကိုပါ သတိရမိခြင်းဖြစ်သည်။
နောက်ထပ်ခံစားချက်တစ်ခုကတော့ ဘဝထဲမှ ရလာသည့် ခံစားချက်ဖြစ်မည်။ ထိုအရာမှာ သည်လိုနေ့တွင် မိဘနှစ်ပါးကို စိတ်ထဲမှ နှစ်နှစ်ကာကာ လှိုက်လှိုက်လှဲလှဲ ကန်တော့ချင်မိသည်။ အတူရှိစဉ်က မွေးနေ့တိုင်း ကန်တော့ခဲ့ဖူးပါသည်။ သို့သော် ယခုလို လေးနက်မှု မရှိခဲ့ဟု ထင်သည်။ ဘဝကို ကိုယ်တိုင်တိုးဝင်မှ သားသမီး ခုနှစ်ယောက် တာဝန်ကို မလစ်ဟင်းစေရပဲ လူလားမြောက်စေခဲ့သည့် မိဘနှစ်ပါး၏ ရှင်သန် ရုန်းကန် လှုပ်ရှားမှုများကို ပို၍မြင်ယောင်လာခြင်းကြောင့် လှိုက်လှိုက်လှဲလှဲ ကန်တော့ချင်နေမိသည်။
ထို့ကြောင့် သည်နေ့မနက် မိသားစုနှင့် ဖုန်းပြောဖြစ်တော့ သူတို့ဝမ်းသာမည့် စကားတစ်ခွန်း ကျွန်တော် ပြောဖြစ်ခဲ့သည်။ နောက်နှစ်ဒီလိုနေ့မှာ သားတို့အတူတူရှိကြမယ် ဆိုသည့်စကားဖြစ်သည်။ လူကိုသာ မျှော်သည့် ကျွန်တော့်မိသားစု ဝမ်းသာသွားကြပါသည်။ သို့သော် ကျွန်တော့် စိတ်ထဲက ခံစားချက်ဖြစ်သည့် ဖေဖေနှင့်မေမေကို လှိုက်လှိုက်လှဲလှဲ ကန်တော့ချင်နေကြောင်းကိုတော့ ကျွန်တော်ထည့်မပြောလိုက်ပါ။ သတိမရ၍မဟုတ်။ မေမေ့စိတ်ကို ကျွန်တော်သိ၍ဖြစ်သည်။ ထိုစကားကြားလျှင် မေမေမျက်ရည်ကျ ပါလိမ့်မည်။ ယခုအချိန်တွင် ကျွန်တော် အလိုချင်ဆုံးဆုမှာ ပြန်ဆုံချိန်တွင် မိသားစုဝင် အားလုံးကို ကျန်းမာရွှင်လန်းစွာ ဆုံတွေ့ချင်သည့် ဆုသာဖြစ်ပါသည်။
။.............................................................................။
သည်နေ့မှာ ကျရောက်သည့် ကျွန်တော့်မွေးနေ့အတွက် ပို့စကဒ်နှင့် e-mail ပို့ကာ ဆုတောင်းပေးသူများ၊ facebook တွင် Cbox တွင် မွေးနေ့ဆုတောင်းပေးကြ သူများကို ကျေးဇူးတင်ပါသည်။ ထို့ပြင် သတိတရဖြင့် မွေးနေ့ပို့စ် တင်ပေးသော အစ်မအဖြူရောင်နတ်သမီး ကိုလည်း ကျေးဇူးတင်ပါသည်။ ခင်မင်သူ မိတ်ဆွေများ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း
47 comments:
“ပြန်ဆုံချိန်မှာ မိသားစုဝင် အားလုံးကို ကျန်းမာရွှင်လန်းစွာ ပြန်ဆုံတွေ့ချင်ပါတယ်”ဆိုတဲ့
ကိုမြစ်ရဲ့ ရင်ထဲက အလိုချင်ဆုံးဆုလေးအတွက် အမက ထပ်ပြီး အားဖြည့်
ဆုတောင်းပေးလိုက်တယ်နော်...။
HAPPY BIRTHDAY... ပါ ကိုမြစ်ရေ
ဖတ်ရတာ လွမ်းမောစရာကောင်းလှပါတယ်ဗျာ.. မွေးနေ့မှာ အဖေအမေ ကျေးဇူးကို ပိုသိမိတာ.. ကျွန်တော်လည်း အချိန်ပိုင်းပဲရှိပါသေးတယ်..
'လူကိုသာ မျှော်သည့် ကျွန်တော့်မိသားစု' ဆိုတဲ့ အသုံးအနှုံးလေးက ဘယ်ရယ်မဟုတ် မျက်ရည်တောင် ဝဲစေတယ်ဗျာ.. နှလုံးသားရှိတဲ့ သူတွေ စုဝေးနေတဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ ဖြစ်ရတာထက် အကောင်းဆုံးဘဝ ရှိမယ် မထင်ပါဘူး။ လာမဲ့ နှစ်မှာ အားလုံး အတူတူပေါ့။ ထင်တာထက် အများကြီး ပျော်ရွှင်နိုင်ပါစေဗျာ..
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ၊
တိုက်ဆိုင်မှုတွေကိုက တကယ့် ဘလော့ဂါနှစ်ယောက် မွေးနေ့ချင်းတူနေတယ်၊
နောင်နှစ်မှာ ကိုမြစ်ဆုတောင်းထားတဲ့အတိုင်း ဖြစ်ပါစေလို့၊
ခင်မင်လျှက်........
မွေးနေ့မှသည်....နောင်နှစ်ပေါင်းများစွာ စာများဆက်လက်
ရေးသာနိုင်ပါစေကြောင်း...နှင့် နောင်နှစ်ဒီလိုအချိန်မှာ
မြန်မာပြည်မှနေ မွေးနေ့ပို့စ်လေးတစ်ခု တင်ဖြစ်ပါစေ
ကြောင်း....ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။ထိပ်စီး
ပြောင်းသွားပြီလား....၊ဒါဆို လူပျိုကြီးစာရင်းဝင်ပြီ...:)
ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ။
နောက်နှစ်မှာလည်း မိသားစုအားလုံးနဲ့ ပျော်ရွှင်တဲ့ မွေးနေ့လေးရပါစေ။ (အမေ၊ အဖေကိုလည်း မွေးနေ့မှာ ကန်တော့ဖို့လည်း မမေ့နဲ့ပေါ့ :D)
အသက် ၃၀ ပြည့်တယ်၊ မောင်နှမ ခုနှစ်ယောက် အစ်မ သုံးယောက်၊ ဒါဆို အကို နှစ်ယောက် လား၊ ညီနှစ်ယောက်လား ကျန်ဦးမယ်။ အရေးထဲ ဒေါ်စံရှားနဲ့ လာတွေ့နေသေးတယ်။
အစ်မတို့ မိဘတွေလည်း ကလေး ၇နှစ်ယောက်တောင်၊ မိဘတွေရုန်းကန်ရတာ သနားပါတယ်။ တတ်နိုင်သလောက်ဂရုစိုက်ပေးပေါ့။
ခင်မင်တဲ့ အစ်မ
Happy Birthday ကိုမြစ်း)
ဟက်ပီးဘတ်ဒေးပါ ကိုမြစ်ကျိုးအင်း..း)))
ခင်မင်လျက်
နေ၀ဿန်
ပျော်ရွှင်ပိုကောင်းတဲ့ မွေးနေ့ပွဲလေး ဖြစ်ခဲ့မယ်လို့
ထင်မိပါတယ်။
ဝတ်သားတုတ်ထိုး နဲ့ မင်းအိမ်မှာ စိုက်ထားတဲ့
မိုးမျှော်ငရုပ်သီးနဲ့ စားချင်ပါသောလည်း
အဝေးမှာ ရှိနေတဲ့ ငါ့အတွက်တော့
သရေကျယုံမှ တစ်ပါးပေါ့ကွာ။
Happy Birthday ပါ သယ်ရင်းရေ။
နောက်နှစ် မင်း အိမ်ပြန်တဲ့ အခါ ငါလည်း လာလည်တဲ့
အချိန်နဲ့ ကြုံရင် ရေလည်ကျောက်တန်း ငါ့ကို
လိုက်ပို့ပေးကွာ။
ပျော်ရွှင်ပါစေကွာ
HAPPY BIRTHDAY KO MYIT
ကိုမြစ်....နှစ်ရယ် လရယ်တော့မတူဘူးဗျ...ရက်ကတော့ တူတယ် :) ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာနဲ့ ဘလော့ဂင်းနိုင်ပါစေကြောင်း :)
ခင်တဲ့ (ဖိုးကြယ်)
ကိုကိုမြစ်.. နောင်နှစ်မွေးနေ့မှာ မဒမ်မြစ်နဲ့ ဖယောင်းတိုင်တူတူမှုတ်တဲ့ပုံ တင်နိုင်ပါစေ။ ဟေးဟေး.. ဟက်ပီးဘတ်ဒေးပါဗျား..
ံHappy Birthday အစ်ကို ...။
ပျော်၇ွှင်ငြိမ်းချမ်းတဲ့မွေးနေ့ပေါင်းများစွာကို ဖြတ်သမ်းနိုင်ပါစေ ....။
စာပေလောက ဘလော့လောကအတွက် အမြဲထွန်းလင်းပေးနိုင်သူတစ်ယောက်ဖြစ်ပါစေ
Wish you have a very Happy Birthday!
အံမယ် .. ငတို့ ပါပါး က အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးနော် ... ဘာဒေ မပျက်စီးတာလဲ ဆိုတာတော့ များက ၁၈ နှစ် မကျော်သေးတော့ မသိဘူးပေါ့နော် အဟက် ဟက် .. စ ဒါ ..
မွေးနေ့မှသည် နောက်နှစ်ပေါင်း ၁၂၀ တိုင်ပါစေသော်ဝ် .......
အငယ်ဆုံးဆလူးကနေ ညီမ ၃ ယောက်ကိုယ်စား ဆုတောင်းပေးလိုက်ပါတယ် ...
ဟို အကြီး ၂ ယောက်က အလိုက်ကန်းဆိုးမသိသမို့ ခွင့်လွှတ်လိုက်ပါနော် ဒယ်ဒယ် ....
Happy Birthday ကိုမြစ်။ မေလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုရာ ဆန္ဒများ ပြည့်ဝပါစေရှင်။ အမြဲတမ်း စာကောင်းပေမွန်လေးတွေ ဆက်လက် မျှဝေနိုင်ပါစေ။
ခင်မင်စွာ
ရို့စ်
ဘမျှစ်
မွေးနေ့မှာ လိုသောဆု တ,သောဆုပြည့်စေဗျာ
ခင်မင်တဲ့
seesein
Happy Birth Day To You
Happy Birthday...
May ur wishes will come true.
May Zin
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ လေး မှ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒ တွေ ပြည့်ဝပါစေ ဆရာ မြစ် ရေ..
ဝက်သားတုတ်ထိုး ၊ ကြာဇံကြော် နဲ့ ဘတ်ဒေးကိတ် ၂ လုံး ကို ကိုယ်တိုင် အမှန်တကယ် စားသုံးသူ အဖြစ် နဲ့ ကြွရောက်ချီးမြှင့်ခွင့်ရတဲ့..
ကံထူးသူ..
မကိ.. ( စားပြီး မှ ပဲ မွေးနေ့  ဆုတောင်းပေး ဖြစ်တော့ တယ် ..း)))
ဘာလိုလို ဘိုလာလာနဲ့ အသက်တစ်နှစ်ကြီးပြန်ပေါ့... ဘာမှ မစားရမသောက်ရ ပေမယ့်... မွေးနေ့သီချင်းလေးတော့ ဟဲပေးမှ... ဟဲဟဲ... စကားမစပ် ဘတ်ဒေးသီချင်း ပြောင်းသွားပြီ... ဟုတ်???? အသက်လေးဆယ်... လူတွေမေးတယ်... ဘယ်တော့များမှ စားရမှာလဲ... ဟဟားးးး ဘာပဲဖြစ်ဖြစ်.. အန်ကယ် ပါးပါး မြစ်ရေ... ပျော်ရွှင်စရာမွေးနေ့လေးပါ... ကျန်းမာလန်းဖြာလို့ ဘဝတစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်ပါစေနော်... (ဟိုဆလူးးးက အလိုက်ကန်းဆို မသိဘူးးး ဆိုလို့... အလိုက်ကန်းဆိုး သိကြောင်း သတင်းလာပို့သည်.. :D)
ယနေ မွေးနေ့မှ နှစ်ပေါင်းများစွာ တိုင်အောင် ချစ်သော ခင်သော ပုဂ္ဂိုလ်များနှင့် ဘဝတလျှောက်လုံး နေထိုင်သွားနိုင်ပါစေ။
Happy Birthday ! ပါအကိုရေ ....
ပျော်ရွင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ လို့..
ညီမလေးနောက်ကျနေတာ ခွင့်လွတ်..:):)
အဲဒါနဲ့ စကားမစပ်..သူများတွေက မေးနေကြပြီ အကို.. ဘယ်တော့စားရမှာလဲ တဲ့ ၊
ဖြေပေးအုံးလေနော်... ညီမလေးလည်း သိချင်တာပေါ့..:):)
ဆုတောင်းပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ ကို ကျေးဇူးတင်ပါတယ်။ အားလုံးလည်း ပျော်ရွှင်နိင်ကြပါစေ။
ညီမလေးအိန်ဂျယ်လှိုင်ရေ... ဘယ်တော့စားရမလဲ ကိုယ်တိုင်တောင် မသိသေးဘူး။း)
ရင်ထဲက မြင်ကတည်းက happy birthday လုပ်ထားပြီးသားပါ အစောဆုံးထဲတောင်ပါမယ်ထင်ရဲ့.
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာဖြင့် လိုရာဆန္ဒပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။
ခင်တဲ့
Belated Happy BiRthday .. have a happy long life :)
Happy Belated Birthday Friend.
Wish you all the Best!
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ အကိုမြစ်ရေ..
မျှော်လင့်သမျှ အရာရာပြည့်စုံပါစေနော်
လျှောက်လှမ်းရမယ့် ခရီးတခုမှာ လုပ်ချင်တဲ့ ဆန္ဒတွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့
ချစ်သောမိသားစု၊ ချစ်ရတဲ့ သူတွေနဲ့ မခွဲမခွါ
လုပ်ခွင့်ရနိုင်ပါစေ။ ရက်စွဲတိုင်းမှာ ဝါသနာပါတဲ့ အလုပ်နဲ့အတူ ပျော်ရွှင်စရာနေ့လေးတွေ အဖြစ်
ဖြတ်သန်းနိုင်ပါစေ..ကိုမြစ်.။
ခင်မင်လေးစားလျက်
သဒ္ဓါ
ကိုမြစ်တောင် ၆၀ တစ်ဝက်နင်းသွားပြီကိုးး :)) အခုမှ ပို့စ်ကို ဖတ်ရလို့ ဒုတိယ အကြိမ်လာဆုတောင်းပေးပါတယ်။
မွေးနေ့ ပေါင်းများစွာ ချစ်သောသူများနှင့် အတူ အောင်မြင်ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ပါစေသတည်း။
ဟင် .... အခုမှ ၃၀ လားးးး မယုံပေါင် ဘာကြီးမြစ် သက္ကရာဇ်ဖြိုထားတာ နေမယ်။ ဒါနဲ့ ကြိုးစားပမ်းစား ဂစ်တာတီးပြတာ ဘဒူရဲဟင် ... စပ်စုတာဟုတ်ဘူးနော် သိချင်လို့ အဟဲ ...
anyway ... Happy Birthday bro ...
sorry for late wish :))
မွေးနေ့မှာ ပျော်ရွှင်ပါစေရှင် ။ အဆက်အသွယ်တွေ အများကြီး ပြတ်သွားတဲ့ အတွက်ကြောင့်လဲ တကယ့်ကို စိတ်မကောင်းဖြစ်နေခဲ့ရပါတယ် ......အွန်လိုင်းနဲ့ ကင်းကွာတဲ့ နေရာတစ်ခုကို ရောက်နေခဲ့လို့ပါ ကိုသောကြာ ။
ငြိမ်းချမ်းအေးမြသော မွေးနေ့ ပေါင်းနောက်ထပ်(ရ၀) ပိုင်ဆိုင်သောအခွင့်ကို ရရှိနိုင်ပါစေ ။
နှင်းဆီသံစဉ်
မင်္ဂလာမွေးနေ့ ဖြစ်ပါစေဗျာ...
အောက်က စာသားလေးကို ကြိုက်လို့ မှတ်သားသွားပါတယ်....
လေးစားလျှက်
ဒီမိုဝေယံ
ကျွန်တော်အတွက် ဘလော့ဂ်ရေး ဖြစ်သည့်အခါ ရန်သူ၊ မုန်းသူ၊ အတင်းအဖျင်းပြောသူများ ပေါ်လာသည်။ သို့သော် ဖြေသာပါသည်။ ကျွန်တော့်၏ စာရေးသူဘဝကို ချစ်သူ၊ ခင်သူ၊ အားပေးသူများက အဆပေါင်းများစွာ ပိုများ၍ဖြစ်သည်။
မည်သည့်အတင်းအဖျင်း သတင်းကြားကြား ကျွန်တော် တုံ့ပြန်ဖြေရှင်းသည်က နဲသည်။ ကျွန်တော် ယုံကြည်ထားသည်မှာ အတင်းအဖျင်းစကားတို့သည် မြူခိုး နှင့် နှင်းငွေ့ များသာဖြစ်၏။ စေတနာကို အရင်းခံသော မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှုသည် တောက်ပသော နေရောင်ခြည် ဖြစ်သည်။ ထိုနေရောင်ခြည်ဖြင့် မြူခိုးများ၊ နှင်းငွေ့များကို ဖယ်ရှားခဲ့သည်။ ဖယ်ရှားဆဲဖြစ်သည်။ ဘဝ၏ နောက်ဆုံးအချိန်ထိ ကျေနပ်နေမည်မှာလည်း ကျွန်တော် လိပ်ပြာလုံစွာ လုပ်ကိုင်ခဲ့သမျှ အဖြစ်အပျက်များ ကိုသာဖြစ်မည်။
ပျော်စရာမွေးနေ့ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါ၏။
မွေးနေ့လက်ဆောင်လှလှလေး ရလိုက်တယ်ထင်တယ် ဟုတ်တယ်ဟုတ်း)
ကဲ.. မွေးနေ့ပွဲကျင်းပပြီးပြီဆိုတော့ ဟိုပွဲကျင်းပနိုင်အောင် ကြိုးစားပေတော့..
ကျုပ်နဲ့ မမြသွေးနီက လက်ဖွဲ့ထုပ်ကြီးကြီးထုပ်ပြီး လက်ဖွဲ့ပေးဖို့ အဆင်သင့် စောင့်နေပြီ။
အကောင်အထည်ပေါ်ဖို့ ကြိုးစားပေတော့
မွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး အခက်အခဲ အတားအဆီးအားလုံးကို အောင်မြင်စွာ ကျော်လွှားနိင်ပါစေ..
ခင်မင်စွာ
နောက်ကျဆုတောင်းပါ :D
ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေ ဆန္ဒပြုပါတယ်နော် ..း))
နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်ဖွယ်မွေးနေ့ပွဲပေါင်းများစွာကို ချစ်သူ ခင်သူများနဲ့ ဆင်နွှဲနိုင်ပါစေး))
ဘယ်တော့စားရမလဲ ကိုယ်တောင် မသိသေးဘူးတဲ့လားကွယ်.... သနားစရာ
မွေးနေ့မှ စ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနိုင်ပါစေဗျာ...
မြစ်ကျိုးအင်းကိုလည်း ပင်လယ်သို့ မြန်မြန် စီးစေချင်ပြီကွယ်...။
မွေးနေ့မှာ ကောင်းသော လိုရာဆန္ဒတွေ အားလုံး ပြည့်ပါစေ...။
မွေးနေ့တိုင်း မွေးနေ့တိုင်း ထာဝရပျော်ရွင်ပါစေ ကိုမြစ် . နောက်ကျသွားတာ ဆောရီး ပါ
ဧရာဝတီစာကြည့်တိုက်
မဂ်လာအပေါင်းပြည့်ဝတဲ့ မွေးနေ့ဖြစ်ပါစေ။
ဟိုင်းးးးးးးးးးးးးးးးး မောင်မြစ်ကျိုးးးးးးးးးးးး.. (လူကြီးလေသံဖြင့် ခေါ်ဟန်) ..
အသက်ငယ်သေးတာပဲ...။ စာတွေနဲ့ မလိုက်ဖက်လှပဲ..အင်မတန်တွေးတက် ခေါ်တက် ရေးနိုင်သည့် လူလတ်ပိုင်း သို့ ရောက်နေသည့် မောင်ငယ်အား အစဉ် ပျော်ရွင်တဲ့ လူ့ဘဝ လုံးလုံးကြီး မဟုတ်ရင်တောင်... ရင်ဆိုင်ရမဲ့ စိန်ခေါ်သံတွေကို အပျော်တွေနဲ့ ရင်ဆိုင်နိုင်သူ.... အံတုနိုင်သူ... ကျော်ဖြတ်နိုင်သူ ဖြစ်ပါစေလို့ မွေးနေ့ဆုမွန်တောင်းပါတယ်..။
မိဘအပေါ်မှာ ပိုပြီး ခံစားနားလည် ပေးတက်တာကတော့ အင်မတန်ထူးတဲ့ အသိတရားပါ... လူတိုင်း မဖြစ်တက်ဘူး... ဒါကြောင့် အင်မတန် ထိရှတဲ့ ခံစားမှုတခုလို့ ဆိုချင်ပါတယ်.. ။
ဘယ်တော့မှ မမေ့ကောင်းတဲ့ မိဘ မေတ္တာတရားဟာ အစဉ် ချိုမြန်တယ်လို့ နားလည်ပါတယ်..။
ကိုကျောက်နဲ့မှ မွေးနေ့ တူကြသတဲ့... လူချစ်လူခင်ပေါတာလည်း တူကြမယ်လို့  ယုံကြည်ပါတယ်..
လျှောက်ချင်သော စာပေလမ်းပေါ် ယုံကြည်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ..
ခင်မင်တဲ့ ..
( အစက စာတွေကို ဖတ်ပြီး အသက်အတော်ကြီးတယ်လို့ထင်တာရော လေးစားစိတ်နဲ့ ကိုမြစ်ကျိုးလို့ ခေါ်ခဲ့တာပါ..အခုတော့ အသက်က ငယ်သေးတာကြောင့် မောင်မြစ်လို့ ခေါ်သော်လည်း လေးစားမှုသည် ထပ်တူဆိုသည်ကို အသိပေးရင်းးးးးးးးးးး)
မဗေဒါ (၈၈)
ံHappy Birthday Brother :)
အလာနောက်ကျသွားတာ sorry နော်... အစ်မ အခုတလော ဘလော့တွေလည်ဘို့ အချိန်သိပ်မရတာနဲ့ ပို့စ်အသစ်တွေ လွတ်ကုန်တာ...
ံHappy Birthday ကိုမျှစ်ချိုး ရေ
မွေးနေ့ ပွဲဘဲကျင်းပ မနေနဲ့ အုန်း တခြားပွဲလေး ဘာလေး လည်း ကျင်းပနိုင်အောင် ကျိုးစားအုန်းလေဗျာ
ပျော်ရွှင်သောမွေးနေ့ ပါ.....ကိုမြစ်ကျိုး
ဖတ်ပြီးတာ ကြာပေမယ့် ကွန်မန့်ပေးဖို့ အဆင်မပြေခဲ့လို့ အခုမှ ပေးရတာပါဗျာ။ အလုပ်နည်းနည်း ရှုပ်နေလို့ပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေခင်ဗျာ။ ကျွန်တော်လည်း တသက်တော့ အစ်ကို့လို မွေးနေ့ လေးနဲ့ ကြုံချင်လိုက်တာ။ အခုထက်ထိတော့ ကျွန်တော့် မွေးနေ့ကို သတိတရ ရှိတာဆိုလို့ အိမ်က ကျွန်တော့် မိဘနဲ့ အစ်မ အကြီး ပဲ ရှိတယ်ဗျာ။
အခုမှ ရောက်ဖြစ်ပေမယ့်လည်း နှုတ်ခွန်းဆက်ပါတယ်၊ ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေဗျာ...။
ဆြာမြစ်။ မွေးနေ့ကိုး။ ဘယ်မှ ကောင်းကောင်း မရောက်ဖြစ်လို့ သတိမထားလိုက်မိဘူး။ နောက်ကျဆုတောင်းလေး တောင်းပေးသွားပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ ဖြစ်ချင်မှုတွေအားလုံး ပိုင်ဆိုင်နိုင်ပါစေ။
ခင်မင်လျက်
Post a Comment